အသက်မဲ့မြစ်အောက်ခြေမှ အင်မော်တယ်အမွေအနှစ်နယ်မြေ
Vol. 35 Ch. 479
“ဂျူနီယာမောင်လေးမို ဒဏ်ရာရလာတာလား” ဟန်ချင်းရုက မိုဝူကျီ ချောင်းဆိုးသံကို ကြား၍ မေးကြည့်လိုက်သည်။
မိုဝူကျီက ပြန်မဖြေခင် အဆက်မပြတ် ချောင်းဆိုးလိုက်ပြီး …
“ကျုပ် အဆင်ပြေပါတယ်။ အပ်အသေးလေးတွေနဲ့ လူရဲ့ လုပ်ကြံတာကို ခံလိုက်ရရုံပါ။ ဒီနေရာက ထွက်သွားပြီး အဲဒါကို ထုတ်လိုက်ရင် အဆင်ပြေသွားမှာပါ”
“ဟူး ... အစ်ကိုခို့ယွန်ကို ဆွဲသွင်းမိတာ ကျုပ်အမှားပါ” လော့ချွမ်းဟယ်က စိတ်ဓာတ်ကျနေပုံ ပေါ်သည်။
ကူယာ ပြန်ရောက်လာသည်ကို မြင်၍ မိုဝူကျီက လော့ချွမ်းဟယ် နောက်ကျောကို ပုတ်ကာ …
“အစ်ကိုခို့ယွန်အတွက် ကျုပ်တို့တွေ လက်စားချေပေးမှာပါ။ လောင်ချိုက် ဘယ်နေရာမှာ သွားပုန်းပုန်း ယုံရင် အစွန်းအဖျားနေရာမှာ ရှိနေဦးမှာပဲ။ ကျုပ်တို့တွေ ဒီနေရာမှာ ကြာကြာဆက်နေလို့ မကောင်းဘူး။ ချက်ချင်း ထွက်သွားရအောင်”
မိုဝူကျီက သူ့ဆီ ရှိနေသည့် အသက်ဓာတ် ဆွဲငင်ရိုက်ချက်မှာ အတော်လေး ပြင်းထန်ကြောင်း ခံစားမိသည်။ သူ့အသက်ဓာတ် လမ်းကြောင်းပင် ထိုအရာကို လုံးဝ ဖိနှိပ်မထားနိုင်ပေ။ ကျင်းရှန်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်သည့် တစ်ဦးတည်းသောသူမှာ သူဖြစ်၍ သူသာ မတိုက်ခိုက်နိုင်တော့လျှင် ဤနေရာ၌ ဆက်နေနေဖို့ရာ အလွန် အန္တရာယ်များပေသည်။
မိုဝူကျီ၏ ညွှန်ကြားချက်များကို ကြားပြီး ကူယာက သင်္ဘောပျံကို အလျင်အမြန် ထုတ်လိုက်သည်။ လူများ တက်ပြီးနောက် မကြာခင် သူတို့ ယင်ပြန့်မြို့မှ အဝေးတစ်နေရာသို့ ဦးတည်ကာ ပျံသန်းသွားတော့သည်။
***
လဝက်အကြာတွင် မိုဝူကျီက သေးနုပ်နုပ် အပ်တစ်ချောင်းကို ဆွဲထုတ်နိုင်ခဲ့သည်။ မျက်လုံးသပ်သပ်ဖြင့် မြင်နိုင်ဖို့ရာ အလွန် သေးငယ်လှပေသည်။ ထိုအပ်ချောင်း၏ အကျယ်မှာ ဆံချည်မျှင်၏ ဆယ်ပုံတစ်ပုံမျှသာ ရှိ၏။
ထိုအရာကို ဆွဲထုတ်နိုင်ဖို့ရာ လဝက်ကြာပြီးနောက်တွင် မိုဝူကျီက ထိုအရာမှာ အသက်ဓာတ် ဆွဲငင်ရိုက်ချက်ဟု ခေါ်သော အတော်ကောင်းသည့် မှော်ရတနာ ဖြစ်ကြောင်း သိလိုက်သည်။
သူ့ခန္ဓာကိုယ်မှ ဖယ်ရှားလိုက်သည်နှင့် မိုဝူကျီက ခန္ဓာကိုယ်မှ ဖိအားများအောက်မှ လွတ်မြောက်သွားသည့် အလား လန်းဆန်းသွားသလို ခံစားမိလိုက်သည်။
အတော်လေး အံ့ဩဖို့ ကောင်းပေသည်။ မိုဝူကျီက အသက်ဓာတ် ဆွဲငင် ရိုက်ချက် အပ်ချောင်းကို ကိုင်ထားရင်း တွေးမိလိုက်၏။ ထိုအရာကို ပြုလုပ်သည့်သူမှာ ထိပ်တန်းပန်းပဲပညာရှင် တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
သူက ပန်းပဲပညာရှင်အကြောင်း တွေးမိလိုက်သည်နှင့် ဆရာကြီးဖူကျိ အကြောင်း စိတ်ထဲ ရောက်လာသည်။ ချက်ချင်းဆိုသလို သူက စိတ်စွမ်းအား ထုတ်လွှင့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
“အစ်ကိုမို ပြန်ကောင်းသွားပြီလား” သင်္ဘောပျံမှာ ကူယာ အပိုင် ဖြစ်သောကြောင့် သူမက မိုဝူကျီ ထလာသည်နှင့် ချက်ချင်း ခံစားမိလိုက်သည်။
“အင်း ” မိုဝူကျီက ပြောရင်း အခန်းငယ်လေးထဲမှ ထွက်လာလိုက်၏။
“ဂိုဏ်းချုပ် ကျုပ်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ... တျန်းဂျီဂိုဏ်းကို ဝင်လိုက်တာက ကျုပ်ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက် ချနိုင်ခဲ့တာပဲ” မိုဝူကျီ ပေါ်လာသည်နှင့် ပေသီးက အလျင်အမြန် ကျေးဇူးစကား ဆိုလိုက်သည်။
ပေသီးမျက်နှာမှာ အနီရောင်သန်းနေပြီး သူ့ခန္ဓာကိုယ်ပတ်လည်မှ အင်မော်တယ် သဘာဝစွမ်းအားများ ရှိနေခြင်းမှာ သူ့ဒဏ်ရာများမှာ ပျောက်ကင်းသွားသည့် လက္ခဏာဖြစ်ကြောင်း သိသာသည်။
“ပေသီး မင်းလည်း ပြန်ကောင်းလာပြီလား” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။ ပေသီး ကျင့်ကြံဆင့် ဖျက်ဆီးခံလိုက်ရမှန်း သိထား၍ ပေသီးက သူ့ဝိညာဉ်လမ်းကြောင်းများ ပြန်ကောင်းမလာလျှင် သူ့ကဲ့သို့ ချီသွေးကြောများ သုံး၍ ကျင့်ကြံနိုင်မလားဟု တွေးနေမိသည်။
ပေသီးက ရှင်းပြလိုက်သည် …
“ကူယာက ကျုပ်ကို ကူညီပေးခဲ့တာပါ။ သူမက အင်မော်တယ် အမွေအနှစ်နေရာမှာ ကောင်းကင်လမ်းကြောင်း အသီးတွေ့လာလို့ ကျုပ်ကို ပေးထားတာ။ အဲဒါကြောင့် ကျုပ် ဝိညာဉ် လမ်းကြောင်းတွေကို ပြန်ပြင်လို့ ရသွားတာ”
မိုဝူကျီက ကူယာကို ကြည့်လိုက်ကာ ကျေးဇူးစကားတော့ မဆိုလိုက်ပေ။ သူမက သူ့ခံစားချက်ကို နားလည်လိမ့်မည်ဟု ယုံကြည်သည်။ ပေသီးက သူ့အသက်ကို စတေး၍ လော့ချွမ်းဟယ်တို့ကို ကယ်တင်ရန် သွားခဲ့သည့်အတွက် ကယ်တင်ဖို့ရာ ထိုက်တန်သော လူတစ်ယောက် ဖြစ်ပေသည်။ ကူယာက ကောင်းကင်လမ်းကြောင်း အသီးကို ထုတ်ပေးနိုင်၍ မိုဝူကျီက သူမကို မည်သို့ ကျေးဇူးမတင်ဘဲ နေမိမည်နည်း။
အားလုံးက ထိုကောင်းကင် လမ်းကြောင်းအသီးမှာ မည်မျှ အဖိုးတန်ကြောင်း သိကြသည်။ ကောင်းကင် လမ်းကြောင်းပန်းကဲ့သို့ အဆင့်မဲ့ ဝိညာဉ်ပစ္စည်း ဖြစ်ပေသည်။ ထိုသို့မျိုး ဝိညာဉ်ပစ္စည်းက အင်မော်တယ် ပစ္စည်းများထက် ပိုအဆင့်ကျော်လွန်ပေ၏။ အင်မော်တယ်နှင့် သေမျိုးများ နှစ်မျိုးလုံးအတွက် အဆင့်မဲ့ ရတနာများမှာ အကျိုးသက်ရောက်မှု တူညီလေသည်။
ထို့အပြင် ကောင်းကင်လမ်းကြောင်း အသီးမှ ကောင်းကင်လမ်းကြောင်း ပန်းမှ ရရှိလာခြင်း ဖြစ်ပြီး ကျင့်ကြံခြင်းနယ်မြေတွင် ရရှိဖို့ရာ အင်မတန် ခက်ခဲလှပေသည်။ ထိုအရာမှာ ဝိညာဉ်လမ်းကြောင်းများ ပြန်လည် တည်ဆောက်ဖို့ရာ အကောင်းဆုံး ဆေးပင် ဖြစ်ပေ၏။ သို့သော်လည်း ကောင်းကင် လမ်းကြောင်းပန်း တစ်ရာမှ ကောင်းကင်လမ်းကြောင်း အသီးတစ်လုံးကိုပင် မရရှိနိုင်သောကြောင့် ကောင်းကင်လမ်းကြောင်း အသီးမှာ ထိပ်တန်းရတနာ ဖြစ်နေခြင်း ဖြစ်၏။
ကောင်းကင် လမ်းကြောင်း အသီးအတွက် တစ်ခုတည်းသော အသုံးမှာ ဝိညာဉ်လမ်းကြောင်း ပြုပြင်ခြင်း ဖြစ်သည်။ ဝိညာဉ်လမ်းကြောင်းများ မည်မျှထိ ပျက်စီးနေစေကာမူ သူတို့က ဗလာနတ္ထိ မပျက်စီးသေးသရွေ့ ကောင်းကင်လမ်းကြောင်း အသီးမှာ အရာအားလုံးကို ပြန်လည် ပြုပြင်နိုင်ပေသည်။
“အစ်ကိုမို ... ကျမတို့ ဒီလမ်းကြောင်းအတိုင်း ဆက်သွားရင် ကျမ တွေ့ထားတဲ့ ဂူကို တွေ့လိမ့်မယ်။ အဲဒီနေရာမှာ အချိန်တစ်ခုအထိ ကျင့်ကြံနိုင်အောင် အားလုံးကို ခေါ်သွားပေးမယ်။ ကျမတို့ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးမှ ဘာလုပ်ရမလဲဆိုတာ ဆက်ဆုံးဖြတ်ကြတာပေါ့” ကူယာက အစီအစဉ်ကို ပြောပြလိုက်သည်။
မိုဝူကျီက ကူယာ ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ သူ့တွင် အင်မော်တယ်ဝင်ရိုး ကျောက်တုံးများစွာ ရှိနေရာ အားလုံးကို အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနိုင်ဖို့ ခွဲဝေပေးခြင်းမှာ ပုံမှန် ဖြစ်၏။ ထိုအကြံပြုချက်မှာ သူ့ပါးစပ်မှ ထွက်လာသင့်သော်လည်း ကူယာက ဝင်ပြောပေးလိုက်ခြင်း ဖြစ်ရာ သူတို့အားလုံး အရင်ကထက် ပို၍ ရင်းနှီးလာပြီ ဖြစ်ကြောင်း သိသာလှသည်။ မိုဝူကျီ၏ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို အသုံးပြု၍ ကိုယ်ပိုင် အင်မော်တယ် ဝင်ရိုးဖွဲ့စည်းဖို့ ကိစ္စကို မည်သူကမျှ အားမနာတော့သည့် အနေအထားအထိ ဖြစ်သည်။
ကူယာက ဉာဏ်ရည် မြင့်မားရုံသာမက ပေါင်းသင်း ဆက်ဆံရေးလည်း ကောင်းလေသည်။
“ဟုတ်ပြီ။ အင်မော်တယ် အမွေအနှစ်နေရာ ရောက်ပြီးတော့မှ ဆက်ဆွေးနွေးတာပေါ့။ ဒါက ကျင်းရှန်းအဆင့် ကျင့်ကြံသူ ကျုပ်ကို လုပ်ကြံခဲ့တဲ့ အသက်ဆွဲငင် ရိုက်ချက် မှော်ရတနာပဲ။
အတော်လေး အံ့အားသင့်ဖို့ ကောင်းတယ်။ အဲဒါက အသက်ဓာတ်ကို စုပ်ယူပြီးတော့ အင်မော်တယ် သဘာဝစွမ်းအားနဲ့ စိတ်စွမ်းအားကို ဖိနှိပ်ထားနိုင်တယ်။ ဒီလို မှော်ရတနာမျိုးကို သုံးရတာ ကျုပ်အတွက် အဆင်ပြေဘူး မင်းသိမ်းထားလို့ ရတယ်”
မိုဝူကျီ သဘောကျသည့် ပုံစံမျိုးမှာ ပြင်းထန်သည့်အရာမျိုး ဖြစ်ကာ ဤသို့ သေးနုပ်နုပ် အပ်မျိုးက သူ့ပုံစံ မဟုတ်ချေ။
“အစ်ကိုမိုကို ကျေးဇူးတင်ပါတယ်” ကူယာက မငြင်းပယ်ပဲ အသက်ဆွဲငင် ရိုက်ချက်ကို ကျေးဇူးတင်စွာ လက်ခံလိုက်သည်။
“ဒါက မြစ်ကြီး မဟုတ်ဘူးလား” မိုဝူကျီက သူ့ရှေ့တွင် ရှိနေသော အဆုံးတမဲ့ ကျယ်ပြောလှသော မြစ်ကို မြင်၍ တအံ့တဩ မေးလိုက်သည်။ အင်မော်တယ် အမွေအနှစ်နေရာက ဤနေရာအတွင်း၌ ရှိနေသည်လား။
ကူယာက လက်သီးဆုပ်လောက် ရှိသည့် ပုလဲကို ထုတ်ကာ ရှင်းပြလိုက်သည်
“ကျမတွေ့ခဲ့တဲ့ အင်မော်တယ်အမွေအနှစ် နယ်မြေက မြစ်အောက်ခြေမှာလေ။ ပေသီးနဲ့ ကျမ ဒီယုံရင်အစွန်းအဖျားကို ရောက်လာတော့ တစ်ခုခုက ကျမကို ခေါ်နေသလိုမျိုး ခံစားခဲ့ရတာ။
အဲဒီခေါ်သံကြောင့် ကျမရဲ့အမွေတွေကို ရှာဖို့ ပေသီးနဲ့ လမ်းခွဲပြီးတော့ ဒီကို ရောက်လာတာ။ မြစ်ကမ်းပါးဘေးမှာ ရေလွှင့်ပျယ်ပုလဲလည်း ရခဲ့တာဆိုတော့ ဒီအင်မော်တယ် အမွေအနှစ်နယ်မြေကို တွေ့ခဲ့တာပါပဲ”
ရေလွှင့်ပျယ် ပုလဲ ... မိုဝူကျီလည်း တစ်ခါ ရရှိဖူးသော်လည်း ကူယာ၏ ပုလဲလောက်တော့ မကြီးမားပေ။ ထိုအရာ၏ ဝိညာဉ်စွမ်းအားမှာလည်း ကူယာ၏ ပုလဲလောက် မမြင့်မားပေ။
“ကူယာ ... မင်းရှေ့က ဦးဆောင်သွားလိုက် ငါတို့တွေ အထဲတစ်ချက် ကြည့်ကြည့်တာပေါ့” မိုဝူကျီက တုံ့ဆိုင်းနေခြင်းမရှိ ပြောလိုက်သည်။
ရေလွှင့်ပျယ်ပုလဲကို ထုတ်ပြီးနောက် ကူယာက သင်္ဘောပျံ ထိပ်ပိုင်းမှ ရပ်ကာ ရေအောက်ထဲ ခေါ်သွားလိုက်သည်။ မြစ်ထဲ၌ အမည်မသိ အင်အားတစ်ခု ထွက်ပေါ်လာသည့်အလား ရေများမှာ ဘေးရောက်သွားပြီး လမ်းကြောင်း ပေါ်လာသည်။ မြစ်အနက်ပိုင်း ရောက်သည့်တိုင် သင်္ဘောပျံပေါ်သို့ ရေတစ်စက်ပင် မတင်ပေ။
“ဒီမြစ်က အသက်မဲ့မြစ်လေ။ ကျမ ရထားတဲ့ ကျောက်စိမ်းပေလွှာထဲ ပြောထားတာတော့ ဒီမြစ်က အင်မော်တယ်လောကနဲ့ ချိတ်ဆက်နေတာတဲ့။ ဒါပေမဲ့ ကျမ အချိန်အတော်ကြာ ရှာကြည့်တာတောင် အခုထိ လမ်းကြောင်း မရှာနိုင်သေးဘူး။ ကျမတို့တွေ အင်မော်တယ်ဖွေရှာ လှေကားကိုပဲ သုံးရမှာလား မသိတော့ပါဘူး” ကူယာက သင်္ဘောပျံထိပ်ဖျားပိုင်းမှ နေရင်း ရှင်းပြလိုက်သည်။
မိုဝူကျီက ထိုမျှနက်ရှိုင်းသည့် မြစ်ကို တစ်ခါမျှ မမြင်ဖူးပေ။ သူတို့လက်ရှိ အမြန်နှုန်းဖြင့် မြစ်အောက်ခြေသို့ နှစ်နာရီကြာပြီးသည့်အထိ မရောက်ရှိသေးပေ။
နေ့တစ်ဝက် အကြာတွင် ကူယာ၏ သင်္ဘောပျံ ဖြတ်သန်းလာမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများက ရပ်တန့်သွားတော့သည်။
“ကျမတို့ရောက်ပြီ။ ဒါက ကျမ အမွေအနှစ်ရခဲ့တဲ့ နေရာပါ” ကူယာက အရင်ဦးဆုံး ဆင်းရင်း ပြောလိုက်သည်။
အားလုံးက သူမနောက်မှ လိုက်သွားကြပြီး သူတို့ရှေ့မှ မြင်ကွင်းကို တအံ့တဩ ဖြစ်သွားကြသည်။
ထိုနေရာကို အင်မော်တယ် အမွေအနှစ် နယ်မြေအစား ရွှေရောင်နယ်မြေဟုပင် ခေါ်ဆိုသင့်ပေသည်။ ထိုနေရာအဝင်ပေါက်မှ တံခါးများပင် ရွှေရောင်ဝင်းလက်နေပြီး အပြင်ဘက် နံရံသားများလည်း အတူတူ ဖြစ်ပေရာ နေရာတစ်ခုလုံးမှ မြင့်မြတ်သည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။
“ကျမ ဒီအင်မော်တယ် အမွေအနှစ်နေရာကနေ အမွေလက်ခံ ရပြီးတဲ့နောက် ဒီနေရာကို ကူမျိုးနွယ်စုရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တယ် ဆိုတာ သိလိုက်ရတယ်။ ကူမျိုးနွယ်ရဲ့ သွေးစီးဆင်းနေတဲ့ လူတွေကိုပဲ ဒီနေရာကို ဝင်ခွင့်ပြုတာ။ ကူမျိုးနွယ်စုမှာ အချိန်အတော်ကြာတဲ့အထိ မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ မပေါ်ထွက်ခဲ့ဘူး။
ကျမ ယုံရင် အစွန်းအဖျားနေရာကို ရောက်လာနိုင်တဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ဂိုဏ်းချုပ်ရဲ့ ကြိုးစား အားထုတ်မှုတွေကြောင့်ပဲ ... မဟုတ်ရင် ကျမ ဒီအမွေအနှစ်တွေကို ရရှိနိုင်မှာ မဟုတ်ဘူး ”
ကူယာအသံတွင် ကျေးဇူးတင်မှုများ ပါဝင်နေပြီး မိုဝူကျီကို “ဂိုဏ်းချုပ်” ဟု ပထမဆုံးအကြိမ် ခေါ်ဆိုခြင်း ဖြစ်ပေသည်။
ကူယာက ပြောလိုက်ရင်း အားလုံးကို အင်မော်တယ် အမွေအနှစ်နေရာသို့ ခေါ်လာလိုက်သည်။ မီတာအတော် ကျယ်ဝန်းသော ခန်းမကျယ်ကြီးက ရွှေရောင်တံခါးများ နောက်တွင် စောင့်ကြိုနေသည်။ ရွှေရောင်တိုင်လုံးများ၌ အင်မော်တယ်သားရဲ အမျိုးမျိုးပုံကို ထွင်းထုထားပြီး ခန်းမတစ်ခုလုံး၌ ဝိညာဉ်စွမ်းအားများ သိပ်သည်းနေသည့် ခံစားချက်ကို ပေးစွမ်း၏။
မိုဝူကျီက ဤနေရာမှာ ကူမျိုးနွယ်စု၏ အမွေအနှစ်နေရာ ဖြစ်ကြောင်း ကြားပြီးနောက် ဘာကိုမျှ ထိရန်မကြံတော့ပေ။။
“အားလုံးက ကိုယ့်အင်မော်တယ် ဝင်ရိုးကို ဖွဲ့စည်းဖို့ နေရာရွေးထားလိုက်ကြ ...
ကျုပ်တို့တွေ ဒီဟာ ပြီးတာနဲ အင်မော်တယ်လောကကို သွားကြမယ်။ ဒီယုံရင်အစွန်းအဖျား နေရာမှာ နေတာက အန္တရာယ်ကင်းတယ် ဆိုပေမဲ့ ကျုပ်တို့ စွမ်းအားကျ ဆက်တိုးတက် မလာနိုင်ဘူး”
သူ့စကားအဆုံးတွင် မိုဝူကျီက လက်စွပ်တချို့ ထုတ်ယူလိုက်သည် …
“လက်စွပ်တစ်ခုချင်းစီမှာ အင်မော်တယ်ဝင်ရိုး ကျောက်တုံး နှစ်သန်းဆီ ပါတယ်။ ပြီးတော့ အဆင့်မြင့်အင်မော်တယ် ကျောက်တွေနဲ့အတူ အင်မော်တယ် ပစ္စည်းတချို့လည်း ထည့်ပေးထားတယ်။ အားလုံး မွမ်းမံပြီးရင် အဲဒါကိုယ့်အပိုင် ဖြစ်သွားပြီ”
လော့ချွမ်းဟယ်က ရုတ်ခြည်း ဝင်ပြောလိုက်သည် … “ညီလေးမို ကျုပ် အင်မော်တယ် ကူးသန်းရေး သင်္ဘောကို မထိန်းသိမ်းထားနိုင်ခဲ့ဘူး”
“အဲဒီကိစ္စက နောက်မှ ပြောတာပေါ့။ အရင်ဆုံး အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့က အရေးကြီးတယ်” မိုဝူကျီက ပြောလိုက်သည်။ သူ့တွင် မေးခွန်းများစွာ ရှိနေသော်လည်း ဤအချိန်က မေးမြန်းရန် အကောင်းဆုံးအချိန် မဟုတ်မှန်း သိပေသည်။ အခြားသူများက ကိုယ်ပိုင် မေးခွန်းများ မရှိသလောက် ဖြစ်၏။ ထို့ကြောင့် သူတို့အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့က ထိပ်ဆုံးဦးစားပေး ကိစ္စရပ် ဖြစ်သည်။ ကျန်အရာအားလုံးမှာ စောင့်ဆိုင်းနိုင်လေ၏။
***