နောက်ကျနေတုန်းပဲ
Vol. 35 Ch. 477
“အဲဒီလူက ကျင်းယွင်မြို့တုန်းက သူ မလား ” ကျင့်ကြံသူ တစ်ယောက်က ဝင်ပြောလိုက်သည်။
ရှင်းပြချက် ထပ်မလိုတော့ပဲ အားလုံးက နားလည်သွားကြသည်။ လွန်ခဲ့သည့် ရက်ပိုင်းလောက်က ကျင်းယွင်မြို့၌ အင်မတန် သောင်းကျန်းခဲ့သည့် ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူတစ်ယောက်မှာ အဆင့်တူအတွင်းက ကျင့်ကြံသူ ရာကျော်ကို သတ်ဖြတ်ပြီး မီးခိုးခုနစ်ချက်ဂိုဏ်းမှ ဟဲကျွင်းဟူကိုပါ သတ်ပစ်ခဲ့လေသည်။
သူတို့က မိုဝူကျီကို သတိပြုမိပြီးနောက် ကျင့်ကြံသူ အများစုမှာ ယင်ပြန့်မြို့မှ ချက်ချင်း ထွက်ခွာသွားကြသည်။ ပြောထားသည့်အတိုင်း မိုဝူကျီက သူတို့ကို မတားဆီးခဲ့ပေ။
“ငါ့ယင်ပြန့်မြို့မှာ ဘယ်သူက လေလုံးလာထွားရဲတာလဲ” အသံ မပျောက်ကွယ်သွားခင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက ယင်ပြန့်မြို့အတွင်းဘက်မှ ထွက်ပေါ်လာသည်။
“စကြစို့ ” မိုဝူကျီ၏ ပုဆိန်လှံရှည်ကို ထိုထွက်ပေါ်လာသည့် ပုံရိပ်ရှိရာဆီ ဝေ့ယမ်းလိုက်သည်။ ထိုလူမှာ အင်မော်တယ် သဘာဝစွမ်းအားများ ပြည့်လျှံလုမတတ် ဖြစ်နေသည့်အတွက် ကျင်းရှန်းအဆင့် ကျင့်ကြံသူမှန်း သိသာလှသည်။
မိုဝူကျီက စလှုပ်ရှားလိုက်သည်နှင့် ကူယာက ယင်ပြန့်မြို့အတွင်း ပြေးဝင်သွားလေ၏။ သူမ လမ်းကို လာရှုပ်သော ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူ နှစ်ယောက်မှာ အလင်းတန်းမျှင်လေးဖြင့် ပိုင်းဖြတ်ခံလိုက်ရသည်။
ကူယာ လှုပ်ရှားသည်နှင့် သူမ အပြုအမူများကို လေ့လာနေသော မိုဝူကျီက သူတို့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ရှိစဉ်ထက် သူမအင်အားမှာ များစွာ တိုးတက်လာကြောင်း ချက်ချင်း သိလိုက်သည်။
ဟန်ချင်းရုက မြို့တံတိုင်းဆီ သွားကာ ပေသီးကို ကယ်တင်ရန် လုပ်ဆောင်လိုက်စဉ် ထုံယဲ့မှာ ကူယာနောက်မှ လိုက်ပါသွားပြီး ယင်ပြန့်မြို့အတွင်း ဝင်ရန် လုပ်ဆောင်လိုက်သည်။ သူက ဤနေရာကို တစ်ခါ ရောက်ဖူးသည့်အတွက် လော့ချွမ်းဟယ်နှင့် ကျာချီတို့ အဖမ်းခံထားရမည့် နေရာအကြောင်း တွေးမိထားသည်။
“တခြားလူတွေ ဂရုမစိုက်နဲ့ ဒီလူကို ဝိုင်းသတ်ကြစမ်း ” မိုဝူကျီနှင့် ရင်ဆိုင်နေသည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီနှင့် တစ်ချက် ရင်ဆိုင်ပြီးသည့်နောက်တွင် အော်ပြောလိုက်သည်။
အားလုံးက ကျင်းရှန်းအဆင့် ကျင့်ကြံသူပြောသည့် ဆိုလိုရင်းကို နားလည်ကြပေသည်။ သူတို့သာ မိုဝူကျီကို သတ်နိုင်သရွေ့ ကျန်လူများ၏ ကယ်ဆယ်ရေးမှာ အောင်မြင်သွားလျှင်ပင် အသုံးမဝင် ဖြစ်သွားပေလိမ့်မည်။
တစ်ဖက်လူက ဟန်ချင်းရုနှင့် အခြားလူများကို ဆက်မတိုက်သည်ကို မြင်၍ မိုဝူကျီက စိတ်စွမ်းအားကို ကူယာဆီ ပို့လွှတ်ထားလိုက်သည့် အခါ ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအား ပိတ်ပင်ထားသော အတားအဆီး အစီအရင်များမှာ သူမ လက်ချက်ဖြင့် ပျက်စီးနေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုသည်က မိုဝူကျီကို ကူယာအား ပို၍ လေးစားသွားမိစေသည်။ ကူယာမှာ အမှန်တကယ် ဉာဏ်ကြီးရှင် ဖြစ်ပြီး ယင်ပြန့်မြို့အတွင်းမှ အခြေအနေများကို သူ့အား အာရုံခံကြည့်စေနိုင်ရန် ထိုအတားအဆီးများကို ဖျက်ဆီးပေးခဲ့ခြင်း ဖြစ်ပေသည်။
“မင်းက မိုဝူကျီလား။ မင်းက မီးခိုးခုနစ်ချက်ဂိုဏ်းက ဟဲကျွင်းဟူကို သတ်ခဲ့တယ်ဆို ... ပြီးတော့ ကျင်းယွင်မြို့ထဲ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူ ရာကျော်ရော သတ်ခဲ့တာဆို” မိုဝူကျီ လမ်းကို ပိတ်ထားသည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူက တည်ငြိမ်နေသော်လည်း မိုဝူကျီအပေါ် ချက်ချင်း မတိုက်ခိုက်သေးပေ။
ထိုစဉ် ဝတ်စုံနီနှင့် အမျိုးသားက အပြေးအလွှား ရောက်ရှိလာသည်။ မိုဝူကျီနှင့် ထိုကျင့်ကြံသူတို့က တစ်ခါ တိုက်ခိုက်ဖူးလေသည်။ ထိုဝတ်စုံနီ အမျိုးသားကို မြင်လိုက်သည်နှင့် ထိုသူမှာ နောက်ထပ် ကျင်းရှန်းအဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း သိလိုက်သည်။
ကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ဦးက မိုဝူကျီ လမ်းပိတ်ထားကာ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူများက သူ့ထွက်လမ်းအားလုံး ပိတ်ဆို့ထားသည်။
“ဟုတ်တယ် ငါက မိုဝူကျီပဲ ... ခင်ဗျားက ဒီယင်ပြန့်မြို့ရဲ့ မြို့စား လော့ယွင် ဖြစ်ရမယ်” မိုဝူကျီက ပြောလိုက်ရင်း စိတ်စွမ်းအား လွတ်ကာ ကူယာကို အာရုံခံကြည့်လိုက်သည်။
ကူယာ စကားအရ လောင်ချိုက် ပြန်မရောက်သေးလျှင်ပင် ယင်ပြန့်မြို့၌ နောက်ထပ် ကျင်းရှန်းအဆင့် ကျင့်ကြံသူ ရှိပေဦးမည်။ သို့သော်လည်း နှစ်ယောက်သာ သူ့ရှေ့ပေါ်လာသည် ဖြစ်ရာ နောက်တွင် ပုန်းနေသည့် နောက်ထပ် တစ်ယောက် ရှိပေလိမ့်မည်။
သူ၊ ကူယာ၊ ထုံယဲ့နှင့် အခြားလူများက သူတို့ ကျင်းရှန်းအဆင့် ကျင့်ကြံသူနှင့် တွေ့သည်နှင့် ချက်ချင်း အကြောင်းကြားရန် သဘောတူထားကြသည်။
ထိုစဉ် ဟန်ချင်းရုက ပေသီးကို ကယ်ပြီးပြီ ဖြစ်ရာ ယင်ပြန့်မြို့ပြင်၌ စောင့်နေလေသည်။
“ကျုပ်က ယင်ပြန့်မြို့စား လော့ယွင်ပဲ။ မိုဝူကျီ မင်းအတွက် ဒီနေရာမှာ အခွင့်အရေး မရှိဘူး။ မင်းက ယုံရင်အစွန်းအဖျားနေရာရဲ့ စည်းမျည်းတွေကို ချိုးဖျက်ပြီးတော့ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ ကျင်းရှန်းအဆင့် ကျင့်ကြံသူကို သတ်ရဲတယ်ဆိုတော့ မင်း အင်မော်တယ်လောကကို သွားရင်တောင် မင်းအတွက် ခြေချစရာ နေရာ မရှိဘူး။ အဲဒါကြောင့် မင်းကို ရွေးချယ်စရာ တစ်ခုပေးမယ်။ မင်းက အားတော်တော် ကောင်းတယ်ဆိုတော့ မင်းကို ယုံရင်အင်မော်တယ်နယ်မြေကို ဝင်ခိုင်းပြီးတော့ ယုံရင်နယ်မြေသားအဖြစ် သတ်မှတ်ပေးမယ်”
ထိုသို့ ပြောနေစဉ် မိုဝူကျီ၏ စိတ်စွမ်းအားအတွင်း၌ ကူယာ အစီအရင် ဖျက်ဆီးနေစဉ် တစ်ယောက်ယောက်က ကူးသန်းနေသည့်အလား အလင်းရောင်များ တောက်ပနေသည်ကို အာရုံခံမိလိုက်သည်။ လော့ယွင်လည်း တစ်ချိန်တည်းဆိုသလို သတိပြုမိလိုက်၍ သူ့အမူအရာမှာ ပုံပျက်သွားလေ၏။
“ယုံရင်က အရင်ပေါ့ ပြီးရင် ယုံရင်အကျဉ်းထောင်မလား” မိုဝူကျီက လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည့်အခါ တာအိုနည်းစနစ်များ ပေါ်လာပြီး လျှပ်စီးဓားမိုးများ ရွာသွန်းလာတော့သည်။
“မင်းက ယုံရင်အကျဉ်းထောင်ကို သိနေတာပဲ” လော့ယွင်က ကူးသန်းရေး အစီအရင် ဖျက်ဆီးခံရသည်ကို ဂရုမစိုက်တော့ပဲ မိုဝူကျီဆီ ပြေးဝင်လိုက်တော့သည်။
ထိုစဉ် မိုဝူကျီက ချုပ်တည်းမထားတော့ချေ။ သူက အဆုံးမဲ့လျှပ်စီးမိုးများကို ထုတ်လွှင့်လိုက်သည်နှင့် လက်သီးချက်ကိုပါ ပစ်လွှတ်လိုက်သည်။ ထိုလက်သီးချက် စွမ်းအား စက်ကွင်းက နေရာတစ်ခုလုံးကို ရပ်တန့်သွားစေပြီး အထဲတွင် ပိတ်မိနေကြသော ကျင့်ကြံသူအားလုံးမှာ လျှပ်စီးမိုးကြောင့် အသတ်ခံလိုက်ရသည်။
တစ်ချိန်တည်းတွင် မိုဝူကျီက တစ်ဖက်လူ၏ ကျင်းရှန်းအဆင့် စွမ်းအားစက်ကွင်းမှာ သူ့လက်သီးချက် စွမ်းအားစက်ကွင်းကြောင့် နှေးကျသွားသည်ကို တွေ့လိုက်ရသည်။ သူတစ်ယောက်တည်း စမ်းသပ်စဉ်နှင့် ယှဉ်လျှင် နှေးကျသွားသည့်နှုန်းမှာ အတော်လေး သိသာလှသည်။ မိုဝူကျီ၏ သဘာဝစွမ်းအား သိုလှောင်လမ်းကြောင်းမှ အင်မော်တယ် သဘာဝစွမ်းအားများမှာ တစ်ဖန် ပေါက်ကွဲထွက်လာပြီး သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကိုလည်း ချွေတာမနေတော့ပဲ ထိုလက်သီးချက် စွမ်းအားစက်ကွင်းကို အရှိန်ဟုန်ဖြင့် ပျံ့နှံ့သွားစေသည်။
လက်သီးချက် စွမ်းအားစက်ကွင်းက ယပ်တောင် သဏ္ဌာန်အတိုင်း ပျံ့နှံ့သွားသည်နှင့် လော့ယွင်က ချက်ချင်း ခံစားမိလိုက်သည်။ သူ့ဘယ်ဘက်လက် တစ်ချက်အဝှေ့တွင် မှော်ရတနာတစ်ခု ပေါ်လာပြီး မိုဝူကျီ၏ လက်သီးချက်ဆီ ချိန်ရွယ်၍ ဝှေ့ယမ်းလိုက်သည်။
လွှအဝိုင်းပြား၏ ဖိအားအောက်တွင် မိုဝူကျီ၏ လက်သီးချက် စွမ်းအားစက်ကွင်းမှ အက်ကွဲမှု ပိုကြီးလာပြီး သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုမှာ အလျင်အမြန် ရှောင်ရှားဖို့ ဖြစ်သည်။
သို့သော် မိုဝူကျီက မရှောင်နိုင်တော့မှန်း အခြားသူများထက် ပိုမိုသိပေ၏။ သူလုပ်လိုက်သည်နှင့် တစ်ဖက်သူက သူ့လက်သီးချက် စွမ်းအားစက်ကွင်းအကြောင်း သိထားပြီးပြီဖြစ်ရာ နောက်တစ်ကြိမ် သူတိုက်သည့်အခါ၌ အခွင့်အရေးကောင်း ရတော့မည် မဟုတ်ပေ။ သူလုပ်လိုက်လျှင်ပင် လွှအဝိုင်းပြားနှင့် အခြားသော အကာအရံများ ရှိနေပေလိမ့်မည်။
အာကာသ ချုပ်နှောင်မှု ...
နောက်လက်တစ်ဖက်ဖြင့် သူက အာကာသ ချုပ်နှောင်မှု တိုက်ကွက်ကို ဖော်ထုတ်လိုက်သည်။ ထိုချုပ်နှောင်မှု ရောက်ရှိသွားသည့် နေရာမှာ လော့ယွင်ဆီ မဟုတ်ဘဲ လေထုကို ခွင်းလာနေသည့် လွှအဝိုင်းပြားဆီ ဖြစ်၏။
မိုဝူကျီက အားအကောင်းဆုံး ကျင်းရှန်းအဆင့် ကျင့်ကြံသူကို တတ်နိုင်သမျှ မြန်မြန် ဖယ်ရှားပစ်ရမည်မှန်း သိထားပေ၏။ မဟုတ်လျှင် သူတို့အောင်မြင်မှု ရနိုင်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
“ဘုန်း” မိုဝူကျီဘေးမှ သတ်ဖြတ်ငွေ့များ အရှိန်ဟုန်ပြင်းပြင်းဖြင့် ရောက်ရှိလာသည်။ သူက ထိုတိုက်ကွက်မှာ ဝတ်စုံနီနှင့် အမျိုးသားဆီမှ ရောက်လာသည်မှန်း သိလိုက်သည်။ သူ့လျှပ်စီးမိုးမှာ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူများစွာ၏ အသက်ကို ဇီဝိန်ခြွေပေးနိုင်သော်လည်း ဝတ်စုံနီကဲ့သို့ ကျင်းရှန်းအဆင့် ကျင့်ကြံသူအပေါ် သက်ရောက်မှု မရှိချေ။
သေခြင်း အငွေ့အသက်များက မိုဝူကျီ၏ အသိစိတ်အတွင်း ဝင်ရောက်လာကာ သူ့အသိစိတ်က သူ့အား ထွက်ပြေးရန် တွန်းအားပေးနေပြီး မဟုတ်လျှင် အသက်အန္တရာယ် ရှိနိုင်ကြောင်း သတိပေးနေသည်။ သူ မရှောင်ရှား နိုင်တော့သည်မှာ သေချာလှသည်။ အကယ်၍ သူရှောင်လိုက်လျှင် ဝတ်စုံနီလက်ထဲမှ လွတ်မြောက်သွားပြီ ဖြစ်သော်လည်း သူ့အနေနှင့် လော့ယွင်ကို မသတ်နိုင်ပဲ ဖြစ်သွားပေလိမ့်မည်။
သူက လော့ယွင်ကို အချိန်မီ မသတ်နိုင်သရွေ့ သူ့ဝှက်ဖဲကို ထုတ်ဖော်ပြီးသား ဖြစ်သွားသောကြောင့် သေဆုံးရလိမ့်မည်။
မိုဝူကျီ ဦးနှောက်ထဲ အတွေးတစ်ခု ပေါ်လာသည်။ သူက သူ့တင်ပါးကို လှည့်ကာ ထိပ်တန်းမီးတောက် ဖုံးလွှမ်းထားသော လက်သီးချက်ကို ပစ်လွှတ်လိုက်သည်။ ထို့နောက် လခြမ်းကွေး ပုဆိန်လှံရှည်မှာ အနည်းငယ် တုန်ယင်လာပြီး တစ်ချက် ဖြတ်ခုတ်လိုက်သည်။ မိုဝူကျီက အင်အား လုံလုံလောက်လောက် မစုစည်းနိုင်သောကြောင့် ထိုဖြတ်ခုတ်ချက်မှာ အားနည်းနေကာ မီတာအနည်းငယ်ထိသာ ရှည်ထွက်လာပြီး နေရာပင် အနည်းငယ် လွဲသွားကာ လော့ယွင်၏ လက်ရှိနေရာမှ တစ်မီတာအကွာသို့ ထိမိသွားသည်။
ယင်ပြန့်မြို့၏ မြို့စား လော့ယွင်ရှေ့တွင် ထိပ်တန်းမီးတောက်ဖြင့် လမ်းကြောင်းတစ်ခု ပေါ်လာသည်။ ထိုအရာက လော့ယွင် အမူအရာကို အကြီးအကျယ် ပြောင်းလဲသွားစေကာ တစ်ချိန်တည်းဆိုသလို စိတ်သက်သာရာ ရသွားလေ၏။
သူ့တွင် အာကာသလွှ ရှိနေသည်မှာ ကံကောင်းလှပေသည်။ သူက ထိုလက်သီးချက်ကို ရှောင်ရှားဖို့ ခက်ခဲသည့်အချိန်များ ရှိခဲ့ရ၏။ လော့ယွင်က သူ့အာကာသ လွှဖြင့် မိုဝူကျီ၏ လက်သီးချက်ကို တစ်စစီ လုပ်ပစ်နိုင်မည်ဟု ယုံကြည်ထားပေသည်။ အမှန်ပင် ထိုလက်စီးချက်ကြောင့် ဒဏ်ရာရစေမည့် အနေအထားကိုလည်း လျှော့ချပေးနိုင်လိုက်သည်။
သို့သော်လည်း မိုဝူကျီ၏ လက်သီးချက် စွမ်းအားစက်ကွင်းနှင့် ထိပ်တန်းမီးတောက်မှ ဖိအားများက သူ့အား လာရောက်ဖိနှိပ်နေသည့် အတွက် မိုဝူကျီအတိုင်း လော့ယွင်လည်း ခန္ဓာကို အတင်း လှည့်လိုက်ရပေသည်။
မကြာခင်တွင် လော့ယွင်၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားပေ၏။ သူ့အာကာသ လွှမှာ လေထုအတွင်း တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။ အချိန်ခဏမျှသာ ဖြစ်သော်လည်း မိုဝူကျီ၏ ထိပ်တန်းမီးတောက် လက်သီးချက်မှာ လေဟုန်ခွင်း၍ သူ့မျက်နှာဆီ ရောက်ရှိလာသည်။
လော့ယွင်က အာရုံခံစားလို့ မရတော့သည့်အထိ တုန်လှုပ်မိသွားသည်။ ထိုလက်သီးချက် တစ်ချက်သာ ထိတွေ့လိုက်ပါက သူက မည်မျှ အားကောင်းနေစေကာမူ သေဆုံးသွားနိုင်သည်။ မိုဝူကျီ၏ လက်သီးချက်မှာ သူ့ကိုယ်ပေါ်မှ ပြောင်းလဲမျှခြေ အဆောင်ကို တစ်စစီ ဖြစ်သွားနိုင်၍ ဖြစ်သည်။
ထိုစဉ် သူက မိုဝူကျီ ပစ်လွှတ်လိုက်သည့် သူနှင့် တစ်မီတာ ကွာဝေးနေသည့် ပုဆိန်လှံရှည် အလင်းအကြောင်းပင် မစဉ်းစားနိုင်တော့ပေ။ ချက်ချင်းဆိုသလို သူက လွတ်မြောက်ဖို့ရာ ကြိုးစားလိုက်သည်။ သို့သော် သူရှောင်ရှားလိုက်သည့် ဦးတည်ရာမှာ ထိုအလင်း ကျရောက်မည့်နေရာ ဖြစ်နေ၏။
“ဘုန်း” မိုဝူကျီ၏ လက်သီးချက်မှာ လော့ယွင်ခါးပေါ် ထက်ဝက်ပိုင်းပြတ် သွားတော့မည့်အလား ကျရောက်လာသည်။
“ဒေါင်” လော့ယွင်က ပုဆိန်လှံရှည် အလင်းကြောင့် နှစ်ပိုင်းခြမ်းခံရတော့မည့် ဆဲဆဲတွင် အညိုမှိုင်းမှိုင်း ဓားတစ်ချောင်းက အထက်မှ ဆင်းသက်လာကာ ထိုအလင်းကို ဖယ်ရှားပစ်လိုက်သည်။
စိတ်တွင်း၌ မိုဝူကျီ အနည်းငယ် ကြောင်အမိသွားသည်။ အမျိုးသားများက ကြံစည်စဉ် ကောင်းကင်ဘုံက အောင်မြင်မှုကို ဆုံးဖြတ်ပေးလေသည်။ တတိယမြောက် ကျင်းရှန်းအဆင့် ကျင့်ကြံသူက လော့ယွင်ကို သတ်ဖြတ်မည့် သူ့အကြံကို ဖျက်ဆီးရန် အချိန်ကိုက် ရောက်လာလိမ့်မည်ဟု ထင်မထားပေ။
“ဖောက်” မိုဝူကျီ တင်ပါးနေရာကို အလင်းတန်း တစ်ချက် ဖြတ်သွား၏။
အလင်းတန်းက သူ့တင်ပါး ဘယ်ဘက်ခြမ်းမှ ညာဘက်ခြမ်းအထိ ထိုးဖောက်သွားရာ သွေးများပါ ထွက်လာသည်။ အကယ်၍ မိုဝူကျီ၏ မြန်ဆန်သည့် တုံ့ပြန်မှုကြောင့်သာ မဟုတ်လျှင် ထိုအလင်းတန်းမှာ သူ့ကို နှစ်ခြမ်း ဖြစ်သွားစေလိမ့်မည်။
သူက ဆေးလုံးများစွာကို သောက်သုံးပြီးနောက် သူ့အသက်ဓာတ် လမ်းကြောင်းကိုလည်း အပြင်းအထန် လှည့်ပတ်လိုက်သည်။ ထိုသတ်ဖြတ်ကွက် ခံယူနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူ့အသက်ဓာတ် လမ်းကြောင်း တည်ရှိမှုကြောင့်သာ ဖြစ်၏။
“အစ်ကိုလော့ ... ကျုပ် သိပ်နောက်မကျ သွားဘူးမလား” မိုဝူကျီ၏ ပုဆိန်လှံရှည်အလင်းကို တားဆီးပြီး လော့ယွင် အသက်ကို ကယ်တင်လိုက်သူက လော့ယွင်ဘေးနား ရောက်လာသည်။
လော့ယွင် မျက်ဝန်းကား အသက်ဝင်မှု မရှိတော့ပဲ သက်ပြင်းချစွာ ပြောလိုက်သည် “မဟုတ်ဘူး ... မင်း နောက်ကျသွားပြီ”
ကျင်းရှန်းအဆင့် ကျင့်ကြံသူက တစ်ခုခုကို နားလည်သွားသည့်အလား သူ့အမူအရာမှာ ပုံပျက်လာသည်။ သို့သော် ထိုအချိန်လေး၌ လော့ယွင်မှာ မိုးနှင့်မြေ ဥပဒေသ စည်းမျည်းများကြောင့် တစ်စစီ ခြေမွ ခံလိုက်ရတော့သည်။
လော့ယွင်က သူ့လက်ချက်ဖြင့် သေဆုံးသွားတာ မဟုတ်ဘဲ မိုးနှင့်မြေ စည်းမျည်းကြောင့် အသတ်ခံရသည်ကို မြင်သောအခါ မိုဝူကျီက စိတ်သက်သာစွာ သက်ပြင်း ချလိုက်တော့သည်။ ထိုသည်မှာ ကျင်းရှန်းအဆင့် နှစ်ယောက်နှင့် သုံးယောက်ကို ရင်ဆိုင်သည့်အခါ ခြားနားချက် အကြီးကြီးဖြစ်၏။
ယခု သူက အသက်ဓာတ် လမ်းကြောင်း အပြည့်အဝ ကုသပေးနေသည်ကို မစောင့်တော့ပဲ လျှပ်စီးဓားမိုးကို နောက်တစ်ခါ ထုတ်လွှင့်လိုက်သည်။ ယင်ပြန့်မြို့မှ လူများနှင့် နယ်ခြားများမှ လူများအကြား ခြားနားမှု မရှိတော့ပေ။ သူ့လျှပ်စီးမိုး နယ်မြေအတွင်း ရှိသောသူအားလုံး ပစ်မှတ်ဖြစ်သွားသည်။
မိုဝူကျီကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သော ကျင်းရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျီ၏ ကြွစောင်းစောင်းပုံစံကို မြင်ပြီးနောက် ရှုတ်ချမိလိုက်သည်။ သူက မှော်ရတနာကို ဆွဲကိုင်ရင်း မိုဝူကျီကို လွှမ်းခြုံသွားစေမည့် မရေတွက်နိုင်အောင် များပြားသည့် အလင်းတန်းများ ထုတ်လွှင့်လိုက်တော့သည်။
ထိုစဉ် မိုဝူကျီက တူညီသည့်အရာကိုသာ တွေးမိနေသည်။ ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့အား ခိုးကြောင်ခိုးဝှက် လုပ်ကြံခဲ့သည် ဖြစ်ရာ သူက မည်သို့ လွှတ်ပေးနိုင်မည်နည်း။ သူက နောက်ထပ် ဆက်တိုက် ပေါ်လာသော ကျင်းရှန်းအဆင့် ကျင့်ကြံသူကို စိတ်ထဲ မထားဘဲ သူ့ရှေ့တွင် ရှိနေသော ကျင်းရှန်းအဆင့် ကျင့်ကြံသူဆီ လခြမ်းကွေး ပုဆိန်လှံရှည်ကို ထပ်ကာ ထပ်ကာ ဝှေ့ယမ်းလိုက်သည်။
***