သဘောတူညီချက်
Vol. 42 Ch. 581
ပင်ကိုတာအိုအရင်းအမြစ်ရုပ်ခန္ဓာက ငါ့ရဲ့ စံပြဝိညာဉ်ထက် ပိုကောင်းနေတယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်…
ဝမ်ဝေ့က ရှောင်ထျန်းတိသည် ဘဝကို လှည့်ဖျားနိုင်သည့် ဇာတ်လိုက်များထဲမှ တစ်ယောက်ဖြစ်ကြောင်း ခံစားမိနေသည်။
သူတို့ဘာသာ အထိနာစေနိုင်သည့် အကျိုးအကြောင်းမသင့်တော်သော နည်းစနစ်များကို အသုံးပြုသော်လည်း ထူးဆန်းစွာဖြင့် သူတို့သည် ထိုအဆိုးသက်ရောက်မှုကို ပယ်ပျောက်သွားစေသည့် နောက်ထပ် ထူးခြားဖွယ် နည်းစနစ်မျိုးလည်း ရှိထားကြသည်။
ကိစ္စမရှိဘူး။ သူ့ဆီကနေ လျှို့ဝှက်နည်းစနစ် တချို့ရနိုင်မလား ကြည့်ရတာပေါ့…
သူက တွေးလိုက်မိသည်။
“ အဲဒါဆို ရှစ်ရို့လန်ကရော … သူမက ဘယ်လောက်အားကောင်းလဲ”
“ သူမရဲ့ ဧကရာဇ်အရိုးက အတော်လေးကို မနှစ်မြို့စရာကောင်းတဲ့ စွမ်းရည်ရှိတယ်လို့ပဲ ပြောရမှာပဲ” ဘုန်းကြီးဝူကျစ်က တခြားအကြောင်း ထပ်မပြောဖို့ ဆုံးဖြတ်ချက်ဖြင့် ပြောလိုက်သည်။
ဝမ်ဝေ့က ထိုဘုန်းကြီးသည် စကားဝိုင်းတစ်ခုလုံးကို သူ ဦးဆောင်နေသည်ကို သဘောမကျကြောင်း ပြောနိုင်လေ၏။ ထို့ကြောင့် ဝမ်ဝေ့က ထပ်မမေးတော့ပေ။
သူက ရှောင်ထျန်းတိနှင့် ရှစ်ရို့လန်အပြင် တခြားသော ဒိုင်မေးရှင်းအမြင့် လက်ရွေးစင်များသည် ကျန်းယွီချန်းနှင့် ဘုန်းကြီးဝူကျစ်တို့နှင့် မယှဉ်နိုင်ကြောင်း ကောက်ချက်ချလိုက်၏။ သူတို့က လက်ရွေးစင်ထဲ အရည်အချင်း ပြည့်မှီသည်မှာ ကုရွှမ် ကစားနေသည့် လှည့်ကွက်တချို့ကြောင့်သာ ဖြစ်၏။
သူတို့က သူတို့၏ တာဝန်အရ ရောက်ရှိနေသည်ဖြစ်၍ အဆင့်ကို ဂရုမစိုက်ကြပေ။
“ ဒကာလေးက ကိုယ်တော်ကို ကူညီမှာလား၊ မကူညီဘူးလား”
“ ကျုပ် အကူအညီရော တကယ်လိုလို့လား”
“ အဲဒါက ဘာကိုပြောချင်တာလဲ”
“ ကျုပ် သိထားသလောက် ဖုန်းဟွမ် မဟုတ်ဘူး … ရှစ်ဖုယွီက ပုန်းအောင်းတဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက်ပဲလေ”
ဝမ်ဝေ့က ဖုန်းဟွမ်၏ ကံကြမ္မာကြိုးမျှင်ကို ဖတ်ရှုဖူးပြီး သူ့ သတင်းအချက်အလက်တချို့ကို သိထားလေသည်။ အတိတ်က သူသည် ရှစ်ဖုယွီအမည်ရှိ ဘုန်းကြီးတစ်ပါး ဖြစ်၏။ အိပ်စက်သူ၏ သတင်းအချက်အလက်အပြင် ယုံကြည်မှုခေတ်ကာလတွင် နေထိုင်ခဲ့သည့် ဘုန်းကြီးအကြောင်းကို သိခဲ့ရသည်။
အိပ်စက်သူများက ထိုသူ့အား သတိထားမိခဲ့သည်မှာ သူသည် အသင်္ချေအင်ပါယာကမ္ဘာမှ ဗုဒ္ဓဘာသာ၏ နောက်ဆုံးသော အသက်ရှင်သန်သူ ဖြစ်နေ၍ ဖြစ်သည်။ သူက အစောပိုင်းအချိန်များတွင် ပါရမီကောင်းသူတချို့အား ဗုဒ္ဓဘာသာဝင်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့စဉ်အခါက ဖြစ်ကတတ်ဆန်းနိုင်ခဲ့သည်။
အချိန်တစ်ခုကြာပြီးသည့်နောက်တွင် သူ့သဲလွန်စ ပျောက်ကွယ်သွားသော်လည်း အိပ်စက်သူများက ထိုဘုန်းကြီးသည် ပုန်းအောင်းရာ၌ ပညာရှင်ဖြစ်သည်ဟု မှတ်တမ်းတင်ထားဆဲ ဖြစ်၏။ ထိုက်ယီနက်နဲမုခ်မှ အတုအယောင် ထာဝရဧကရာဇ်၏ အမြင်အာရုံမှပင် ရှောင်ရှားနိုင်သည်။
“ သူက ကျုပ်တို့ဆရာရဲ့ အမြင်အောက်ကနေ လွတ်မြောက်နိုင်မယ် ထင်လား” ဘုန်းကြီး ဝူကျစ်က တုံ့ပြန်လိုက်၏။
ဝမ်ဝေ့က ထိုစကားကို သဘောတူလိုက်လေသည်။ သူတို့နှစ်ယောက်၏ ဆရာက သူတို့၏ ပြိုင်ပွဲအတွင်း သူ့အနေနှင့် သတိမထားမိစေလိုသည့် အကြောင်းအရင်း တစ်ချက်လည်း ဖြစ်ပေသည်။ သူတို့ဆရာ၏ စိတ်စွမ်းအားက ဆင်းသက်လာပြီး ရင်ဆိုင်တိုက်ခိုက်မှုအတွင်း သူတို့၏ ခန္ဓာကိုယ်ကို အသုံးပြုခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ သူက ထိုသူများ၏ အကြည့်အောက်တွင် တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်ကာ မသက်မသာဖြစ်စေလိမ့်မည်။
“ နောက်ဆုံးမေးခွန်းက ထိုက်ယီနက်နဲမုခ်မှာရှိတဲ့ ဖုန်းဟွမ်ရဲ့ အဆင့်အတန်းက ဘယ်လိုဖြစ်သွားမှာလဲ”
ဘုန်းကြီးဝူကျစ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးသည့်နောက် ပြန်ဖြေလိုက်သည် “ အကောင်းဆုံးအနေအထားအရ သူ ရှိခဲ့တဲ့အတိုင်း ကျန်ရှိလိမ့်မယ်။ အဲ့လိုမဟုတ်ဘူးဆိုရင် အစီအစဉ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး”
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် ထိုစကားနှစ်ခု၏ သတင်းအချက်အလက်များကို သုံးသပ်လိုက်သည်။ ဖုန်းဟွမ်က ထိုက်ယီနက်နဲမုခ်မှ အထက်ပိုင်းအရာရှိများကို သူ၏ ဗုဒ္ဓဘာသာဂိုဏ်းသစ်ထဲ ပြောင်းလဲပြီးတာ ဖြစ်ဖို့ များလေသည်။ ထိုအရာထဲတွင် မသေမျိုးအဆင့် ပုဂ္ဂိုလ်တချို့လည်း ပါဝင်နေနိုင်၏။
ဒုတိယအနေဖြင့် ကျန်းယွီချန်း၏ ဆရာက အသင်္ချေအင်ပါယာကမ္ဘာကို အချိန်တစ်ခုအထိ ဝင်စွက်ဖက်ခွင့်မရပေ။ မဟုတ်ပါက သူသည် ထိုက်ယီနက်နဲမုခ်အား သတိပေးမည် ဖြစ်ကာ အခြေအနေသည် ဤမျှလောက် ကြီးမားမလာနိုင်ပေ။
ဝမ်ဝေ့က သူ့အင်အားအပြည့် ပါဝင်သည့် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။
အထဲရှိစွမ်းအားကို ခံစားမိပြီးသည့်နောက်တွင် ဘုန်းကြီးဝူကျစ်၏ အကြည့်များက လင်းလက်လာ၏။ သူက ထိုစွမ်းအားဖြင့် ကျန်းယွီချန်းကို အနိုင်ယူနိုင်ကြောင်း သိလိုက်သည်။
“ ခင်ဗျားကို ကူညီပေးမယ်။ ဒါပေမဲ့ ကျုပ်ဆီမှာ တောင်းဆိုချက်တစ်ခု ရှိတယ်”
“ ဘာများလဲ”
“ ခင်ဗျားရဲ့ နိဗာန၉ပါး နှလုံးသားကို လေ့လာချင်တယ်”
“ မဖြစ်နိုင်ဘူး”
“ လွန်လွန်ကဲကဲ မတုံ့ပြန်ပါနဲ့။ ပြီးတော့ အဲဒါက ခင်ဗျားကို ထိခိုက်စေမှာ မဟုတ်ဘူး”
“ ကျုပ် ငြင်းတယ်”
“ ကောင်းပြီ။ ခင်ဗျားက ခင်ဗျားဘာသာပဲ။ ဖုန်းဟွမ် သေတာနဲ့ ကျုပ်ကံကြွေးကို ပေးဆပ်ဖို့ သူ့နေရာကို ဝင်ပေးမယ်”
“ ခင်ဗျား…” ဘုန်းကြီးဝူကျစ်က စိတ်ပြန်ငြိမ်အောင် ထိန်းလိုက်ရသည်။ ထို့နောက် သူက ဝမ်ဝေ့အား ကြည့်လိုက်၏။
“ ခင်ဗျားက အခြေအနေကို မသုံးသပ်နိုင်သေးဘူးပဲ။ အသင်္ချေအင်ပါယာကမ္ဘာရဲ့ ကောင်းကင်ရွေးချယ်ခံတွေက သူတို့ တက်လှမ်းပြီးတဲ့နောက်မှာ ချက်ချင်းသုတ်သင်ခံရမလား၊ မခံရမလားဆိုတာ စောင့်ကြည့်စာရင်းမှာ ပါတယ်။ အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာတစ်ခုလုံးက ဘယ်သူမှ မဝင်နိုင်၊ မထွက်နိုင်အောင် တားဆီးထားတယ်။
ခင်ဗျားအတွက်ကတော့ မူမမှန်ဘူးဆိုတော့ ခင်ဗျား ရရှိထားတဲ့ အောင်မြင်မှုတွေအကုန်လုံးက မှိန်ဖျဖျအခန်းထဲမှာ အလင်းပေးလိုက်သလိုပဲ။ ခင်ဗျားရဲ့ အလင်းရောင်က ဆရာကြောင့်သာ မပျောက်ကွယ်သွားသေးတာ။
တကယ်လို့ တစ်ရက်မှာ သူမက ခင်ဗျားကို မကာကွယ်တော့ဖို့ ဆုံးဖြတ်လိုက်ရင် ဧကရီဝူတောင် သူမလက်ရှိအခြေအနေနဲ့ တခြားစံပြတွေရဲ့လက်ထဲကနေ ခင်ဗျားကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ကျုပ်ဆရာသာ အန္တိမသဟဇာတကို မတားဆီးထားရင် ခင်ဗျားရဲ့ တစ်ခုတည်းသော ကံကြမ္မာက ပျက်သုဉ်းသွားခြင်းပဲ။ ခင်ဗျားရဲ့ ဘဝကို မျှော်လင့်ချက် မရှိဘဲ ကုန်ဆုံးရလိမ့်မယ်”
“ ဒါက ကျုပ်ကို ခြိမ်းခြောက်နေတာလား” ဝမ်ဝေ့က တည်ငြိမ်စွာ မေးလိုက်၏ “ ကျုပ်အတွက် မျှော်လင့်ချက် မရှိဘူးဆိုတာက အလွန်ဆုံး အဆင်မပြေ ဖြစ်ရုံလောက်ပဲ။ အဆိုးဆုံးအချိန်နဲ့ဆိုရင် ဖြေရှင်းဖို့ အချိန်ကြာကြာ စဉ်းစားရတဲ့ ပြဿနာတစ်ခုလောက်ပဲ”
ထိုစကားများပြောသည့်အခါ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အငွေ့အသက် ထွက်ပေါ်လာပြီး ဘုန်းကြီးဝူကျစ်၏ နှလုံးသားအား တုန်လှုပ်သွားစေသည်။
“ ကြည့်ရတာ ခင်ဗျားက ခင်ဗျားဆရာရဲ့ ကာကွယ်မှုအောက်မှာ အချိန်အကြာကြီးနေခဲ့တယ် တူတယ်။ ဒါပေမဲ့ ခင်ဗျားက ကျင့်ကြံသူတချို့၊ လူတချို့က သူတို့ရဲ့ ယုံကြည်မှုတွေကို ပြောင်းလဲမဲ့အစား အသေခံလိုက်မယ်ဆိုတာကို မေ့ထားတယ်နဲ့ တူတယ်။
ဒါပေမဲ့ ခင်ဗျားကို သတိပေးရမယ်။ ကျုပ်က ခင်ဗျားဆရာ ကစားနေတဲ့ ကစားပွဲမှာ နယ်ရုပ်ဖြစ်မဲ့အစား သေတာပဲ ကောင်းတယ်။ ဒါက ကျုပ် အခိုင်အမာ ပြောတာ ယုံထားလိုက်”
“ အော်မိတောဖော” ဘုန်းကြီးက သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း ထွက်ပေါ်လာပြီးသည့်နောက်တွင် သူ့အား တည်ငြိမ်သွားစေသည်။ ထို့နောက် သူက သူ့ကျမ်းကို မိနစ်ဝက်လောက် ရွတ်ဖတ်လိုက်၏။
ကြည့်ရတာ ငါ့စိတ်အခြေအနေက ငါ ထင်ထားသလောက် မငြိမ်းချမ်းဘူးပဲ။ ငါ့ရဲ့အဆင့်အတန်းနဲ့ နောက်ခံကြောင့် ငါ့နှလုံးသားထဲမှာ ပုန်းအောင်းနေတဲ့ မောက်မာမှုတွေ ရှိနေတယ်။ ဒီအတွေ့အကြုံက ငါ့ကို ဉာဏ်အလင်းပွင့်စေခဲ့တယ်…
ဘုန်းကြီးဝူကျစ်က မျက်လုံးမှိတ်လိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ ငြိမ်းချမ်းသည့် အငွေ့အသက်မျိုး ထွက်ပေါ်လာသည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးဖွင့်လိုက်၏။ သူက ယခင် စိတ်တိုနေသည့် အခြေအနေ ပျောက်ကွယ်သွားပြီဖြစ်ကာ ဉာဏ်ရှိသည့် ဘုန်းကြီးတစ်ပါးလိုမျိုး ဖြစ်နေသည်။ သူ့စိတ်အခြေအနေက သိမ်မွေ့သွား၏။
မျက်လုံးပွင့်လာပြီးသည့်နောက်တွင် ဘုန်းကြီးက ပိုမိုတည်ငြိမ်လာသည် “ ဒကာလေး စောစောလေးက ပြောဆိုခဲ့တာအတွက် တောင်းပန်ပါတယ်”
“ မဟုတ်ပါဘူး။ ကျုပ်ကသာ တောင်းပန်ရမဲ့သူပါ။ ခင်ဗျားက ဧည့်သည်လေ။ အဲ့လိုမျိုး ဆက်ဆံသင့်တာပေါ့”
ဘုန်းကြီးဝူကျစ်က ခေါင်းခါလိုက်ပြီးသည့်နောက် ဆက်မပြောတော့ပေ။
“ ဒကာလေးက ကျုပ်ရုပ်ခန္ဓာကို ဘာလို့ လေ့လာချင်တာလဲ။ လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာက သူတို့အတွက် ထူးခြားတယ်ဆိုတာကို နားလည်သင့်တယ်။ တကယ်လို့ တခြားတစ်ယောက်သာ အဲဒီအကြောင်းကို ကောင်းကောင်းသိသွားတယ်ဆိုရင် သူတို့အတွက် ထိခိုက်မှု ဖြစ်လာစေနိုင်တယ်”
“ ကျုပ်လည်း အဲဒါကို သိပါတယ်။ ကျုပ် တောင်းဆိုချက်က မလေးမစားဖြစ်နေမှန်းလည်း သိတယ်။ ခင်ဗျား မှန်းဆထားတဲ့အတိုင်း ကျုပ်က ခင်ဗျားရဲ့ ရုပ်ခန္ဓာအပေါ် မူတည်ပြီး တာအိုကို သက်သေပြပြီးတဲ့နောက်မှာ အသက်အပို ရယူနိုင်တဲ့ အသက်ရှည်ကျမ်းတစ်ခုကို ဖန်တီးချင်တာ။ အဲဒီနည်းစနစ်ကို ခင်ဗျားနဲ့ မျှဝေပေးမယ်လို့လည်း ကတိပေးတယ်။ အဲဒါက ခင်ဗျားကို အပိုအသက် ၉ခု ရှိစေလိမ့်မယ်”
ဝမ်ဝေ့က အသက်ရှည် အရင်းအမြစ်များအကြောင်း သိခဲ့စဉ်အခါက ထိုအတွေးကို ရရှိခဲ့ခြင်း ဖြစ်၏။ သူက တာအိုကို သက်သေပြပြီးသည့်နောက်တွင် လူဝင်စား ၉ ဘဝကို အသုံးပြုကာ အသက်အပိုကို ရယူလိုမိသည်။ အကယ်၍ သူသာ ဘုန်းကြီးဝူကျစ်၏ ရုပ်ခန္ဓာကို လေ့လာနိုင်ခဲ့ပါက သူ့တွင် အောင်မြင်နိုင်ချေ ပိုမိုမြင့်မားလေသည်။
အဲဒီအကြံ မဆိုးဘူးပဲ…
ဘုန်းကြီးဝူကျစ်က တွေးလိုက်မိသည်။ ယနေ့မတိုင်ခင် သူက တာအိုကို သက်သေပြသည်နှင့် အသက်ကိုးသက် ရရှိမည်ဖြစ်၍ ထိုအကြောင်းကို တစ်ခါမှ တွေးမထားခဲ့ဖူးပေ။ အသက်၉သက်က သူ့ကို စံပြအဆင့်အထိ ထောက်ပံ့ပေးလိမ့်မည်။
အကယ်၍ သူ့တွင် အပို အသက်၉သက် ရှိထားပါက သူတို့သည် ကောင်းကင်ဘုံအဆင့်အထိသာ အသုံးဝင်လျှင်ပင် သူ့အတွက် များစွာ အထောက်အကူ ဖြစ်လိမ့်မည်။
“ ခင်ဗျားရဲ့ တောင်းဆိုချက်ကို လက်ခံတယ်” ဘုန်းကြီးဝူကျစ်က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ပြောလိုက်သည် “ ဒါပေမဲ့ ကျုပ်မှာလည်း တောင်းဆိုချက် ရှိတယ်”
“ ပြောပါ”
“ ကျုပ်က ကာကွယ်ရေးအစီအစဉ်ထဲမှာ တာအိုအခွင့်အလမ်းဂိုဏ်းကို ပါစေချင်တယ်”
“ အဲဒါက ဘာကိုပြောချင်တာလဲ”
“ ကျန်းယွီချန်းက ဖုန်းဟွမ်ကို သတ်ဖို့ မသေမျိုးအဆင့် အင်အားစုတွေကို စုစည်းမှာကို စိုးမိတယ်။ နှမြောစရာကောင်းတာက ကျုပ်တို့ဗုဒ္ဓဂိုဏ်းက ဒိုင်မေးရှင်းအနိမ့်မှာ လွှမ်းမိုးမှု များများစားစား မရှိဘူးလေ။ အဲဒါကြောင့် ကျုပ်တို့ဘက်မှာ မသေမျိုးအင်အားစုကို ရရှိဖို့ ခက်ခဲတယ်”
“ ကောင်းပြီ။ ဒါပေမဲ့ ကျုပ်တို့တွေက ခင်ဗျားနဲ့ ကျန်းယွီချန်းရဲ့ တိုက်ပွဲမှာ အဲဒီမသေမျိုးအင်အားစုကို ဝင်မစွက်ဖက်အောင် တားဆီးပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားရန်သူကိုတော့ မဖြေရှင်းပေးနိုင်ဘူး”
“ ကောင်းပါပြီ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် လိုအပ်သည့် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။ ထို့နောက် သူက ဘုန်းကြီးအား သူ့စံအိမ်အတွင်းရှိ သီးသန့်အခန်းတစ်ခုအတွင်း ဦးဆောင်ခေါ်သွားသည်။
“ ခင်ဗျားဆီမှာ အားကောင်းတဲ့ အချိန်ရတနာတချို့ရှိတယ်မလား”
ဘုန်းကြီးက သဲနာရီနှင့် တူသည့် မှော်ရတနာတစ်ခုကို ထုတ်လိုက်သည်။ ဝမ်ဝေ့က သူ့အား အစီအရင်အတွင်း ပို့ဆောင်ပြီးသည့်နောက်တွင် နှစ်ငါးရာ သတင်းအချက်အလက်ကို စုစည်းလိုက်၏။ အပြင်ဘက်တွင်မူ စက္ကန့်ပိုင်းမျှသာ ကြာမြင့်သေး၏။
ထိုစက္ကန့်ပိုင်းအတွင်း ဘုန်းကြီးက သူ့အနောက်မှ ပျောက်ကွယ်သွားကာ ပြန်လည်ပေါ်ထွက်လာသည်။ သူ့ခန္ဓာကိုယ်၏ အရှိန်အဝါက ယခင်ထက် ပိုမိုအားကောင်းလာဟန်ပေါ်၏။ ထိုစဉ် ဝမ်ဝေ့က ဘုန်းကြီး၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် သတင်းအချက်အလက် မြောက်များစွာ ပါဝင်သည့် အဆောင်တစ်ခုကို ရရှိလိုက်သည်။
“ ကျုပ်တို့ရဲ့ အပေးအယူက ပြီးပြီဆိုတော့ ဘာမှဆက်ပြောစရာ မလိုတော့ဘူး။ အခုလို ဆုံရတာ ဝမ်းသာပါတယ်” ဝမ်ဝေ့က အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည်။
ဘုန်းကြီးဝူကျစ်က သူ့အား စိုက်ကြည့်လိုက်၏။ သူက မတုံးအပေ။ ကိစ္စတချို့ကို သူက ခန့်မှန်းမိလေ၏။ သူ့စိတ်အခြေအနေက ပိုမိုသိမ်မွေ့သွားကာ အစီအရင်အတွင်း သီးသန့်ကျင့်ကြံနေသည့် နှစ်ငါးရာအတွင်း သူက ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် ပတ်သက်ကာ ပိုမိုနားလည်ခဲ့ပြီး ရဲတင်းသည့် အတွေးအခေါ်အသစ်တချို့ပါ ရရှိလာခဲ့သည်။
ထိုအပြောင်းအလဲအားလုံးက သူ့အင်အားကို ပွင့်ချပ်(၇)လွှာထိပ်ဆုံးသို့ ရောက်ရှိသွားစေပြီး ပွင့်ချပ်(၈)လွှာနှင့် နီးကပ်သွားစေသည်။ ထိုအရာက ကျန်းယွီချန်းနှင့် အတူတူ ဖြစ်၏။
“ ကျုပ်ဘက်က ပြောရမှာပါ” ဘုန်းကြီးဝူကျစ်က ခေါင်းညိတ်ကာ ပြောလိုက်ပြီးနောက် စံအိမ်မှ ထွက်လာခဲ့သည်။
“ မင်းက အရမ်းကို စွန့်စားလွန်းနေတာပဲ” ဝမ်ဝူချန်က ရုတ်တရက် ပေါ်ထွက်လာကာ ပြောလိုက်၏။
“ တွက်ချက်ထားတဲ့ စွန့်စားမှုမျိုးပါ။ တကယ်လို့ ဘိုးဘေးက ဒိုင်မေးရှင်းအမြင့်ရဲ့ အခြေအနေအကြောင်း သတင်းအချက်အလက် မပြောပြခဲ့ရင် ဒီလိုကြမ်းတမ်းတဲ့ နည်းလမ်းမျိုးကို အသုံးပြုမိမှာ မဟုတ်ဘူး”
“ မင်းက ကောင်းကောင်းတွေးထားတာ ကောင်းတယ်။ ဒါပေမဲ့ ဂိုဏ်းက တိုက်ပွဲမှာ ဝင်ပါမယ်ဆိုတာက ဘယ်လိုလဲ”
“ အိပ်စက်နေတဲ့ ကျုပ်တို့ဘိုးဘေးတွေကို အန္တိမသဟဇာတဆီက အမဲလိုက်မခံရအောင် တားဆီးထားတာက မေတ္တယျမာတာဗုဒ္ဓ ဖြစ်ဖို့များတယ်။ အဲဒါကြောင့် ကျုပ်တို့က ဘက်ရွေးချယ်ပြီးသွားပြီ”
ဝမ်ဝူချန်က သက်ပြင်းချလိုက်၏။ ကိစ္စများက ပိုမို ဝန်ပိလာသည်။ ထို့ကြောင့် သူက ထိုရှုပ်ထွေးမှုကို ပြင်ဆင်ထားရန် တခြားသူများအား စုစည်းဖို့ ထွက်ခွာသွားသည်။
“ ကောင်းပြီ။ ညလယ်ခေါင်မှာ ဘယ်သူက လှုပ်ရှားနေလဲ ကြည့်ရတာပေါ့” ဝမ်ဝေ့က ကွမ်တန် အစီအရင်ကို အသက်သွင်းလိုက်ပြီးသည့်နောက်တွင် လူများအား စောင့်ကြည့်လိုက်သည်။
***