← Chapters

အတော်လေး အံ့အားသင့်ဖို့ ကောင်းတယ်

Vol. 35 Ch. 480

အတော်လေး အံ့အားသင့်ဖို့ ကောင်းတယ်

Vol. 35 Ch. 480

မိုဝူကျီ တစ်ယောက်မှ လွဲ၍  အားလုံးက အင်မော်တယ်ဝင်ရိုးများ ဖွဲ့စည်းရာ၌ အာရုံစိုက်ထားကြသည်။ ဟန်ချင်းရုက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းပြီးပြီဖြစ်၍ သူမက ဝယ်ယူထားသည့် သစ်သားသဘာဝ အမျိုးအစား နည်းစနစ်တစ်မျိုးကို လေ့လာနေသည်။

ကူယာက ရေလွှင့်ပျယ် ပုလဲကို မိုဝူကျီဆီ ပေးလိုက်သည်။ ထိုမှသာ မိုဝူကျီက အင်မော်တယ် အမွေအနှစ်နယ်မြေကို စစ်ဆေးကြည့်နိုင်မည် ဖြစ်၏။ ဤအင်မော်တယ် အမွေအနှစ်နယ်မြေ၌  ဖွင့်၍ မရသော အခန်းတချို့ ပါဝင်ပေသည်။ သို့သော် ဤနေရာမှာ ကူယာ၏ ဘိုးဘေးပိုင် ချန်ထားရစ်ခဲ့သည့် အတွက် မိုဝူကျီက စပ်စုကြည့်မည် မဟုတ်ပေ။

ရက်အနည်းငယ် အကြာတွင် မိုဝူကျီက ကျောက်စိမ်းပေလွှာတစ်ခု ချန်ထားခဲ့ကာ အင်မော်တယ် အမွေအနှစ်နယ်မြေမှ ထွက်သွားလိုက်သည်။ အကယ်၍ အသက်မဲ့မြစ်အတွင်း အင်မော်တယ်လောကနှင့် ချိတ်ဆက်ထားသည့် လမ်းကြောင်း ရှိနေလျှင် ဤအင်မော်တယ် အမွေအနှစ်နယ်မြေနှင့် ပတ်သက်နေမည် မဟုတ်ကြောင်း သေချာသည်။ ထို့ကြောင့် သူက အသက်မဲ့မြစ်အတွင်း ထိုလမ်းကြောင်းကို ရှာဖွေရန် ပြင်ဆင်လိုက်၏။

အသက်မဲ့မြစ်အတွင်း တိတ်ဆိတ်မှု ကြီးစိုးနေရာ   မိုဝူကျီက အသက်မဲ့မြစ်အတွင်း သက်ရှိများ ဖြစ်သည့် ငါးတစ်ကောင်၊ ပုစွန်တစ်ကောင်ကိုပင်  စိုးစဉ်းမျှ အာရုံမခံမိပေ။ အသက်မဲ့မြစ်ထဲ၌   တိတ်ဆိတ်မှု တစ်ခုတည်းသာ ရှိနေသည်။

မိုဝူကျီက အင်မော်တယ် လမ်းကြောင်းကို ရှာဖို့ရာသာ အာရုံစိုက်ထားသည့် အတွက်  သက်ရှိ အရိပ်အယောင်များ ရှိ၊ မရှိကို ဂရုမစိုက်ပေ။

အစပိုင်းတွင် မိုဝူကျီက အင်မော်တယ် အမွေအနှစ်နယ်မြေ အနီးအနား ရှာကြည့်နေဆဲ ဖြစ်သော်လည်း တစ်လအကြာတွင် မိုဝူကျီက အင်မော်တယ် အမွေအနှစ်နယ်မြေနှင့် တဖြည်းဖြည်း ဝေးကွာလာတော့သည်။

***

ယုံရင်အစွန်းအဖျား နယ်မြေ

အင်မော်တယ် လောကအတွင်း နယ်မြေ ခုနှစ်ခု ကြားတွင် ယုံရင်အင်မော်တယ် နယ်မြေမှာ အဆင့်နိမ့်ဆုံး ဖြစ်ပြီး အားအနည်းဆုံးလည်း ဖြစ်ပေသည်။

ရေသဘာဝ ယင်အင်မော်တယ်မြို့ …

ယုံရင်အင်မော်တယ် နယ်မြေအတွင်း သာမန် ကျင့်ကြံသူမြို့ တစ်မြို့သာ ဖြစ်၏။ အခြားသော အင်မော်တယ် နယ်မြေများမှ အင်မော်တယ်မြို့များနှင့် နှိုင်းယှဉ်ကြည့်စရာ မလိုပေ။ ယုံရင်အင်မော်တယ် နယ်မြေအတွင်း၌ပင် ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ သာမန်ထက် နိမ့်ကျပေသည်။ အဆင့်အားဖြင့် ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ အဆင့်နိမ့် အင်မော်တယ်မြို့တစ်ခုသာ ဖြစ်ပေ၏။

ထိုစဉ် ရေသဘာဝ ယင်အင်မော်တယ်မြို့၏ မြို့စားအိမ်တော်အတွင်း သစ်သား ကုလားထိုင်ပေါ် မလှုပ်မရှား ထိုင်နေသည့်  ပညာရှင်ဆန်ဆန် ဝတ်ဆင်ထားသော  လူလတ်အရွယ် အမျိုးသားက   မျက်မှောင်ကြုတ်လိုက်သည်။

မျက်နှာသွင်ပြင် ချောမောလှပသော အမျိုးသမီးတစ်ဦးက အခန်းထဲဝင်လာပြီး  သူမက ထိုအမျိုးသားဘေးသို့ သွားကာ တီးတိုးပြောလိုက်သည်  “ဝမ်ဟို့ ...  တကယ် မဖြစ်နိုင်တော့ရင် ကျမတို ရေသဘာဝ ယင်အင်မော်တယ်မြို့က ဒီအခွင့်အရေးကို လက်လျှော့သင့်တယ် ထင်တယ်”

လူလတ်အမျိုးသားမှာ ရေသဘာဝ ယင်အင်မော်တယ်မြို့မှ မြို့စား ဝမ်ဟို့ ဖြစ်ပေသည်။ ဝမ်ဟို့ နာမည်မှာ အတော်လေး ထူးခြားပေရာ သူ့နာမည်မှာ ဝမ်ဟို့ ဖြစ်ရုံသာမက  သူ့ရာထူးမှာလည်း ဝမ်ဟို့ ဖြစ်ပေသည်။

(ဟို့ - မြို့စား အဓိပ္ပါယ်ရပြီးတော့  ဝမ်ဟို့က မြို့စားဝမ် ဆိုတဲ့ အဓိပ္ပါယ်ရပါတယ် )

ဝမ်ဟို့က အတွေးနှစ်မြောနေရာမှ သတိပြန်ဝင်လာကာ မိန်းမလှလေးလက်ကို ဆုပ်ကိုင်ထားပြီး သက်ပြင်းချရင်း  ညင်ညင်သာသာ ပြောလိုက်သည်

“ချမ်လင် ... ကိုယ်လည်း လက်လျှော့ဖို့ တွေးမိပါတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် ကိုယ်တို့ ရေသဘာဝ ယင်အင်မော်တယ်မြို့က နောက်ထပ် အဆင့်မြင့် အင်မော်တယ်မြို့ ဖြစ်လာဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။

ဒီတစ်ကြိမ် ကောင်းကင်ဧကရာဇ် ကိုယ်တိုင် အင်မော်တယ် တောင်ကြားကို ဖွင့်မှာဆိုတော့  ကိုယ်တို့ ရေသဘာဝ ယင်အင်မော်တယ်မြို့ရဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်လိမ့်မယ်။ အဲဒါမို့လို့  ကိုယ်တို့မြို့က ဒီဆေးပညာ ပြိုင်ပွဲမှာ   ပါကို ပါရမယ်။ ပြီးတော့ အခွင့်အရေးရအောင် ထိပ်ဆုံး အယောက် ၅၀ထဲပါမှဖြစ်မယ်”

သူ့ဘေးမှ မိန်းမလှလေးက သက်ပြင်းချရင်း တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ သူမ၏ ခင်ပွန်း ပြောစကားမှာ မှန်ကန်ကြောင်း သိပေ၏။ အကယ်၍ ရေသဘာဝ ယင်အင်မော်တယ်မြို့က အခွင့်အရေး မရရှိခဲ့လျှင် အဆင့်နိမ့် အင်မော်တယ်မြို့အဖြစ်တင် မကဘဲ လက်အောက်ခံ အင်မော်တယ်မြို့လေးအဖြစ် လျှော့ချခံရလိမ့်မည်။ တကယ်လို့  လက်အောက်ခံ အင်မော်တယ်မြို့လေး ဖြစ်သွားပါက  မြို့စားဖြစ်သည့် သူ့အနေအထားမှာ အာဏာမရှိ ဖြစ်သွားပြီး သူတို့ကျင့်ကြံဆင့် ဆက်တိုးမြင့်နိုင်ရန် အလွန်ခက်ခဲသွားလိမ့်မည်။

“သခင်ကြီး ... ဆေးလုံးဘုရင်တန် ပြန်ရောက်လာပါပြီ” သံချပ်ကာ ဝတ်ထားသည့် တပ်သားက အိမ်တော် အပေါက်ဝသို့ ရောက်လာကာ လျှောက်တင်လိုက်သည်။ သူက ဦးညွှတ်ကာ   အကြောင်းကြားပြီးနောက် ချက်ချင်း ဘေးကို ဖယ်ပေးလိုက်သည်။

စိတ်ပျက်အားငယ်နေသည့် ဝမ်ဟို့က ထိုစကားကို ကြားသည့်အခါ ချက်ချင်း ထရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်  “မြန်မြန် အထဲကို ဖိတ်ကြားလိုက်”

“အစ်ကိုဝမ်  ... ကျုပ်ရဲ့ကိုယ်ပိုင် ကိစ္စလေးတွေကြောင့် ကျုပ်တန်လျန့်က နောက်ကျသွားလို့ အစ်ကိုဝမ်ကို စောင့်ခိုင်းမိသလို ဖြစ်နေပါပြီ” ပိန်ပါးပါး အမျိုသားတစ်ယောက်က အိမ်တော်အဝင်ဝသို့ ရောက်ရှိလာသည်။

ဝမ်ဟို့က အားရပါးရ ရယ်မောလိုက်ရင်း နေရာမှထလာကာ ရှေ့တစ်လှမ်းတိုးပြီး တန်လျန်း၏ လက်ကို ဆွဲကာ ပြောလိုက်သည် …

“ညီလေးတန် ... ကျုပ် ဝမ်ဟို့က ဒီအပြုအမူကို စိတ်ထဲမှာ မှတ်ထားပြီးတော့ ညီလေးတန်ရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး”

ဘေးတွင် ထိုင်နေသည့် အမျိုးသမီးလည်း မြန်မြန် ထလာကာ တန်လျန်းကို နှုတ်ဆက်လိုက်သည်။

အပြန်ပြန် အလှန်လှန် နှုတ်ဆက်ပြီးနောက် တန်လျန့်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်

“အစ်ကိုဝမ်  ... ဒီလာမဲ့ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေက  ဆံချည်မျှင်လိုပဲ  တော်တော်များတယ်။ အင်မော်တယ်မြို အကြီးကြီးတွေကလည်း ထိပ်တန်း ဆေးလုံးဘုရင်တွေ လွတ်ပြီးတော့  ယှဉ်ပြိုင်ခိုင်းကြတာ။

ကျုပ်က အဆင့် ၄ ဆေးလုံးဘုရင်အဆင့်ပဲ ရှိသေးတာဆိုတော့  ကျုပ်အရည်အချင်းတွေ ပြည့်မီပါ့မလား ဒါမှမဟုတ် အစ်ကိုဝမ်ရဲ့အစီအစဉ်တွေ ဖျက်ဆီးမိသလို ဖြစ်မှာကို စိုးရိမ်မိတယ်”

ဝမ်ဟို့က သက်ပြင်းချလိုက်ရင်း …

“ညီလေးတန် ပြောနေတာကို ကျုပ် ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ကျုပ်လည်း တခြားရွေးစရာ မရှိတော့ဘူး။ ကျုပ်သိတဲ့ လူတွေထဲ ညီလေးတန်က  ဆေးပညာနဲ့ ပတ်သက်လာရင် အတော်ဆုံးပဲ။ တကယ်လို့ ညီလေးတန်က ကျုပ်ကို မကူညီနိုင်ဘူးဆိုရင်  ကျုပ်က အဲဒီကံကောင်းမှုကို ရဖို့ လုံးဝကို မဖြစ်နိုင်တော့တာပဲ”

တန်လျန့်က ခေါင်းညိတ်ကာ ဝမ်ဟို့ စကားနောက်မှ အဓိပ္ပာယ်ကို သိပေ၏။  သူက ဝမ်ဟို့ဆီ သူတို့ကြားမှ ဆက်ဆံရေးကို ထောက်ထားပြီး ကူညီပေးရန် ရောက်ရှိလာခြင်း ဖြစ်ပေသည်။ လက်တွေ့တွင် အဆင့်၄ ဆေးလုံးဘုရင် အဆင့်ဖြင့် သူက မည်သည့် အင်မော်တယ်မြို့သို့ သွားသွား ဂုဏ်ထူးဆောင် ဧည့်သည် ဖြစ်ပေလိမ့်မည်။

“အစ်ကိုဝမ်  ... ဆေးပညာပြိုင်ပွဲမှာ ကျုပ်တို့က ဆေးလုံးတစ်ခုတည်းပြိုင်မှာ မဟုတ်ဘဲ ဆေးဝါးအကြောင်းရော ပါတယ်။ အဲလိုဆိုတော့ ကျုပ်အတွက် လုပ်ကိုင်ရည် ကောင်းတဲ့  ဆေးအကူ နှစ်ယောက်လိုတယ်။ မဟုတ်ရင် ကျုပ် အောင်နိုင်ချေက နည်းပါးသွားလိမ့်မယ်” တန်လျန့်က တည့်တိုးသာ ပြောလိုက်သည်။   ဝမ်ဟို့နှင့် သူက နှစ်ပေါင်း  ရာကျော် ခင်မင်လာကြသည် ဖြစ်ရာ သူတို့ကြား၌ ကွေ့ဝှက်ပြောနေစရာ မလိုပေ။

တန်လျန့်က အားနာမနေတော့ပေ။ အစပိုင်းကတည်းမှ သူက ဝမ်ဟို့ကို ကူညီရန် ရောက်လာခြင်း ဖြစ်ပေသည်။ ဝမ်ဟို့က သူ့အား ဆိုးဆိုးရွားရွား မဆက်ဆံသော်လည်း  အဆင့်လေး ဆေးလုံးဘုရင်အဆင့် အနေဖြင့်  ဘယ်မြို့သွားသွား   မည်သူကမျှ သူ့အား ဆိုးဆိုးရွားရွား မဆက်ဆံရဲကြပေ။

***

ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ အဆင့်နိမ့် အင်မော်တယ်မြို့ ဖြစ်နေသော်လည်း ဆေးစမ်းသပ်ခန်းမှာ ကြီးကျယ် ခမ်းနားလှသည်။ မြေကမ္ဘာမီးတောက် မီးဖိုအစဉ်လိုက် ရှိနေပြီး ဤနေရာရှိ အင်မော်တယ် ဝိညာဉ်စွမ်းအားများက ပေါကြွယ်ဝလှပေသည်။ ဤနေရာတွင် ဆေးလုံးဖော်စပ်ပါက  အားနည်းသူပင် အောင်မြင်နိုင်ချေ မြင့်မားလာလိမ့်မည်။

ဆေးစမ်းသပ်ခန်း အတွင်း ဆေးလုံးဆရာ ဆယ်ယောက်မှာ ဆေးလုံး ဖော်စပ်နေကြ၏။ ဤနေရာတွင် အဆင့်မြင့်ဆုံး ဆေးလုံးဆရာမှာ အဆင့်၃ ဆေးလုံးအကြီးအမှူးမျှသာ ဖြစ်သော်လည်း သူတို့ဘေး၌ ကိုယ်ပိုင်အစေခံ လှလှလေး  တစ်ယောက်စီ ရှိကြပေသည်။ ထိုအစေခံ မိန်းမပျိုလေးများက အမိန့်များကို စောင့်ဆိုင်းနေပြီး ဆေးလုံး အကြီးအမှူးများက ညွှန်ကြားလိုက်သည်နှင့် ချက်ချင်း တာဝန်ပြီးစီးအောင် ဆောင်ရွက်ပေးရသည်။

ဝမ်ဟို့နှင့် တန်လျန့် ဝင်လာသည်ကို မြင်၍ ဆေးလုံးဆရာ အားလုံး မတ်တတ် ရပ်လိုက်ကြသည်။ ဝမ်ဟို့က လက်ကာပြကာ …

“အားလုံး လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ ငါတို့ကို အာရုံမထားနဲ့ ...

တကယ်လို့ မင်းတို့ရဲ့  ဆေးလုံးဖော်စပ်မှုထဲက ဆေးလုံးဘုရင် တန်လျန့်ရဲ့ အာရုံကို ဖမ်းစားနိုင်မယ်ဆိုရင် မင်းတို့အတွက် ငါတို့ရဲ့ ရေသဘာဝ ယင်အင်မော်တယ်မြို့ကို ကိုယ်စားပြုပြီးတော့ ယုံရင်အင်မော်တယ် နယ်မြေ ဆေးပညာပြိုင်ပွဲကို သွားပြိုင်ဖို့ အခွင့်အရေး ရနိုင်တယ်”

မြို့စားစကားများကို ကြားပြီး ဆေးလုံးဆရာတိုင်းက စိတ်လှုပ်ရှားကုန်ကြသည်။ သူတို့က ယုံရင်အင်မော်တယ် နယ်မြေ၏ ဆေးပညာပြိုင်ပွဲကြီးကို မည်သို့မသိဘဲ နေမည်နည်း။ ထို့အပြင် သူတို့က ဆေးလုံးဆရာများ ဖြစ်ပေသည်။

ယုံရင်အင်မော်တယ် နယ်မြေ၏ ဆေးပညာပြိုင်ပွဲကြီး၌ ရေသဘာဝ ယင်အင်မော်တယ်မြို့ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နိုင်ခြင်းမှာ ဂုဏ်ယူစရာ ဖြစ်ရုံသာမက  အဖိုးမဖြတ်နိုင်သည့် အခွင့်အရေးလည်း ဖြစ်ပေသည်။ သူတို့က အနိုင်မရလျှင်ပင် သူတို့ဘဝ၌ တစ်ခါသာ ရရှိနိုင်သော ဆေးလုံးဘုရင်များ၏ ဆေးလုံး ဖော်စပ်မှုများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရမည် ဖြစ်သည်။

အကယ်၍ သူတို့သာ သတ်မှတ်ချက် ပြည့်မီခဲ့ပါက ဆုလာဘ်မှာ   သူတို့တစ်ဘဝလုံး ရရှိနိုင်မည့် အကြီးမားဆုံး ကံကောင်းမှု ဖြစ်ပေလိမ့်မည်။

ထို့ကြောင့်  ဝမ်ဟို့က ထိုစကားများကို ရေရွတ်ပြီးနောက် ဆေးလုံးဆရာများက အာရုံအပြည့်အဝ စိုက်၍ ဆေးလုံး ဖော်စပ်ကြတော့သည်။ ဆေးလုံးဆရာတိုင်းက သူတို့၏ အကောင်းဆုံးဆေးလုံး ဖော်စပ်နိုင်ဖို့ရာ ကြိုးစားနေကြသည်။

တန်လျန့်က ပထမဆုံး ဆေးလုံးဆရာမှ နောက်ဆုံး ဆေးလုံးဆရာအထိ တောက်လျှောက် ကြည့်သွားသော်လည်း  သူ့မျက်ဝန်းမှ စိတ်ပျက်မှုကို ဖုံးကွယ်နိုင်ရန် ခက်ခဲလှပေသည်။ တချို့လူများက အဆင့် ၃ အင်မော်တယ် ဆေးလုံးကို ဖော်စပ်ကြသော်လည်း ယုံရင် အင်မော်တယ်နယ်မြေ၏ ဆေးပညာပြိုင်ပွဲကြီး၌ ပါဝင်မည်ဆိုပါက လိုအပ်ချက်များ ရှိနေသေး၏။

ဝမ်ဟို့က တန်လျန့် မျက်ဝန်းမှ စိတ်ပျက်မှုကို မြင်သောအခါ သူလည်း စိတ်ဓာတ် ကျမိသည်။ အမှန်ပင် ဆေးလုံးဆရာများ နည်းပါးလှပေရာ အံ့အားသင့်စရာ ကောင်းသည့် ဆေးလုံးဆရာများကလည်း ရေသဘာဝ ယင်အင်မော်တယ်မြို့၌ မနေလိုကြပေ။

“အာ” တန်လျန်းက တအံ့တဩ ရေရွတ်လိုက်သည်။

တန်လျန့်ဘေးသို့ ဝမ်ဟို့က ချက်ချင်းသွားပြီး မည်သည့် ဆေးလုံးဆရာက အာရုံဖမ်းစားသွားနိုင်လဲ မေးမည့်အချိန်တွင် တန်လျန့်က  ဆေးစမ်းသပ်ခန်း ထောင့်တစ်နေရာသို့ လျှောက်လာသည်။ ထို့နောက် သူက တန်လျန့်တစ်ယောက် မီးဖိုကြီး ကောက်ယူလိုက်သည်ကို မြင်လိုက်ရသည်။

ဝမ်ဟို့ပင်    တန်လျန့်က  အဆင့်၁ အင်မော်တယ် ဆေးမီးဖိုကို ကောက်ယူလိုက်ကြောင်း ပြောနိုင်လေသည်။ ထိုဆေးမီးဖို၏ အဆင့်မှာ အင်မတန် နိမ့်ပေ၏။ ဆေးစမ်းသပ်ခန်းအတွင်း ရှိနေသော်လည်း မည်သည့် ဆေးလုံးဆရာမှ ထိုအဆင့်နိမ့် ဆေးမီးဖိုကို အသုံးမပြုလိုကြပေ။

“ဝိုး  ... တကယ်ကြီး အံ့ဩဖို့ ကောင်းလိုက်တာ  ... သူက ဆေးအဆီအနှစ်ကို ရာနှုန်းပြည့် သန့်စင်နိုင်တာပဲ။ အတော်လေး အားကောင်းတယ်။ အားကောင်းလွန်းတယ် ” တန်လျန့်က ထိုအဆင့်၁ အင်မော်တယ် ဆေးမီးဖိုကို ဆုပ်ကိုင်ထားပြီး သူ့ကိုယ်သူ ရေရွတ်နေသည်။ သူ့မျက်ဝန်းမှ စိတ်လှုပ်ရှားကို ဖုံးကွယ်ထားခြင်း မရှိပေ။ သူကိုယ်တိုင်ပင် အဆင့် ၉ ဝိညာဉ်ဆေးပင်ကို ရာနှုန်းပြည့် မသန့်စင်နိုင်သေးပေ။

***

All Chapters