← Chapters

ဆွေးနွေးခြင်း

Vol. 42 Ch. 580

ဆွေးနွေးခြင်း

Vol. 42 Ch. 580

သူ့စံအိမ်သို့ ပြန်လာသည့်အခါ အစေခံတစ်ဦးက စောင့်ဆိုင်းနေသည်ကို မြင်လိုက်ရ၏။ သူမက သူ့အား ဦးညွှတ်လိုက်ပြီးသည့်နောက်တွင် လာရောက်တွေ့ဆုံသူအကြောင်းကို ပြောပြခဲ့သည်။ ထို့နောက် ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဧည့်ခန်းထဲ ဝင်ရောက်လိုက်သည်။

သူက ဘုန်းကြီးတစ်ပါး အဖန်ရည်နှင့် သားသတ်လွတ် အစားအစာများရှိသည့် စားပွဲရှေ့တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။ ဝမ်ဝေ့က စားပွဲဆီ လျှောက်လှမ်းလာပြီးသည့်နောက် လက်ဝှေ့လိုက်သည့်အခါ ထိုအစားအစာများက ပျောက်ကွယ်သွား၏။

“ သခင်လေးဝမ်ဝေ့ နောက်ကျမှ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်” ဘုန်းကြီးဝူကျစ်က ထိုလူ၏ ရိုင်းစိုင်းမှုကို စိတ်ထဲမထားဘဲ ပြောလာ၏။

“ ဘုန်းကြီး ခင်ဗျားရဲ့ စကားကို ဂရုမစိုက်ဘူး။ လာတဲ့အကြောင်းကိုပဲ ပြော”

“ ဒကာလေးက ဘာလို့ ရန်လိုနေတာပါလဲ။ ကိုယ်တော်ဘက်က တစ်ခုခု ထိခိုက်မိအောင် လုပ်ဖူးလို့လား။ တကယ်လို့ လုပ်ခဲ့ဖူးလို့ ပြောပြမယ်ဆိုရင် တောင်းပန်ပါမယ်” ဘုန်းကြီးဝူကျစ်က အလေးအနက် ပြောလိုက်သည်။

“ တကယ်လို့ ခင်ဗျား မလုပ်ချင်တဲ့အရာတစ်ခုထဲမှာ ဆွဲသွင်းခံရတယ်ဆိုရင် ကျုပ်လိုပဲ ခံစားရလိမ့်မယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်၏။

“ ဒကာလေး ဒါကို ဆွဲသွင်းတယ်လို့ မမြင်သင့်ဘူး။ အားလုံးက သူတို့ရဲ့ အပြုအမူတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ ချည်နှောင်ခံထားရတာပဲ။ အားလုံးက သူတို့ရဲ့ ကံကြွေးကို ပြန်လည်ပေးဆပ်ရမယ်”

“ ခင်ဗျား ပြောတာမှန်တယ်။ ဒါပေမဲ့ လိုလိုလားလား ပေးဆပ်တာနဲ့ အတင်းအကြပ် ပေးဆပ်ခိုင်းလို့ ပေးဆပ်ရတာနဲ့ ကြားမှာ ကွာခြားချက်ဆိုတာ ရှိတယ်”

“ ဒကာလေးက ရွေးချယ်ခွင့် ရှိပါတယ်။ ဘယ်သူကမှ ဖိအားမပေးနိုင်ပါဘူး”

“ ခင်ဗျားက အဲ့ဒါကို ယုံလား” ဝမ်ဝေ့က ဘုန်းကြီး၏ မျက်ဝန်းထဲ စိုက်ကြည့်ကာ ပြောလိုက်၏ “ ခင်ဗျားရဲ့ စကားက အလေးချိန်ရှိရဲ့လား ဒါမှမဟုတ် ပြောချင်တိုင်း ပြောနေတာလား”

ဘုန်းကြီးဝူကျစ်က ထိုမေးခွန်းကို ကြားပြီးနောက်တွင် ချွေးများ ထွက်လာ၏။ သူက သူ့ခေါင်းအထက် ရစ်ပတ်နေသည့် မမြင်နိုင်ဖွယ် မျှခြေကို ခံစားမိလိုက်သည်။ ထိုမျှခြေက သူ့တုံ့ပြန်မှုအပေါ် မူတည်၍ သူ့ကံကြမ္မာကို ဆုံးဖြတ်ပေးမည် ဖြစ်၏။

အကယ်၍ သူ လိမ်ညာခဲ့လျှင် သူက လိမ်ညာခြင်းအတွက် တန်ပြန်သက်ရောက်မှုကို ခံစားရမည်ဖြစ်ကာ သူ့စကားများက အရေးမပါသလို ဖြစ်သွားလိမ့်မည်။ အကယ်၍ သူက အမှန်အတိုင်း ပြောပါက ရောက်ရှိလာမည့် ပဋိပက္ခအတွင်း ဝမ်ဝေ့က ဝင်ရောက်မစွက်ဖက်မည့် အကြောင်းကို သဘောတူသလို ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် ဘုန်းကြီးဝူကျစ်က စက္ကန့်ပိုင်းလေးသည် တစ်သက်သာကြာမြင့်နေသလိုမျိုး ခံစားလိုက်ရ၏။

သူက တံတွေးမျိုချပြီးသည့်နောက်တွင် မန္တန်တချို့ကို ရွတ်ဖတ်ပြီးနောက် စိတ်ငြိမ်အောင် ထိန်းလိုက်သည်။

“ ကိုယ်တော်တို့ပြောတဲ့ဟာတွေ  အကုန်လုံးက တကယ်ပါ။”

ထိုစကားများကို ပြောလိုက်သည်နှင့် မျှခြေ ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်သည်။ စကားလုံး၏ အလေးချိန်က သူ့ပုခုံးမှ ပျောက်ကွယ်သွား၏။

ဘုန်းကြီးဝူကျစ်က ဤတွေ့ဆုံမှုမှ တန်ဖိုးရှိဖွယ် သင်ခန်းစာကို သင်ယူလိုက်ရသည်။ ကံကျွမ်းကျင်သူ ရှေ့မှောက်တွင် သူ့စကားများကို အမြဲလိုလို သတိထားရမည် ဖြစ်၏။ မဟုတ်ပါက သူတို့က ထိုအရာကို သုံးကာ ရင်ဆိုင်လိမ့်မည်။

“ ဒါပဲလား။ ဒီလိုဆိုရင်တော့ ရိုင်းပျမှုအတွက် တောင်းပန်ပါတယ်။ ကြည့်ရတာ ကျုပ်က အကဲဖြတ်မှားသွားတဲ့ပုံပဲ” ဝမ်ဝေ့က ပြောလိုက်ပြီးသည့်နောက်တွင် ယခင်ပျောက်ကွယ်သွားသည့် စားပွဲက ယခုအခေါက်တွင် နဂိုထက် များပြားသည့် အစားအစာ အပြည့်အစုံဖြင့် ပြန်လည်ပေါ်ထွက်လာသည်။

“ ဒါက ခင်ဗျားအတွက် သီးသန့်ပြင်ဆင်ထားတဲ့ အစားအစာပါ။ ဒီဟာကို တစ်ခါမှ မစားဖူးလောက်ဖူးလို့ ထင်တယ်။ ဒါပေမဲ့လည်း ကျုပ် မှားနေနိုင်တာပေါ့။ မြည်းစမ်းကြည့်ပါဦး”

ဘုန်းကြီးဝူကျစ်က ထိုအရာကို ငြင်းချင်မိသည်။ ဒိုင်မေးရှင်းအမြင့်မှ တစ်စုံတစ်ယောက်အနေဖြင့် သူ မမြည်းစမ်းဖူးသည့် ထူးကဲသည့် အစားအစာ မည်သို့ဖြစ်မည်နည်း။

သို့သော်လည်း အစားအသောက်၏ ထူးကဲသည့် အနံ့ကို ရှူရှိုက်ပြီးသည့်နောက်တွင် သူက ဧည့်သည့်အဖြစ် အားမနာနေဖို့သာ ဆုံးဖြတ်လိုက်၏။ သူက တစ်လုတ် စားကြည့်လိုက်သည်။ အရသာက နတ်သုဒ္ဓါအလား ဖြစ်၏။ ဤနည်းဖြင့်သာ သူက ဖော်ပြနိုင်သည်။

ပါဝင်ပစ္စည်းများက သူအမြဲလိုလို အသုံးပြုနေသည့် အရာများလောက် မကောင်းမွန်သော်လည်း ပေါင်းစပ်ထားမှု၊ အရသာနှင့် နည်းစနစ်တို့က ကောင်းမွန်လှသည်။ ထို့အပြင် သူက ဤသို့ဟင်းလျာမျိုးကို တစ်ခါမှ မမြည်းစမ်းခဲ့ဖူးပေ။

ဘုန်းကြီးဝူကျစ်က သူ့ဘာသာသူ သဘောကျနေ၏။ ဤအစားအစာ၏ တစ်ခုတည်းသော ဆိုးကျိုးက အဖန်ရည် ဖြစ်ပြီး အနည်းငယ် မလိုက်ဖက်သလို ခံစားနေရသည်။ သို့သော် သူ့အဖန်ရည်ကို ထုတ်ပြီးသည့်နောက်တွင် အားလုံးက ပြီးပြည့်စုံသွား၏။

ဝမ်ဝေ့က သူ့အဖန်ရည်သည် ဒိုင်မေးရှင်းအမြင့်မှအရာနှင့် မယှဉ်နိုင်ကြောင်း ဝန်ခံရပေမည်။ ထို့ကြောင့် အဖန်ရည်တချို့အတွက် ဟင်းလျာ၏ ချက်ပြုတ်နည်းနှင့် လဲလှယ်ပြီးသည့်နောက်တွင် နှစ်ဦးသားက စကားစမြည်ပြောပြီး ညစာစားလိုက်ကြသည်။

နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူတို့က အရေးပါသည့်ကိစ္စကို ပြောလိုက်ကြ၏။

“ ရှောင်ဝူကျစ် ဒီနေ့ဘာလို့ လာတွေ့တာလဲ”

ဘုန်းကြီးက ယခုအခါ ထိုသို့ဆွေးနွေးမှုကို အသားကျနေပြီ ဖြစ်၏။ သူက ထိုသူထက် နှစ်သိန်းတချို့ကြီးသော်လည်း သူ့ဝါစဉ်က ညီငယ်အဖြစ် လျှော့ချခံရသည်ကိုပင် စိတ်ထဲမထားပေ။

“ ဖုန်းဟွမ်ကို ဘေးကင်းအောင် ထားဖို့ ဒကာလေးရဲ့ အကူအညီကို လိုအပ်နေလို့ပါ”

“ သူနဲ့ သက်ဆိုင်နေမယ်လို့ ထင်ထားမိသားပဲ” ဝမ်ဝေ့က ပုံမှန်အတိုင်း ပြောလိုက်သည် “ အဲဒါဆိုတော့ ကျန်းယွီချန်းက သူ့ကို သုတ်သင်ချင်နေတာလား”

“ ဟုတ်တယ်။ ကိုယ်တော်က အဲဒါကို ဖြစ်ခွင့်မပေးနိုင်ဘူး”

“ ကျုပ်က တိုက်ရိုက်တော့ မကူညီနိုင်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ တကယ်လို့ ဘက်ရွေးဖို့ စိုးရိမ်နေတယ်ဆိုရင် ရွေးချယ်စရာရှိမယ်လို့ မထင်ဘူး”

“ အဲဒါကို ကျုပ်လည်း သိပါတယ်။ ဒါပေမဲ့ အသက်ဝင်တဲ့ ပြိုင်ပွဲဝင်နဲ့ ငြိမ်သက်နေတဲ့ ပြိုင်ပွဲဝင်ကြားမှာ ကွာခြားချက်တော့ ရှိတယ်”

“ အဲဒါဆိုတော့ ကိုယ်တော်ကိုတော့ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ တိုက်ရိုက်မဟုတ်ဘူးလို့ ပြောချင်တာပေါ့” ဘုန်းကြီးဝူကျစ်က ပြောလိုက်သည် “ အဲဒါဆိုတော့ ဘယ်လိုကူညီပေးမှာလဲ”

“ ဒိုင်မေးရှင်းအနိမ့်မှာ ဗုဒ္ဓဘာသာကို ဖြန့်ဝေပေးဖို့ ကူညီပေးနိုင်တယ်။ တကယ်လို့ ဖုန်းဟွမ်သာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် တာအိုကို သက်သေပြပြီးတဲ့နောက်မှာ သူ့နေရာကို တရားဝင်ရယူပေးနိုင်တယ်။ အဲဒီအချိန်ကျရင် အင်အားစုကို ဦးဆောင်နိုင်ဖို့ တစ်ခုခု ဒါမှမဟုတ်ဘူးဆိုလည်း ဂုဏ်ထူးဆောင်ဗုဒ္ဓဘွဲ့ကို ပေးလိုက်ပေါ့”

ဘုန်းကြီးဝူကျစ်က ခေတ္တမျှ တွေးလိုက်ပြီးနောက် ထိုသူသည် ဒိုင်မေးရှင်းအနိမ့်၏ ဗုဒ္ဓဘာသာကို ဦးဆောင်ဖို့ ဂုဏ်ထူးဆောင် ဂုဏ်ပုဒ်ကို ပေးအပ်ဖို့ရာ ကိစ္စမရှိပေ။ ထိုသူက ဒိုင်မေးရှင်းအနိမ့်တွင် ဗုဒ္ဓဘာသာကို ထိန်းချုပ်ပြီး ဦးဆောင်သူဖြစ်လာဖို့ရာ စိတ်ထဲမထားပေ။

ပြောရလျှင် သူက ဒိုင်မေးရှင်းအမြင့်သို့ တက်လှမ်းရဦးမည် ဖြစ်၏။ သူက မည်မျှပင်လုပ်စေကာမူ ဗုဒ္ဓဘာသာ၏ အကြွင်းမဲ့ဦးဆောင်သူက သူ့ဆရာ မေတ္တယျမာတာဗုဒ္ဓသာ ဖြစ်နေလိမ့်မည်။ သူ့တွင် ပြဿနာတစ်ခုသာ ရှိ၏။

“ ဖုန်းဟွမ်က သေလို့ မဖြစ်ဘူး”

“ ဘာလို့လဲ”

“ သူက အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားကို ချိုးဖောက်မဲ့ သော့ချက်ပဲ။ သူ သေဆုံးတာနဲ့ အရာအားလုံး မှားယွင်းသွားလိမ့်မယ်”

“ အဲဒါက ပြဿနာ မဟုတ်ပါဘူး။ ကျုပ်တာအိုကို သက်သေပြပြီးရင် အကြွင်းမဲ့စတင်ခြင်း မှော်စွမ်းအားကို ချိုးဖောက်နိုင်တယ်”

“ အဲဒါက ကိစ္စမရှိဘူး။ ဖုန်းဟွမ်က သေလို့ကို မဖြစ်ဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။ သူက ကမ္ဘာမြေမှ သင်ခဲ့ရသော သမိုင်းကြောင်း သင်ခန်းစာတချို့ကို အမှတ်ရလိုက်၏။ ဗုဒ္ဓဘာသာက အိန္ဒိယမှ ပင်မကုန်းမြေသို့ ရောက်ရှိလာပြီးသည့်နောက်တွင် တာအိုဘာသာက ဗုဒ္ဓဘာသာ သဘောတရားများ ပါဝင်သည့် အရာကို သူတို့၏ အတွေးအခေါ်အဖြစ် ဖန်တီးပြောင်းလဲခဲ့သည်။

ဗုဒ္ဓဘာသာက ရှေးဟောင်းခေတ်ကာလအတွက် ပိုမိုသင့်တော်ဖို့ရာ ပြန်လည်စုစည်းခဲ့သည်။ ယခုအခါ ဤကမ္ဘာတွင်လည်း တူညီသည့် ကိစ္စတချို့ ဖြစ်ပေါ်နေ၏။

ဖုန်းဟွမ်၏ ဗုဒ္ဓဘာသာအသစ်က တာအိုအတွေးအခေါ်များဖြင့် ပေါင်းစပ်ထားသည်။ ထို့အပြင် သူက သူတို့၏ ချီကံကောင်းမှုနှင့် ဆက်နွယ်ထားသည့်အတွက် သူ့ဂိုဏ်းအသစ်ကို တည်ထောင်ခြင်းက အင်မတန် အဖိုးတန်လာစေလိမ့်မည်။ ဒိုင်မေးရှင်းအနိမ့်နှင့် ဒိုင်မေးရှင်းအမြင့် တစ်လျှောက်လုံးကို ဖြန့်ဝေပြီးသည်နှင့် တာအိုဘာသာဆီ ချက်ကောင်းကို ထိစေလိမ့်မည်။

ဤအင်အားစုအသစ်၏ ဦးဆောင်သူ တစ်ယောက်အနေနှင့် ဖုန်းဟွမ်၏ တန်ဖိုးက တွက်ချက်ကြည့်၍ မရပေ။

ဒိုင်မေးရှင်းအမြင့်က သူ့အတွက် တာအိုကို သက်သေပြပြီး ဧကရာဇ်ဖြစ်လာဖို့ နောက်ထပ်နည်းလမ်းတစ်ခု ပြင်ဆင်ထားတယ်ဆိုရင်တောင် ငါ အံ့ဩမိမှာမဟုတ်ဘူး…

ထိုအရာကို စဉ်းစားပြီးသည့်နောက်တွင် သူက မေးလိုက်၏ “ခင်ဗျားနဲ့ ကျန်းယွီချန်းက ဘယ်လောက်အားကောင်းလဲ”

ဘုန်းကြီးဝူကျစ်က ပြန်မဖြေပေ။

“ ဒါက မမေးသင့်တဲ့မေးခွန်းမှန်း သိပေမဲ့ ခင်ဗျားတို့ရဲ့ အင်အားအဆင့်ကို ဆုံးဖြတ်ပေးမှ ကျုပ်က ဝင်ပါ၊ မပါ ဆုံးဖြတ်လို့ရမှာလေ”

ခေတ္တမျှစဉ်းစားပြီးသည့်နောက်တွင် ဘုန်းကြီးဝူကျစ်က အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်သည် “ ကျုပ်က ပွင့်ချပ်(၇)လွှာ ထာဝရအရှင်စွမ်းအား ရှိထားပြီးတော့ ကျန်းယွီချန်းက ထိပ်သီးပွင့်ချပ်(၇)လွှာ ဒါမှမဟုတ် (၈)လွှာ စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်”

“ ပွင့်ချပ်(၇)လွှာလား။ ဒီအဆင့်စွမ်းအားမျိုးရရှိဖို့ တစ်ခုတည်းသောနည်းလမ်းက နဝမအဆုံးစွန်အုတ်မြစ်ကနေပဲ။ ခင်ဗျားတို့တွေက အုတ်မြစ်တည်ထောင်ရေးမှာ ကျရှုံးခဲ့တာလား”

ဘုန်းကြီးဝူကျစ်က နေရခက်စွာ မလုံမလဲပြုံးလိုက်ပြီးနောက် “ တခြားအရာတွေလည်း ရှိပါသေးတယ်”

ဝမ်ဝေ့က ထိုအရာများသည် သူတို့နှစ်ယောက်၏ ဆရာများက နဝမအဆုံးစွန်အုတ်မြစ် တည်ဆောက်မှုကို ဝင်ရောက်စွက်ဖက်ခဲ့၍ သူတို့ ကျရှုံးသွားခြင်းသာ ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်သည်။

“ နောက်ထပ် မေးခွန်းတစ်ခုရှိသေးတယ်” ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “ ကျုပ်ဆီမှာ နဝမအဆုံးစွန်အုတ်မြစ် ရှိတယ်ဆိုတာ ဘယ်လိုသိတာလဲ”

“ ဘာကို ပြောချင်တာပါလဲ”

“ နဝမအဆုံးစွန်အုတ်မြစ်ရဲ့ အကြောင်း သိတာက ဒိုင်မေးရှင်းအနိမ့်မှာ အတော်လေးကို ရှားတယ်။ ဒါပေမဲ့ ကျုပ်က အဲဒီအကြောင်းကို ပြောတဲ့အခါ ခင်ဗျားက မအံ့ဩဘူး”

ဘုန်းကြီးဝူကျစ်က တိတ်ဆိတ်သွားသည်။ ဝမ်ဝေ့အနေဖြင့် ထိုသူသည် သူ့အား ဗဟုသုတ ကြွယ်ဝသည်ဟု တွေးလိုက်မိမည်ဟု မထင်ပေ။

“ ခင်ဗျားရဲ့ ဆရာက ပြောပြခဲ့တာလား”

“ ဟုတ်ပါတယ်”

“ အဲဒါဆိုတော့ ကျန်းယွီချန်းကလည်း သိတယ်ဆိုတဲ့ သဘောလား”

“ ဆရာက ဒကာလေးရဲ့ သတင်းအချက်အလက်ကို ဝှက်ထားဖို့ အကောင်းဆုံးလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ သိနိုင်ချေတော့ မြင့်မားတယ်။ ဒါပေမဲ့ ကိုယ်တော်တို့ဘက်က မသေချာဘူး”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘိုးဘေးများက ဒိုင်မေးရှင်းအမြင့်၏ အုပ်ချုပ်သူနှစ်ယောက်နှင့် အန္တိမအုပ်ချုပ်သူနှစ်ယောက်အကြောင်း ပြောခဲ့ဖူးသည်။ သူတို့က ထိုသူနှစ်ယောက်သည် စံပြအဆင့်ထက် ကျော်လွန်နေသည်ကိုပင် အရိပ်အမြွက် ပြောပြခဲ့ဖူး၏။

ဓားဧကရီက သူသည် ဝူဟုန်အပေါ် များစွာ မမှီခိုသင့်ကြောင်း အရိပ်အမြွက် ပြောပြခဲ့သည်။ အကြောင်းမှာ သူမကိုယ်တိုင်ပင် ထိုလူနှစ်ဦးဆီမှ ကာကွယ်နိုင်မည် မဟုတ်ပေ။

ကြည့်ရတာ ငါ မေတ္တယျမာတာဗုဒ္ဓကို ငါ ထင်ထားတာထက် ကျေးဇူးကြွေးတွေ ပိုတင်နေသလိုပဲ…

ဝမ်ဝေ့က တွေးလိုက်မိပြီး ဤအားကောင်းသည့် ပုဂ္ဂိုလ်များနှင့် ဆက်နွယ်မိသည်ကို စိတ်ခုမိသလို အကာအကွယ်အတွက်လည်း စိတ်သက်သာရာရမိသွားသည်။

“ အဲဒါဆို ရှောင်ထျန်းတိကရော။ သူက ဘယ်လောက်အားကောင်းလဲ။ သူကရော နဝမအဆုံးစွန်အုတ်မြစ်ကို အောင်မြင်ထားတာလား”

“ သူလား။ သူ့အကြောင်း သိထားသလောက်တော့ သူက မလုပ်ခဲ့ဘူး”

“ ဘာလို့လဲ”

“ ကိုယ်တော်လည်း မသိဘူး” ဘုန်းကြီးက ပြန်ဖြေလိုက်သည်။ သူ တွေးထားသည်က ပင်ကိုတာအိုအရင်းအမြစ် ရုပ်ခန္ဓာပိုင်ရှင်သည် ကျင့်ကြံရေးအတွက် အကောင်းဆုံးအုတ်မြစ်ကိုပင် တည်ဆောက်ဖို့ မကြိုးစားခဲ့ကြောင်း သိသည့်အခါက အတော်လေးကို အာရုံများသွားခဲ့ဖူးသည်။

“ ခင်ဗျားတို့နှစ်ယောက်က သူ့ထက် ပိုအားကောင်းတာလား”

“ အဲ့လိုတော့လည်း မဟုတ်ဘူး” ဘုန်းကြီးက အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည် “ ရှောင်ထျန်းတိက ပွင့်ချပ်(၆)လွှာအဆင့်အင်အားပဲရှိတယ်။ ဒါပေမဲ့ သူက သူ့အင်အားကို ပွင့်ချပ်(၉)လွှာအဆင့်ထက် ကျော်လွန်အောင် လုပ်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်တွေ အများကြီးပဲ”

“ ခင်ဗျားတို့နှစ်ယောက်လည်း အဲ့လို နည်းလမ်းမျိုး ရှိမှာပါ”

“ ဒါပေမဲ့ မတူညီဘူး” ဘုန်းကြီးက ပြန်ဖြေလိုက်သည် “ သူက သဘာဝမဆန်လောက်အောင် အများကြီးကို ကျွမ်းကျင်ထားတာ။ ပြီးတော့ အဲဒီလျှို့ဝှက်နည်းစနစ်တွေက တန်ကြေးတစ်ခုခု အမြဲလိုလို ပေးရတယ်။ ဒါပေမဲ့ သူကျ တန်ကြေးမပေးရတဲ့ တခြားလျှို့ဝှက်နည်းစနစ်တွေကိုလည်း ကျွမ်းကျင်ထားတယ်”

ဘုန်းကြီးက မလုံမလဲ ပြောလိုက်ပြီးသည့်နောက်တွင် အတွေးနက်သွားသည်။

“ သူက တစ်ဖက်လူရဲ့ လျှို့ဝှက်နည်းစနစ်ကို ချေဖျက်နိုင်တဲ့ လျှို့ဝှက်နည်းစနစ်မျိုးကို သိထားနိုင်ချေ မြင့်မားတယ်။ တကယ်လို့ သူ့ဆီမှာ မရှိဘူးဆိုရင်တောင် သူက တိုက်ခိုက်နေရင်းနဲ့  သုံးသပ်ပြီး ဖန်တီးနိုင်တယ်။  ဘာပဲဖြစ်ဖြစ် ကျုပ်တို့က သူ့ကို တိုက်ပွဲမှာ ဘယ်တုန်းကမှ အနိုင်မရဖူးဘူး”

***

All Chapters