← Chapters

နောက်ဆုံးတိုက်ပွဲ

Vol. 14 Ch. 197

နောက်ဆုံးတိုက်ပွဲ

Vol. 14 Ch. 197

ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့ဖန်သည် ဆရာသခင် သုံးယောက်၏ နဖူးအလယ် တည့်တည့်ကို ခွဲ၍ သူတို့၏ မူလ သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ လမ်းတစ်ခုလုံး တိတ်ဆိတ်လို့နေ၏။

ချွင်!

တိုက်ခိုက်ရေးသမားတစ်ယောက် လက်တုန်လာသဖြင့် လက်ထဲမှ သူ့လက်နက် လွတ်ကျ သွားလေသည်။

သူ့တစ်ကိုယ်လုံး သရဲတစ္ဆေနှင့် ကြုံလိုက်ရသကဲ့သို့ တုန်ယင်နေသည်။

အနီးအနားမှ အခြားတိုက်ခိုက်ရေးသမား တစ်ယောက်သည်လည်း မြေကြီးပေါ် လဲကျနေသည့် ဆရာသခင် သုံးယောက်၏ အလောင်းသုံးလောင်းကို မြင်ပြီး ခြေကိုကုပ်ထားမိသည်။

*တိုက်ကွက်တစ်ကွက်ကို လူ့အသက်တစ်ချောင်း*

*သုံးကွက်တည်းနဲ့ သူက ဆရာသခင် သုံးယောက်ကို သတ်လိုက်တယ်*

*သူတို့အားလုံး သေကုန်ပြီ*

အသက်ရှင်ကျန်နေသော သူများ သူတို့ ခေါင်းဖျားမှ‌ ခြေဆုံးအထိ အေးစိမ့်စိမ့် ချီဓာတ်များ စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။ ထို့အပြင် သူတို့၏ ကျောပြင်သည်လည်း ချွေးများဖြင့် ရွှဲရွှဲစိုနေသည်။

"ပြေး"

ကြောက်လန့်တကြား တုန်ယင်နေပြီးမှ အသက်ရှင်ကျန်နေသော သူတိုင်း မြင်ကွင်းထဲမှ လွတ်အောင် ပြေးနေကြသည်။

"ပြေး…ပြေး...ပြေး"

သူတို့ တတ်နိုင်သလောက် မြန်မြန် ပြေးနေကြသည်။ သို့သော် ယဲ့ဖန်က သူတို့ကို လျစ်လျူရှုကာ ဆရာသခင် သုံးယောက်၏ မူလသလင်းကျောက်များကို ပါးစပ်ထဲ ကောက်ထည့်နေသည်။

ဂျိုးဂျိုးဂျွတ်ဂျွတ် အသံများနှင့်အတူ သူက သလင်းကျောက်များကို သွားနှင့် ကိုက်ဝါး၍ မျိုချနေသည်။

ထို့နောက် သက်စောင့်စွမ်းအားများက သူ့ခန္ဓာကိုယ် တစ်လျှောက် တစ်ဟုန်ထိုး တိုးပွားလာပြီး သူ၏ ကိုယ်တွင်းမှ နတ်ဆိုးချီဓာတ်ကို ကြီးထွားလာစေသည်။

ဓားကျိုးထဲကနေ ယဲ့ဖန်၏ ခွန်အားကို ခံစားမိသော နတ်ဆိုးနဂါးက အော်ဟစ် လိုက်မိသည်။

"နတ်ဆိုး နတ်ဘုရား"

"မင်း…မင်းက နတ်ဆိုး နတ်ဘုရားပဲ၊ ဘုရားရေ… ဒီလောက် ထူးဆန်းတဲ့ကောင်မျိုး စကြဝဠာကြီးထဲ ဘယ်လိုလုပ် ရှိနေတာလဲ၊ ဒါ မဖြစ်နိုင်ပါဘူး"

နတ်ဆိုး နဂါး၏ စကားလုံးများတွင် မယုံချင်စရာကောင်းသည့် အရာကို မြင်လိုက်ရသည့်ဟန်ဖြင့် ထိတ်လန့်၊ ကြောက်ရွံ့စိတ်များ အပြည့်ပါဝင်နေသည်။

သူ နတ်ဆိုး နတ်ဘုရား တစ်ပါးတည်းကိုသာ ယခင်က မြင်ဖူးခဲ့သည်။

ဟိုးရှေးကျသည့် ခေတ်အခါက ထိုသူသည် ပြိုင်ဘက်ကင်း ပင်။ ထိုသူက နတ်ဘုရားများနှင့် အင်မော်တယ်များကိုတောင် သတ်နိုင်ခဲ့သည်။ စကြဝဠာအတွင်းရှိ များစွာသော ရန်သူများကို သူ သတ်ဖြတ်ခဲ့၏။

အထွတ်အထိပ် နတ်ဘုရားများနှင့် ကောင်းကင်ဘုံ အင်မော်တယ်များ သူ့ကြောင့် သေသွားခဲ့ရသည်။

သူသေဆုံးသွားပြီးနောက် စကြဝဠာထဲတွင် မည်သည့် နတ်ဆိုး နတ်ဘုရားမှ ကျန်ရှိမနေတော့ချေ။ သို့ဖြစ်ပါလျက်နှင့် ယခု…

နတ်ဆိုး နဂါး သေမတတ် ကြောက်ရွံ့လာသည်။

သို့သော် ယဲ့ဖန်က သူ၏ အမူအရာများကို မသိချင်ယောင်ဆောင်ထားသည်။ ဆရာသခင် သုံးယောက်၏ မူလ သလင်းကျောက်အား သန့်စင်ပြီးနောက် ယဲ့ဖန်သည် နတ်ဆိုး နဂါးအား မြင်နေရသကဲ့သို့ ဓားကျိုးအား စိုက်ကြည့်လိုက်သည်။

"သူတို့ကို သတ်မလား၊ ဒါမှမဟုတ် မင်း ငါ သတ်တာ ခံမလား"

ယဲ့ဖန် အေးစက်စွာ ပြောလိုက်သဖြင့် နတ်ဆိုး နဂါး တုန်လှုပ်သွားသည်။ ယဲ့ဖန် သူ့ကို တကယ် သတ်ရဲမှန်း နတ်ဆိုး နဂါး ရိပ်မိပါသည်။

ထို့ကြောင့် သူ ယဲ့ဖန်အား မနာခံရဲဘဲ မနေနိုင်ပါ။ ဓားကျိုးက တဆတ်ဆတ် တုန်လာပြီးနောက် ကောင်းကင်သို့ ထိုးတက်သွားသည်။

လျှပ်စီးထက်တောင် မြန်နေသေးသည်။

မလှမ်းမကမ်းတွင် ဆရာသခင် တစ်ပိုင်းအဆင့်တစ်ယောက် သူ တတ်စွမ်းသလောက် မြန်နိုင်သမျှ မြန်မြန် ပြေးနေလေသည်။

ရွှစ်!

သူ့ခေါင်း လွင့်ထွက်သွားပြီး လည်ပင်းမှ သွေးများက မိုးစက်များကဲ့သို့ ပန်းထွက်နေသည်။

တိုက်ခိုက်မှုက လျင်မြန်လွန်းလှသဖြင့် ဆရာသခင် တစ်ပိုင်းအဆင့်သူသည် သူ့အား ဘာက လာခုတ်သွားမှန်းတောင် မသိလိုက်ချေ။

သို့သော် ပွဲက ယခုမှ အစပင် ရှိသေးသည်။

ဓားကျိုးသည် ဝဲမှယာသို့ အလွန် လျင်မြန်သည့် နှုန်းဖြင့် ပျံသန်းနေကာ တစ်ယောက်ပြီး တစ်ယောက် ခေါင်းဖြတ် လေတော့သည်။ ခေါင်းများ ပြတ်သွားသည်နှင့် ခေါင်းပြတ် သွားသော ခန္ဓာကိုယ်များက ဆက်တိုက်ဆိုသလို မြေကြီးပေါ်သို့ လဲကျသွား လေတော့သည်။

ချွမ်ဝမ်ဒေသတစ်ခုလုံး ကမ္ဘာမြေပေါ်မှ ငရဲနှင့် တူနေလေတော့သည်။

….

ထိုအချိန်တွင် ….

ကွန်ရက်ပေါ်တွင် ကျန်ရှိနေသေးသော တိုက်ခိုက်ရေး သမားများက သတင်းကောင်းအား စောင့်မျှော်လို့ နေကြသည်။

တစ်မိနစ်….

ငါးမိနစ်…

ဆယ်မိနစ်…

သူတို့ နာရီဝက်ကြာအောင် ငြိမ်၍ စောင့်နေကြသည်။

"ဘာဖြစ်တာလဲ။ တိုက်ပွဲက မပြီးသေးဘူးလားဟ"

"ဆရာသခင် သုံးယောက်ရဲ့ ဦးဆောင်မှုအောက်မှာဆို ချွမ်ဝမ်ဒေသက အင်အားစုတွေ ယဲ့ဖန်ကို အသာလေး သတ်နိုင်နေပါပြီ။ ဒါပေမယ့် အခု နည်းနည်း ကြာမနေဘူးလား"

"ထူးဆန်းတယ်လို့ မထင်ကြဘူးလား။ ချွမ်ဝမ်ဒေသက အင်အားစုတွေ လိုင်းပေါ်မှ မရှိတော့တာ နည်းနည်းကြာနေပြီနော်။ ငါတို့ သူတို့နဲ့ ဆက်သွယ်လို့ မရတော့ဘူး"

တိုက်ခိုက်ရေးသမားတစ်ယောက်က ကွန်ရက်ပေါ်မှ ယခုလို အမေးစကား တင်တော့မှ တစ်ခုခု မှားနေမှန်း ကျန်လူများ သတိထားမိတော့သည်။

"ဘာ…ဘာတွေများ ဖြစ်နေတာလဲ"

ချက်ချင်းဆိုသလိုပင် ကွန်ရက်ပေါ်၌ မကောင်းသော နိမိတ်များ ဖုံးလွှမ်းလာ လေတော့သည်။

ချွမ်ဝမ်ဒေသနှင့် နီးသည့် နောက်ဆုံး တိုက်ခိုက်ရေးသမားက ချွမ်ဝမ်ဒေသက အခြေအနေကို စုံစမ်းရန် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။

စုံစမ်းပြီး သိပ်မကြာခင်မှာတင် ရှန့်ကျန်းမြို့၏ သိုင်းပညာ အသိုင်းအဝိုင်း ကွန်ရက်တွင် ပွက်လောရိုက်လာတော့သည်။

"ချွမ်ဝမ်ဒေသတစ်ဝိုက်က ဆရာသခင် သုံးယောက် အပါအဝင် တိုက်ခိုက်ရေးသမား အားလုံး ပျောက်နေတယ်"

ထိုသတင်းက ကွန်ရက်ပေါ်တွင် ဟာရီကိန်း မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားပြီး ထိတ်လန့် ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေသည်။

"ဒါ မဖြစ်နိုင်ဘူးနော်။ ဘယ်…ဘယ်လိုလုပ် တိုက်စစ်က ကျဆုံးရမှာလဲ"

"အံ့ဩစရာပဲ၊ ဆရာသခင် သုံးယောက်၊ ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက်နဲ့ ကျန်တဲ့ အင်အားစုက ဒီလောက်များတာ ဘယ်လိုလုပ် ကျရှုံးသွားတာလဲ"

"ဟုတ်တယ်၊ ဒီတိုက်ပွဲ ပုံစံက ကျန်းနန် စီရင်စုကို ရှင်းလင်းတုန်းကထက် ပိုပြီး သန်မာတဲ့ဟာကို။ ဘယ်လိုလုပ် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ ယဲ့ဖန်ကို သတ်မယ့် တိုက်ကွက်က မအောင်မြင်ရတာလဲ"

ကွန်ရက်ပေါ်မှ တိုက်ခိုက်ရေးသမားများ ဤသတင်းကို ဘယ်လိုမှ မယုံကြည်နိုင်ပါ။

သို့သော် ကွန်ရက်ပေါ်တွင် ရှိနေသေးသော တိုက်ခိုက်ရေးသမားများကြားတွင် သတင်းများက ဆက်၍ တတောင်တောင်နှင့် တက်နေသေးသည်။

"နောက်ဆုံးရ သတင်း … ယဲ့ဖန်က ချွမ်ဝမ်ဒေသကနေ ထွက်လာပြီးတော့ ရှာထျန်းဒေသကို ဦးတည်နေပြီ"

*ဘာ*

*သူမသေသေးဘူးလား*

တိုက်ခိုက်ရေးသမားတိုင်း တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသည်။ ယဲ့ဖန်က အသက်ရှင်နေသေးသည် ဆိုမှတော့ ချွမ်ဝမ်ဒေသက ဆရာသခင် သုံးယောက်နှင့် ကျန်အင်အားစုများ သေသွားသည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။

ကွန်ရက်တစ်ခုလုံး တိတ်လို့နေသည်။ မည်သူမျှ သတင်းအသစ် မတင်ရဲသလို ဘာ message မှလဲ မချန်ရဲကြတော့ချေ။

တိုက်ခိုက်ရေးသမားတိုင်း လှိုင်းထနေသလို ရင်ထဲ တော်တော်တုန်လှုပ်နေကြ၏။ သို့သော် ဤမျှလောက်နှင့် အဆုံးမသတ်သေး။

"နောက်ဆုံးရ သတင်း …. ရှာထျန်းဒေသက ဝေ့ကလန်သားတိုင်း လိုင်းပေါ်မှာ မရှိတော့ဘူး။ သွားစုံစမ်းကြည့်လိုက်တော့ ဝေ့ကလန် တစ်ခုလုံး သုတ်သင်ခံ လိုက်ရပြီးနေပြီ"

"လွန်ခဲ့တဲ့ ငါးမိနစ်လောက်တုန်းက ယဲ့ဖန်က ရှာထျန်းဒေသက အဓိက ကလန်တစ်ခုဖြစ်တဲ့ ကျားကလန်ကနေ ထွက်လာတယ်၊ ကျားကလန် တစ်ခုလုံး သုတ်သင်ခံလိုက်ရပြီ"

….

ကွန်ရက်တစ်ခုလုံး မကောင်းသတင်းများနှင့် ပြည့်နှက်နေသည်။

တိုက်ခိုက်ရေးသမားတိုင်း အံ့အားသင့်လာကြသည်။

အဓိကကလန်များ တစ်ခုပြီး တစ်ခု သုတ်သင်ခံလိုက်ရသလို အင်အားစုများကလည်း ဆက်တိုက် ပျောက်ဆုံးနေကြသည်။

ယဲ့ဖန်သည် ရှန့်ကျန်းမြို့၏ အိမ်မက်ဆိုး ဖြစ်လာလေသည်။

"မြတ်စွာဘုရား … နတ်ဆိုးဘုရင်ပါလား … ယဲ့ဖန်က နတ်ဆိုးဘုရင်ပဲ"

"ဒီနေ့က ရှန့်ကျန်း သိုင်းပညာ အသိုင်းအဝိုင်းရဲ့ ကျဆုံးချိန်ပဲ ထင်တယ်၊ ငါ လက်မခံနိုင်ဘူး၊ ငါ လက်မခံနိုင်ဘူးကွာ"

"ရှန့်ကျန်းမြို့ရဲ့ ကျော်ကြားချိန်က အခုမှ စရုံ ရှိသေးတယ် ကျဆုံးချိန်ကို ရောက်လာ ပြီလား။ အဲ့ငကြောင်ကောင်က ဘာကြီးလဲကွာ"

ကွန်ရက်ပေါ်၌ ကျန်ရှိနေသေးသော တိုက်ခိုက်ရေးသမားများ ဝမ်းနည်းနေကြသလို စိတ်ဓာတ်လည်း ကျနေကြသည်။

သူတို့ ငကြောက်လို့ ထင်နေကြသည့်သူက တကယ်တော့ ဆာလောင်နေသော ဝံပုလွေကဲ့သို့ ရှန့်ကျန်း သိုင်းပညာ အသိုင်းအဝိုင်းအား ဝါးမျိုမည့်သူ ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

သို့သော် ရုတ်တရက် သူတို့ ပီတိဖြစ်စရာ ကောင်းသော သတင်းကို ကြားလိုက်ရသည်။

"နောက်ဆုံးရ သတင်း … ရှန့်ကျန်းမြို့မှာ ကျန်နေသေးတဲ့ ဆရာသခင် ကိုးယောက်က ရှာထျန်းဒေသက တိုက်ခိုက်ရေးသမား အားလုံးကို ယဲ့ဖန်နဲ့ တိုက်ခိုက်ရမယ်လို့ မလုပ်မနေရ စည်းမျဉ်း ထုတ်လိုက်တယ်တဲ့"

*မလုပ်မနေရ အမိန့်*

ဤသတင်းကို ကြားသည်နှင့် ကွန်ရက်ပေါ်ရှိ တိုက်ခိုက်ရေးသမားများက သူတို့၏ စိတ်ဓာတ်ကျနေသော စိတ်တို့ကို အဝေးသို့ လွှင့်ပစ်လိုက်ကြတော့သည်။

"ဆရာသခင် ကိုးယောက်လုံးက ယဲ့ဖန်ကို သတ်ဖို့ ပူးပေါင်းလိုက်ကြပြီပဲ၊ ဟုတ်တယ်၊ ငါတို့ အသက်ရှင်မှာ၊ ရှန့်ကျန်းမြို့က သိုင်းပညာ အသိုင်းအဝိုင်းက ဆက်လက် တည်ရှိနေမှာပဲ"

"သွားကြစို့ … ရှာထျန်းဒေသကို အတူသွားကြရအောင် …  ငါတို့ ယဲ့ဖန်ကို သတ်မယ်လို့ ကျိန်ဆိုတယ်ကွာ"

"ယဲ့ဖန်ကို သတ်ဖြတ်မယ့် စုဝေးပွဲ … ဟဟ … ဒါ ယဲ့ဖန်ကို သတ်ဖြတ်မယ့် စုဝေးပွဲပဲဟ …. ဟဟ …. ရှန့်ကျန်းက တိုက်ခိုက်ရေး သမားတိုင်း အဲ့မှာ စုဝေးတော့မယ်၊ ယဲ့ဖန် သေကိုသေမှာပဲ"

ထိုအချိန်တွင် ကွန်ရက်ပေါ်မှ တိုက်ခိုက်ရေးသမားတိုင်း တက်ကြွလာကာ ရှာထျန်းမြို့သို့ ထွက်ခွာလာကြသည်။

နောက်ဆုံးသော တိုက်ပွဲက ရောက်လို့လာလေမှန်း လူတိုင်း သိလိုက်ကြသည်။

All Chapters