မငြှိမ်းသတ်နိုင်ဖွယ်
Vol. 42 Ch. 579
ဧကရာဇ်ချီယွမ်က ဟိုးတုန်းက ကိစ္စတချို့ကို အမှတ်ရသွားသည့်အတွက် မျက်မှောင်ကြုတ်လိုက်သည်။ သမိုင်းမတိုင်မီ ကမ္ဘာသည် ထူးခြားလှသည်။ သာမန်ဟွင်သွမ်းကမ္ဘာများက ကမ္ဘာဦးဟွင်သွမ်းအတွင်း မြောလွင့်နေကြ၏။ ထိုအရာ၏ ထူးခြားစေသည့်အချက်က ဘယ်သူဖြစ်ဖြစ် အထဲသို့ မဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ လူများက ကမ္ဘာမှ ထွက်လာနိုင်ကြသော်လည်း မဝင်ရောက်နိုင်ကြပေ။
ထို့အပြင် သမိုင်းမတိုင်မီကမ္ဘာတွင် ပြင်းထန်သည့် တားမြစ်ချက်အငွေ့အသက် ထွက်ပေါ်နေ၏။ လူများစွာက တားမြစ်ချက် ၁၃ခုထဲမှ တစ်ခုသည် အထဲတွင်ရှိကြောင်း သိထားကြသော်လည်း ထိုအရာသည် ဘယ်အရာဖြစ်ကြောင်းနှင့် အဘယ့်ကြောင့် တားမြစ်ချက်ဖြစ်နေလဲ ဆိုသည်ကို ဘယ်သူမှ မသိကြပေ။
အသင်္ချေဝါးမျိုသူအတွက်ကိုမူ…
ထိုအရာက သမိုင်းမတိုင်မီ ကမ္ဘာနှင့် ဆက်နွယ်နေ၏။ ကမ္ဘာဦးဟွင်သွမ်းကမ္ဘာတစ်ခုလုံးသည် ဒုတိယမူလတိုက်ပွဲအတွင်း ဖရိုဖရဲ ဖြစ်ခဲ့သည်။ ထို့နောက် သိသာသည့် ကမ္ဘာဝင်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အရင်းအမြစ်ကမ္ဘာများနှင့် သာမန်ကမ္ဘာများက သမိုင်းမတိုင်ခင်ကမ္ဘာနှင့် ဝင်တိုက်ခဲ့မိကြသည်။
ထိုအဖြစ်အပျက်က မူမမှန်လွန်း၍ လူတော်တော်များများက တမင်ဖန်တီးယူထားသည်ဟု ယုံကြည်ထားကြသည်။ သို့သော်လည်း ထိုအရာသည် အမှန်တရားဖြစ်သည်လား၊ မဖြစ်သည်လားကို မည်သူကမှ ဂရုမစိုက်ကြပေ။ အကြောင်းအရင်းမှာ ထိုအဖြစ်အပျက်၏ အကျိုးအမြတ်ကြောင့် ဖြစ်၏။
ထိုဝင်တိုက်မှုက ကမ္ဘာ့အဆီအနှစ် အမြောက်အများကို ထုတ်ပေးပြီး လူတော်တော်များများ စံပြဝိညာဉ် သို့မဟုတ် အဆင့်(၁၂) ဝိညာဉ်ကို ကျင့်ကြံဖို့ရာ ရှားပါးအရင်းအမြစ် ဖြစ်သည်။
စံပြအများစုနှင့် အားကောင်းသည့်သူများက ကမ္ဘာ၏ အဆီအနှစ်အတွက် တိုက်ခိုက်ကြ၏။
ထိုအဖြစ်အပျက်ကြောင့် လူများစွာက ထိပ်သီးစံပြအဆင့်သို့ ရောက်ရှိသွားကြလေသည်။ ထိုအရာထဲတွင် အရိပ်အုပ်ချုပ်သူနှင့် သက်တံဧကရီလည်း အပါအဝင် ဖြစ်၏။
သို့သော် သိပ်မကြာခင် စံပြဝိညာဉ်အရည်အသွေးနှင့် ပမာဏရှိထားသည့် ဧရာမသက်ရှိက ကမ္ဘာဦးဟွင်သွမ်းအတွင်း ပေါ်ထွက်လာသည်။ ထိုသက်ရှိက အားကြီးလွန်းသည့် စိတ်စွမ်းအင်မျိုး ရှိထားပြီး ထိုအရာကို တိုက်ပွဲပုံစံအဖြစ် အသုံးပြုနိုင်လေသည်။ ထိုအရာတွင် စည်းမျဉ်း၊ တာအို၊ သွေးမျိုးဆက် သို့မဟုတ် မန္တန်မရှိထားဘဲ စွမ်းအားနှင့် ဝိညာဉ်စွမ်းအားသာ ရှိထားသည်။
ထိုသက်ရှိက သူ့ထက်အားနည်းသည့် ဘာမဆို ဝါးမျိုနိုင်သည်။ ထိုအရာထဲတွင် အဆင့်(၁၀) နှင့် အဆင့်(၁၁) မိစ္ဆာနတ်ဘုရားများနှင့် သာမန်ဟွင်သွမ်းကမ္ဘာများလည်း အပါအဝင် ဖြစ်သည်။
အင်အားအရ ထိုသက်ရှိသည် အားအနည်းဆုံး စံပြများနှင့် ယှဉ်နိုင်လေ၏။ သို့သော်လည်း ထိုအရာ၏ စိတ်စွမ်းအားက မယုံကြည်နိုင်လောက်ဖွယ် ကာကွယ်မှုမျိုးကို ပေးအပ်ထားသည်။ ထို့အပြင် သူ့ထက်အားကောင်းသည့် တစ်စုံတစ်ယောက်က သူ့အား ထိခိုက်ဖို့ ကြိုးစားသည့်အခါ ထူးခြားကာ အားကြီးသည့် စွမ်းအားတစ်ခုက ထိုအသင်္ချေဝါးမျိုသူကို ကာကွယ်ပေးထားသည်။
လူတော်တော်များများက အသင်္ချေဝါးမျိုသူသည် ၁၄ခုမြောက် တားမြစ်ချက်ကို ဖန်တီးဖို့ သမိုင်းမတိုင်မီ ကမ္ဘာဆီမှ စမ်းသပ်ချက်ဖြစ်မည်ကို ကြောက်ရွံ့နေကြ၏။ ကံကောင်းစွာဖြင့် ထိုသက်ရှိသည် ပျောက်ကွယ်သွားပြီး ဘယ်သောအခါမှ ပြန်လည်ထွက်ပေါ်မလာတော့ပေ။
“ သူ့အတိတ်က ကိစ္စမရှိဘူး” ချီယွမ်က ပြောလိုက်သည် “ အရေးကြီးတာက သူက ငါတို့ကို ရှေ့ဆက်ရမဲ့လမ်းစဉ်ကို ပြသမဲ့သူ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာပဲ”
“ ကျွန်မလည်း သဘောတူတယ်” ဓားဧကရီက ဝင်ပြောလိုက်သည်။
“ အဲဒါက ဝူဟုန်နဲ့ သူ့ဆက်ဆံရေးအကြောင်း ပြောနေတာလေ” တိုက်ပွဲရူးက ဝင်ပြောလိုက်သည်။
“ အဲဒါဆိုတော့…”
ဧကရာဇ်ချီယွမ်က အထွေထွေသောင်းပြောင်းဧကရာဇ်ကို ကြည့်လိုက်သည် “ သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အားလုံးကို ဝှက်ထားလိုက်။ အဲဒီကပ်ပါးတွေက သူ့မူမမှန်မှုကို သတိထားမိပြီးတော့ ဖယ်ရှားဖို့ လုပ်မှာမျိုး မဖြစ်စေချင်ဘူး”
အထွေထွေသောင်းပြောင်းဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူက သူ့စံအိမ်ဆီ ပျံသန်းသွားနေသည့် ဝမ်ဝေ့အား ကြည့်လိုက်သည်။ သူ့စိတ်မှ လှိုင်းတစ်ခုဖြင့် သူ့တားမြစ်ချက် အရှိန်အဝါကို ဝှက်ထားနိုင်သည့် မမြင်နိုင်ဖွယ် အစီအရင်တစ်ခုကို ထားရှိပေးလိုက်ပြီး သမိုင်းမတိုင်မီကမ္ဘာ ဆက်နွယ်မှုနှင့် ဝူဟုန် သူ့ဝိညာဉ်အပေါ် ထားရှိခဲ့သည့် ကောင်းကင်ဘုံအဆင့် အစီအရင်ကိုပင် ထိပ်သီးစံပြအဆင့်အဖြစ် မြှင့်တင်ပေးလိုက်သည်။
သူက ဝမ်ဝေ့အား မဟာဧကရာဇ်ဖြစ်လာသည်နှင့် ထိုအစီအရင်ကို အာရုံခံကာ ထိန်းချုပ်နိုင်သည့် နည်းလမ်းကိုပင် ချန်ထားပေးခဲ့သည်။ အထွေထွေသောင်းပြောင်းဧကရာဇ်က လုပ်ဆောင်ပြီးသည်နှင့် သူ့တစ္ဆေပုံရိပ်က ပိုမိုပင် ထိုးဖောက်လုမတတ် ကြည်လင်လာသည်။
“ အဆင်ပြေရဲ့လား” ဧကရာဇ်ချီယွမ်က မေးလိုက်သည်။
“ ကျုပ် အသက်ရှင်မှာပါ”
ဧကရာဇ်ချီယွမ်က ဓားဧကရီအား ကြည့်လိုက်သည်။
“ မင်းအခြေအနေရော ဘယ်လိုလဲ”
“ ကျွန်မ ဒဏ်ရာတွေတော့ တည်ငြိမ်သွားပါပြီ။ ဒါပေမဲ့ ကောင်းကင်ဘုံအဆင့်ကို ပြုတ်ကျသွားတယ်။ ပြီးတော့ အားအနည်းဆုံး တတိယတန်းစားအဆင့်ပဲ”
“ ဘာလို့ အဲ့လိုလေသံ ဖြစ်နေရတာလဲ” တိုက်ပွဲရူးက ဝင်ပြောလိုက်သည် “ အနည်းဆုံးတော့ မင်းက အသက်ရှင်သေးတယ်လေ။ ငါတို့ကို ကြည့်လိုက်စမ်းပါဦး”
သူမက သူ့အား လျစ်လျူရှုထားသည်။
“ ဝူဟုန်က ကောင်းကင်ဘုံအဆင့်နဲ့ အသက်ရှင်နေတာကို စိတ်ခုနေတာ ဖြစ်လောက်တယ်” ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က ရယ်မောရင်း ပြောလိုက်သည့်အတွက် ဓားဧကရီက သူ့အား သတ်ဖြတ်ငွေ့ဖြင့် ကြည့်လိုက်သည်။
“ ငါ့ကို မကြည့်နဲ့။ သူမက အသက်ရှင်ခဲ့တာက မငြှိမ်းသတ်နိုင်ဖွယ်အဆင့် နဲ့ အဆုံးစွန်မဲ့ စံပြ နှစ်ခုလုံးဖြစ်နေလို့ပဲ။ တကယ်လို့ မင်းသာ ငါ့စကားကို နားထောင်ပြီး ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့မယ်ဆိုရင် ခွန်အားနဲ့ ကာယဂိတ်ပေါက်ကို ဖွင့်လှစ်ပြီးတော့ မင်းလည်း ဒီထက်အခြေအနေ ပိုကောင်းနေမှာ”
ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က ထိုဓားသမားများသည် သူတို့၏ ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ အဘယ်ကြောင့် ငြင်းဆန်မှန်း နားမလည်နိုင်ပေ။ သူတို့ချစ်မြတ်နိုးသည့် ဓားက သတ္တုလက်နက်တစ်ခုဖြစ်ပြီး မာကျောသည့် ပစ္စည်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် သူတို့၏ ခန္ဓာကိုယ်ကို ဓားတစ်ချောင်းနှင့် တူအောင် လေ့ကျင့်ပေးသည်က အဓိပ္ပာယ် မရှိပေဘူးလား။
“ မပြောနဲ့တော့” ဧကရာဇ်ချီယွမ်က သူ့ညီမငယ် ဒေါသထွက်မည်ကို တားဆီးလိုက်သည်။
“ ဝမ်ထျန်း … ဝမ်ချုံးပြောတာ မှန်တယ်။ တကယ်လို့ ငါတို့ အရင်ကျရှုံးမှုကနေ တစ်စုံတစ်ခုကို သိမ်းယူနိုင်တယ်ဆိုရင် အဲဒီအဆင့်ကို လျှောက်လှမ်းချင်ရင် ငါတို့ရဲ့ဝိညာဉ်၊ ခန္ဓာကိုယ်နဲ့ တာအိုကို အထွတ်အထိပ်ရောက်ဖို့ သေချာအောင် လုပ်ဆောင်ရမယ်”
တခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။
“ အဲဒါဆိုရင် ကျုပ်တို့က ဂိတ်ပေါက်နှစ်ခုလုံးကို ဖွင့်ရမယ်လို့ ပြောတာလား” လိပ်ခွံဧကရာဇ်က မေးလိုက်သည်။
“ ငါတို့တွေ အဲ့လောက်ထိ သွားဖို့လိုမယ်လို့တော့ မထင်ဘူး။ ငါတို့တွေ ခွန်အားဂိတ်ပေါက်ကို ဖွင့်နိုင်ပြီး ခန္ဓာကိုယ်ကို စံပြခွန်အားကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးတာနဲ့ အဆင်ပြေလိမ့်မယ်” အထွေထွေသောင်းပြောင်း ဧကရာဇ်က ထပ်ပြောလိုက်သည်။
“ အဲဒါက အဓိပ္ပာယ်ရှိသား”
“ ကိစ္စတွေက ဘယ်လိုအခြေအနေရှိလဲ” ဧကရာဇ်ချီယွမ်က ဆက်မေးလိုက်သည်။
“ ပြန်လည်အသက်သွင်းဖို့အတွက် အရင်းအမြစ်တွေကို စုဆောင်းနေတယ်။ ဒါပေမဲ့ ကိစ္စတွေက နှေးကွေးနေတုန်းပဲ”
“ ဘာလို့လဲ”
“ အချိန်စားသုံးသူက ကျွန်မနောက် အမဲလိုက်နေတယ်” သူမက အံကြိတ်ကာ ပြောလိုက်သည် “ သူက ဒီတစ်ခေါက် ပိုပြီးတော့တောင် အာရုံစိုက်ထားတဲ့ပုံပဲ”
အခန်းက တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က စတင်ရယ်မောလိုက်သည်။
“ မင်းဆီ ချစ်ကြောင်းဝန်ခံပြီးတဲ့နောက်မှာ မင်း သတ်လုနီးပါးဖြစ်သွားတဲ့ ကောင်စုတ်လေးက အခု မင်းကို အမဲလိုက်နေတာလား။ တကယ်ကို ရှက်ဖို့ကောင်းတာပဲ ဟား…ဟား…ဟား…”
အချိန်စားသုံးသူသည် သူတို့ခေတ်ကာလမှ စံပြတစ်ယောက်ဖြစ်ပြီး ဓားဧကရီကို သဘောကျခဲ့သည်။ သို့သော်လည်း သူမက ငြင်းလိုက်ပြီးသည့်နောက် ထိုလူက လက်မလျော့ဘဲ ဆက်လက် ကြိုးစားနေသည့်အတွက် ရွံရှာကာ သူ့အား သူမ ဓားဖြင့် သတ်ဖြတ်လုနီးပါး ဖြစ်ခဲ့၏။
ကံဆိုးစွာဖြင့် သူသည် အကြွင်းမဲ့တားမြစ်ချက်တွင် ပါဝင်မဆင်နွှဲခဲ့ဘဲ ယနေ့ကမ္ဘာအား အားနည်းသွားစေသည့် ကပ်ပါးခုနစ်ကောင်ထဲမှ တစ်ကောင် ဖြစ်လာခဲ့သည်။
“ ရှင် သေချင်လို့လား” ဓားဧကရီက ပြောလိုက်သည်။ သို့သော် ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က ဂရုမစိုက်ဘဲ ဆက်လက်ရယ်မောနေ၏။
ငါ အထွတ်အထိပ်အင်အား ပြန်ရပြီးတာနဲ့ သူ့ကို သတ်ပစ်မယ်…
သူမက တွေးလိုက်သည်။
သူမအနေဖြင့် ထိုအရာသည် မလွယ်ကူမှန်း သိထားလေသည်။ အကြောင်းအရင်းမှာ ကြိုးစားမှု လစ်ဟာနေ၍ မဟုတ်ပေ။ ရှေးဟောင်းဖျက်ဆီးခြင်းဧကရာဇ်က မငြှိမ်းသတ်နိုင်သော စံပြတစ်ယောက် ဖြစ်၏။ ဆိုလိုသည်မှာ သူ့တွင် အဆုံးစွန်မဲ့ စံပြပင် မရှိနိုင်သည့် အသက်ကယ်နည်းလမ်းများစွာ ရှိထားလေသည်။
“ ရှင် စောင့်နေလိုက်။ ရှင့်အကြံကို ယူပြီးတော့ ကျွန်မ ခန္ဓာကိုယ်ကို စတင်လေ့ကျင့်တော့မှာ။ အသက်ပြန်ရှင်တာနဲ့ ကျွန်မရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကို လှောင်ပြောင်ခဲ့တဲ့ ကိစ္စတွေအကုန်လုံးကို ပြန်ပြီးတော့ လက်စားချေမယ်”
ရှေးဟောင်းဧကရာဇ်က ပုခုံးတွန့်လိုက်သည်။ သူက သူမသည် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ရာ အလားအလာကို ဖြုန်းတီးခဲ့မိသည်ဟုသာ အမြဲတမ်းလိုလို တွေးနေခဲ့မိသည်။
သူမက ဝူဟုန်ထံ တိုက်ကွက်တစ်ကွက်တည်းဖြင့် ရှုံးနိမ့်ပြီးသည့်နောက်တွင် သူမ၏ သင်ခန်းစာကို သင်ယူခဲ့သည်ဟု တွေးခဲ့မိသော်လည်း ထိုသို့မဟုတ်ခဲ့ပေ။ ထိုအစား သူမက ဓားတာအိုကို စူးစူးစိုက်စိုက် လေ့ကျင့်ခဲ့၏။
ကံကောင်းစွာဖြင့် လတ်တလော ကျရှုံးမှုများနှင့် နှစ်များစွာ သူ့၏ အကြံပေးမှုများက ဓားဧကရီအား အမှန်တရားကို သဘောပေါက်သွားစေသည်။
သူတို့အသက်ပြန်ရှင်ပြီးသည့်နောက်မှာ အရိုက်ခံရနိုင်သော်လည်း သူက တောင့်ခံနိုင်သည့်အတွက် ဘာမှဂရုမစိုက်ပေ။
“ နောက်ထပ် ဘာပြောစရာရှိသေးလဲ” ဧကရာဇ်ချီယွမ်က ထိုသူနှစ်ဦး၏ အငြင်းအခုန်ကို အသားကျနေသည့်အလား မေးလိုက်သည်။
“ အန္တိမသဟဇာတက ကျွန်မကို တွေ့သွားပြီ။ ဒါပေမဲ့ မေတ္တယျမာတာဗုဒ္ဓက ဝင်တားထားတယ်”
“ မေတ္တယျကလား။ သူမက ကပ်ပါး၇ကောင်နဲ့ ပူးပေါင်းသွားပြီလို့ ထင်နေတာ” တိုက်ပွဲရူးက ပြောလိုက်သည်။
“ သူမက အဲ့လိုမဟုတ်ဘူး” ဓားဧကရီက ပြောလိုက်၏ “ သူမက ဒီလောက်နှစ်တွေအကြာကြီး စွမ်းအားမျှခြေကို ဘာလို့ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရပေမဲ့ သူမမှာ အကြောင်းပြချက် ရှိတယ်။ သူမက တစ်စုံတစ်ယောက်ကို စောင့်နေတယ်လို့ ထင်တယ်”
“ ဒါမှမဟုတ် အာဏာက သူမကို ပြောင်းလဲသွားစေတာနေမှာပေါ့” ငရဲအကဲဖြတ်ရေးဧကရာဇ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ အန္တိမသဟဇာတ ဖြစ်သွားတာကိုပဲ ကြည့်လေ”
“ အဲလို တုံးအအအရာတွေကို မပြောစမ်းပါနဲ့။ သူမကြောင့် ငါတို့အားလုံးက အန္တိမသဟဇာတ ဆီကနေ အမဲလိုက်မခံရဘဲ လွတ်နေနိုင်တာ”
မည်သူကမှ ထိုအရာနှင့် ပတ်သက်ပြီး မပြောကြပေ။
“ အန္တိမသဟဇာတရဲ့ နည်းလမ်းက ဟာကွက် ရှိတယ်ဆိုတာကိုလည်း သိတယ်။ အဲဒါကြောင့် သူ ပြောင်းလဲသွားတာက အံ့ဩစရာ မရှိဘူး” အရိပ်အုပ်ချုပ်သူက ပြောလိုက်သည် “ ဒါပေမဲ့ မေတ္တယျကရော”
“ ထွက်မလာခင် သူမက သူမနည်းလမ်းနဲ့ တစ်စုံတစ်ခု မှားယွင်းနေတယ်ဆိုတာကို ပြောခဲ့တယ်။ ဒါပေမဲ့ သူမက အခွင့်အရေးကို လိုချင်တယ်တဲ့” ဓားဧကရီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ ငါတို့တွေ အဲဒီဟာကွက်ရှိတဲ့နည်းလမ်းကို ဖြေရှင်းနိုင်မယ်လို့ ထင်လား” သက်တံဧကရီက အနည်းငယ် အသံတိုးကာ မေးလိုက်၏ “ ပြောရရင် အဆုံးသတ်မှာ ကျွန်မတို့တွေ ဘာမှမရခဲ့ဘူးလေ။ ကျွန်မတို့ရဲ့ ရွယ်တူတွေကတောင် ကျော်တက်သွားကြပြီ”
အခန်းက တိတ်ဆိတ်သွားပြီးသည့်နောက်တွင် ဧကရာဇ်ချီယွမ်က ပြောလိုက်၏ “ ငါတို့က ရွေးချယ်မှု လုပ်ခဲ့တာ။ အဲဒါကြောင့် တာဝန်ယူရမယ်”
“ တကယ်ကြီး နောင်တမရဘူးလား” လိပ်ခွံဧကရာဇ်က မေးလိုက်သည်။
“ မဟုတ်ဘူး။ ငါက မျှော်လင့်ချက်ကို မြင်တယ်”
“ အဲ့ကောင်လေးကို ပြောတာလား။ သူက ရှေ့ဆက်ရမဲ့ လမ်းစဉ်ကို ပြသနိုင်မယ်လို့ ထင်နေတာလား”
ဧကရာဇ်ချီယွမ်က တိတ်ဆိတ်သွားပြီးသည့်နောက်တွင် အဝေးတစ်နေရာမှ ဝမ်ဝေ့အား လှမ်းကြည့်လိုက်သည်။
“ ဟွင်သွမ်းစကြဝဠာထဲမှာ လူနှစ်ယောက်ပဲ အောင်မြင်ဖူးတယ်ဆိုတာ သိတယ်။ သူက တတိယမြောက် ဖြစ်နေနိုင်တယ်။ သူက အောင်မြင်သရွေ့ ငါတို့တွေ သူ့ဆီကနေ သင်ယူပြီးတော့ အောင်မြင်နိုင်တယ်”
“ တကယ်လို့ သူ ကျရှုံးသွားရင်ရော…”
“ ငါတို့တွေ တတိယမြောက် မူလတိုက်ပွဲကို စတင်ကြတာပေါ့”
ထို့နောက်တွင် ၉ယောက်သားက ဘယ်သောအခါမှ မတည်ရှိဖူးသည့်အလား ပျောက်ကွယ်သွားကြသည်။ သူတို့အတွက် ဒိုင်မေးရှင်းအနိမ့်တွင် အန္တိမသဟဇာတအရှင်၏ အာရုံစိုက်ခြင်း မခံရဘဲ ပေါ်ထွက်လာနိုင်သည်ကပင် ရှားပါးလွန်းလှပြီ ဖြစ်၏။
ကံဆိုးစွာဖြင့် သူတို့သည် ကြာကြာမနေနိုင်ကြပေ။
……….
တိုက်ပွဲမျှော်စင်
ဝမ်ဝေ့က ပွင့်ချပ်ခြောက်လွှာ ထာဝရအရှင်နှင့် တိုက်ခိုက်မှုကို ပြီးမြောက်ခါစဖြစ်၏။ သူက ရှုံးနိမ့်သွားခဲ့သော်လည်း စိတ်ထဲမထားပေ။ ဟောပြောပို့ချချက်အပြီးတွင် သူ့ပင်မခန္ဓာကိုယ်က ထိပ်သီး ပွင့်ချပ်လေးလွှာ အဆင့် စွမ်းအားသို့ ရောက်ရှိလာခဲ့သည်။ သူ့တိုက်ပွဲအတွေ့အကြုံဖြင့် သူသည် ပွင့်ချပ်ငါးလွှာ ထာဝရအရှင်၏ တိုက်ပွဲအတွင်း နှစ်အချို့အသက်ရှင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ပွင့်ချပ်ခြောက်လွှာနှင့်ပင် ရင်ဆိုင်တိုက်လျှင် ရက်အနည်းငယ်ကြာ တောင့်ခံနိုင်လောက်၏။
သူ့အင်အားကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သူက မျှော်စင်မှ ထွက်လာလိုက်သည်။ လျှို့ဝှက်ခန်းအတွင်း နှစ်၉သောင်း ကြာမြင့်သွားခဲ့သော်လည်း အပြင်ဘက်တွင် နာရီပိုင်းမျှသာ ရှိသေး၏။ ဝမ်ဝေ့က သူ့ဘိုးဘေးများ ချန်ထားခဲ့သည့် ရေကန်နှင့် တစ်စုံတစ်ခု ပတ်သက်နေရမည်ဟု ခန့်မှန်းမိလိုက်သည်။
ထို့နောက် သူက လီကျွင်းနှင့် ယန်းလီလင်းဆီ လက်ဆောင်များ ပို့လိုက်ပြီးသည့်နောက်တွင် ကုရွှမ်၏ သတင်းအချက်အလက်ကို ဆက်လက် ဖတ်ရှုလိုက်သည်။ နှမြောစရာကောင်းလှသည်က သိပ်မကြာခင် စစ်ဆေးမှုမှ တစ်စုံတစ်ယောက်သည် သူ့အား လာရောက်တွေ့ဆုံသည်ဟု အသိပေးချက် ရရှိလိုက်သည်။
***