ကမ္ဘာတစ်ဝှမ်းအပြောင်းအလဲများ
Vol. 42 Ch. 575
“ ထျန်းအာ ကိစ္စတွေက ဘယ်လိုလဲ” အစီအရင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို အောင်းထျန်းယီ၏ မောက်မာနေသော အမူအရာက ရိုရိုကျိုးကျိုးအဖြစ် ပြောင်းလဲသွား၏။
“ အဖေ အဲဒါက ဒီလိုဖြစ်ခဲ့တာပါ”
အောင်းထျန်းယီက သူ ရောက်ကတည်းက တွေ့ကြုံခဲ့သမျှ အရာအားလုံးကို ပြန်လည်ပြောပြလိုက်သည်။ ပြိုင်ပွဲဝင်များ၏ တုံ့ပြန်မှု၊ အားလုံးပြောကြသည့် စကားများ၊ သူ ပြောခဲ့သည့်အရာများနှင့် အခြေအနေ၏ အခြေခံ သုံးသပ်ချက်ပါ အပါအဝင် ဖြစ်၏။
“ တာအိုနယ်ရှင် တစ်ယောက်ဆိုတဲ့အတိုင်းပဲ… ဟူး… ဝမ်မျိုးနွယ်က တကယ်ကို ကောင်းချီးပေးခံထားရတာပဲ” အောင်းကျင်းက ပြောလိုက်သည်။ သူက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ ဝမ်မျိုးနွယ်၏ အောင်မြင်မှုများကို ဖတ်ရှုခဲ့စဉ်အချိန်ကို ပြန်မတွေးမိဘဲ မနေနိုင်တော့ပေ။
အကယ်၍ မျိုးနွယ်သာ မခွဲထုတ်ဘဲ ဒိုင်မေးရှင်းအမြင့်တွင် တိုက်ခိုက်ပါက သူတို့၏ အောင်မြင်မှုသည် ပို၍ပင် ကြီးမားလိမ့်မည်။
“ အဖေ ကျွန်တော် ဘယ်လိုလုပ်သင့်လဲ”
“ မင်းဆီမှာ ကျမ်းကျိန်ဆိုရုံကလွဲပြီး ရွေးချယ်စရာ မရှိဘူး”
“ ဘာကြောင့်လဲ”
“ မင်းရဲ့ တာဝန်နှစ်ခုလုံးကို ပြီးမြောက်အောင်ပဲ။ အထူးသဖြင့် ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို ယူဆောင်လာရမယ်”
“ အဲဒါက အဆင့်နိမ့် ဆန့်ကျင်ကျမ်းတစ်ခုပဲ မဟုတ်ဘူးလား” အောင်းထျန်းယီက ပြောလိုက်ပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ပေါ်သည်။
“ ဒါက အသက်ရှည်ကျမ်းတစ်ခု ဖြစ်နေရင်တောင် အဆင့်အနိမ့်ဆုံးအရာအတွက် ဒီလိုအခက်အခဲတွေ ဖြတ်ကျော်နေဖို့ လိုလို့လား။ ကျွန်တော်တို့နဂါးမျိုးနွယ်က ကုရွှမ်ဆီကနေ တန်းယူလိုက်လို့ မရဘူးလား”
အောင်းကျင်းက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သက်ပြင်းချလိုက်သည်။ သူ့သားက ကမ္ဘာဦးနဂါးမျိုးနွယ်၏ အနာဂတ် ဦးဆောင်သူဖြစ်သောကြောင့် ကမ္ဘာ၏ လျှို့ဝှက်ချက်များနှင့် ထိုအရာများကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို စတင်သင်ယူသင့်ပေသည်။
ထို့ကြောင့် သူက ပြောလိုက်၏ “ ဒီကျမ်းက အဆင့်နိမ့်ဆုံးဆိုတာ မှန်တယ်။ ဒါပေမဲ့ အလားအလာ ကောင်းတယ်။ အဲဒါကြောင့် ခေါင်းဆောင်က လိုချင်နေတယ်”
အောင်းထျန်းယီက မျက်မှောင်ကြုတ်လိုက်သည်။ နဂါးမျိုးနွယ်၏ ခေါင်းဆောင်က အဆုံးမဲ့တက်လှမ်းခြင်း၏ အုပ်ချုပ်သူ ခုနစ်ယောက်ထဲမှ တစ်ယောက် ဖြစ်၏။ ထို့ကြောင့် သူက ထိုလူသည် တစ်ခုခုလိုချင်လျှင် ကိစ္စကြီးကြီးမားမား ဖြစ်ကြောင်း သိထားသည်။
“ ခေါင်းဆောင်က ကုရွှမ်ဆီကနေ ဘာလို့ မယူရတာလဲ။ သူက တာအိုအုပ်စိုးသူတစ်ယောက်ပဲ မဟုတ်ဘူးလား။”
“ ကုရွှမ်က ကမ္ဘာကနေ ပျောက်ကွယ်သွားတာကြာပြီ။ သူက စည်းမျဉ်းမဲ့ဇုန်ထဲမှာ ပုန်းအောင်းနေတာ ဖြစ်ဖို့များတယ်။ သူက ဒီစစ်ဆေးမှုအတွက် ငါတို့ကို ကိုယ်စားလှယ်ကနေ ဆက်သွယ်နေတာ။ ပြီးတော့ သူက ဒိုင်မေးရှင်းအမြင့်ကလူတွေကို ဒီကျမ်းကို ရသွားမှာ မလိုချင်တဲ့ပုံပဲ။ အဲဒါကြောင့် မင်းဘာပဲဖြစ်ဖြစ် အရယူရမယ်”
အောင်းထျန်းယီက မျက်မှောင်ကြုတ်လိုက်သည် “ အဖေ ဒီတာဝန်က ထင်ရသလောက် မရိုးရှင်းဘူးလို့ ဘာလို့ ခံစားမိနေပါလိမ့်။ ကျွန်တော်က အဲဒီကောင်းကင်ရွေးချယ်ခံတွေကို ဘာလို့စောင့်ကြည့်ရမှာလဲ”
သူက ဒိုင်မေးရှင်းအနိမ့်မှ ကောင်းကင်ရွေးချယ်ခံများ၏ သတင်းအချက်အလက်ကို အဘယ်ကြောင့် စုစည်းရမည်မှန်း နားမလည်ပေ။ အထူးသဖြင့် အသင်္ချေအင်ပါယာကမ္ဘာမှ လူများကို ဖြစ်၏။
“ ဟူး… မင်းက အခု ပါဝင်ပတ်သက်သွားပြီဆိုတော့ မင်းဆီကနေ ဝှက်ထားလို့ အကျိုးမရှိဘူး။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ အပြောင်းအလဲကြီး ဖြစ်တော့မှာ။ အဲဒါက နေမင်းနှစ်စင်းနဲ့ လမင်းခုနစ်စင်းရဲ့ အဆုံးသတ်ကို ချဉ်းကပ်လာပြီးတော့ အရင်ခေတ်ဟောင်းကို ပြန်ရောက်ရှိမယ်ဆိုတဲ့ ကောလဟာလတွေ ထွက်နေတယ်။”
“ အဲဒီကောလဟာလတွေက ဒီခေတ်ကာလအစကတည်းက တည်ရှိခဲ့တာပဲလေ။ အခုမှဘာလို့ အရေးကြီးနေတာလဲ”
“ ဟုတ်တယ်။ ပုံမှန်ဆိုရင်တော့ ဒီဟာက မကျေနပ်တဲ့လူ တချို့ရဲ့ ကောလဟာလတွေလောက်ပဲ။ ဒါပေမဲ့ လတ်တလော စံပြအုပ်ချုပ်သူတွေကို သတိထားမိစေတဲ့ အပြောင်းအလဲတချို့ဖြစ်ပေါ်လာခဲ့တယ်”
“ ဘယ်လိုအပြောင်းအလဲမျိုးလဲ”
“ ကောင်းကင်တာအိုက စတင်လှုပ်ရှားနေပြီ။ သူက ဒိုင်မေးရှင်းအနိမ့်မှာ စည်းပိတ်မှုတွေ လုပ်လာပြီ။ လက်ရှိ ကောင်းကင်ဘုံအဆင့်တွေက ပုံရိပ်ယောင်တောင် မစေလွှတ်နိုင်တော့ဘူး။ နေ့စဉ်နေ့တိုင်း စည်းပိတ်မှုက ပိုမိုအားကောင်းလာတယ်။
တွက်ချက်မှုအရ အုပ်ချုပ်သူခုနစ်ယောက်က ဒိုင်မေးရှင်းအနိမ့်ကို ဝင်ရောက်မစွက်ဖက်နိုင်ရုံသာမက သူတို့တွေက ဘာမှမမြင်နိုင်ဖို့ အချိန်တစ်ခုပဲ ကြာတော့တယ်”
အောင်းကျင်းက အန္တိမအုပ်ချုပ်သူနှစ်ယောက်အနေဖြင့် ဒိုင်မေးရှင်းအနိမ့်မှာ ဖြစ်ပျက်မည့်အရာတွေ အကုန်လုံးကို မျက်ကွယ်ပြုထားကြောင်း သူ့သားကို ထုတ်မပြောလိုက်ပေ။
“ ခေါင်းဆောင်က ဘာလို့ ကျွန်တော်ကို ဒီတာဝန်ဆီစေလွှတ်ခဲ့တာလဲ”
“ ခေါင်းဆောင်က အသင်္ချေအင်ပါယာကမ္ဘာရဲ့ မြင့်တက်လာမှုက ကောင်းကင်တာအိုရဲ့ အပြုအမူကြောင့် ဖြစ်မယ်ဆိုတာကို တွက်ချက်ထားတယ်။ အဲဒါကြောင့် ဒီခေတ်သစ်ကို ဦးဆောင်ဖို့ တာဝန်ရှိထားတဲ့လူတွေကို အာရုံခံဖို့ ကောင်းကင်ရွေးချယ်ခံတွေရဲ့ သတင်းအချက်အလက်ကို စုဆောင်းစေချင်တာပဲ။
ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကိုတော့ ခေါင်းဆောင်က အသင်္ချေအင်ပါယာကမ္ဘာရဲ့ အပြောင်းအလဲက တစ်စုံတစ်ခုရဲ့ ရှေးပြေးနမိတ် ဖြစ်လိမ့်မယ်လို့ တွက်ချက်ထားတယ်။ အဲဒါကြောင့် သူက အနာဂတ်အတွက် အာမခံချက်အနေနဲ့ အသက်ရှည်ကျမ်းကို လိုချင်နေတာပဲ”
“ ကျွန်တော် သိပြီ”
“ အဲဒါဆိုတော့ ကုရွှမ်က မင်းကို ကျမ်းသစ္စာ ကျိန်ဆိုစေချင်ရင် လုပ်လိုက်”
“ ဟုတ်ကဲ့ပါ” အောင်းထျန်းယီက အံကြိတ်လျက် ပြန်ဖြေလိုက်သည် “ အဲဒါဆို ကျန်းယွီချန်းနဲ့ ဘုန်းကြီးဝူကျစ်တို့ကိုရော”
“ သူတို့ရဲ့ အရှုပ်အထွေးကြားမှာ ဝင်မပါနဲ့။ သူတို့က အမွေအနှစ်ကို လိုချင်ကြတာ မဟုတ်ဘူး။ မင်းသာ သူတို့လမ်းက ဖယ်နေသရွေ့ ပြဿနာဖြစ်လာမှာ မဟုတ်ဘူး”
“ ဟုတ်ကဲ့ပါ အဖေ”
“ ကောင်းပြီ။ မင်း အကောင်းဆုံးလုပ်လိုက်”
အောင်းထျန်းယီက ဆက်သွယ်ရေးအစီအရင်ကို ပိတ်ဆို့လိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်လာလိုက်သည်။ သို့သော် သူ့ဦးတည်ချက်သို့ မရောက်ခင် သူ့စံအိမ်အပြင်ဘက်တွင် တစ်စုံတစ်ယောက်ကို ခံစားမိလိုက်၏။ သူက အံ့ဖွယ်အသိစိတ်ကို သုံးကာ မည်သူလဲဟု ကြည့်လိုက်သည်။
“ သူမလား။ စိတ်ဝင်စားစရာပဲ”
ထို့နောက် သူက တံခါးကို ဖွင့်လိုက်သည်။
……………………………….
ကျန်းယွီချန်း၏ စံအိမ်အတွင်း
“ ဆရာ ဒါတွေက ဒီလိုဖြစ်ခဲ့တာတွေပါ” သူက အစီအရင်မှတဆင့် ပြောလိုက်သည်။
“ အဲဒီဝမ်ဝေ့က ငါ ထင်ထားတာထက် ပြဿနာဖြစ်နေတာပဲ” အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာ၏ “ မင်းက မင်းတာဝန်ကို သိတယ်မလား”
“ ဟုတ်ကဲ့။ ဖုန်းဟွမ်ကို သုတ်သင်ပြီးတော့ ဗုဒ္ဓဘာသာ ဖြန့်ဝေဖို့ကို တားဆီးရမှာပါ”
“ မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်။ မင်းဆီမှာ အချိန်သိပ်မရဘူး”
“ တစ်ခုခုများ မှားလို့လား”
“ ကောင်းကင်တာအိုက ငါ့ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး စတင်ဆန့်ကျင်လာပြီ။ အဲဒီအရာက မင်းကို ဒိုင်မေးရှင်းအနိမ့်မှာ ကြာကြာနေခွင့်ပေးမှာ မဟုတ်ဘူး” တာအိုဆရာ အန္တိမသဟဇာတက ပြောလိုက်သည်။
“ ဆရာရော အဆင်ပြေရဲ့လား”
“ ငါ့ကို စိတ်ပူမနေနဲ့။ မင်းတာဝန်ပဲ ပြီးအောင်လုပ်” တာအိုဆရာ အန္တိမသဟဇာတက ပြန်ဖြေလိုက်၏။ ထို့နောက် သူက အစီအရင်ကို ဖြတ်တောက်လိုက်သည်။
ကျန်းယွီချန်းအနေဖြင့် သူ့ဆရာသည် အမြဲတမ်းလိုလို အေးစက်ကာ တဲ့တိုးပြုမူလေ့ရှိသည်ကို အသားကျနေပြီ ဖြစ်သည့်အတွက် စိတ်ထဲမထားပေ။ မည်သို့ပင်ဆိုစေကာမူ သူက သူ့တာဝန်ကို အောင်မြင်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်၏။
သူ့ဆရာက မေတ္တယျမာတာဗုဒ္ဓနှင့် မဆုတ်သာ မတိုးသာ အခြေအနေအောက် ကျရောက်နေကြောင်း သိလေသည်။ ဖုန်းဟွမ်သာ ဒိုင်မေးရှင်းအနိမ့်တွင် ဗုဒ္ဓဘာသာကို အောင်အောင်မြင်မြင် ဖြန့်ဝေနိုင်ခဲ့ပါက မေတ္တယျမာတာဗုဒ္ဓ၏ ကံကောင်းမှုနှင့် ယုံကြည်မှုများသည် သူ့ဆရာကို လွှမ်းမိုးနိုင်လောက်အောင် မြင့်တက်သွားလိမ့်မည်။
ဖုန်းဟွမ်က သေမှ ဖြစ်မယ်။ တကယ်လို့ ဝမ်ဝေ့က ငါ့လမ်းမှာ ဝင်ရှုပ်ရင် သူ့ကိုလည်း သတ်ပစ်မယ်…
ကျန်းယွီချန်းက ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် အနားယူလိုက်၏။
……………………………….
ဘုန်းကြီးဝူကျစ်၏ စံအိမ်
“ မင်း ဘာလုပ်ရမယ်ဆိုတာ သိတယ်မလား။” ညင်သာသည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ ဟုတ်ကဲ့ပါ မဟာဗုဒ္ဓ”
“ ရင်းနှီးတဲ့ ချဉ်းကပ်မှုမျိုးသုံးဖို့ သတိထား။ ကိစ္စတွေကို အလျင်စလို မလုပ်မိစေနဲ့။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း လက်လွှတ်လိုက်လို့ အဆင်ပြေပါတယ်”
“ ဟုတ်ကဲ့။ ကျွန်တော် အဲ့လိုလုပ်ပါ့မယ်” ဘုန်းကြီးဝူကျစ်က ပြန်ဖြေလိုက်သည်။
“ မင်းကို အားကိုးလို့ရတယ်ဆိုတာ သိတယ်။”
ဆက်သွယ်ရေး ဖြတ်တောက်ပြီးသည့်နောက် ဘုန်းကြီးဝူကျစ်က အစီအရင်ဆီ ဦးညွှတ်လိုက်ပြီး ပြန်လည်ကျင့်ကြံလိုက်၏။
…………………………………
ရှစ်ရို့လန်၏ စံအိမ်
သူမက အပြင်ဘက်ရှိ တစ်စုံတစ်ယောက်အတွက် တံခါးကို ဖွင့်ပေးလိုက်သည်။
“ ဒီနေ့ ဧည့်သည် လက်ခံရလိမ့်မယ်လို့ ထင်မထားမိဘူး”
“ နောက်ကျမှ နှောင့်ယှက်ရတဲ့အတွက် အားနာပါတယ်”
“ ပြဿနာ မရှိပါဘူး။ အထဲဝင်ခဲ့ပါ။ ဒါနဲ့ မိန်းကလေး ရှုရှစ် ဟုတ်တယ်မလား”
“ ဟုတ်ပါတယ်”
ရှစ်ရို့လန်က သူမအား ဧည့်ခန်းဆီ ခေါ်သွားပြီးနောက် သူမ၏ အစေခံအား အဖန်ရည်တချို့ပြင်ဆင်ခိုင်းလိုက်သည်။
“ အဲဒါဆို ဒီတစ်ခေါက် ဘာကြောင့်များ လာတွေ့တာလဲ”
“ ကျွန်မ တစ်စုံတစ်ခုကို သိချင်ပြီးတော့ ရှင့်ကို မေးတာက အောင်မြင်နိုင်ချေ အမြင့်ဆုံးဆိုတာကို သိလို့ပါ”
“ အိုး ကျွန်မက ဘာကြောင့် ကူညီပေးရမှာလဲ” ရှစ်ရို့လန်က အပြုံးလေးဖြင့် မေးလိုက်သည်
“ ရှင် မေးချင်တာ မေးလို့ရပါတယ်”
“ ဘာမဆိုလား”
“ ဟုတ်ပါတယ်”
“ ကြံမိကြံရာလုပ်တာက ဆုံးဖြတ်ချက်ကို ဝေဝါးစေတဲ့ပုံပဲ” ရှစ်ရို့လန်က မှတ်ချက်ပေးလိုက်သည် “ ကောင်းပြီ။ ဘာကိုသိချင်တာလဲ”
“ သူတို့ရဲ့ တည်ရှိမှု ထိခိုက်သွားတဲ့ တစ်ယောက်ယောက်ကို ဘယ်လိုအသက်ပြန်သွင်းရမလဲဆိုတာကို သိချင်တယ်”
“ အဲဒီလူက သေမျိုးတစ်ယောက်အနေနဲ့ သေသွားတာလား”
“ အဲဒါက ပြဿနာရှိလို့လား”
“ ဒါပေါ့”
“ ဟုတ်ပါတယ်”
ရှစ်ရို့လန်က ခေတ္တမျှ တွေးလိုက်ပြီးသည့်နောက်တွင် “ တည်ရှိမှုဒဏ်ရာက ဧကရာဇ်တွေအတွက်တောင် ပြင်းထန်တယ်။ ဒါပေမဲ့ ထာဝရဧကရာဇ်အများစုက သူတို့ရဲ့ တည်ရှိမှုဒဏ်ရာကို သူတို့ဘာသာသူတို့ ကုသနိုင်တယ်။
ပါရမီကောင်းသူ တချို့က သူတို့ဘာသာကုသနိုင်ပြီးတော့ အရမ်းကို ပါရမီထူးချွန်သူက သူတို့ရဲ့ တည်ရှိမှု ပြန်လည်တည်ဆောက်ခြင်းကို အသုံးပြုနိုင်တယ်။ သူတို့တွေ လူတစ်ယောက်ရဲ့ တည်ရှိမှုကို လက်တွေ့ကနေ ဖြတ်တောက်ခံရပြီးတဲ့နောက်မှာ ပြန်လည်ဖန်တီးပြီး အသက်သွင်းကြတယ်။ ဒါပေမဲ့ အဲ့လိုပါရမီမျိုးက…”
ရှစ်ရို့လန်က အုပ်ချုပ်သူ ၇ယောက်ကိုပင် ထိတ်လန့်အောင် လုပ်နိုင်သည့် ပြိုင်ဘက်ကင်းဧကရီတစ်ယောက်ကို ရုတ်ချည်း အမှတ်ရသွားသည်။
သူမသာဆိုရင် ဒီလိုလုပ်ဆောင်နိုင်လောက်တယ်…
“ ရှင် အသက်ပြန်သွင်းချင်တဲ့သူက သူတို့ရဲ့ တည်ရှိမှုကို ကုသဖို့လိုတယ်။ ဒါပေမဲ့ တာအိုသက်သေပြတဲ့အချိန်မှာ သေတာကြာပြီဆိုရင် တည်ရှိမှု ပြန်လည်တည်ဆောက်နိုင်စွမ်းကို လိုအပ်တယ်”
“ ကျွန်မ သိပြီ” ရှုရှစ်က ပြန်ဖြေလိုက်သည်။ သူမက အတွေးနက်နေမိ၏။ သူမက ဤမျိုးဆက်တွင် တာအိုကို သက်သေပြရုံမှအပ ရွေးချယ်စရာ မရှိကြောင်း သိလိုက်သည်။ အကြောင်းမှာ သူမက အချိန်ကြာကြာယူလေလေ သူမ၏ ယောက်ျားကို အသက်ပြန်သွင်းနိုင်သည့် အခွင့်အရေးက နည်းပါးလာလေလေ ဖြစ်၏။
ထို့အပြင် သူမက ထာဝရဧကရာဇ် ဖြစ်ရမည်။
“ အခု ဈေးစကား ပြောရအောင်” ရှစ်ရို့လန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
………………………………..
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ နဂါးသိုက်
လှပကာ မြင့်မြတ်သည့် ခရမ်းရောင်ကြေးခွံရှိထားသော နဂါးတစ်ကောင်က ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာသည်။
ငါ ဒီကိစ္စတွေကို ခေါင်းဆောင်ဆီ တင်ပြရမှာလား…
အောင်းကျင်းက ထိုသို့ မလုပ်ချင်ပေ။ သို့သော် သူ့တွင် ရွေးချယ်စရာ မရှိကြောင်း သိထားလေသည်။ လက်ရှိခေတ်ကာလက အမှန်တကယ် ဆိုးရွားလွန်းလှ၏။ မည်သည့်လမ်းစဉ်ကမှ အဆင့်(၁၂) ကျင့်ကြံသူကို တည်ရှိခွင့် ပြုမထားဘဲ သူတို့ကို ကောင်းကင်ဘုံအဆင့်သာ အချိန်အကြာကြီးနေအောင် အတင်းအကြပ် ဖိအားပေးထားသည်။
ထို့အပြင် သူက နဂါးမျိုးနွယ်၏ အခြေအနေနှင့် ပတ်သက်ပြီး မပျော်ရွှင်ပေ။ ရှေးဟောင်းခေတ်ကာလတုန်းက နဂါးမျိုးနွယ်စုများစွာ ရှိခဲ့ဖူးသည်။ နဂါးပြာ နဂါးမျိုးနွယ်၊ ကမ္ဘာဦး နဂါးမျိုးနွယ်၊ မိစ္ဆာ နဂါးမျိုးနွယ် အစရှိသဖြင့် များစွာရှိလေသည်။ နဂါးမျိုးနွယ်များက သီးသန့်ရှိကြသော်လည်း စည်းလုံးကြပြီး မျိုးနွယ်တစ်ခုချင်းစီက သူတို့၏ ကိုယ်ပိုင် အုပ်ချုပ်လုပ်ပိုင်ခွင့် ရှိကြသည်။
သို့သော် ယခုတွင် နဂါးအားလုံးက သွေးနဂါးဖြစ်သည့် ခေါင်းဆောင်ကို နာခံရ၏။ အကယ်၍ တစ်ယောက်ယောက်က သူ့အား မနာခံပါက သူတို့သည် သုတ်သင်ခံရလိမ့်မည်။
အောင်းကျင်းအနေဖြင့် လက်ရှိခေတ်ကာလကို မကြိုက်သည်မှာ ဤအကြောင်းအရင်း တစ်ချက်တည်းကြောင့် မဟုတ်ပေ။ သူက ရွှေရောင်ခေတ်ကာလအဆုံးသတ်ခါနီးတွင် မွေးဖွားလာခဲ့သောကြောင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် မည်မျှကြွယ်ဝချမ်းသာခဲ့ကြောင်း အမှတ်ရနေသည်။
သို့သော် ယခုတွင် အုပ်ချုပ်သူ ၇ယောက်က တာအိုဧကရာဇ်အစား ကောင်းကင်အလိုဆန္ဒဧကရာဇ်ကို အားပေးနေကြသောကြောင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် အင်အားအရ သိသိသာသာ အားနည်းလာ၏။
အကယ်၍ အန္တိမအုပ်ချုပ်သူ နှစ်ယောက်ကြောင့်သာ မဟုတ်လျှင် ကမ္ဘာက နယ်ခြားအင်အားစု၏ ကျုးကျော်မှုကို ခံရသည်မှာ ကြာမြင့်လောက်လေပြီ။
ထိုကိစ္စများကို စဉ်းစားပြီးသည့်နောက်တွင် အောင်းကျင်းက ခေါင်းအသာယမ်းလိုက်ပြီးသည့်နောက် ခေါင်းဆောင်ဆီ တင်ပြဖို့ ထွက်သွားလိုက်၏။ သူက သူ ရရှိထားသည့် သတင်းအချက်အလက်ကို ထိန်ချိန်ထားလိုသည့် အတွေးမျိုးကို ဖယ်ရှားလိုက်သည်။ သူက စံပြတစ်ယောက်ကို မလိမ်ညာရဲပေ။
***