← Chapters

ဒါကြောင့် မင်း သေကို သေရမယ်

Vol. 14 Ch. 199

ဒါကြောင့် မင်း သေကို သေရမယ်

Vol. 14 Ch. 199

ဘန်း!

နောက်ထပ် ဆရာသခင်တစ်ယောက်၏ သံမဏိ လက်သီးက ယဲ့ဖန်၏ နောက်ကျောသို့ အင်နှင့်အားနှင့် ထိမှန်လာသည်။

သွေးအပြည့် တစ်လုပ် အန်လိုက်မိရင်း ယဲ့ဖန်၏ မျက်လုံးများမှ ဒေါသရိပ်တို့ ယှက်သန်း လာသည်။

"သေပေတော့"

ယဲ့ဖန်က ရုတ်တရက် နောက်လှည့်ကာ ဆရာ သခင် အဆင့် သိုင်းပညာရှင်၏ လက်မောင်း ကို တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သည်။

ထိုဆရာသခင်အဆင့် သိုင်းပညာရှင်က သူ့လက်များကြားမှ လွတ်အောင် ရုန်းကန် သော်လည်း မရပေ။

ထိုစဉ် ယဲ့ဖန်က သူ၏ သံမဏိ လက်ဖဝါးကို ထိုဆရာသခင်အဆင့် သိုင်းပညာရှင်၏ ရင်ဘတ်သို့ ထိုးစိုက် လိုက်သည်။

သွေးများက တလဟော စီးကျလာပြီး ဆရာသခင်အဆင့် သိုင်းပညာရှင်၏ ခန္ဓာကိုယ်က နေရာမှာတင် တောင့်တင်းသွားသည်။ ယဲ့ဖန်က ဤမျှ ရက်စက်သည့် နည်းဖြင့် ပြန်တိုက်လာမည်ဟု သူ ထင်မထားခဲ့မိပါ။

"ကောင်စုတ်လေး"

ဤမြင်ကွင်းကြောင့် ယွီပါ့နှင့် အခြားသူများ ပို၍ ဒေါသထွက်လာစေသည်။

သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် သူတို့ သေမတတ် ကြောက်လန့်သွားကြသည်။

ဘန်း! ဘန်း! ဘန်း!

အင်အားစုများ တစ်ချက်ပြီး တစ်ချက် ဆင့်ကာ ထိုးနေသော လက်သီးချက်များကို ယဲ့ဖန် ငြိမ်၍ ခံနေသည်။ ထို့အပြင် လက်သီးတစ်ချက် ထိုးခံရတိုင်း သူ သွေးအန်လာသည်။ ထို့နောက် ထိုတိုက်ကွက်များကို ဆက်၍ ခံနေရင်း သူက ဆရာသခင်အဆင့် သိုင်းပညာရှင်များ၏ နှလုံးသားကို သူ့လက်ဖဝါးဖြင့် ထိုးဖောက်လိုက်သည်။

တစ်ယောက်….

နှစ်ယောက်….

သုံးယောက်….

ယဲ့ဖန်သည်လည်း သွေးအန်နေသလို သူ့အား တိုက်ခိုက်နေသော ဆရာသခင်များ ကလည်း တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်။

ဒဏ်ရာအတွက် ဒဏ်ရာ၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း။

နောက်ထပ် ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့ဖန်က ယွီပါ့၏ လက်မောင်းကို ဆွဲဖြုတ်လိုက်သည်။

*ရူးနေပြီ*

*သူ လုံးဝရူးနေပြီ*

*သူက ပင်ပန်းတာတို့ နာကျင်တာတို့ကို မသိတဲ့ လူသတ်လက်နတ်ပဲ ဖြစ်ရမယ်*

*သူက လူသတ်ဖို့ပဲ တွေးနေတာပဲ*

တိုက်ပွဲအား ဘေးမှ ကြည့်နေသော တိုက်ခိုက်ရေးသမားများသည် ကြောက်လန့် စိတ်ကြောင့် သူတို့ ဘောင်းဘီထဲ သေးပေါက်ချမိကြသည်။

သူတို့သည် ယဲ့ဖန်က ဆရာသခင်တစ်ယောက်၏ ခေါင်းကို ဆွဲဖြုတ်ပြီး နောက်တစ်ယောက်၏ နှလုံးသားကို ဆွဲထုတ်လိုက်သည်ကို ရပ်ကြည့်နေမိကြသည်။

သူသည် သူ့အသက်ကို ရင်း၍ သူ့ရန်သူများအား သတ်ရန် ဆုံးဖြတ်ထားသည့် နတ်ဆိုးနှင့် ဆင်တူလှပေသည်။

"သေပေတော့"

ယဲ့ဖန်သည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြုံးဝါးလိုက်ပြီး အခြားသူတစ်ယောက်၏ သံမဏိလက်သီးချက်ကို ခံယူပြီးနောက် သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ နောက်ထပ် ဆရာသခင်အဆင့်တစ်ယောက် လည်ပင်း ကျိုးသွားလေတော့သည်။

ထိုစဉ် တိုက်ကွက်နှစ်ကွက်က ယဲ့ဖန်၏ ကျောသို့ ပြင်းထန်စွာ ကျရောက်လာသဖြင့် သူ့ကျောပြင်သည် ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားတော့သည်.

သို့သော် ယဲ့ဖန်က နာကျင်မှုကို မခံစားရသည့်အလား သူ့လက်ဖဝါးကို ဝှေ့ရမ်း နောက်ထပ် ဆရာသခင် အဆင့် နှစ်ယောက်၏ ခေါင်းကို ဖြတ်လိုက်သည်။

ဆရာသခင်အဆင့် ခြောက်ယောက် အသတ်ခံလိုက်ရလေပြီ။ နှစ်ယောက်က ခြေကျိုးလက်ကျိုး ဖြစ်နေသည်။ ဆရာသခင်အဆင့် တစ်ယောက်တည်းသာ မည်သည့် ဒဏ်ရာဒဏ်ချက်မှ မရသေးဘဲ ရှိနေသည်။

ယဲ့ဖန်က ဆရာသခင်အဆင့်များ၏ အလောင်းများကို တက်နင်းလာပြီး သူ၏ သံမဏိလက်သီးများတွင် ထိုဆရာသခင်အဆင့်များ၏ သွေးများ ပေကျံနေသည်။

သွေးများနှင့် ဖုံးလွှမ်းနေသဖြင့် သူသည် အနီရောင် နတ်ဆိုးကောင်နှင့် သဏ္ဌာန်တူ လှပေသည်။

"ငကြောင်… မင်းက … ငကြောင်ကောင်ပဲ"

ယဲ့ဖန်အား ရပ်ကြည့်နေသော နောက်ဆုံး ဆရာသခင်အဆင့် သိုင်းပညာရှင်က ကြောက်လန့်စိတ်ကြောင့် မျက်ရည် တစမ်းစမ်းနှင့် ဖြစ်နေသည်။

ယဲ့ဖန်က ဒဏ်ရာ အပြင်းအထန် ရနေတာတောင်မှ ဆရာသခင်အဆင့် ခြောက်ယောက်ကို သတ်နိုင်ပြီး နှစ်ယောက်အား ကျိုးကန်းသွားအောင် လုပ်နိုင်မည်ဟု သူ ထင်မထားခဲ့မိပါ။

သူ့လို ငကြောင်ကောင်သာ သူနှင့် ယှဉ်တိုက်နိုင်ပေမည်။

သူ ကြောက်လို့နေလေပြီ။ ထိုဆရာသခင်အဆင့်သည် နောက်ဆုံး၌ ယဲ့ဖန်အား ကြောက်လို့ လာသည်။

သူ အသက်ရှင်ချင်သေးသည်။ သေသွားသည့် ဆရာသခင်အဆင့် ခြောက်ယောက်ကဲ့သို့ သူ မသေချင်ပါ။

ထို့ကြောင့် သူ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ ထိုစဉ် တစ္ဆေတစ်ကောင်က ရုတ်တရက်ဆိုသလို သူ့နောက်ကျောဘက်မှ ပေါ်လာပြီး သူ့ပခုံးကို ဖမ်းလို့ထားလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် ကျယ်လောင်သော ဂျွတ်ခနဲ အသံနှင့်အတူ  ထိုဆရာသခင်အဆင့် သိုင်းပညာရှင်သည် ကိုယ်နှစ်ခြမ်း ကွဲသွားလေတော့သည်။

သူ၏ သွေးများက ကျန်ရှိနေသော ရှန့်ကျန်း တိုက်ခိုက်ရေးသမားများ၏ မျက်နှာသို့ စဉ်ကုန်သဖြင့် သူတို့အားလုံး ကြောက်လန့်ကာ တုန်ယင်လာသည်။

"သေကုန်ပြီ၊ သူတို့အားလုံး သေကုန်ပြီ"

ယွီပါ့ မှင်တက်လာသည်။ ဒဏ်ရာ အပြင်းအထန် ရထားသော လူတစ်ယောက်က မဆင်မခြင် ပြုမူနိုင်ပြီး သူ့အသက်ကို ရင်း၍ ဆရာသခင်အဆင့် များစွာကို သတ်နိုင်လိမ့်မည်ဟု သူ ဘယ်သောအခါကမှ ထင်မှတ်မထားမိပါ။

*သူက…လူ လုံးဝမဖြစ်နိုင်ဘူး*

ထိုစဉ် ခြေသံများနှင့်အတူ သွေးစွန်းနေသော လူတစ်ယောက်က ကျိုးကန်းနေသော ယွီပါ့နှင့် မာစတာယန်ထံသို့ လျှောက်လှမ်းလာသည်။

ယွီပါ့၏ ပေါင်တစ်ဘက်နှင့် မာစတာယန်တို့၏ လက်မောင်းတစ်ဘက်တို့က ဆွဲဖြုတ်ခံထားရသည်။

ထိုအချိန်တွင် ဆရာသခင်အဆင့် နှစ်ယောက်လုံး ငြိမ်ကုပ်နေကြသည်။ ဗလုံးဗထွေး အသံနှင့်အတူ မာစတာယန်က ယဲ့ဖန်ရှေ့ ချက်ချင်း ဒူးထောက်ကာ ပြောဆိုလိုက်သည်။

"မင်း … မင်း နိုင်ပါတယ်၊ ဒါတွေက ငါ့အမှားပါ၊ ငါ့ … ငါ့ကို မသတ်ပါနဲ့၊ မင်းသာ ငါ့ကို အသက်ရှင်ခွင့် ပေးမယ်ဆိုရင် ငါ ဘာမဆို လုပ်ပါ့မယ်"

ထိုသို့ပြောပြီး မာစတာယန်က တုန်တုန်ယင်ယင်နှင့် ယဲ့ဖန်ရှေ့၌ လေးဘက်ထောက်၍ ဝပ်တွားလိုက်သည်။ သူ့ကျောတွင်လည်း ချွေးများနှင့် ရွှဲနစ်နေသည်။

ဤမြင်ကွင်းကြောင့် ဘေး၌ ရှိနေသူများ လုံးဝ အံ့ဩမှင်တက်သွားကြသည်။

*ဆရာသခင်အဆင့်တစ်ယောက်က လူငယ်တစ်ယောက်ရှေ့မှာ ခွင့်လွှတ်ပေးဖို့ ဒူးထောက် တောင်းပန်နေတယ်*

*ဒါ လုံးဝ မထင်မှတ်ထားစရာပါလား*

"ခင်ဗျားကို အသက်ရှင်ခွင့် ပေးရမယ် ဟုတ်လား၊ ရတာပေါ့"

ယဲ့ဖန်က တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။ ယဲ့ဖန်၏ ကတိစကားကို ကြားသည်နှင့် မာစတာယန် ပျော်ရွှင်လာသည်။

ထိုစဉ် သူက ယဲ့ဖန်အား သနား ညှာတာမှုအတွက် ကျေးဇူးတင် စကား ပြောတော့မည့် အချိန်တွင် အေးစက်စက် အသံကို မာစတာယန် ထပ်၍ ကြားလိုက်ရသည်။

"ဒါပေမယ့် မင်းရဲ့ နောက်ဘဝမှပဲ ရမယ်"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် မာစတာယန် အလွန် အံ့ဩလာသဖြင့် သူ ဝိညာဉ် လွင့်မတတ် ဖြစ်သွားရသည်။ ထို့နောက် သူက ချက်ချင်း အဝေးသို့ ထွက်ပြေးရန် ပြင်လိုက်သည်။

ထိုစဉ် ခြေထောက်တစ်ဘက်က သူ့ခေါင်းအား ဆောင့်နင်းချလာ၏။

ရွှစ်!

သူ့ခေါင်းက လေထဲ လွင့်ထွက်သွားကာ သူ၏ ခေါင်းပြတ် ခန္ဓာကိုယ်က မြေကြီးပေါ် လဲကျသွားသည်။

တိုက်ပွဲပြင် တစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။

ဆရာသခင် ရှစ်ယောက် အသတ်ခံလိုက်ရလေပြီ။

….

ယွီပါ့ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာသည်။ ဤမျှ မာကြောသည့် ခန္ဓာကိုယ်မျိုး သူ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ယဲ့ဖန်က သူ့အား စိုက်ကြည့်နေသည်ကို သတိထားမိပြီး ယွီပါ့၏ မျက်နှာက ချက်ချင်း နီမြန်းလာကာ စောဒက တက်လာသည်။

"ယဲ့ဖန်၊ မင်း…မင်း ငါ့ကို သတ်လို့ မရနိုင်ဘူးနော်၊ ငါက မဟူရာ ကြက်ခြေခတ် အဖွဲ့သားကွ၊ မင်းသာ ငါ့ကို သွားခွင့်ပေးမယ်ဆိုရင် ငါ မဟူရာ ကြက်ခြေခတ် အဖွဲ့က အင်အားကြီးတဲ့သူတွေကို မင်းကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပေးလို့ ရတယ်၊ မဟုတ်လို့ကတော့ မင်း မိုးမြေအဆုံးထိ နောက်ယောင်ခံလိုက်တာကို ခံရလိမ့်မယ်"

ထိုအချိန်တွင် ယွီပါ့တစ်ယောက် ကြောက်လွန်းသဖြင့် မျက်ရည်တောင် ကျလုဆဲဆဲ ဖြစ်နေသည်။

သို့သော် ယွီပါ့၏ စောဒက တက်ခြင်းကို ကြားပြီသော်လည်း ယဲ့ဖန်က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"မဟူရာ ကြက်ခြေခတ် အဖွဲ့ ဟုတ်လား၊ အဲ့ဒါကြောင့် မင်း သေကို သေရမယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က သူ့လက်ဖဝါးဖြင့် ယွီပါ့၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားသည်။

ရွှစ်!

ယွီပါ့ မတ်တပ်ရပ်နေဆဲ ဖြစ်သော်လည်း သူ၏ သွေးများက မြေကြီးပေါ် ဖုံးလွှမ်းနေသည်။ သူ့မျက်လုံးတွင် အလွန်နောင်တရနေဟန်များ ကိန်းအောင်းနေ၏။

ယဲ့ဖန်သာ ရက်ရက်စက်စက် တိုက်ခိုက်မည်ဆိုတာကို သူ ကြိုသိခဲ့ပါက သူ ဘယ်သောအခါမှ သူ့အား စိန်ခေါ်မည် မဟုတ်ပါ။

ဘုန်း!

ယွီပါ့၏ အလောင်းက မြေကြီးပေါ် လဲကျသွားပြီးနောက် ဆရာသခင်အဆင့် ကိုးယောက်လုံး တိုက်ပွဲတွင်း သေဆုံးသွားကြောင်းကို ဖော်ပြလို့နေသည်။

လေထုထဲတွင် သွေးနံ့များ ပြည့်နှက်လို့နေ၏။ တိုက်ပွဲတွင်း အသက်ရှင် ကျန်ရစ်နေသေးသော ရာနှင့်ချီသည့် အင်အားစုများ တိတ်လို့နေသည်။

သွေးများ စွန်းထင်းနေသော သူအား နတ်ဆိုးသဖွယ် ကြည့်နေမိသည်။

ဆရာသခင်အဆင့် ဆယ့်သုံးယောက်လုံး တစ်ညတည်းမှာပဲ လူတစ်ယောက်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

မည်မျှ ကြမ်းတမ်း ရူးသွပ်လိုက်သည့် နတ်ဆိုးပါလိမ့်။

ချွင်!

ယွီပါ့၏ ထိန်းချုပ်မှု မရှိတော့သဖြင့် စိတ်ဝိညာဉ်ပစ္စည်းက ချက်ချင်း မြေကြီးပေါ် ပြုတ်ကျလာသည်။

"ပြေး"

အင်အားကြီးသူများထဲမှ တစ်ဦးတည်း အသက်ရှင်နေသေးသော သူက ကျယ်လောင်စွာ အော်ပြောလိုက်သဖြင့် ကျန်နေသေးသော အင်အားစုများ သူတို့ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးရန် ကြံစည်လိုက်ကြသည်။

*မြန်မြန်...မြန်မြန်...မြန်မြန်*

ကျန်ရှိနေသော အင်အားစုများက ပျာယာခတ်နေသော ငှက်များသဖွယ် နေရာအနှံ့သို့ ထွက်ပြေးကြလေတော့သည်။

ယဲ့ဖန်က ဤမျှ သန်မာနေမှသော သူတို့ထဲက တစ်ယောက်ကို သူ မသတ်ဘဲ ထားစရာ အကြောင်းမရှိဟု သူတို့ ယုံကြည်ထားမိသည်။

သို့သော် နောက်ထပ် ဖြစ်လာသည့် အဖြစ်အပျက်ကြောင့် သူတို့ စိတ်ဓာတ် ပျက်ပြားလာကြသည်။

လေတိုးသံများနှင့်အတူ တစ်ဟုန်ထိုး တိုးပွားလာသော အဖြူနှင့် အနက်ရောင် ချီဓာတ်များက ကျန်ရှိနေသော တိုက်ခိုက်ရေးသမားများထံသို့ လှစ်ခနဲ ပြေးဝင် သွားပြီး တစ်ယောက်ပြီး တစ်ယောက် ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကမ္ဘာပျက်သော နေ့ရက်က ဆက်လက် ဖြစ်ပွားနေပြီး ရာနှင့်ချီသော တိုက်ခိုက်ရေးသမားများ ပြာဖြစ်သွားကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ် သွားသည်။

ထိုအခါမှသာ ယဲ့ဖန်သည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လာပြီး သူ့မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်လာ၏။

ဆရာသခင်အဆင့်များက သူ့အား ပြင်းထန်စွာ ထိခိုက်အောင် မလုပ်နိုင်သော်လည်း ဧရာမ ပုဆိန်ကြီးကတော့ သူ့အား ဆိုးဆိုးရွားရွား ထိခိုက်အောင် ပြုလုပ်နိုင်သည်။

"ကျန်းနန်မြို့က ကျဆုံးသွားတဲ့ ဝိညာဉ်တွေ ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပါပြီ"

မှောင်မိုက်နေသော ညတာ၏ ကောင်းကင်အား မော့ကြည့်ပြီးနောက် ယဲ့ဖန်သည် ယွီပါ့၏ နဖူးအလယ်တည့်တည့်အား လက်ဖြင့် ခွဲ၍ သူ၏ မူလ သလင်းကျောက်ကို ထုတ်ယူလိုက်သည်။

All Chapters