ဘိုးဘေးများ
Vol. 42 Ch. 577
“ ရှင်နဲ့ အပေးအယူ လာလုပ်တာ” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။
“ ပြောကြည့်လေ”
“ ရှင့်ရဲ့ အရင်းအမြစ်သွေးကို လိုချင်တယ်”
ထို့နောက် ချင်းချင်းဆိုသလို အောင်းထျန်းယီ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသည်။ နဂါးမျိုးနွယ်အားလုံးက သူတို့၏ အရင်းအမြစ်သွေးနှင့် ပတ်သက်ပြီး အကဲဆတ်ကြသည်မှာ သူတို့နဂါးသွေးမျိုးဆက်က အတော်လေး အဖိုးတန်နေ၍ ဖြစ်သည်။ သို့သော်လည်း သူက အလျင်အမြန် တည်ငြိမ်သွား၏။
“ ပင်ကိုတုံ့ပြန်မှုပါ” အောင်းထျန်းယီက ပုံမှန်အတိုင်း ရှင်းပြလိုက်သည် “ အစစ်အမှန်နဂါးရဲ့ နဂါးသွေးမျိုးဆက်က ဘယ်လောက်အဖိုးတန်လဲဆိုတာကို သိသားပဲ။ ဘာနဲ့ လဲလှယ်ချင်တာလဲ”
“ ရှင့်တန်ကြေးကိုသာ ပြောလိုက်ပါ”
“ မင်းက ငါ့အမျိုးသမီးဖြစ်လာလေ” အောင်းထျန်းယီက ရမ္မက်အရိပ်အယောင်စွက်သည့် အပြုံးဖြင့် ပြောလိုက်သည်။
“ တကယ်လို့ ရှင် မလဲချင်ဘူးဆိုလည်း ကျွန်မ ထွက်သွားမယ်”
“ အဲဒီတုံ့ပြန်မှုက ဘာလဲ။ မင်းက ငါ့အမျိုးသမီး ဖြစ်လာဖို့ ဂုဏ်တောင် ဂုဏ်ယူရဦးမယ်”
“ ဂုဏ်ယူရမယ်တဲ့လား” ဟို့ဖုန်းဟွမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ ရှင်တို့လို ပင်ကိုသက်ရှိတွေက ဘယ်လောက်တောင်မောက်မာလဲဆိုတာ အကြောင်းကို ဖတ်ဖူးတယ်။ ဒါပေမဲ့ ကျမ်းတွေထဲမှာ ဖော်ပြထားတာထက် ဆိုးရွားနေမယ်လို့ ထင်မထားမိဘူး”
“ ပင်ကိုသက်ရှိတဲ့လား။ ငါ့ရဲ့ မြင့်မြတ်တဲ့ သွေးမျိုးဆက်ကို ဒီလိုအဆင့်နိမ့်တာတွေနဲ့ နှိုင်းယှဉ်ရဲတယ်လား”
“ အဲဒါ ကွာခြားချက် ရှိလို့လား။ အဆုံးသတ်မှာ ကမ္ဘာကြီးကို ဟော်သဲ့သက်ရှိတွေက အုပ်စိုးနေတာပဲ။ ရှင်တို့က ဘယ်လောက်ပဲ မာနကြီးကြီး ရှင်တို့ရဲ့ သွေးမျိုးဆက်က ဘယ်လောက်ပဲ အကျိုးအမြတ်ရှိရှိ ဟော်သဲ့သက်ရှိက ဒီကမ္ဘာကို အုပ်စိုးနေတဲ့အချက်က ပြောင်းလဲမသွားဘူး။ ကျွန်မ ဘိုးဘေးအများစုက ဒိုင်မေးရှင်းအမြင့်မှာ ရှင်တို့မျိုးနွယ်တွေကို အမဲလိုက်ခဲ့မယ်ဆိုတာလည်း သေချာတယ်”
အောင်းထျန်းယီက သူမစကားသည် အမှန်ဖြစ်နေသည့်အတွက် မျက်လုံးများက အနီရောင် သန်းလာသည်။ အမှန်တရားက မိုးမြေမှ ပေါက်ဖွားလာသည့် မျိုးနွယ်အားလုံးအတွက် ပြဿနာ ဖြစ်၏။ သူတို့က တည်ရှိမှုထဲ ပထမဆုံးသက်ရှိ ဖြစ်သည်က အရေးမကြီးသလို မြင့်မြတ်စွာမွေးဖွားပြီး ပိုမိုအားကောင်းသည်ကလည်း အရေးမကြီးပေ။ ယခုတွင် သူတို့က ကမ္ဘာ၏ အုပ်ချုပ်သူ မဟုတ်တော့ပေ။
အောင်းထျန်းယီက သူ့ရှေ့မှသူကို ခုန်အုပ်ချင်သော်လည်း သူ့အဖေစကားနှင့် သူ ဘယ်နေရာတွင် ရောက်နေသည့်အကြောင်းကို အမှတ်ရသည့်အခါ အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင် ထိန်းလိုက်သည်။
ထိုစဉ် ဟို့ဖုန်းဟွမ်က သက်ပြင်းချလိုက်၏။ သူမက မျှမျှတတ ညှိနှိုင်းဖို့အတွက် တစ်ဖက်လူကို အကဲဖြတ်ဖို့ လိုအပ်ပေသည်။ ညနေခင်းတုန်းက ဝမ်ဝေ့နှင့် စကားဝိုင်းအတွင်း သူတို့၏ ရှေးဟောင်းမျိုးနွယ်သည် ဒိုင်မေးရှင်းအမြင့်တွင် နောက်ခံတချို့ရှိထားသေးကြောင်း သိလိုက်သည်။ ထိုအရာက ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်၊ ဝမ်မျိုးနွယ်၏ ဘိုးဘေး ဖြစ်နေသည်။
အောင်းထျန်းယီ၏ တုံ့ပြန်မှုအရ သူမ၏ ကောက်ချက်ချမှုက မှန်ကန်နေခဲ့၏။ သူမက ဤညှိနှိုင်းမှုအတွက် မှန်ကန်သည့် နည်းဗျူဟာကို ပြုလုပ်ခဲ့သည်။
“ ဒီဟာကို အလေးအနက်ထားဖို့ မျှော်လင့်တယ်။ တကယ်လို့ ရှင် မလဲချင်ဘူးဆိုရင် ကျွန်မလည်း အချိန်ဖြုန်းမနေတော့ဘူး”
“ ကောင်းပြီ” အောင်းထျန်းယီက စိတ်ငြိမ်အောင် ထိန်းကာ ပြောလိုက်၏။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက ထပ်ပြောလိုက်သည် “ ငါ သဘောတူတယ်။ ဒါပေမဲ့ ငါ့ရဲ့တောင်းဆိုချက်တွေ ရှိတယ်။ ပထမဦးဆုံး အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကောင်းကင်ရွေးချယ်ခံတွေနဲ့ ဒီစစ်ဆေးမှုရဲ့ ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ သတင်းအချက်အလက်ကို လိုချင်တယ်။ ငါက အသေးစိတ်ကို လိုချင်တာ။ သူတို့ရဲ့ အကြိုက်ဆုံးအစားအစာက အစပေါ့”
ဟို့ဖုန်းဟွမ်က မျက်မှောင်ကြုတ်လိုက်သော်လည်း ခေါင်းညိတ်လိုက်သည်။
“ဒုတိယအချက်က ငါက ကတိစကားတစ်ခုကို လိုချင်တယ်”
“ ဘယ်လိုကတိမျိုးလဲ။ ရှင် အသေအချာမပြောဘူးဆိုရင် ကျွန်မက သဘောမတူနိုင်ဘူး” သူမက ထပ်ပြောလိုက်သည်။ အောင်းထျန်းယီက ချက်ချင်းမဖြေသေးဘဲ ကြေးမုံတစ်ချပ်ကို ထုတ်လိုက်၍ ဟို့ဖုန်းဟွမ်က အလန့်တကြားဖြစ်သွားသည်။
“ စိုးရိမ်နေဖို့ မလိုဘူး။ ဒါက ငါတို့စကားဝိုင်းကို ဘယ်သူမှ သတိမထားမိအောင် လုပ်လိုက်တာပဲ”
ထို့နောက် သူက ကြေးမုံကို အသက်သွင်းကာ အခန်းအား ပိတ်ဆို့လိုက်ပြီး ပြင်ပအင်အားစုမှ ချောင်းကြည့်ခြင်းကို ကာကွယ်လိုက်သည်။ ဟို့ဖုန်းဟွမ်က သတိကြီးကြီး ထားထားကာ သူမ၏ တာအိုကာကွယ်သူကို အချိန်မရွေးခေါ်ဖို့ရာ အဆင်သင့်ဖြစ်နေသည်။
“ တကယ်လို့ မင်းတာအိုကို သက်သေပြနိုင်ရင် မင်းကို ငြိမ်သက်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်စေချင်တယ်” အောင်းထျန်းယီက ပြောလိုက်သည်။
“ ရှင်က ဘာကို ပြောချင်တာလဲ”
“ အရှင်းဆုံးပြောရရင် မင်းကို ဧကရာဇ်တစ်ယောက်အနေနဲ့ ဘာမှမလုပ်ဆောင်စေချင်ဘူး။ မင်းက ကံကြွေးကို ပြန်လည်ပေးဆပ်ဖို့ တာအိုကို ဟောပြောပို့ချလို့ရတယ်။ ဒါပေမဲ့ ကမ္ဘာကြီးအတွက် ဘာမှထပ်မလုပ်ပေးနဲ့။
မတက်လှမ်းခင် ဒိုင်မေးရှင်းအနိမ့်မှာ တတ်နိုင်သမျှ ကြာကြာနေနိုင်တယ်။ အဲဒီအချိန်အတွင်းမှာ မင်းလုပ်ဖို့ လိုတာက အသင်္ချေအင်ပါယာကမ္ဘာမှာ ဘာမှမဖြစ်ပျက်လာအောင် လုပ်ဖို့ပဲ”
“ ကျွန်မ အဲ့ဒါမလုပ်နိုင်ဘူး” သူမက ချက်ချင်းပြန်ဖြေလိုက်သည်။
“ ဘာလို့လဲ။ ဒါက တရားမျှတတယ်လို့ ထင်တယ်”
“ ကျွန်မက ကျွန်မမျိုးနွယ်ကို စည်ပင်ဝပြောတဲ့ အချိန်ကာလမှာ အသက်ပြန်သွင်းပေးမဲ့ မျှော်လင့်ချက်ကို ကိုင်ဆောင်ထားတာ ရှင့်ရဲ့တောင်းဆိုချက်တွေက ကျွန်မရဲ့ ကျင့်ကြံရေး ရည်မှန်းချက်ကို ဆန့်ကျင်နေတယ်”
“ အဲဒါဆိုလည်း အပေးအယူ မရှိဘူးပေါ့”
“ ကောင်းပြီ” ဟို့ဖုန်းဟွမ်က ပြောလိုက်သည်။
“ ငါ့အိမ်ကို ရောက်လာပြီးတဲ့နောက်မှာ အလွယ်တကူ ထွက်သွားလို့ရမယ်များ ထင်နေလား” အောင်းထျန်းယီက ထရပ်လိုက်သည်။
“ ကျွန်မ ဒီကို ဘာမှမပြင်ဆင်ဘဲ ရောက်လာမယ်လို့ ထင်နေရင် ရှင်က ဒီနေ့ မိတ်ဆက်တဲ့အထဲမှာ အရူးဆုံး ဖြစ်သွားလိမ့်မယ်”
အောင်းထျန်းယီက လက်သီးဆုပ်ပြီး သူမအား စိုက်ကြည့်လိုက်သည်။ သို့သော် သူမ၏ ယုံကြည်မှုကို မြင်တွေ့ပြီး သူ့အဖေ၏ စကားများကို ပြန်လည်စဉ်းစားပြီးသည့်နောက် ဤတာဝန်ကို အောင်မြင်ဖို့သာ အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူမအား ထွက်ခွင့်ပေးလိုက်၏။
ဟို့ဖုန်းဟွမ်က စံအိမ်မှ ထွက်လာပြီးသည့်နောက်တွင် နောက်ပြန်ကြည့်လိုက်သည်။
ကြည့်ရတာ ဒီပါရီရှင်တွေက အသင်္ချေအင်ပါယာကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဝင်ရောက်စွက်ဖက်ချင်တဲ့ပုံပဲ…
စက္ကန့်ပိုင်းကြာ ကြည့်ပြီးသည့်နောက်တွင် သူမက အိမ်ဆီ ပျံသန်းသွားလိုက်သည်။ သူမက ကမ္ဘာဦးနဂါး၏ သွေးကို လိုချင်ပြီး ထိုအရာကို ရရှိဖို့ သူ့အား ရန်စနိုင်သည်။ သူမက အကျိုးဆက်ကို ဂရုမစိုက်ပေ။ အကြောင်းအရင်းမှာ ထိုအရာက သူမ တာအိုကို သက်သေပြဖို့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်နိုင်၍ ဖြစ်သည်။
…………
အသင်္ချေအင်ပါယာကမ္ဘာ၊ တာအိုအခွင့်အလမ်းဂိုဏ်း
ဝမ်ဝေ့က ကုရွှမ်၏ ဘဝအကြောင်းကို ဖတ်ရှုနေသည်။ သူက အလယ်အလတ်ခေတ်ကာလတွင် နေထိုင်ခဲ့သူ ဖြစ်၏။ မှတ်တမ်းများအရ သူ့ကို ဖော်ညွှန်းထားသည်မှာ သေခြင်းတရားကို ကြောက်ရွံ့ပြီး မသေမျိုး ဖြစ်လာချင်သည့် ဉာဏ်များသော သူဟုသာ ဖြစ်၏။
ကောင်းကင်အလိုဆန္ဒတိုက်ပွဲတွင် ကျရှုံးပြီးသည့်နောက် သူက ကောင်းကင်လှည့်ဖျားရေး အသက်ရှည်ကျမ်းကို ဖန်တီးခဲ့သည်။ မှတ်တမ်းများအရ ကုရွှမ်သည် ထိုကျမ်းအား ဧကရာဇ်တစ်ယောက်နှင့် တာအိုမျိုးစေ့အတွက် မလဲလှယ်ခင် နှစ်သန်းတစ်ရာအထိ နေထိုင်သွားခဲ့သည်။
ထို့နောက် သူက ဒိုင်မေးရှင်းအမြင့်ကို တက်လှမ်းသွားသလိုမျိုး ပျောက်ကွယ်သွား၏။
ဝမ်ဝေ့က သူ့တွင်ရှိထားသည့် သတင်းအချက်အလက်များကို သုံးသပ်စဉ် ဝမ်ဝူချန်းဆီမှ ဆက်သွယ်ရေးအဆောင်တစ်ခုကို ရုတ်ချည်း ရရှိလိုက်သည်။ ထို့နောက် သူက ဂိုဏ်းချုပ်အမှတ်အသားပြားကို အသုံးပြုကာ ဝမ်ဝူချန် စောင့်ဆိုင်းနေသည့် လျှို့ဝှက်နယ်မြေသို့ ကူးသန်းလာလိုက်သည်။
သူပေါ်ထွက်လာသည်နှင့် ဝမ်ဝူချန်က သူ့အား နောက်ထပ် အမှတ်အသားပြားတစ်ခု ထုတ်ပေးလာသည်။
“ ဒါက မင်းကို ဂိုဏ်းရဲ့ သီးသန့်နေရာတစ်ခုဆီ ခေါ်ဆောင်သွားလိမ့်မယ်”
“ ဘိုးဘေး ဘာဖြစ်လို့လဲ”
“ မင်းက ဧကရာဇ်တစ်ပိုင်းအဆင့်ရောက်မှ အဲဒီစစ်ဆေးမှုကို ခံယူဖို့ လုပ်ထားတာ။ ဒါပေမဲ့ အခု အခြေအနေတွေက ပြောင်းသွားပြီ”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
“ လေးလေးစားစားရှိဖို့ မှတ်ထားဦး” ဝမ်ဝူချန်က ပြောပြီးသည့်နောက် ပျောက်ကွယ်သွားသည်။ ဝမ်ဝေ့က သူ့လက်ထဲရှိ အမှတ်အသားပြားကို ကြည့်လိုက်ပြီးနောက် အသက်သွင်းလိုက်သည်။ သူက ရေကန်ကြီးတစ်ခုရှိနေသည့် ဧရာမနေရာကျယ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။
ရေကန်ရှေ့တွင် တစ္ဆေပုံရိပ် ကိုးယောက်ရှိနေပြီး ၃ယောက်က အလယ်တွင်ဖြစ်ကာ နောက်တွင် ၆ယောက် ပါရှိသည်။
ပထမတစ္ဆေပုံရိပ်က ငယ်ရွယ်ကာ ခန့်ညားပြီး ဆံပင်အနက်ရောင်နှင့် တောက်ပသည့် မျက်ဝန်းမျိုး ရှိသည်။ သူက ညင်သာကာ စိတ်သက်သာရာရစေသည့် အပြုံးမျိုး ရှိ၏။
သူ့ညာဘက်တွင် ရှိသူက မေးစေ့တွင် မှဲ့ရှိသည့် မိန်းမလှတစ်ဦးဖြစ်ပြီး အကြည့်များက ဓားထက်ပင် ထက်ရှနေသည်။
ဝမ်ဝေ့က ဘယ်ဖက်ကလူသည် တိုက်ပွဲမျှော်စင်ထဲတွင် မြင်ခဲ့သည့်သူဖြစ်ကြောင်း အမှတ်ရလိုက်သည်။ သူက ထိုသတ်ဖြတ်ငွေ့ကို အမှတ်ရနေစဉ် ဖြစ်၏။ ထို့နောက် သူက နောက်မှ လူများအား ကြည့်လိုက်သည်။
အလယ်တွင် ညာဘက်ဆုံးတွင် လူလတ်အရွယ် အမျိုးသား ရှိ၏။ သူက ကြည်လင်ထိုးဖောက်လုမတတ် တစ္ဆေပုံရိပ် ဖြစ်နေသော်လည်း ကြွက်သားများက ထင်ရှားနေသည်။ ထိုကြွက်သားနှင့် လူ၏ ဘေးတွင် လိပ်ခွံကို ဝတ်ဆင်ထားသည့် လူလတ်အရွယ် အမျိုးသားတစ်ဦး ရှိနေသည်။
ဝမ်ဝေ့က ထိုလူ၏ အဝတ်အစားအမြင်ကိုတော့ ဘာမှမပြောချင်ပေ။
ထိုသူ၏ ဘေးတွင် ဆံပင်အဖြူရောင် အရှည်နှင့် မုတ်ဆိတ်ရှိကာ အနီရောင် ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်ရှိ၏။ ဝမ်ဝေ့က သူ့ဆီမှ ဆေးနံ့ကို ခံစားမိနေသည်။
စတုတ္ထမြောက်သူကား ရွှေရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦး ဖြစ်ကာ သူ့မျက်နှာအထက် သမာသမတ်ကျမှုကို မြင်တွေ့နိုင်သည်။ ၅ယောက်မြောက်လူက သာမန်ပုံစံရှိသည့် လူငယ်လေးတစ်ဦး ဖြစ်၏။ သူ့ကို ဖော်ပြနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သာမန်ဖြစ်လွန်းနေခြင်း ဖြစ်သည်။ သူက လူအုပ်ကြားရှိလျှင် မေ့ပျောက်သွားနိုင်သည့် မျက်နှာထားမျိုးကို ပိုင်ဆိုင်ထား၏။
နောက်ဆုံးတွင် ၆ယောက်မြောက်က အသက်ဝင်ကာ သက်တံရောင်စုံ မျက်ဝန်းရှိသည့် မိန်းမငယ်တစ်ဦး ဖြစ်သည်။
ဝမ်ဝေ့က ကလေးဘဝတွင် ဘိုးဘေးဝတ်ပြုရေး အခမ်းအနားများတွင် ပါဝင်ဆင်နွှဲဖူးသည့်အတွက် ထိုလူများကို ချက်ချင်းမှတ်မိလိုက်သည်။ ထို့ကြောင့် သူက ဦးညွှတ်ကာ ပြောလိုက်၏။
“ ဂိုဏ်းချုပ်ဝမ်ဝေ့က ဘိုးဘေးတွေကို ဂါရဝပြုပါတယ်”
“ လောကဝတ်တွေ လုပ်ဖို့မလိုဘူး” ချီယွမ်က ဝမ်ဝေ့ရှေ့တွင် ရောက်လာကာ ပြောလိုက်၏။ သူက ကြည့်လိုက်သည်။
“ နဝမအဆုံးစွန်အုတ်မြစ်လား။ အဆင့်(၄) တဲ့လား။ တကယ်ကို ငါ့မျိုးဆက်ပဲ”
“ တကယ်လို့ ပြီးပြည့်စုံတဲ့အဆင့်နဲ့ အုတ်မြစ်ဆိုရင် ပိုပြီးတော့တောင် ကောင်းသွားမှာ” ဓားဧကရီက ဝင်ပြောလိုက်သည်။
“ သမာသမတ် မကျတဲ့နည်းလမ်းနဲ့ ဒီလိုအောင်မြင်မှုမျိုး ရထားတာက သူ့ပါရမီရဲ့ သက်သေပဲ” တိုက်ပွဲရူးက ဝင်ပြောလိုက်သည်။
“ ငါ့တွက်ချက်မှုအရ သူက ပြီးပြည့်စုံမှုကို ရောက်ရှိမဲ့နည်းလမ်းကို တွေ့ဖို့ ၉၉ရာခိုင်နှုန်း သေချာတယ်” အထွေထွေသောင်းပြောင်း ဧကရာဇ်က ပြောလိုက်သည်။
“ လိုအပ်နေတဲ့ တစ်ရာခိုင်နှုန်းကရော” သက်တံဧကရီက ဝင်မေးလိုက်၏။
“ သူက ကံကြမ္မာမဲ့လေ။ သေမျိုးတစ်ယောက်အနေနဲ့တောင် ဖြစ်နိုင်ချေရှိတဲ့ သွေဖယ်မှုမျိုးကို ထည့်စဉ်းစားရမယ်”
“ အဲဒါက အဓိပ္ပာယ်ရှိသား”
“ မင်းရဲ့ အကြောင်းတွေ အများကြီး ကြားဖူးတယ်” ဧကရာဇ်ချီယွမ်က စကားလမ်းကြောင်း လွှဲလိုက်သည် “ မင်းက ငါ့ရဲ့ တီထွင်ဖန်တီးဉာဏ်ကို အမွေဆက်ခံထားတာ ဝမ်းသာတယ်”
သူ့အကြည့်များက တောက်ပလာသည်။
“ မင်းက ငါတို့ပိုင်နက်ထဲက သေမျိုးတွေကို ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်အောင် လုပ်တာကိုလည်း မြင်ခဲ့တယ်။ မင်းရဲ့ ယာဉ်အသုံးပြုမှုတွေ၊ ပညာရေးနဲ့ ဗဟုသုတအပေါ် အတွေးအမြင်တွေနဲ့ သေမျိုးလူမှုအဖွဲ့အစည်းအပေါ် တိုးတက်အောင် လုပ်တာတွေက တကယ်ကို အံ့ဩစရာပဲ။ မင်းရဲ့ အတွေးအခေါ်တွေကို ကမ္ဘာတစ်လျှောက် ဖြန့်ဝေတာကို မစောင့်နိုင်တော့ဘူး”
“ ဘိုးဘေးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”
“ ငါ မေးချင်တဲ့ မေးခွန်းတချို့ ရှိတယ်။”
“ အစ်ကိုချီရှန်း .. ကျုပ်တို့ အချိန်ဖြုန်းလို့ မရဘူး” တိုက်ပွဲရူးက ဝင်ပြောလိုက်သည်။
“ ဟုတ်တယ်။ ကျွန်မတို့ရဲ့ တည်ရှိမှုက အခြေအနေကို ပိုဆိုးရွားသွားစေနိုင်တယ်” ဓားဧကရီက ဝင်ပြောလိုက်သည် “ ကျွန်မတို့ လာတဲ့ကိစ္စကိုပဲ လုပ်ပြီး ပြန်ကြတာပေါ့”
“ ကောင်းပြီ” ဧကရာဇ်ချီယွမ်က ဝမ်းနည်းသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ဝမ်ဝေ့အား အလေးအနက်ကြည့်ကာ ပြောလိုက်၏ “ ငါတို့အားလုံးက မင်းကို တာအိုအကြောင်း ဟောပြောပို့ချပြီးတော့ အဆင့်တစ်ကနေ အဆင့်၁၂ကျင့်ကြံရေး အသေးစိတ်ကို ရှင်းပြပေးမယ်။”
ဝမ်ဝေ့က ထိုအရာကို ကြားပြီးသည့်နောက်တွင် အကြည့်များက တောက်ပသွား၏။ ထိုဖြစ်စဉ်အတွင်း စည်းမျဉ်းနှင့် တာအိုအပေါ် နားလည်နိုင်စွမ်းက နောက်တစ်ဆင့် ရောက်ရှိသွားမည်သာမက သူသည် ကောင်းကင်ဘုံအဆင့်နှင့် စံပြအဆင့် ချိုးဖောက်တက်လှမ်းမည့် နည်းလမ်းကို ရှာဖွေဖို့ စိုးရိမ်စရာ မလိုတော့ကြောင်း နားလည်လိုက်သည်။
“ ဘိုးဘေးတို့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”
“ စလိုက်ကြရအောင်” ဧကရာဇ်ချီယွမ်က အပြုံးလေးဖြင့် ပြောလိုက်သည်။
***