စည်းမျဉ်းသုံးခု
Vol. 42 Ch. 584
ရေမီးဆန့်ကျင်ဘက်
ဟို့ဖုန်းဟွမ်ရှေ့မှောက်တွင် ဧရာမအပြာရောင်နှင့် အနီရောင်ဘောလုံးတစ်ခု ထွက်ပေါ်လာပြီးသည့်နောက်တွင် ခရမ်းရောင် မဟုတ်ဘဲ အပြာတစ်ဝက်၊ အနီတစ်ဝက် ရှိသည့် ဘောလုံးအသွင် ပေါင်းစပ်သွားသည်။ ထို့နောက် ထိုဘောလုံးက အဝါရောင်ချီဆီ ဦးတည်သွားသည်။
သတ္တုလုံးက ရေဓာတ်နှင့် မီးဓာတ်စွမ်းအား ပါဝင်နေသည့်အတွက် တစ်စုံတစ်ခု ထိပ်တိုက်တွေ့ဆုံကာ ကြိတ်ချေသည့် စက်အသွင် ဖြစ်နေသည်။ ထိုအရာက ကမ္ဘာကိုပင် အမှုန့်ဖြစ်အောင် ကြိတ်ချေနိုင်စွမ်း ရှိ၏။
ထို့ကြောင့် ဟို့ဖုန်းဟွမ်က မလွတ်မြောက်ခင် သစ်ကိုင်းများကို ခြေမွပစ်ဖို့ ခေတ္တမျှသာ ကြာမြင့်လိုက်သည်။ သို့သော်လည်း သူမ၏ တိုက်ကွက်က ရပ်တန့်မသွားဘဲ အောင်းထျန်းယီ၏ ကြေးခွံဆီ ဦးတည်သွား၏။
နဂါး၏ ခရမ်းရောင်ကြေးခွံက တောက်ပလာပြီး ဘောလုံး၏ ဖြတ်တောက်ကြိတ်ချေစွမ်းအားကို ခုခံထားသည်။
ဟို့ဖုန်းဟွမ်က အလျင်အမြန် ပြုမူလိုက်ပြီး ဓားမော့ကို ဝှေ့ယမ်းကာ အောင်းထျန်းယီ၏ ခုခံနိုင်စွမ်းကို ရှင်းထုတ်လိုက်သည်။
ဂျွတ်
သူ့နဂါးကြေးခွံအက် အက်ကြောင်းများစွာ ပေါ်ထွက်လာ၏။ သို့သော်လည်း အောင်းထျန်းယီက ဒဏ်ရာမရပေ။ သူက ထိုရေမီးဆန့်ကျင်ဘက်ကို ရှောင်ရှားဖို့ ခန္ဓာကိုယ်ကို မိုးကြိုးအသွင် ပြောင်းလဲလိုက်သည်။
အောင်းထျန်းယီက တစ်ဖက်လူအား လင်းယုန်လို အကြည့်ဖြင့် ကြည့်ကာ မီတာအနည်းငယ်အဝေးတွင် ပြန်လည်ပေါ်ထွက်လာသည်။
စိတ်ခုစရာပဲ
သူက တွေးလိုက်သည်။ သူက အသုံးပြုနိုင်သည့် နည်းလမ်းတချို့ရှိထားသော်လည်း ထိုအရာက သူ့အတွက် လက်ရွေးစင်တစ်ယောက်နှင့် ပြိုင်ဆိုင်နေရခြင်း မဟုတ်ဘဲ ထုတ်သုံးဖို့ရာ အဆင်မပြေပေ။ မည်သို့ပင်ဆိုစေကာမူ သူက ဆက်လက်မကစားဖို့ ဆုံးဖြတ်လိုက်၏။
အားလုံး၏ ခေါင်းအထက်တွင် တိမ်မဲများက ရုတ်ချည်းဆိုသလို ပေါ်ထွက်လာပြီး ကီလိုမီတာအနည်းငယ်အထိ ဖုံးလွှမ်းသွားသည်။ ထို့နောက် ခရမ်းရောင်မိုးကြိုးချက်များက အလင်း၏ အဆရာချီအလျင်ဖြင့် ကျရောက်လာသည်။
တိမ်ပေါ်မှ မိုးကြိုးချက်များစွာ ကျဆင်းလာပြီး ဟို့ဖုန်းဟွမ်အား မိုးမြေမှ ဖယ်ရှားပစ်ဖို့ ကြိုးစားနေသည်။ သူမက အကောင်းဆုံးကြိုးစားကာ ရှောင်ရှားခဲ့သော်လည်း ထိုအရာအားလုံးကို မရှောင်ရှားနိုင်ပေ။ ရလဒ်အနေဖြင့် သူမသည် ဇာမဏီပြန်လည်ကောင်းမွန်နိုင်စွမ်းကိုသာ မှီခိုထားရသည်။
မြေပေါ်တွင် ဝမ်ဝေ့နှင့် တခြားသော ပြိုင်ပွဲဝင်များက တိုက်ပွဲကို ကြည့်နေကြ၏။
ဒီနဂါးရဲ့ စွမ်းအားက မဆိုးဘူးပဲ…လက်ရှိတိုက်ပွဲက ပွင့်ချပ်တစ်လွှာ ထာဝရအရှင် စွမ်းအားရှိတယ်။ ဒီလူက နည်းနည်းထိန်ချန်ထားတယ်ဆိုတာ သိသာတယ်။ အဲဒါကြောင့် သူ့အင်အားအစစ်အမှန်က ပွင့်ချပ်၂လွှာကနေ ၃လွှာအထိ ရှိနေနိုင်တယ်…
သူမကလည်း ထိန်ချန်ပြီးတော့ လျှို့ဝှက်ထားတာပဲ…
ဝမ်ဝေ့က ဟို့ဖုန်းဟွမ်အား ကြည့်ကာ တွေးလိုက်မိသည်။ သူမ၏ သွေးမျိုးဆက်က ပင်ကိုစည်းမျဉ်းကို မွေးဖွားပေးနိုင်လောက်သည့် အနေအထားအထိ ဆင့်ကဲပြောင်းလဲသွားပြီ ဖြစ်၏။
ဝုန်း
ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီးသည့်နောက်တွင် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်။ သူက အောင်းထျန်းယီ အသုံးပြုသည့် ပင်ကိုစည်းမျဉ်းကို ခံစားမိကာ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခုကိုပင် ခံစားမိလိုက်သည်။ ထိုအရာက စိတ်စွမ်းအားတစ်ခုနှင့် တူလေ၏။
ပင်ကိုစည်းမျဉ်း၊ ကမ္ဘာဦးစည်းမျဉ်းနဲ့ မဟာတာအိုအရင်းအမြစ်၊ စည်းမျဉ်းလမ်းစဉ်သုံးခုပဲ…
ဝမ်ဝေ့က သူ့ဘိုးဘေးများဆီမှ ရရှိထားသော သတင်းအချက်အလက်များကို ပြန်လည်အမှတ်ရလိုက်သည်။
မဟာတာအိုအရင်းအမြစ်က ဟွင်သွမ်းစကြဝဠာရှိ စည်းမျဉ်းအားလုံး သို့မဟုတ် တာအိုအားလုံး၏ မူလဇစ်မြစ်ဖြစ်ကာ အမြင့်မားဆုံးစွမ်းအားပုံစံ ဖြစ်၏။
နာမည်အတိုင်း မဟာတာအိုအရင်းအမြစ်က စကြဝဠာတစ်ခုလုံးကို ပြုလုပ်ထားသည့် စည်းမျဉ်းအားလုံး၊ သဘောတရားအားလုံးနှင့် ဥပဒေအားလုံး၏ အရင်းအမြစ် ဖြစ်ပေသည်။ ထိုအရာကို ထိန်းချုပ်ခြင်းဖြင့် မဟာဧကရာဇ်များသည် သူတို့ ဘယ်နေရာသွားသွား ထိန်းချုပ်ခံရခြင်း မရှိပေ။ ထိုအရာက ကမ္ဘာဦးဟွင်သွမ်းဖြစ်စေ သို့မဟုတ် တခြားဟွင်သွမ်းကမ္ဘာတွင် ဖြစ်စေကာမူ ကိစ္စမရှိပေ။
သူတို့က စံပြဖြစ်လာသည့်အခါ ထိုသဘောတရားများကို ထိန်းချုပ်နိုင်စွမ်းက မယုံကြည်နိုင်လောက်ဖွယ် အဆင့်တစ်ခုသို့ မြင့်တက်သွားလိမ့်မည်။ ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံသည့် တာအိုကို အပြည့်အဝ ထိန်းချုပ်သူ ဖြစ်လာကာ အားကောင်းသည့် အာဏာမျိုးကို ကိုင်စွဲထားလိမ့်မည်။
နမူနာအားဖြင့် မီးတာအိုကို တစ်ရာရာခိုင်နှုန်း ထိန်းချုပ်နိုင်သည့် ထိပ်သီးစံပြတစ်ယောက်သည် ၉၉ရာခိုင်နှုန်း ထိန်းချုပ်နိုင်စွမ်းရှိသည့် စံပြတစ်ယောက်၏ စွမ်းအားကို ဖယ်ရှားပစ်နိုင်သည်။ အကယ်၍ ၉၉ရာခိုင်နှုန်းသမားက ထိပ်သီး စံပြအဆင့် ရောက်လိုလျှင် သူတို့တွင် ရွေးချယ်စရာ နှစ်ခု ရှိ၏။
ပထမဦးစွာ သူတို့က ထိပ်သီးစံပြကို တိုက်ခိုက်ပြီး မီးတောက်တာအိုမှ သူတို့၏ တာအိုအမှတ်အသားကို ဖယ်ရှားပစ်ကာ အစားထိုးရမည်။ အကယ်၍ သူတို့က ကံကောင်းပြီး ထိုနေရာတွင် မည်သူမှမရှိလျှင် ကံအကောင်းဆုံး ဖြစ်ပေမည်။
ဒုတိယရွေးချယ်မှုကမူ သူတို့၏ တာအိုကို ထူးကဲအောင်လုပ်ဖို့ ဖြစ်သည်။ နမူနာအားဖြင့် ယင်မီးတောက်၊ ပန်းမီးတောက်၊ နေမီးတောက် အစရှိသဖြင့် ဖြစ်သည်။ ဤအခြေအနေတွင် ထိပ်သီးမီးဓာတ်စံပြက ၉၉ရာခိုင်နှုန်း မီးဓာတ်စံပြ၏ အင်အားကို လျှော့ချနိုင်သော်လည်း သူတို့၏ ထိန်းချုပ်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။
ထူးကဲသည့် တာအိုဖြင့် ၉၉ရာခိုင်နှုန်း မီးဓာတ်စံပြသည် ယင်မီးတောက်၊ ပန်းပွင့်မီးတောက်၏ မဟာတာအို အရင်းအမြစ်အသစ်ကို ဖန်တီးနိုင်လိမ့်မည်။
ဟွင်သွမ်းစကြဝဠာအစပိုင်းတွင် ပင်မတာအို ၃၈၀၀ နှင့်အတူ မဟာတာအို ၃၈၀၀သာ ရှိပေသည်။ သို့သော် ကျင့်ကြံသူများ မြင့်တက်လာမှုနှင့် အရင်းအမြစ်အသစ်များ ပေါ်ထွက်လာမှုကြောင့် စကြဝဠာသည် ပိုမိုကြွယ်ဝလာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကမ္ဘာဦးဟွင်သွမ်းကို ထိန်းချုပ်နိုင်သည့် စံပြများက စကြဝဠာအတွင်း အရေးကြီးသည့် အနေအထားကို ဆုပ်ကိုင်ထားသည်။ လူများစွာက သူတို့၏ နေရာအတွက် တိုက်ခိုက်ကြ၏။
စည်းမျဉ်းအားလုံးရဲ့ အရင်းအမြစ် ထိန်းချုပ်သူအနေနဲ့ ဧကရာဇ်တွေက တည်ရှိမှုထဲမှာ အားအကောင်းဆုံးနဲ့ မြင့်မြတ်ဆုံးသူတွေ ဖြစ်သင့်တယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
ဒါပေမဲ့ စကြဝဠာကြီးက မျှခြေညီပြီးတော့ သူတို့အပေါ် ကန့်သတ်ချက်တွေ ထားထားတယ်…
သူ့မျက်ဝန်းအထက် အစီအစဉ်ကျမှု စွမ်းအားက ဖြတ်ပြေးသွားကာ ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားသည်။
ပင်ကိုသက်ရှိတွေက ကောင်းကင်တာအိုလမ်းစဉ်ကို လိုက်နာကြတယ်။ ကောင်းကင်တာအိုက သူတို့ရဲ့ ပင်ကိုစည်းမျဉ်းတွေကို မြှင့်တင်ပေးပြီးတော့ သူတို့အများစုက မဟာဧကရာဇ်နဲ့တောင် ယှဉ်နိုင်ကြတယ်။ ဒါပေမဲ့ ပင်ကိုသက်ရှိတွေက ကမ္ဘာဦးဟွင်သွမ်းထဲ ဝင်ရောက်သွားတဲ့အခါ အဲဒီတိုးမြှင့်မှုကို ဆုံးရှုံးသွားကြတယ်။
အဲဒါက မိစ္ဆာနတ်ဘုရားတွေအတွက်လည်း အတူတူပဲ။ သူတို့က ကမ္ဘာဦးတာအိုလမ်းစဉ်ကို လိုက်နာပြီးတော့ သူတို့ရဲ့ ကမ္ဘာဦးစည်းမျဉ်းတွေကို ကမ္ဘာဦးဟွင်သွမ်းက အားဖြည့်ထားတယ်။ တကယ်လို့ သူတို့က ထွက်ခွာလာမယ်ဆိုရင် သူတို့ရဲ့စည်းမျဉ်းတွေကလည်း အားနည်းသွားလိမ့်မယ်…
မဟာဧကရာဇ်တွေက မဟာတာအိုလမ်းစဉ်ကို လိုက်ပြီးတော့ အရင်းအမြစ်ကို နားလည်တယ်။ ပတ်ဝန်းကျင်ကနေ သက်ရောက်ခြင်းမခံရဘူး…
စကြဝဠာရဲ့ မျှခြေကို ထိန်းထားနိုင်မဲ့ နောက်ထပ် နည်းလမ်းတစ်ခုက မိစ္ဆာနတ်ဘုရားနဲ့ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေကို အားကောင်းတဲ့ ခန္ဓာကိုယ် ပေးအပ်ပြီးတော့ မဟာတာအိုလမ်းစဉ်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးပေးတာပဲ…
ဝမ်ဝေ့က ဉာဏ်အလင်းပွင့်အခြေအနေထဲ ဝင်ရောက်နေစဉ် ဟွင်သွမ်းစကြဝဠာသည် မွေးဖွားလာပြီးသည့်နောက်တွင် မည်သို့ ဖွံ့ဖြိုးလာကြောင်း သိလိုက်ရသည်။ သူက လမ်းစဉ်သုံးခုသည် မည်သို့ထူးခြားကြောင်းကိုလည်း မြင်လိုက်ရ၏။ သို့သော်လည်း အချိန်ကုန်လွန်လာသည်နှင့်အမျှ စကြဝဠာကြီးသည် ပေါင်းစပ်ကာ ဆင့်ကဲပြောင်းလဲလာခဲ့သည်။
ပင်ကိုနတ်ဆိုးနတ်ဘုရားနှင့် မိစ္ဆာနတ်ဘုရားများက တာအိုကို သက်သေပြကာ မဟာတာအိုလမ်းစဉ်သို့ လျှောက်လှမ်းစဉ် ဧကရာဇ်များက သူတို့၏ ခန္ဓာကိုယ်ကို ထိုကောင်းချီးခံမျိုးနွယ်များနှင့် ယှဉ်နိုင်ဖို့ ခန္ဓာကိုယ်ကို လေ့ကျင့်ခဲ့ကြသည်။
သာမန်အခြေအနေအောက်မှာ ဒီလမ်းစဉ်သုံးခုက ပိရမစ်လိုမျိုး ဖြစ်နေသင့်တယ်။
ကောင်းကင်တာအိုလမ်းစဉ်ကို လျှောက်လှမ်းပြီးတဲ့နောက်မှာ ကျင့်ကြံသူတွေက မဟာတာအိုအရင်းအမြစ်ကို ဖြည်းဖြည်းချင်း နားလည်လာနိုင်တဲ့ ကမ္ဘာဦးတာအိုလမ်းစဉ်ထဲ ဆင့်ကဲပြောင်းလဲသွားတယ်။
ဒါပေမဲ့ ကောင်းကင်အလိုဆန္ဒက ကျင့်ကြံသူတွေက တခြားလမ်းစဉ်တွေအားလုံးကို ကျော်ဖြတ်လိုက်ဖို့ ဖြတ်လမ်းကို ဖန်တီးပေးတယ်။ အဲဒီအရာရဲ့ တည်ရှိမှုက အစီအစဉ်မကျမှု ပုံစံတစ်မျိုးပဲ။
ယင်နဲ့ယန်၊ မျှခြေ၊ အစီအစဉ်မကျမှု…
ကောင်းကင်အလိုဆန္ဒရဲ့ တည်ရှိမှုက စကြဝဠာရဲ့ နေထိုင်သူတွေကို မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်ခွင့် ပေးတာပဲ။ နေထိုင်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက စကြဝဠာကြီးကို အကျိုးအမြတ်ဖြစ်စေပြီးတော့ အကောင်းဘက်ကနေ အပြောင်းအလဲတွေ ဖြစ်လာစေပြီးတော့ တိုးတက်လာစေတယ်…
ဟွင်သွမ်းစကြဝဠာက တင်းကြပ်တဲ့ မျှခြေနဲ့ စည်းမျဉ်းတွေ အုပ်ချုပ်သူတွေက ဒီဖန်တီးမှုက လူလုပ်လား ဒါမှမဟုတ် သဘာဝအတိုင်းလားလို့ စဉ်းစားကြတယ်…
ဝမ်ဝေ့က ဉာဏ်အလင်းပွင့်မှုကို အဆုံးသတ်လိုက်သည်။
သူက သူ့စိတ်အခြေအနေသည် ပိုမိုသိမ်မွေ့သွားကြောင်း ခံစားမိလိုက်၏။ သူ့အင်အားက သိသိသာသာ တိုးတက်မလာသော်လည်း ဝမ်ဝေ့က စိတ်ထဲမထားပေ။ အစီအစဉ်ကျမှု၊ မကျမှု စည်းမျဉ်းသည် စကြဝဠာကို နားလည်နိုင်ပြီး ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်စေသည့်အတွက် အကျိုးအမြတ်များစွာ ရှိခဲ့၏။
သူက လုပ်ဆောင်လိုက်သည့်အချိန်တိုင်း သူ့အတွက် ဂမ္ဘီရသို့မဟုတ် တွက်ချက်မှုများ လုပ်ဆောင်ဖို့ ပိုမိုလွယ်ကူလာကာ စည်းမျဉ်းကို နားလည်ဖို့ ပိုမိုလွယ်ကူလာစေသည်။ ထိုအရာက အကြွင်းမဲ့ လွတ်လပ်ခွင့်ကို ရရှိဖို့ သူ့ရည်မှန်းချက်ကို ရောက်ရှိရန် ပိုမိုနီးကပ်လာစေသည်။ ဝမ်ဝေ့က ဟွင်သွမ်းစကြဝဠာ၏ နားလည်နိုင်စွမ်းသည် အနာဂတ်တွင် သူ့အပေါ် ကြီးကြီးမားမား အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု ခံစားမိနေသည်။
ဝမ်ဝေ့က တစ်စုံတစ်ခုကို ခံစားမိကာ ကြည့်လိုက်သည့်အချိန် ရှောင်ထျန်းတိက သူ့အား မျက်စိတစ်ဖက် ဖွင့်ကာ ကြည့်နေသည်ကို မြင်လိုက်ရ၏။
စိတ်ဝင်စားစရာပဲ…
သူက တခြားသူများ မသိစေရန် သူ့ဉာဏ်အလင်းပွင့်မှုကို ဖုံးကွယ်ထားခဲ့သည်။ သို့သော် တစ်ဖက်လူက တစ်စုံတစ်ခုကို ခံစားမိခဲ့၏။ သို့သော် သူ့အနားတွင် ရှိသည့် ချူးလော့ကမူ သတိမထားမိပေ။
ပင်ကိုမဟာတာအိုရုပ်ခန္ဓာက ပင်ကိုမဟာအရင်းအမြစ် ရုပ်ခန္ဓာက မဟာတာအိုလမ်းစဉ်ရဲ့ အကြွင်းမဲ့ရုပ်ခန္ဓာတစ်မျိုးပဲ…
ဝမ်ဝေ့က တိုက်ပွဲကို ပြန်ကြည့်ရင်း သူ့အား ကြည့်လိုက်သည်။ သူက ရလဒ်သည် မကြာခင် ထွက်လာမည်ဖြစ်ကြောင်း ပြောနိုင်လေသည်။
ဟို့ဖုန်းဟွမ်က ဖြူဖျော့ကာ အကြိမ်များစွာ ကုစားခဲ့ရသည့်အတွက် သူမ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ သူမ၏ စိတ်စွမ်းအားကြောင့်သာ မဟုတ်လျှင် သေခြင်းတရားဆီ အကြိမ်များစွာ နီးကပ်သွားခြင်းက ကျင့်ကြံသူအများစုအပေါ် သက်ရောက်မှု ရှိလာလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ သူမက သူမ၏ အကြံအစည်သည် အောင်မြင်မည်ဖြစ်၍ စိတ်ထိန်းထားသည်။ သူမ၏ ခန္ဓာကိုယ်အထက် ကံကောင်းမှုစည်းမျဉ်း ဖျတ်ခနဲ လက်သွားကာ အောင်းထျန်းယီသည် အမှားတချို့ပြုလုပ်လိုက်မိ၏။ သူ့မိုးကြိုးစည်းမျဉ်းထိန်းချုပ်နိုင်စွမ်းက သူ့ခန္ဓာကိုယ်ဆီ တန်ပြန်သက်ရောက်မှု ဖြစ်လာစေပြီး ဒဏ်ရာရသွားစေခဲ့သည်။
ဟို့ဖုန်းဟွမ်က အလျင်အမြန် ပြုမူကာ သူမ၏ သတ်ဖြတ်ရေးစည်းမျဉ်းကို အသုံးပြုပြီး အောင်းထျန်းယီ၏ နှလုံးသားဆီ ချိန်ရွယ်ခဲ့သည်။
ဝှစ်
သူမ၏ ရှေ့တွင် ခုန်နေသည့် ဧရာမနှလုံးသားတစ်ခု ထွက်ပေါ်လာ၏။ သူမက တုံ့ဆိုင်းခြင်းမရှိဘဲ လေဟာနယ်ဖြိုခွင်းခြင်းအဆောင်ကို အသုံးပြုကာ စစ်ဆေးမှုမှ ပျောက်ကွယ်သွားသည်။
“ ငါ့နှလုံးသား…” နဂါးက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။ သူက ဦးချိုနှစ်ချောင်းရှိသည့် လူသားအသွင် ပြောင်းလဲလိုက်သည်။ သူ့ရင်ဘတ်တွင်မူ အပေါက်ကြီး ဖြစ်နေလေ၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးတချို့ထုတ်ကာ သောက်သုံးလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို သူ့ရင်ဘတ်က အပေါက်ကြီးက ပျောက်ကွယ်သွားပြီး နှလုံးသားအသစ် ဖြစ်တည်လာသည်။ သို့သော်လည်း နဂါးက စကားဖြင့် မပြောနိုင်လောက်အောင်အထိ ဒေါသထွက်နေမိသည်။ သူ့ပထမဆုံး အလိုလိုသိစိတ်က သူ့တာအိုကာကွယ်သူအား ခေါ်ကာ ဟို့ဖုန်းဟွမ်နောက် လိုက်ခိုင်းဖို့ ဖြစ်၏။ သို့သော် သူက ကျမ်းသစ္စာကို သတိရလိုက်သည်။
ထို့ကြောင့် သူက သူကိုယ်တိုင် လိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။ သို့သော်လည်း သူက သူ့အဖေ၏ စကားကို အမှတ်ရလိုက်သည်။ အောင်းထျန်းယီက စက္ကန့်ပိုင်းလေးအတွင်း မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွား၏။ သူကလက်စားချေချင်သော်လည်း ဘယ်အရာကို အရေးပေးရမည်မှန်း ကောင်းစွာ သိထားသည်။
ကံဆိုးစွာဖြင့် သူက သူ့ဘာသာသူ ထိန်းချုပ်ထားသည်။ သူက လက်ရွေးစင်များကို မျက်လုံးနီဖြင့် ကြည့်လိုက်ပြီး အရှင်စိတ်ဝိညာဉ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ သူမက ထွက်ပြေးသွားတယ်ဆိုတော့ ဒါက ကျုပ် အနိုင်ရတယ်မလား”
“ ဟုတ်ပါတယ်”
“ အဲဒါဆို အခု ကျုပ်က စိန်ခေါ်လို့ ရပြီလား”
“အလိုကျပါပဲ”
“ ဒုတိယလက်ရွေးစင် … မင်းကို စိန်ခေါ်တယ်”
ဝမ်ဝေ့က ပြုံးကာ “ နဂါးလေး … မင်းက ဒီအမှားကို ကျူးလွန်ချင်တာ သေချာရဲ့လား”
“ ငါ့အချိန်ဖြုန်းမနေနဲ့။ မင်း စကားပြောတဲ့အချိန် သေချာကြည့်ပြော”
“ ဟား…ဟား…။ မင်း သဘောပဲ။ ဘာပဲဖြစ်ဖြစ် ငါလည်း နဂါး နှလုံးသားတစ်ခု လိုချင်မိသား”
***