အခွင့်အရေး တစ်ခု
Vol. 35 Ch. 482
“လျန်ရှီး ... အဲဒီဆေးလုံးဘုရင်က ဘယ်မှာလဲ” ဝမ်ဟို့က အလွန် စိတ်လှုပ်ရှားနေသည့် အတွက် သူ့အသံပင် တုန်ယင်နေသည်။
သူက သူ့သမီးဖြစ်သူမှာ ဆေးလုံးဘုရင်ကို ရှာတွေ့မည့်သူ ဖြစ်လိမ့်မည်ဟု မတွေးကြည့်ဖူးပေ။ သူမက ထိုသူ့ကို ဆေးတစ်သုတ်ပင် ဖော်စပ်ခိုင်းခဲ့သေးသည်။
“ဆေးလုံးဘုရင်လား ...” ဝမ်လျန်ရှီးက သူမဖခင်ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီးနောက် ခေါင်းခါကာ …
“ဖေဖေ သူက ဆေးလုံးဘုရင် မဟုတ်ပါဘူး။ ဒီအတိုင်း သနားဖို့ကောင်းတဲ့သူ တစ်ယောက်ပါ။ အဲဒီအချိန်တုန်းက သူဆက်ရှင်နိုင်အောင်လို့ သူ့ကိုယ်သူ ဆေးလုံးဆရာဆိုပြီး ညာခဲ့တာ ...
သမီးက သူ့ကို ယုံပြီးတော့ ကူညီပေးခဲ့မိသေးတယ်။ အဲဒီနောက်ကျ သူက ဆေးမဖော်စပ်တာ အရမ်းကြားနေလို့ အဆင့်ကျနေလောက်ပြီ ဆိုပြီး ပြောခဲ့သေးတယ်။ ပြီးတော့ သမီးကို နှစ်လိမ့်တစ်ပတ် ရိုက်ပြီးတော့ သူ့အဆင့် ပြန်ရလာအောင်ဆိုပြီး ဆေးပင်တွေနဲ့ အင်မော်တယ်ဆေးပင် တချို့တောင် တောင်းသေးတယ်။
တစ်ရက်လုံး ကြာသွားပေမဲ့ သူက ဆေးတစ်သုတ်တောင် အောင်မြင်အောင် မဖော်စပ်နိုင်ပါဘူး ”
“သူက အခု ဘယ်မှာလဲ” ဤတစ်ကြိမ် စိုးရိမ်တကြီး ဝင်မေးလိုက်သူမှာ တန်လျန့်ဖြစ်၏။ သူက ဆေးပညာ၌ အတွေ့အကြုံရှိ၍ အဘယ်ကြောင့် ဆေးတစ်သုတ် ထွက်မလာလဲ ဆိုသည့် အကြောင်းအရင်းကို သိပေသည်။ အကြောင်းမှာ ထိုသူက ဆေးလုံးဖော်စပ်နေ၍ မဟုတ်ဘဲ ဆေးပင်များသာ သန့်စင်နေသောကြောင့် ဖြစ်၏။
“နောက်ကျ သူ့ကို ထားပစ်ခဲ့လိုက်တာ။ သမီး ထွက်မလာခင် ချမ်ရှန်းကို သူ့ဆီ ပေးထားတဲ့ သိုလှောင်လက်စွပ်ကို ပြန်ယူခိုင်းလိုက်တာ ...” ဝမ်လျန်ရှီးက ပြန်ဖြေပြီးနောက် သူမက နားမလည်နိုင်ဆဲ ဖြစ်နေသည်။
ဆေးတစ်သုတ်တောင် အောင်မြင်အောင် မဖော်စပ်နိုင်သည့် ဆေးလုံးဆရာကို အဘယ်ကြောင့် စိတ်ဝင်စားနေကြသနည်း။
“နင် ...” တန်လျန့် က ဝမ်လျန်ရှီးကို ဆူလိုက်ချင်သော်လည်း ဝမ်လျန်ရှီးကို ဆူပူဖို့ရာက သူ့နေရာ မဟုတ်ကြောင်း ချက်ချင်း အသိဝင်သွားလေ၏။ သူက လေသံကို ပြောင်းကာ …
“တူမလေး လျန်ရှီး ... သူ့ကို မြန်မြန် ပြန်ခေါ်ဖို့ လုပ်ပါဦး။ ဒီလူရဲ့ ဆေးပညာအပေါ် အသိက တော်ရုံ မဟုတ်ဘူး။
တကယ်လို့ သူ့ကို ပြန်ခေါ်နိုင်မယ်ဆိုရင် နောက်ဆယ်နှစ်နေရင် ကျင်းပမဲ့ ယုံရင်အင်မော်တယ် နယ်မြေရဲ့ ဆေးပညာပြိုင်ပွဲကြီးမှာ ရေသဘာဝ ယင်အင်မော်တယ်မြို့က နေရာရနိုင်ဖို့ အခွင့်အရေး အကြီးကြီးရလိမ့်မယ်”
ဝမ်ဟို့က ထပ်ပြောလိုက်သည် …
“မှန်တယ် သမီးရေ .. အဲဒီဆေးလုံးဆရာက ဘယ်ရောက်သွားပြီလဲ။ သူ့ကို မြန်မြန် သွားခေါ်ခဲ့လိုက် ... ဒါမှမဟုတ် သူ့နေရာကို ပြောပြလိုက် အဖေကိုယ်တိုင် သွားခေါ်လိုက်မယ် ”
“အာ ...” ဝမ်လျန်ရှီးက သူ့ဖခင်နှင့် ဆေးလုံးဘုရင်တို့ကို နားမလည်နိုင်စွာ ကြည့်လိုက်ပြီး သူတို့ ပြောနေသည့် အဓိပ္ပာယ်ကို သဘောမပေါက်ပေ။ မိုဝူကျီက မြေကမ္ဘာ အင်မော်တယ်မျှသာ ဖြစ်ပြီး သူက အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှာ ရောက်လာသည်ဟန် ပေါ်သည်။ သူ့ကို ဦးဆုံးမြင်တွေ့စဉ်က သူ့ဝိညာဉ် လမ်းကြောင်းများမှာ ကျိုးပျက်နေလေ၏။
သူက အဲဒီလောက်တောင် အံ့ဩဖို့ ကောင်းလို့လား ...
ဝမ်ဟို့က သက်ပြင်းချကာ …
“သမီး သူ့ကို အကဲခတ်မှားမိပြီ။ အဲဒီဆေးလုံးဆရာက ... မဟုတ်သေးပါဘူး အဲဒီဆေးလုံးဘုရင်က တကယ်ကို ထိပ်တန်း ပညာရှင်ပဲ ... သူ့ဆေးမီးဖိုထဲမှာ တွေ့တဲ့ ဆေးလက်ကျန်ရဲ့ သန့်စင်နှုန်းက ဘယ်အဆင့် ရောက်နေပြီလဲဆိုတာ သိလား။ ရာနှုန်းပြည့်ပဲ ...
သမီးရဲ့ ဦးလေးတန်တောင် ဝိညာဉ်ဆေးပင်တွေကို အဲဒီလောက်အထိ မသန့်စင်နိုင်သေးဘူး အဲဒါမို့လို့ သူက အနည်းဆုံး ဆေးလုံးဘုရင် ဖြစ်လိမ့်မယ်။ ဆေးပညာနဲ့ ပတ်သက်လာရင် လျှို့ဝှက်ပညာရပ်တွေ ရှိနေတဲ့ ထိပ်တန်းပါရမီရှင်ပဲ ...
တကယ်လို့ အဲဒီလူသာ သမီးရဲ့ ဦးလေးတန်နဲ့အတူတူ ဝင်ပြိုင်ပေးမယ်ဆိုရင် အဖေတို့ ရေသဘာဝ ယင်အင်မော်တယ်မြို့က နေရာမရဘဲ ဘယ်လိုလုပ် နေမလဲ”
မိုဝူကျီနှင့် တွေ့ဆုံစဉ်က မြင်ကွင်းများ ဝမ်လျန်ရှီး စိတ်ထဲ တစ်ဖန် ပြန်ပေါ်လာလေ၏။
“အရင်တုန်းက ကျုပ်အဆင့်၉ ကောင်းကင်ဆေးလုံးကို ဖော်စပ်နိုင်တယ်ဆိုပေမဲ့ ကျုပ်ရဲ့ ဝိညာဉ် လမ်းကြောင်းတွေ ပျက်စီးသွားတော့ ကောင်းကင်ဆေးလုံးကို မဖော်စပ်ဖြစ်တာ ကြာလှပြီ။ ကျုပ်မှာသာ ဆေးပင်တွေ လုံလုံလောက်လောက် ရှိရင် တစ်ခါပြန်ထိတွေ့မိတာနဲ့ ကျုပ် အဆင့် ၉ ကောင်းကင်ဆေးလုံးကို ပြန် ဖော်စပ်နိုင်လိမ့်မယ် ...” မိုဝူကျီက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
“တာအိုရောင်းရင်းမို ... မင်းဒီလို အဆင့်၉ ဆေးလုံးဆရာ ဖြစ်လာဖို့ ဘယ်နှနှစ် ကြာခဲ့လဲဆိုတာ အမှန်တိုင်းပြော ...”
“နှစ်နှစ်၊ သုံးနှစ်လောက်ပေါ့”
“တကယ်လို့ မင်းကို နောက်ထပ် ဆယ်နှစ်အချိန်ပေးရင် မင်း အဆင့် ၉ ဆေးလုံးဆရာအဆင့်ကနေ အဆင့်၃ ဆေးလုံးအကြီးအမှူး အဆင့်ထိ တက်နိုင်မလား”
“ကျုပ်မှာ အင်မော်တယ် ဝိညာဉ်ဆေးပင် လုံလုံလောက်လောက်နဲ့ အင်မော်တယ် ကျောက်တွေသာ ရှိမယ်ဆိုရင် ခင်ဗျားရဲ့ ပန်းတိုင်ဆီ ရောက်ဖို့ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။ ဒါပေမဲ့ ကျုပ်ကို ဆေးလုံး ဖော်စပ်နည်းနဲ့ ကျုပ် လေ့လာဖို့ နမူနာ ဆေးလုံးအချို့သာ ပေးထားပေးပါ”
***
သူမက ထိုစကားများကို ပြန်တွေးမိသည့်အခါ ဝမ်လျန်ရှီးက ရုတ်ခြည်းပြောလိုက်သည် “သမီးနားလည်ပြီ”
ဝမ်ဟို့က မြန်မြန် မေးလိုက်သည် “လျန်ရှီး ... သမီး ဘာနားလည်တာလဲ”
“ဦးလေးတန် ... အဆင့် ၉ ကောင်းကင်ဆေးလုံးဆရာကနေ အဆင့် ၃ ဆေးလုံးအကြီးအမှူးကို ဆယ်နှစ်အတွင်း ရောက်ဖို့က ဖြစ်နိုင်တယ်လို့ ထင်လား” မေးခွန်းကို ဖြေမည့်အစား ဝမ်လျန်ရှီးက တန်လျန့်ကို မေးလိုက်သည်။
တန်လျန့်က ခေါင်းခါကာ …
“မဖြစ်နိုင်တာ မဟုတ်ဘူးလို့တော့ ယုံကြည်တယ်။ ဒါပေမဲ့ ဖြစ်နိုင်တယ် ဆိုရင်တောင် ဖီးနစ်ငှက်မွေးလိုမျိုး ရှားပါးလိမ့်မယ်။
အဲဒီလူက ဆေးပညာနဲ့ ပတ်သက်လာရင် တကယ့်ကို ပြိုင်ဖက်ကင်း ဖြစ်လိမ့်မယ်။ ဆယ်နှစ်အတွင်း အဆင့်၉ ကောင်းကင်ဆေးလုံး ဆရာကနေ အဆင့် ၃ ဆေးလုံးအကြီးအမှူး အဆင့်ထိ တက်လှမ်းဖို့က ပါရမီရှင်တွေအတွက်တောင် အဲဒီလောက် ရိုးရှင်းတဲ့ ကိစ္စ မဟုတ်ဘူး”
ဝမ်လျန်ရှီးက ထိုစကားများကို ကြားသောအခါ ဝမ်ဟို့ကို စိတ်အားငယ်စွာ ဆိုလိုက်သည် …
“ဖေဖေ ... သမီးက အဲဒီလိုထိပ်တန်း ပါရမီရှင်ကို တွေ့ခဲ့တယ်။ အဲဒီအချိန်တုန်းက သူက အဆင့် ၉ ကောင်းကင်ဆေးလုံး ဆရာလို့ ပြောခဲ့တယ်။
ဒါပေမဲ့ အကြည့်နဲ့တင် သူက အဆင့်၉ ကောင်းကင်ဆေးလုံး ဆရာထက် မြင့်တယ်ဆိုတာ သိသာတယ်။ သူက အဆင့် ၃ အင်မော်တယ်ဆေးလုံး အကြီးအမှူးတောင် ဖြစ်နေနိုင်တာပဲ ...”
နောင်တ တရားများဖြင့် ဝမ်လျန်ရှီးက မိုဝူကျီနှင့် တွေ့ဆုံခဲ့သည့် အကြောင်းအရာများကို ရှင်းပြလိုက်သည်။ သူမက မိုဝူကျီကို ပန်းမြိုင်ရာ အိမ်တော်ဆီ ပို့ခဲ့သည့် ကိစ္စပါ လျှို့ဝှက်မထားပေ။
ထိုစဉ် မည်သူကမျှ သူမ စိတ်ထဲမှ ခံစားချက်ကို နားမလည်နိုင်ကြပေ။ သူမ ငယ်စဉ်ကတည်းမှ သူမက ကောင်းမွန်သည့် ပညာရေးကို လက်ခံရရှိခဲ့သည်။ ထို့အပြင် သူမကိုယ် သူမလည်း မည်သူကိုမျှ အထင်မသေးသင့်ကြောင်း ပြောဖူး၏။ အကယ်၍ လူတစ်ယောက်က သာမန်ဖြစ်နေလျှင်ပင် သူမက ထိုသူ့ကို အခွင့်အရေးတစ်ခုတော့ ပေးမည် ဖြစ်သည်။ သို့သော်လည်း သူမ မျက်စိရှေ့တွင် အခွင့်အရေး ပေါ်လာရက်နှင့် လွှင့်ပစ်မိခဲ့လေသည်။ ထိုသည်မှာ အမှားကြီးကြီ ဖြစ်ပြီး သူမ မျက်စိရှေ့မှ ထိပ်တန်း ဆေးလုံးဆရာကို လက်လွတ်ပေးခဲ့မိသည်။
မိုဝူကျီ၏ အရေထူမှုကို အထင်သေးမိ ခဲ့သော်ငြား မိုဝူကျီက တစ်မူထူးနေလေ၏။ သူမ နားမလည်သည့် ပညာရပ်အတွက် သူမက အလောတကြီး ကောက်ချက်ချမိ ခဲ့လေသည်။
ယခု ဝမ်လျန်ရှီး မျက်လုံး၌ မိုဝူကျီက သေချာပေါက် မြေကမ္ဘာအင်မော်တယ် အဆင့် မဟုတ်တော့ပေ။ မိုဝူကျီက တစ်ယောက်ယောက်ကို ရန်စမိထားသည့်အပြင် သူ့ဝိညာဉ်လမ်းကြောင်းများ ကျိုးပျက်နေသောကြောင့် သူ့ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားဖို့ရာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။ အကယ်၍ သူသာ ကျင့်ကြံဆင့် ဖုံးကွယ်ထားပါက သူ့ဆေးပညာကိုလည်း လျှို့ဝှက် ထားပေလိမ့်မည်။ သူက ဖြည်းဖြည်းချင်း အဆင့် ၃ ဆေးလုံးအကြီးအမှူး ဖြစ်လာနိုင်သည်ဟု ပြောခဲ့ခြင်းမှာ သူမ သဘောထားကို စစ်ဆေးလို၍ ဖြစ်နိုင်သည်။ အကယ်၍ သူမ သဘောထား မပြည့်ဝလျှင် သူက ထွက်သွားလိမ့်မည် ဖြစ်သည်။
“လျန်ရှီး ... အဲဆိုရင် သူ့ကို ပန်းမြိုင်ရာ အိမ်တော်ကနေ မြန်မြန် သွားခေါ်လိုက်လေ” ဝမ်လျန်ရှီး၏ မိခင်ဖြစ်သူက စိုးရိမ်တကြီး ပြောလိုက်သည်။ အခြားသူများထက် စာလျှင် ဤယုံရင် အင်မော်တယ်နယ်မြေ၏ ဆေးပညာပြိုင်ပွဲကြီးမှာ သူမ ခင်ပွန်းအတွက် မည်မျှ အရေးကြီးကြောင်း သိပေ၏။
ဝမ်လျန်ရှီး၏ မျက်လုံးများပင် အနည်းငယ် အနီရောင် သမ်းလာလေ၏။ သူမက အသံအက်အက်ဖြင့် ပြောလိုက်သည်
“သမီး ယုံရင်ဌက်တောင်ကနေ ပြန်လာတော့ ပန်းမြိုင်ရာက အခြေအနေ သိပ်မကောင်းဘူးလို့ ကြားလိုက်တယ်။ ပန်းမြိုင်ရာ အိမ်တော်သခင်မလည်း ရုတ်တရက် ပျောက်ဆုံးသွားပြီးတော့ မိုဝူကျီလည်း အဲဒီအရှုပ်အထွေးထဲ ပါသွားတယ်။
အဲဒီနောက် သူ အသက်ရှင်လား ဆိုတာကို မသိရသေးဘူး”
“...”
သူတို့က ဝမ်လျန်ရှီး စကားများကို ကြားသောအခါ အားလုံးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ အခွင့်အရေးက မျက်စိရှေ့ ရောက်လာခဲ့သော်လည်း မသိလိုက်ပဲ ပျောက်ဆုံးသွားခဲ့သည်။
“တောင်းပန်ပါတယ် ဖေဖေ ... သမီး မှားသွားတယ်” ဝမ်လျန်ရှီးက သူက ဖခင်မျက်နှာပေါ်မှ စိတ်ပျက်ခြင်းများ မြင်သောအခါ သူမ နှလုံးသားပင် နာကျင်မိ၏။ မူလက သူမသည် သူမဖခင်၏ စိတ်ပျက်မှုများကို လျှော့ချပေးချင်သော်လည်း သူမကို ကူညီမပေးနိုင်ရုံ သာမက သူ့ကို ပို၍ စိုးရိမ်စေမိခဲ့သည်။
ဝမ်ဟို့က လက်ကာပြကာ “သမီးကို အပြစ်မတင်ပါဘူး။ အရင်သွားနှင့်လေ”
“ဟုတ်” ဝမ်လျန်ရှီး ထွက်လာသည်နှင့် သူမက မိုဝူကျီကို မည်သို့ ထပ်ရှာနိုင်ကြောင်း ဆက်တိုက် တွေးနေမိသည်။
“ချမ်ရှန်း ... ကျမကို ပြောပါဦး ... ကျမတို့တွေ အခု ယုံရင်အင်မော်တယ် အစွန်းအဖျားဆီ သွားရင် မိုဝူကျီလို့ ခေါ်တဲ့ အဲဒီဆေးလုံးဆရာကို ထပ်တွေ့နိုင်ဦးမယ် ထင်လား” ဆေးစမ်းသပ်ခန်းမှ ထွက်လာပြီးနောက်တွင် ဝမ်လျန်ရှီးက ချက်ချင်း မေးလိုက်သည်။
ချမ်ရှန်းက ခေါင်းခါကာ …
“မမလေး ... ကျုပ်တို့ မသွားတာ ပိုကောင်းမယ် ထင်တယ်။ ပန်းမြိုင်ရာ အိမ်တော်က မတော်တဆ ဖြစ်ရပ်ကို အသာထားဦး မိုဝူကျီက အသက်ရှင်လား သေလားကို မသိသေးဘူးလေ။
မိုဝူကျီက အသက်ရှင်နေရင်တောင် ယုံရင်အစွန်းအဖျားက အကျယ်ကြီးဆိုတော့ သူ့ကို ဘယ်လို ထပ်ရှာကြမလဲ။ ပြီးတော့ ယုံရင်အစွန်းအဖျား နေရာမှာ လတ်တလောက ကိစ္စအကြီးကြီး ဖြစ်ထားသေးတယ်”
“ဘာကိစ္စလဲ” ဝမ်လျန်ရှီးက အလောတကြီး မေးလိုက်သည်။
ချမ်ရှန်းက တီးတိုးပြောလိုက်သည် …
“ကြားတာတော့ ယုံရင်အစွန်းအဖျား နေရာမှာ အတော်လေး ကြမ်းတဲ့သူ ပေါ်လာတယ်တဲ့။ ပြီးတော့ အဲဒီလူက အင်မော်တယ်တစ်ပိုင်းက ရောက်လာတာတဲ့။ သူ့မိတ်ဆွေတွေ ယင်ပြန့်မြို့ထဲ အဖမ်းခံရတာကို သိတော့ ဒေါသူပုန်ထတော့တာပဲ။
ရလဒ်အနေနဲ့ သူက မိတ်ဆွေတွေခေါ်ပြီး ယင်ပြန့်မြို့ဆီ တန်းသွားခဲ့တယ်။ သူက ကျင်းရှန်းအဆင့် ကျင့်ကြံသူ လေးယောက်ကို သတ်ပစ်ခဲ့ရုံတင် မကဘူး။ ယင်ပြန့်မြို့စား လော့ယွင်ကိုလည်း သတ်ပစ်ခဲ့တယ်”
“သူက အဲဒီလောက်တောင် အားကောင်းတယ်လား ... သူက ကျင်းရှင်းအဆင့် ကျင့်ကြံသူများ ဖြစ်နေမလား” ဝမ်လျန်ရှီးက တအံ့တဩ ထပ်မေးလိုက်သည်။
ချမ်ရှန်းက ခေါင်းခါကာ …
“သူက ကျင်းရှန်းအဆင့် ကျင့်ကြံသူဆိုရင် ဒီကိစ္စက အဲဒီလောက် ပြောစမှတ်တွင်လာမှာ မဟုတ်ဘူး။ ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေက မိုးနှင့်မြေ စည်းမျည်းကြောင့် ချေမှုန်းခံရတယ်ဆိုပေမဲ့လည်း သူ့ကျင့်ကြံဆင့်က ကောင်းကင်အင်မော်တယ် အဆင့်ပဲ ရှိသေးတာကို ကျင်းရှန်းအဆင့် ကျင့်ကြံသူတွေကို သတ်ပစ်နိုင်ခဲ့တာ။
ဒါတင် မဟုတ်သေးဘူး ...
သူက ယုံရင်အစွန်းအဖျား နေရာကနေ အင်မော်တယ်လောကကို ချိတ်ဆက်ထားတဲ့ ကူးသန်းရေး အစီအရင်ကိုလည်း ဖျက်ဆီးပစ်ခဲ့သေးတယ်။ အခု ယုံရင်အင်မော်တယ်နယ်မြေက ဒီလူကို ဖမ်းပြီး သတ်ပစ်ဖို့ ယုံရင်အစွန်းအဖျားဆီ လမ်းပြန်ဆောက်နေပြီ”
ဝမ်လျန်ရှီးက ထပ်မမေးတော့ပေ။ ရုတ်တရက်ဆိုသလို သူမက မိုဝူကျီလည်း အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ဖြစ်ကြောင်း ပြောဖူးသည်ကို အမှတ်ရသွားလေ၏။
သူက ထိုလူများ ဖြစ်နေမလား ... ဒါလည်း မဖြစ်နိုင်သေးပါဘူး ...
မိုဝူကျီက အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ဖြစ်ပုံ မပေါ်ပါဘူး ... မဟုတ်ရင် သူ့ဆေးပညာက ဘာလို့ အဲဒီလောက် အားကောင်းနေနိုင်မှာလဲ …
***