← Chapters

စွမ်းအားစက်ကွင်း ချေဖျက်သည့် လက်သီးချက်

Vol. 35 Ch. 478

စွမ်းအားစက်ကွင်း ချေဖျက်သည့် လက်သီးချက်

Vol. 35 Ch. 478

မိုဝူကျီ၏ ပုဆိန်လှံရှည်အဝှေ့ဖြင့် ဝတ်စုံနီ ကျင်းရှန်းအဆင့် ကျင့်ကြံသူ၏ မှော်ရတနာတို့ ထိပ်တိုက် တွေ့ဆုံသည့်အခါ ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်သွားသည်။

သူက လခြမ်းကွေး ပုဆိန်လှံရှည်မှ အင်အားကို ခံစားမိလိုက်သောအခါ ဝတ်စုံနီ ကျင်းရှန်းအဆင့် ကျင့်ကြံသူက အော်ပြောလိုက်သည်  “ဟန်ကျစ်ချီ ... မင်းဘာစောင့်နေတာလဲ”

ထပ်ငြိမ်မနေတော့ပဲ နောက်ဆုံး ကျင်းရှန်းအဆင့် ကျင့်ကြံသူက လှုပ်ရှားလိုက်သည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး မိုဝူကျီဆီ ရောက်ရှိလာသည်။ တစ်ချိန်တည်းဆိုသလို  သူ့မှော်ရတနာကိုလည်း ဆွဲထုတ်လိုက်သည်။ ဟန်ကျစ်ချီ၏ မှော်ရတနာမှာ ယင်စကြာ အစုံလိုက် ဖြစ်ပေ၏။  သူတို့ ထွက်ပေါ်လာသည်နှင့် ကျောချမ်းဖွယ် လက်တစ်စုံက သူ့လက်မောင်းကို လာဆုပ်ကိုင်လိုက်သည့် အလား   မိုဝူကျီ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။

မိုဝူကျီက သူ့သတ်မှတ်ချက် သူသိထားသောကြောင့် ဟန်ကျစ်ချီ၏ တိုက်ခိုက်မှုများကို စိတ်ထဲမထားဘဲ ထိုအလင်းတန်းကို လုံးဝ လျစ်လျူရှုထားလေ၏။ ထို့အစား သူက ဝတ်စုံနီ ကျင့်ကြံသူဆီသာ ဆက်တိုက် တိုက်ခိုက်နေမိသည်။

မိုဝူကျီက ဟန်ကျစ်ချီ တိုက်ခိုက်မှု လျစ်လျူရှုထားသည်ကို မြင်၍ ဝတ်စုံနီနှင့် ကျင့်ကြံသူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပေ၏။ သူက မိုဝူကျီသည် ထိုမျှ မကျေမနပ် ဖြစ်နေလိမ့်မည်ဟု တွေးမထားမိပေ။ သူက မိုဝူကျီကို တစ်ခေါက် ချောင်းမြောင်းလုပ်ကြံဖူး၍ ဒဏ်ရာများစွာ ရစေခဲ့သောကြောင့် ထိုလူက သူကိုယ်တိုင်  သေမည်ဆိုလျှင်ပင်  သူ့အား အမှန်ပင် သတ်ပစ်ချင်နေသည်။

သူက မည်မျှ သတ္တိကောင်းစေကာမူ သူက မိုဝူကျီ၏ လက်သီးချက်ကို ရင်မဆိုင်ရဲပေ။ ထိုလက်သီးချက် အင်အားမှာ အပြင်ပန်းမျှသာ ဖြစ်သော်လည်း လော့ယွင်၏ ပြောင်းလဲမျှခြေ အဆောင်ကို ဖျက်ဆီးနိုင်ခဲ့ကာ မိုးနှင့်မြေ စည်းမျည်း၏ ဖိနှိပ်မှုကို ခံခဲ့ရသည်။

ဝတ်စုံနီနှင့် အမျိုးသားက သူ့ဘာသာ အထင်ကြီးမိသော်လည်း လော့ယွင်နှင့်တော့ မယှဉ်ပြိုင်နိုင်သေးပေ။ သူတို့နှစ်ယောက်မှာ လော့ယွင်၏ ပြိုင်ဘက်ပင် မဟုတ်ချေ။ မိုဝူကျီ လက်သီး ထပ်ရောက်ရှိလာသည်နှင့် သူက နောက်ထပ် မတွေးတောနိုင်ပဲ အလောတကြီး ရှောင်လိုက်ရသည်။ မိုဝူကျီ၏ လခြမ်းကွေး ပုဆိန်လှံရှည်ကို ကာဆီးရန် အသုံးပြုသော မှော်ရတနာကိုပင် ထားပစ်ခဲ့၏။

သို့သော် သူက နောက်ဆုတ်လိုက်သည့်အခါ တစ်ခုခု လွဲမှားနေသည်ကို ခံစားမိလိုက်သည်။ အကြောင်းမှာ မိုဝူကျီ ပစ်လွှတ်လိုက်သော လက်သီးချက်၌ သူ့အား ချုပ်နှောင်ထားနိုင်သည့် သက်ရောက်မှု မပါဝင်ပေ။

ဒီလက်သီးချက်က အယောင်ပြများလား  ... နောက်အခိုက်အတန့်လေး၌ သူ့သံသယများ မှန်ကန်သွားပေသည်။

သူက လှည့်လိုက်သည့်အချိန် မိုဝူကျီ၏ ပုံရိပ်မှာ ချက်ချင်း လှည့်လိုက်ပြီး နောက်တစ်ဖန် လက်သီး တစ်ချက် ပစ်ခွင်းလိုက်သည်။ ရှောင်ရှားနေရင်း  ဒုတိယလက်သီးချက်မှ တစ်ရှိန်ထိုး ထွက်ပေါ်လာသည့် အပူချိန်ကို သိသိသာသာ  ခံစားမိနေသည်။  ထိုအခါမှ မိုဝူကျီ၏ တကယ့်ပစ်မှတ်မှာ သူမဟုတ်ဘဲ ဟန်ကျစ်ချီ ဖြစ်နေကြောင်း သိလိုက်ပေ၏။

ဟန်ကျစ်ချီက သူ့အသက် ဆွဲငင်ရိုက်ချက်က မိုဝူကျီ ခန္ဓာဖောက်ထွင်း သွားသည်ကို မြင်သောအခါ စိတ်တွင်းမှ ရယ်မောမိနေသည်။ မိုဝူကျီက မည်မျှ အသည်းမာစေကာမူ  အသက်ဆွဲငင် ရိုက်ချက်က ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် သူ့အနေဖြင့်  သင်္ချိုင်းသို့ ခြေတစ်ဖက် လှမ်းနေပြီ ဖြစ်၏။ သူ့အင်မော်တယ် သဘာဝစွမ်းအားများနှင့် စိတ်စွမ်းအားများက ကုန်ခန်းခြောက်သွေ့သွားပြီး သူ့အသက်ဓာတ်မှာလည်း ကြောက်ခမန်းလိလိ နှုန်းဖြင့် လျော့ပါးသွားမည် ဖြစ်သည်။

ဟန်ကျစ်ချီက အဝေးတစ်နေရာမှ ဝတ်စုံနီနှင့် အမျိုးသားကို စိတ်မရှည်စွာ လှမ်းကြည့်လိုက်ပြီးနောက် သူ့လက်ထဲမှ ယင်စကြာနှစ်ခုကို မြှောက်ကာ ယင်မုန်တိုင်း ဖန်တီးလိုက်ရင်း အော်ပြောလိုက်သည်  “သေစမ်း”

ထိုအသက်ဆွဲငင်ရိုက်ချက် မိုဝူကျီ အသားထဲ ရောက်သွားသည်နှင့် မိုဝူကျီက တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်သည်။ ထိုသေးသေးမွှားမွှား အပ်နှင့်တူသော အရာက သူ့အသက်ဓာတ်ကို စုပ်ယူနေပြီး သူ့စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝစွမ်းအားကိုလည်း ဖိနှိပ်ထားသေးသည်။

အကယ်၍ တခြားတစ်ယောက် ဖြစ်နေပါက ဟန်ကျစ်ချီ၏ တိုက်ခိုက်မှုမှာ သူ့အား နောက်ဘဝ ကူးသွားစေလိမ့်မည်။

သို့သော်လည်း မိုဝူကျီက အခြားလူများကဲ့သို့ မဟုတ်ချေ။ သူ့အသက်ဓာတ်များ လျော့ပါးသွားပြီး  သူ့အင်မော်တယ် သဘာဝစွမ်းအားများနှင့် စိတ်စွမ်းအားများက စုပ်ယူခံနေရမည်ဆိုလျှင်ပင် သူ့လက်သီးချက်က နည်းနည်းလေးမျှ နှေးကွေးသွားမည် မဟုတ်ပေ။ သူ့ သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေးလမ်းကြောင်း လှည့်ပတ်လိုက်သည့်အခါ ထိုလက်သီးချက်မှာ ပို၍ပင် အားကောင်းသွားသေးသည်။

“ဘယ်သူ သေမလဲ ကြည့်ကြတာပေါ့” လမ်းကြောင်းနှစ်ခုမှ  မိုဝူကျီ၏ စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားများက လက်သီးချက်အတွင်း စုဝင်သွားလေသည်။ သူက ထိုလက်သီးချက်ဖြင့် သတ်ပစ်ရမည်။ သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို  သူ့ဆီ ရောက်လာနေသော ယင်စကြာနှင့် ရင်ဆိုင်ရန် အသုံးပြုရမည်။

“ဘုန်း” ထိပ်တန်းမီးတောက်၏ ကြောက်ခမန်းလိလိ အငွေ့အသက်များက ပေါက်ကွဲလာစဉ် သူ့လက်သီးချက် စွမ်းအားစက်ကွင်းမှာလည်း ယပ်တောင် သဏ္ဍာန် ထွက်ပေါ်လာသည်။ မိုဝူကျီ၏ လက်သီးချက် စွမ်းအားစက်ကွင်းမှာ ကျင်းရှန်းအဆင့် ကျင့်ကြံသူများ၏ စွမ်းအား စက်ကွင်းကို မယှဉ်နိုင်သော်လည်း တိုက်ခိုက်နိုင်သော စက်ကွင်း ဖြစ်ပေသည်။ လက်သီးချက် စွမ်းအား စက်ကွင်းအောက်တွင် ဟန်ကျစ်ချီ၏ ကျင်းရှန်းအဆင့် စွမ်းအားစက်ကွင်းမှာ တစ်စစီ ကျိုးပဲ့သွားသည်။

ထိပ်တန်းမီးတောက်မှ တစ်ရှိန်ထိုး ထွက်ပေါ်လာသည့် အငွေ့အသက်များက လမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေကာ  အာကာသ ချုပ်နှောင်မှု မသုံးဘဲ ဟန်ကျစ်ချီမှာ လမ်းကြောင်း၌ ပိတ်မိနေပြီး လက်သီးချက်က သူ့ဆီ ချက်ချင်း ရောက်ရှိလာသည်။

ဟန်ကျစ်ချီက မိုဝူကျီအား သေရန် ပြောစဉ်က တစ်ခုခု ရှိနေမည်မှန်း သိသော်လည်း ထိုမီးတောက်နယ်ပယ် အကျယ်ကြီးကို မြင်ပြီးသည့်နောက်တွင် ထိုအထဲ၌ လက်သီးချက် ပါရှိနေကြောင်း သိလိုက်သည်။ လက်သီးချက်မှာ သတ်ဖြတ်ငွေ့များ ဖုံးလွှမ်းနေပြီး လျော့ကျသွားမည့်ဟန် မပေါ်ပေ။

မကောင်းတော့ဘူး ...

သူက မိုဝူကျီကို သူ့အသက်ဆွဲငင် ရိုက်ချက် ပစ်သွင်းပြီးနောက်တွင် အတော်လေး ကျေနပ်အားရမိခဲ့သည်။ မည်သို့သောလူမျိုးက သူ့အသက်ဆွဲငင် ရိုက်ချက်ကို မကြောက်ရွံ့သနည်း။

“ဘုန်း” လခြမ်းကွေး ပုဆိန်လှံရှည်က ယင်စကြာနှင့် ထိပ်တိုက်တွေ့သည့်အခါ  ထိုအရာမှ ထွက်ပေါ်လာသော သတ်ဖြတ်ငွေ့များကို မိုဝူကျီ၏ လက်သီးချက် စွမ်းအားစက်ကွင်းဖြင့် ပိတ်ဆို့ထားလေ၏။ ထိုစဉ် ဟန်ကျစ်ချီအတွက် ရွေးစရာ နှစ်မျိုးသာ ရှိပေတော့သည်။ ပထမတစ်ခုမှာ အားကုန်သုံး၍ မိုဝူကျီ၏ လက်သီးကို ခုခံရမည် ဖြစ်ကာ ဒုတိယတစ်ခုမှာ ထိုလက်သီးချက်နှင့် ရင်ဆိုင်နိုင်ရန် အရာအားလုံး ထုတ်သုံးရမည် ဖြစ်သည်။

စိတ်ထဲ၌ ဟန်ကျစ်ချီက သူဘယ်လိုပင် ရွေးချယ်စေကာမူ သူ့အတွက် သေခြင်းတရားက စောင့်ကြိုနေပြီ ဖြစ်ကြောင်း သိထား၏။ သူက မိုဝူကျီထက် သာလွန်နေသောကြောင့် မဟုတ်ဘဲ မိုဝူကျီ၏ လက်သီးချက်မှာ သူ့ပြောင်းလဲမျှခြေ အဆောင်ကို ဖျက်ဆီးရန်  ချိန်ရွယ်ထား၍ ဖြစ်သည်။ ထိုလက်သီးချက်သာ ထိသွားပါက အမှန်တကယ် ဖြစ်ပျက်လာနိုင်သည်။

သူ့အသက်သွေးများကို နှိုးဆွလိုက်ပြီး ဟန်ကျစ်ချီက သူ့ဘာသာ လက်သီးတစ်ချက် ထုတ်လွှင့်လိုက်သည်။ သူသေလျှင်ပင် သူက ဂုဏ်သိက္ခာရှိရှိ သေချင်မိ၏။

“ဘုန်း” လက်သီးနှစ်လုံး ဆုံတွေ့သည့်အခါ နေရာတစ်ခုလုံး တုန်ခါသွားပြီး စွမ်းအားလှိုင်းများပင် ထလာသည်။ ထို့နောက် အရိုးအက်ကွဲသံများကို ကြားလိုက်ရပေသည်။ ထင်ရာစိုင်းပြီးသည့် အခြေအနေ၌ ဟန်ကျစ်ချီက အသက်သွေးကို နှိုးဆွ၍ မိုဝူကျီ၏ လက်သီးချက်ကို တကယ် တားဆီးနိုင်ခဲ့သည်။

သို့သော်လည်း သူ့မျက်နှာမှာ တစ္ဆေတစ်ကောင်အလား ဖြူဖျော့နေကာ သနားစဖွယ် အပြုံးတစ်ခု ရှိနေသည်။ ဤအချိန်၌  ပျော်ရွင်နေရမည့် အကြောင်းအရင်း မရှိချေ။  ထိုလက်သီးချက်၌ အင်မော်တယ် သဘာဝစွမ်းအား အားလုံးနီးပါးကို ထုတ်သုံးထားရသည့် အတွက် မိုဝူကျီက လှည့်ထွက်သွားဖို့ ဆုံးဖြတ်လျှင်ပင် သူသေမည် ဖြစ်သည်။

“မင်းက တကယ် အားကောင်းတာပဲ။ ငါ့ဘဝမှာ မြင်ဖူးသမျှထဲ အားအကောင်းဆုံး  ကောင်းကင် အင်မော်တယ်တွေထဲက တစ်ယောက်ပဲ။  ငါ့မှာ ပြောင်းလဲမျှခြေ အဆောင် မရှိရင်တောင် မင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး” ဟန်ကျစ်ချီ စကားအဆုံးတွင်  ပြောင်းလဲမျှခြေ အဆောင်က တစ်စစီ ဖြစ်သွားလေသည်။ ထိုအခါ ကြောက်မက်ဖွယ် မိုးနှင့်မြေ ဖိအားအကြီးကြီး ကျရောက်လာကာ တစ်စစီ ခြေမွပစ်တော့သည်။

မိုဝူကျီက ဟန်ကျစ်ချီ ပျောက်ကွယ်သွားသည့်   မြင်ကွင်းကို တည်တည်ငြိမ်ငြိမ် မကြည့်နေခင် တဟွတ်ဟွတ် ချောင်းဆိုးလိုက်မိသည်။ ထို့နောက် သူက ဟန်ကျစ်ချီ လက်စွပ်ကို သိမ်းထားလိုက်သည်။

“အခု လက်သီးချက်က စက်ကွင်း ချေဖျက်လက်သီးချက်ပဲ” မိုဝူကျီက လက်သီးကို လေထဲမြှောက်ရင်း ပြောလိုက်သည်။ သူ့လက်သီးချက်မှ စွမ်းအားစက်ကွင်းက ကျင်းရှန်းအဆင့် ကျင့်ကြံသူ၏ စွမ်းအားစက်ကွင်းကို ချေဖျက်ကာ သတ်နိုင်ခဲ့သည့်အတွက် အတော်လေး ဂုဏ်ယူနေမိသည်။ “စက်ကွင်းချေဖျက် လက်သီးချက်” ဆိုသော နာမည်မှာ အလွန်သင့်တော်လှပေသည်။

ထိုလက်သီးချက်ကို အဆင့်မြင့်ရန် လုပ်ဆောင်ရမည် ဖြစ်ပေသည်။ တစ်ဖက်လူ၏ စွမ်းအားစက်ကွင်း ချိုးဖျက်နိုင်ဖို့ရာ သူက ထိပ်တန်းမီးတောက် အကူအညီ ယူရသော်လည်း ထိပ်တန်းမီးတောက ်အားလုံးကိုတော့ ထုတ်လွှင့်စရာ မလိုပေ။

အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက် မိုဝူကျီက လှည့်လာလိုက်သည်။ ဝတ်စုံနီနှင့် ကျင့်ကြံသူက ရှာလို့ပင် မတွေ့တော့ပေ။ မိုဝူကျီက ဟန်ကျစ်ချီကို သတ်ရန် ကြိုးစားနေစဉ် သူက အခွင့်အရေး အသုံးချ၍ ထွက်ပြေးသွားပြီ ဖြစ်၏။

မိုဝူကျီက ဘေးနားပတ်လည်မှ ကောင်းကင်အင်မော်တယ် အဆင့် ကျင့်ကြံသူများကို ကြည့်၍ အေးစက်စွာ ပြောလိုက်သည်  “ယင်ပြန့်မြို့က အင်မော်တယ်လောကရဲ့ ရုပ်သေးရုပ် မဟုတ်တော့ဘူး။ အားလုံးက ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်သွားပြီ။ ပြီးတော့ အင်မော်တယ်တစ်ပိုင်းက ရောက်လာတဲ့သူတွေကို ဘယ်သူ့ကိုမှ  သတ်ခွင့် မပြုဘူး”

ကျန်လူများက မိုဝူကျီ တစ်ယောက်တည်း ကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ယောက်အား   သတ်ထားသည်ကို မြင်ပြီးနောက်  အင်မော်တယ် လောကဘက်မှ ပြောပေးလျှင် ကိုယ့်သေတွင်းကို တူးနေသည်သာ ဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။ ထို့အပြင်  မိုဝူကျီ လုပ်ပေးသည့်အရာမှာ လူအများက အချိန်အတော်ကြာ လုပ်ချင်နေသည့်အရာ ဖြစ်သော်လည်း  မလုပ်နိုင်ခဲ့သည့်အရာ ဖြစ်သည်။

စိတ်သက်သာရာ အရဆုံး ကိစ္စရပ်မှာ မိုဝူကျီက ကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ကို သတ်ပြီးနောက် မည်သူကိုမျှ ဆက်မသတ်တော့ခြင်း ဖြစ်ပေသည်။

“အစ်ကိုမို ... အင်မော်တယ်လောကနဲ့ ချိတ်ဆက်ထားတဲ့ ကူးသန်းရေး အစီအရင်ကို ဖျက်ဆီးပြီးပြီ။ အဲဒီအနီးလေးမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်နဲ့ ချိတ်ဆက်ထားတဲ့  အစီအရင်တစ်ခုလည်း တွေ့ခဲ့တယ်” ကူယာက မိုဝူကျီဘေး ရောက်လာသည့်အခါ တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်၏။

သူ မျှော်မှန်းထားသည့် မြင်ကွင်းမှာ သူ့အား အားလုံက ဝိုင်းပြုံတိုက်ခိုက်ကြသည့် အကြောင်း ဖြစ်သည်။ သို့သော်လည်း အဆုံးထိ ထိုသို့ဖြစ်မလာခဲ့ပေ။ ယင်ပြန့်မြို့တွင် ရှိသော ကျင့်ကြံသူများ၏ အာရုံက သူထင်ထားသည့်ထက် ပိုကောင်းနေသေး၏။

“အဲဒါကို ဖွင့်ပေးထားလိုက်” မိုဝူကျီ စကားအဆုံးတွင် ထုံယဲ့က လော့ချွမ်းဟယ်နှင့် ကျာချီတို့အား ခေါ်ဆောင်လာသည်ကို မြင်လိုက်ရသည်။

“အဲဒီလူတွေ ပြေးလာတာကို တွေ့ပေမဲ့ တစ်ယောက်မှ မတားကြဘူး အဲဒါနဲ့ အစ်ကိုမိုက လော့ယွင်ကို သတ်နိုင်မယ်ဆိုတာ အစကတည်းက  သိတယ်” ထုံယဲ့က အဝေးမှ အော်ပြောလေသည်။

“ညီလေးမို  ... မင်းတကယ် အဆင်ပြေနေတာပဲ” လော့ချွမ်းဟယ်က မိုဝူကျီကို အဆင်ပြေပြေ မြင်လိုက်ရသည့်အခါ  ရယ်မောမိလိုက်သည်။

ကျာချီက ဦးညွှတ်ကာ  “မောင်လေးမို ကယ်ပေးတဲ့အတွက် ကျေးဇူတင်ပါတယ်”

မိုဝူကျီက မနေနိုင်ပဲ ပြုံးမိလိုက်သည်။ ထို့နောက် လက်ကာပြကာ   “အားလုံးက ဂိုဏ်းတူ ဂိုဏ်းသားတွေပဲလေ။ ကျေးဇူးစကားတွေ မလိုပါဘူး။ ညီလေးထုံ  မင်းအစ်ကို ထုံချိန်ရော မတွေ့ခဲ့ဘူးလား”

ထုံယဲ့က ခေါင်းခါကာ  “မတွေ့ဘူး ... မေးကြည့်တော့ ကျုပ်အစ်ကိုလည်း ကျုပ်လိုမျိုး အဖမ်းမခံခဲ့ရဘူး ထင်တယ်”

***

All Chapters