← Chapters

စိတ်ရှုပ်သွားသည့် အင်မော်တယ်ဆေးလုံးဘုရင်

Vol. 35 Ch. 481

စိတ်ရှုပ်သွားသည့် အင်မော်တယ်ဆေးလုံးဘုရင်

Vol. 35 Ch. 481

ဝမ်ဟို့က တအံ့တဩ မေးလိုက်သည်  “ညီလေးတန် ... တစ်ယောက်ယောက်က ဆေးရည်ကို ရာနှုန်းပြည့် သန့်စင်နိုင်ခဲ့တာလား”

တန်လျန့်က ခေါင်းညိတ်ပြကာ   “ဒီဆေးမီးဖိုအတွင်းက ဆေးအနှစ် လက်ကျန်တွေက သေချာပေါက် ရာနှုန်းပြည့် သန့်စင်နေတာပဲ ... ဆေးလုံးဆရာ ဘယ်အဆင့်ပဲ ဖြစ်ဖြစ် ဆေးပင် တစ်ပင်ကို  အနှစ်တွေကနေ  လုံးဝဖယ်ရှားပစ်ဖို့ ဆိုတာ ဝေးလာဝေး  ရာနှုန်းပြည့် သန့်စင်နိုင်ဖို့က သေချာပေါက် မဖြစ်နိုင်ဘူး။  ဒါပေမဲ့ ဆေးလုံးဆရာတစ်ယောက် အတွက်  ဆေးရည်က ၉၉ ရာခိုင်နှုန်းကျော်နေရင်ကို ရာနှုန်းပြည့်အဖြစ် ယူဆလို့ရတယ် ...

ကျုပ်ရဲ့ ဆေးပညာက အကန့်အသတ်ရှိတော့ ဒီဆေးမီးဖိုထဲကလို ဆေးရည်မျိုး သန့်စင်နှုန်းရအောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ နောက်မှာ ကျန်နေခဲ့တဲ့ ဆေးလက်ကျန်ကနေ ဒီဆေးရည်ရဲ့ သန့်စင်မှုက ၉၉ ရာခိုင်နှုန်း ကျော်နေမယ်ဆိုတာ သေချာတယ်။ ပြီးတော့ ရာနှုန်းပြည့် ရောက်လုနီးပါး ဖြစ်နေပြီ။  ဒီလူရဲ့ ဆေးလုံး အရည်အချင်းကို မသိပေမဲ့ သူဆေးဖော်စပ်တာရဲ့ အရည်အချင်းကတော့  သူက ကျုပ်ဆရာ ဖြစ်ဖို့တောင် လုံလောက်တယ် ...”

ဝမ်ဟို့ပင်  ပါးစပ်ဟောင်းလောင်း ဖြစ်မိသွားသည်။ အချိန်အတော်ကြာသည့် အခါမှ  စကားပြန်ပြောနိုင်လေ၏ “ညီလေးတန် ... နှိမ့်ချလွန်းနေပါပြီ .. ညီလေးတန်က  အဆင့်၄ အင်မော်တယ်ဆေးလုံး ဘုရင်လေ”

တန်လျန့်က ခေါင်းခါကာ   “အစ်ကိုဝမ် ... ကျုပ်က လျှောက်ပြောနေတာ မဟုတ်ဘူးဗျ။ အဲဒီလိုပြောတာ အကြောင်းအရင်း အများကြီး ရှိတယ်။ ပထမတစ်ချက်ကို ပြောရရင် ဒီလူက အဆင့်၁ ဆေးမီးဖိုကိုပဲ သုံးထားတာ။ ဒုတိယအနေနဲ့ဆိုရင် သူက သန့်စင်ဖို့ရာအတွက် သာမန်မီးတောက်ပဲ သုံးထားတာ မြေကမ္ဘာ မီးတောက်တောင် သုံးမထားဘူး။ ကျုပ်အကြောင်း အသာထား ...  အဆင့် ၆ ဆေးလုံးဘုရင်တောင် ဒီလိုမျိုး သန့်စင်နှုန်းမြင့်မြင့်နဲ့ ဆေးရည်ကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး။ ဒီလူက အဆင့်မြင့်မြင့် ဆေးရည်ကို ထုတ်လုပ်နိုင်ခဲ့တယ် ဆိုတော့ ဖော်စပ်လိုက်တဲ့ ဆေးလုံးလည်း ထိပ်တန်းဆေးလုံးပဲ ဖြစ်လိမ့်မယ်။ အဆင့်တူအတွင်း တခြားဆေးလုံးတွေ လိုက်ယှဉ်နိုင်မှာ မဟုတ်ဘူး ...”

“ဝမ်ထျန်း  ... ဒီဆေးမီးဖိုကို ဘယ်သူသုံးခဲ့တာလဲ မြန်မြန် ပြောစမ်း ...” ဝမ်ဟို့က မနေနိုင်တော့ပဲ အလောတကြီး မေးလိုက်သည်။

လူလတ်အမျိုးသား တစ်ယောက်က ထိုစကားများကို ကြားသောအခါ ဦးညွှတ်လိုက်ပြီး  “ဒီဆေးမီးဖိုတွေက မမလေးအမိန့်နဲ့ ချမ်ရှန်း ယူလာတာ။ အခုတလော မမလေးက ဆေးလုံးဆရာတွေနဲ့ ဆေးဆရာတွေကို သွားရှာနေတာလေ”

လူလတ်အမျိုးသားမှာ အိမ်တော်ရှိ ဆေးစမ်းသပ်ခန်း၏ စီမံခန့်ခွဲရေးမှူး ဝမ်ထျန်း ဖြစ်ပေသည်။

ဝမ်ဟို့၏ အမူအရာမှာ ချက်ချင်း နွေးထွေးသွားသည်။ သူ့သမီးဖြစ်သူက အဘယ်ကြောင့် ထိုသို့အရာမျိုး လုပ်နေကြောင်း သိပေသည်။ သူ့စိုးရိမ်မှုများကို သတိထားမိ၍ စိုးရိမ်မှုများကို ဖြေဖျောက်ပေးဖို့ရာ ကြိုးစားနေခြင်း ဖြစ်၏။ သူက ညင်ညင်သာသာ ပြောလိုက်သည်  “သမီးလေးနဲ့ ချမ်ရှန်းကို သွားခေါ်ခဲ့ပါဦး”

“ဟုတ်ကဲ့” ဝမ်ထျန်းက မြန်မြန်ဆန်ဆန် ပြန်ဖြေလိုက်ပြီး ဆေးစမ်းသပ်ခန်းမှ ထွက်သွားတော့သည်။

တန်လျန့်က ဆေးမီးဖိုကို စိတ်လှုပ်ရှားစွာ စစ်ဆေး ကြည့်နေသည်ကို မြင်သောအခါ ဝမ်ဟို့က မသေမချာ မေးကြည့်လိုက်သည်  “ညီလေးတန် ... ဒီလူရဲ့ ဆေးပင် သန့်စင်နှုန်းက အဲဒီလောက်တောင် အံ့ဩဖို့ ကောင်းတာလား”

တန်လျန့်က သက်ပြင်း အရှည်ကြီးချကာ  “ဖြစ်နိုင်တာ သူက ကျုပ်မျှော်မှန်း ထားတာထက် ပိုအံ့ဩဖို့ ကောင်းတဲ့ပုံပဲ။ အစ်ကိုဝမ်  ... ဒီလူကိုသာ ကိုယ်စားပြုခိုင်းဖို့ ရှာတွေ့မယ်ဆိုရင် သူက အဆင့်မြင့် အင်မော်တယ်ဆေးလုံး မဖော်စပ်နိုင်ဘူး ဆိုရင်တောင် ဆေးပင် သန့်စင်မှုပေါ် မူတည်ပြီးတော့ သေချာပေါက် နေရာရလာလိမ့်မယ်။  အစ်ကိုဝမ်က ဆေးလုံးမဖော်စပ်ဖူးတော့ သန့်စင်ရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သိဦးမှာ မဟုတ်ဘူး”

သူက ပြောလိုက်ရင်း တန်လျန့်က ခဏရပ်လိုက်ပြီး   “သဘာတရားတစ်ခု ပြောပြမယ်။ တကယ်လို့ လူတစ်ယောက်က ဆေးပင်ကို သန့်စင်နှုန်း ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်မယ်ဆိုရင်  သူ့အတွက် သန့်စင်နှုန်း  ၉၁ ရာခိုင်နှုန်း ရောက်ဖို့က နောက်ထပ် အပိုအားထုတ်မှု တစ်ဆ လိုအပ်တယ်။ ပြီးတော့ ဆေးပင်အပေါ် သူ့နားလည်နိုင်စွမ်းက အနည်းဆုံး တစ်ဆ တိုးလာလိမ့်မယ်။  ဒီလိုမျိုးအတိုင်းပဲ  အဲဒါဆိုရင်  ၉၉ ရာခိုင်နှုန်း သန့်စင်မှု ရဖို့ ဘယ်လောက်ခက်ခဲမယ် ထင်လဲ။  ပြီး‌တော့ ဆေးလက်ကျန်တောင် သန့်စင်မှု ၉၉ ရာခိုင်နှုန်း ကျော်နေတာမျိုးကျ ဒီလူက ထိပ်တန်း ပါရမီရှင် မဟုတ်ရင် အတွေးသစ် အမြင်သစ်နဲ့ ဆေးနည်းအသစ်ကို ရှေ့ဦး ဖန်တီးနိုင်တဲ့သူတောင် ဖြစ်နေနိုင်တယ်”

အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်သည့် တန်လျန့်က အတွေ့အကြုံများပြီး ဗဟုသုတလည်း ကြွယ်ဝပေသည်။ မိုဝူကျီ၏ ဆေးပညာအပေါ် ကျွမ်းကျင်မှုမှာ စကားလုံးမဲ့ ဆေးနည်းစာအုပ်မှ ရလာခြင်း ဖြစ်သော်လည်း သူက အင်မော်တယ် မော်တယ် ပြောင်းပြန်လှည့်ပတ်ခြင်း ကျင့်စဉ်ကို ဖန်တီးပြီးကတည်းမှ သူ့ဆေးပညာရပ်မှာ သူ့ကိုယ်ပိုင် ဖြစ်လာပြီး စကားလုံးမဲ့ ဆေးနည်းစာအုပ်နှင့် မသက်ဆိုင်တော့ပေ။

သူ့ဆေးပညာရပ်မှာ အမှီအခိုကင်းမဲ့ပြီး  ကျင့်စဉ်အတိုင်း နေသားကျသွားပြီ ဖြစ်၏။  ဆေးရည်ကို ရာနှုန်းပြည့် သန့်စင်နိုင်ခြင်းသည်  မဆိုသလောက် နီးကပ်နေသည့်အရာမျှ  မဟုတ်ချေ။

ဝမ်ဟို့က လေအေးများ မှုတ်ထုတ်လိုက်ပြီး တန်လျန့်စကားနောက်မှ အဓိပ္ပာယ်ကို ကောင်းကောင်း သိလေ၏။ သာမန်မီးတောက်နှင့်  အဆင့် ၁ ဆေးမီးဖိုကို အသုံးပြုခဲ့ရာ ထိုလူက  တကယ်ကြီး ရာနှုန်းပြည့် သန့်စင်သည့် ဆေးရည်ကို ဖော်စပ်နိုင်လေသည်။ ထိုလူက ကောင်းကင်ဘုံကို သွေဖည်နေသည်မှာ  သိသာလှသည်။

ထိုစဉ် သူ့ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချထားပြီ ဖြစ်၏။ မည်သူပင် ဖြစ်နေစေကာမူ သူက ထိုလူကို ရေသဘာဝ ယင်အင်မော်တယ်မြို့ဆီသို့  ရအောင်  ဖိတ်ကြားရမည်။

“ဖေဖေ .. သမီးကို ရှာတယ်ဆိုလို့  ... မေမေလည်း ပါလာတယ်” ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက ဝင်လာကာ သူ့နောက်တွင် လူလတ်အမျိုးသမီး နောက်လိုက်လည်း ပါပေ၏။

ထိုမိန်းကလေးမှာ ယခင်က  မိုဝူကျီကို ဆေးလုံးဖော်စပ်ရန် ဖိတ်ကြားခဲ့သည့်  ဝမ်လျန်ရှီးသာ ဖြစ်၏။ ယနေ့တွင် သူမ မျက်နှာ၌ ပဝါပါးလေး ရှိမနေချေ။ သူမ၏ လှပသော သွင်ပြင်မှာ ဟန်ချင်းရုထက် နည်းနည်းလေးမျှ မနိမ့်ကျပေ။ သူမ အနေအထားနှင့် အရှိန်အဝါတို့က တော်ဝင်ဆန်ဆန် ကြီးပြင်းလာခြင်း ဖြစ်ကြောင်း ဖော်ပြနေသည်။

ဝမ်ဟို့နှင့် သူ့ဇနီး မျက်နှာတို့၌ နွေးထွေးသည့် အမူအရာများ ဖြစ်ပေါ်လာသည်။ ထိုသူမှာ သူတို့၏သမီး ဖြစ်ပေ၏။ သူတို့တွင် သားရတနာ မရရှိခဲ့သော်ငြား သူတို့သမီးဖြစ်သူသည် သူတို့ကို ဂုဏ်တက်စေသည်။ ဝမ်လျန်ရှီး၏ အလှတရားမှာ ရေသဘာဝ ယင်အင်မော်တယ် မြို့၌ ထိပ်တန်း ဖြစ်ရုံသာမက ယုံရင်အင်မော်တယ် နယ်မြေအတွင်း   သူမထက် လှပသူကို ရှာတွေ့ရန် ခက်ခဲလှပေသည်။ ပို၍ အရေးကြီးသည်က ဝမ်လျန်ရှီး၏ ပါရမီမှာလည်း ထိပ်တန်းဖြစ်၏။ သူမ ကျင့်ကြံဆင့်မှာ သက်တူရွယ်တူများကြား ရှေ့ရောက်နေရုံသာမက  အနုပညာလေးမျိုးတို့၌လည်း ပြိုင်ဘက်ကင်း  ကျွမ်းကျင်လှသည်။

“လျန်ရှီးရေ အခုတလော သမီး ဆေးလုံးဆရာတွေကို လိုက်ရှာနေတယ်ဆို ...” ဝမ်ဟို့အသံမှာ ဖော်ဖော်ရွေရွေ ရှိလှပြီး သူ့သမီးကို ဆေးမီးဖိုအကြောင်း တန်းမမေးပေ။

ဝမ်လျန်ရှီးက နူးညံ့စွာ ပြန်ဖြေလိုက်သည် …

“ဟုတ်ကဲ့ ဖေဖေ ... လွန်ခဲ့တဲ့ နှစ်နှစ်လောက်က  လုကျဲ အင်မော်တယ်မြို့ဆီ လူစုဆောင်းဖို့ သွားခဲ့တယ်။  နည်နည်း စိတ်မနှံ့တဲ့ ဆေးလုံးဘုရင်က လုကျဲ အင်မော်တယ်မြို့ဆီ ပေါ်ထွက်လာတယ်။  တစ်ယောက်က သူ့ကို နေရာမှာတင် ဆေးလုံး ဖော်စပ်ခိုင်းတော့  အဆင့်၅ အင်မော်တယ် ဆေးလုံးကို ချက်ချင်း ဖော်စပ်နိုင်ခဲ့တယ်။ ပြီးတော့ ဆေးလုံးတွေက ထိပ်တန်းအဆင့်ပဲ ...

လူတော်တော် များများက သူ့ကို အဆင့်၆ ဆေးလုံးဘုရင်ဆိုပြီး ခန့်မှန်းကြတယ်။ အဲဒီလူရွေးပွဲမှာ အင်မော်တယ်မြို့က မြို့စား ဆယ်ယောက်ကျော် တက်တယ်။ ပြီးတော့ သမီးနဲ့ အဆင့်တူတဲ့ အမျိုးသမီးတချို့လည်း လာကြတယ် ...

သူက အဆင့်၆ ဆေးလုံးဘုရင် ဖြစ်နေတာရော ဆေးပညာ ပြိုင်ပွဲကြီးက ရောက်လာတော့မှာ ဆိုတာကြောင့်ရော အားလုံးက သူ့ကို ဖိတ်ကြားချင်နေကြတာ။ အဲဒါနဲ့ လုကျဲမြို့စားက အစီအစဉ်တစ်ခု ကြေညာပေးလိုက်တယ်။ ယုံရင်အင်မော်တယ် နယ်မြေရဲ့ ဆေးပညာပြိုင်ပွဲကြီး မရောက်ခင် ဆေးလုံးပြိုင်ပွဲ အသေးစားတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ  ပထမရရင် အဲဒီအဆင့်၆ ဆေးလုံးဘုရင်ကို ခေါ်သွားနိုင်မယ်။

ပြီး‌တော့ ပြိုင်ပွဲမှာ ဝင်ပြိုင်မဲ့လူက ဘယ်သူမှ မသိသေးတဲ့ လူသစ်ဖြစ်ရမယ်တဲ့။  ဖေဖေကို ဒီအကြောင်း မပြောပြတာက  သမီးရဲ့ အောင်နိုင်ချေ အရမ်းနည်းတာကို သိလို့ပါ ...”

ဝမ်ဟို့နှင့် တန်လျန့်တို့က လေအေးများ မှုတ်ထုတ်လိုက်ကြသည်။ အဆင့်၅ ထိပ်တန်း  အင်မော်တယ် ဆေးလုံးများကို ဖော်စပ်နိုင်သည့် သူမှာ အဆင့် ၆ ဆေးလုံးဘုရင် မဟုတ်ဘဲ ဆေးလုံးဧကရာဇ်ပင် ဖြစ်နေနိုင်သည်။

“အဲဆို အဲဒီဆေးလုံး ဘုရင်ကရော ဘယ်မှာလဲ ” ဝမ်ဟို့က သူ့သမီးကို ခေါ်ခိုင်းလိုက်သည့် အကြောင်းအရင်းကို မေ့လျော့သွားဟန် ရှိသည်။

ဝမ်လျန်ရှီးက ပြန်ဖြေလိုက်သည်  “အဲဒီဆေးလုံးဘုရင်က အခု လုကျဲအင်မော်တယ်မြို့ အပြင်ဘက် ခြံဝင်းထဲမှာ ရှိနေတာ။ အဲဒခြံဝင်းကို အစီအရင်အလံ ၂၃ခု တားထားပြီး လုပ်ထားတာ။ လူရွေးပွဲမှာရှိတဲ့ လူတိုင်းက အစီအရင်အလံ တစ်ခုစီ ရတယ်။ အချိန်ကျလာရင် ၂၃ယောက်လုံးက စုစည်းပြီးတော့ အစီအရင်အလံကို ထုတ်ရမှာ။ အဲဒီအခါကျမှ အဲဒီခြံဝင်းက ပွင့်လာမှာ ”

“အစီအရင်အလံကို ကြည့်ရအောင်” ဝမ်ဟို့က အလောတကြီး ပြောလိုက်သည်။

ဝမ်လျန်ရှီးက နီမှိုင်းမှိုင်း  အစီအရင်အလံကို ထုတ်ကာ ဝမ်ဟို့ဆီ လှမ်းပေးလိုက်သည်။ အစီအရင်အလံကို သေချာ စစ်ဆေးကြည့်ပြီးနောက် တန်လျန့်ကို ပြောလိုက်သည်

“ညီလေးတန် ... ဒီက သွေးချိတ်ပိတ် အစီအရင်အလံပဲ။ ဒီအစီအရင်အလံတွေကို အကုန် စုစည်းနိုင်မှ အင်မော်တယ် ခြံဝင်းကို ဖွင့်လို့ရမှာ။ တကယ်လို့ တစ်ယောက်ယောက်က အတင်းကျပ်ဖွင့်ဖို့ ကြိုးစားမယ်ဆိုရင် နေရာတစ်ခုလုံး ပြိုကျသွားနိုင်တယ်။

ဒီသွေးချိတ်ပိတ် အစီအရင်အလံကို တပ်ဆင်ခဲ့တဲ့သူက အတော်လေး အံ့ဩဖို့ကောင်းတဲ့ အစီအရင်ဆရာပဲ  ...”

တန်လျန့်က ခေါင်းညိတ်ကာ  “ဒီလိုကိုး ... ဒါပေမဲ့ လုကျဲအင်မော်တယ်မြို့က အဆင့်မြင့် အင်မော်တယ်မြို့ဆိုတော့ လျန်ရှီးက အောင်မြင်နိုင်ခဲ့ရင်တောင်  အဲဒီဆေးလုံးဘုရင်ကို ခေါ်ထုတ်ဖို့ ခက်လိမ့်မယ်”

တန်လျန့် စကားများက ရှင်းလင်းလှသည်။ လုကျဲအင်မော်တယ်မြို့စား ပြောလိုက်သည့်စကားမှာ အကြောင်းပြချက် ပေးလိုက်သလိုသာ ဖြစ်၏။ သူ့အပြုအမူများမှာ  အနိုင်မကျင့်လိုခြင်းသာ ဖြစ်၏။

ဝမ်ဟို့က သတိဝင်လာသည်။ သူက သူ့သမီးကို ထိုဆေးလုံး ဘုရင်အကြောင်း မေးဖို့ရာ ခေါ်လိုက်ခြင် မဟုတ်ပေ။ သူက အစီအရင်အလံကို သူ့သမီးဆီ ပြန်ပေးလိုက်ပြီး စိတ်လှုပ်ရှားမှုနှင့်အတူ မေးလိုက်သည်  “လျန်ရှီး ... ဒီမှာ ဆေးမီးဖို တစ်ခု ရှိတယ်။ ဝမ်ထျန်း ပြောတာက  သမီး ယူလာတာဆို  ...  ဘယ်ကနေ ယူလာတာလဲ”

တန်လျန့်က သူ့လက်ထဲမှ ဆေးမီးဖိုကို ဝမ်လျန်ရှီးဆီ ပေးလိုက်သည်။

ဝမ်လျန်ရှီးက ကိုင်ကြည့်ပြီးနောက် တစ်ချက်ကြည့်ကာ  နားမလည်နိုင်စွာ ရေရွတ်လိုက်သည်  “သမီး ဒီမီးဖိုကို   ရေသဘာဝ ယင်အင်မောတ်တယ်မြို့ကပဲ ဝယ်သွားတာလေ။ ပြီးတော့ အဆင့် ၁ ဆေးမီးဖို နှစ်လုံး၊ အဆင့် ၂ ဆေးမီးဖို တစ်လုံးနဲ့ အဆင့် ဆေးမီးဖို တစ်လုံး ယူသွားတာလေ။ ဘာလို့လဲဟင် ”

“မဖြစ်နိုင်တာ ... အဲဒါဆို ဆေးမီးဖိုတွေကို မရောင်းခင် သန့်ရှင်းမထားဘူးလား” တန်လျန့်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

ဝမ်လျန်ရှီးက နောက်ဆုံးတွင် နားလည်သွားပြီး ရှင်းပြလိုက်သည် …

“ဒီဆေးမီးဖိုကို တစ်ယောက်ကို ခဏပေးဖူးတယ်။ အဲဒီအချိန်တုန်းက ဆေးလုံးဆရာ အလောတကြီး လိုက်ရှာနေတာဆိုတော့ သူ့ဆီက နှစ်လိမ့်တစ်ပတ် အရိုက်ခံလိုက်ရတယ်။

ပြန်ရောက်တော့ စိတ်အခြေအနေ မကောင်းတာနဲ့ ချမ်ရှန်းကို ဒီဆေးစမ်းသပ်ခန်းထဲ ထားဖို့ ပြောထားတာ”

***

All Chapters