မိုဝူကျီ၏ အလျှော့မပေးမှု
Vol. 35 Ch. 485
အင်မော်တယ် လောက၏ ယင်ပြန့်မြို့မှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ရောက်လာသော ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်အုပ်စုကြောင့် ပျက်စီးသွားလေပြီ။ သူတို့က ယုံရင် အစွန်းအဖျားနေရာမှ အင်မော်တယ် လောကဆီသို့ သွားသည့် ကူးသန်းရေး အစီအရင်ကို ဖျက်ဆီးထားရုံသာမက သူတို့က ယုံရင်အစွန်းအဖျားနှင့် အင်မော်တယ် တစ်ပိုင်းနယ်ပယ် ချိတ်ဆက်ထားသော ကူးသန်းရေး အစီအရင်ကိုလည်း ဖွင့်ပေးခဲ့လိုက်သည်။
အင်မော်တယ်တစ်ပိုင်း နယ်ပယ်အတွင်း ပိတ်မိနေသော ကျင့်ကြံသူများစွာက ထိုအရာကြောင့် ယုံရင်အင်မော်တယ် အစွန်းအဖျားနေရာသို့ လာရန် အခွင့်အရေး ရသွားကြ၏။
လဝက်အတွင်း အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှ ဤနေရာသို့ ရောက်လာသော မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူ အနည်းဆုံး တစ်သောင်းခန့် ရှိပေသည်။ ထိုကျင့်ကြံသူများက အစီအရင်မှ ထွက်လာသည်နှင့် ယုံရင်အစွန်းအဖျား နေရာတိုင်း၌ ပျောက်ကွယ် သွားတော့သည်။
မိုဝူကျီ၏ စွမ်းအားကြောင့် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ နောက်ထပ် မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူများ ရောက်လာလျှင်ပင် မည်သူကမျှ သူတို့ကို တားဆီးရဲမည် မဟုတ်ပေ။
အင်မော်တယ်လောကက ယုံရင်အစွန်းအဖျား နေရာသို့ ကူးသန်းရေး အစီအရင် အသစ် ဆောက်လုပ်ပြီးသည့်နောက် တစ်လကြာ သွားလေပြီ။ သို့သော်လည်း ထိုအချိန်တွင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ မြေကမ္ဘာ အင်မော်တယ်အများစုမှာ ယုံရင်အစွန်းအဖျားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယင်ပြန့်မြို့ကို ပြန်လည် ထူထောင်ပြီးနောက် အင်မော်တယ်လောကမှ ပေးအပ်လိုက်သည့် ပထမဆုံးတာဝန်မှာ မိုဝူကျီကို ဖမ်းဆီးရန် ဖြစ်၏။
ပြောရမည်ဆိုလျှင် အလိုရှိဖမ်းဝရမ်းမှာ ပြုလုပ်ခဲ့သည့် ကိစ္စထက် ပိုကြီးကျယ်နေလေသည်။ မိုဝူကျီ၏ ပုံတူများကို နေရာအနှံ့ ကပ်ထားသော်လည်း ကြိုးကြိုးစားစားဖြင့် မိုဝူကျီကို ဖမ်းဆီးကြမည့် ကျင့်ကြံသူ အရေအတွက်မှာ သုညဖြစ်ပေသည်။ မိုဝူကျီသာ ယင်ပြန့်မြိုသို့ ပြန်မသွားပါက မည်သူကမှ မိုဝူကျီကို အရင်ဦးဆုံး သွားရှာဖို့ရာ ဦးနှောက်ချောင်မနေကြပေ။
ထို့အပြင် အင်မော်တယ်လောကမှ ရောက်ရှိလာကြသော အဆင့်မြင့် ကျင့်ကြံသူတိုင်းကား ပြောင်းလဲမျှခြေ အဆောင်ဖြင့် ရောက်လာသည် ဖြစ်ရာ ရွမ်ရှန်းအဆင့်ပင် သူ့အသက်ကို တန်ဖိုးထားပေ၏။ ထို့အပြင် ယုံရင်အစွန်းအဖျား နေရာ၌ မိုဝူကျီ၏ ဂုဏ်သတင်းမှာ အလွန်အကြူး ဆိုးရွားနေသည်။ သူက ယင်ပြန့်မြို့သို့ တစ်ကိုယ်တော် ရောက်ရှိလာကာ ယင်ပြန့်မြို့စား လော့ယွင်ကိုပင် သတ်ပစ်ခဲ့သူဖြစ်၏။
ပြောင်းလဲမျှခြေ အဆောင်ဖြင့် ရောက်လာသော ကျင်းရှန်းအဆင့် ကျင့်ကြံသူပင် ထိုသို့မျိုး လူမျိုးနှင့် တွေ့ပါက ထွက်ပြေးရုံသာ တတ်နိုင်ပေလိမ့်မည်။
ယုံရင်အစွန်းအဖျား နေရာက နေသားတကျ ဖြစ်နေပြီ ဖြစ်သော်လည်း ယင်ပြန့်မြို့မှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ရောက်ရှိလာသော မြေကမ္ဘာ အင်မော်တယ်အဆင့် ကျင့်ကြံသူတချို့သာ ဖမ်းဆီးနိုင်သေးသည်။
ဤနေရာသို့ ရောက်လာသည့် မြေကမ္ဘာအင်မော်တယ် အဆင့် ကျင့်ကြံသူများစွာ ရှိသော်လည်း ယုံရင်အစွန်းအဖျား နေရာမှာ ကျယ်ပြန့်လွန်းလှရာ အားလုံးကို ပြန်ရှာတွေ့ဖို့ရာ မဖြစ်နိုင်ချေ။ ထို့အပြင် ထိုကျင့်ကြံသူများမှာ အင်မော်တယ်တစ်ပိုင်း နယ်ပယ်တွင် ပိတ်မိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ သူတို့အကျင့်စရိုက်များမှာ ခက်ထန်လာပြီး သူတို့စိတ်များက လှည့်ဖြားတတ်လာသည်။
သူတို့က အဘယ်ကြောင့် အလွယ်တကူ အဖမ်းခံမည်နည်း။
အစပိုင်းတွင် ဖမ်းမိထားသော ရာဂဏန်းလောက်မှ လွဲပြီး ယင်ပြန့်မြို့က အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ကျင့်ကြံသူများကို ထပ်မဖမ်းနိုင်တော့ပေ။ အချိန် ကျော်လွန်လာသည်နှင့် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှ ကျင့်ကြံသူများနှင့် ယုံရင်အစွန်းအဖျားမှ ကျင့်ကြံသူများကြား ကွာခြားချက် ပျောက်ဆုံးသွားလေပြီ။ ယခုအခါ လူတစ်ယောက်ကို မြင်လျှင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်မှလား ဒါမှမဟုတ် ယုံရင်အစွန်းအဖျား နေရာမှလားဆိုတာ ခွဲခြားရန် ခက်ခဲလှပေသည်။
ယုံရင်အင်မော်တယ် နယ်မြေက မိုဝူကျီသည် အင်မော်တယ်လောကသို့ ဝင်ရန် အင်မော်တယ်ဖွေရှာ လှေကားကို အသုံးမပြုနိုင်ကြောင်း သိနေပုံ ပေါ်သည်။ ထို့ကြောင့် အစပိုင်း သဲသဲမဲမဲ ရှာဖွေပြီးနောက် ငြိမ်ကျ သွားပြန်သည်။ သူတို့လုပ်သည့် တစ်ခုတည်းသော အရာမှာ ယုံရင်အစွန်းအဖျား နယ်မြေမှ အင်မော်တယ်ဖွေရှာ လှေကားဆီ တက်သူတိုင်းကို စစ်ဆေးမေးမြန်း ကြရသည်။
***
နှိုင်းယှဉ်ကြည့်ရလျှင် အသက်မဲ့မြစ်မှာ လူသူကင်းမဲ့ပြီး အေးစက်နေလေ၏။
အစကတည်းမှ အသက်မဲ့မြစ်မှာ အင်မော်တယ် ဝိညာဉ်စွမ်းအားများ ချို့တဲ့နေလေ၏။ ထို့အပြင် သက်ရှိများအတွက် မသင့်တော်သည့် အတွက် မြစ်ထဲ၌ ငါးတစ်ကောင်မျှပင် မရှိချေ။
အသက်မဲ့ မြစ်ကြမ်းပြင်မှာလည်း အတော်လေး တိတ်ဆိတ်နေလေရာ မိုဝူကျီ၏ ထာဝရ ကမ္ဘာလောကမှာ ပတ်ဝန်းကျင် ရေမြေကဲ့သို့ ဖြစ်ပြီး သက်ရှိအရိပ်အယောင် စိုးစဉ်းမျှ မရှိချေ။
မိုဝူကျီမှာ မူလက သေမျိုးဖြစ်ခဲ့ပြီး ကိုယ်ပိုင် ဖန်တီးထားသော ကျင့်စဉ် “အင်မော်တယ် မော်တယ် ပြောင်းပြန်ကျင့်စဉ်” ကို ကျင့်ကြံခဲ့၏။ ချီသွေးကြော ၁၀၈ခုလုံး ဖွင့်ပြီးနောက်တွင် သူက ရိုးရှင်းပြီး သာမန်ဖြစ်သည့် ကမ္ဘာတစ်ခု ဖန်တီးနိုင်ခဲ့သည်။ မိုဝူကျီက သူ့ကမ္ဘာလေးကို ထာဝရကမ္ဘာဟု အမည်ဆန်းလေး ပေးထားသော်လည်း လက်တွေ့တွင် မိုဝူကျီက သူ့ကမ္ဘာကို သေမျိုးလူသားကမ္ဘာဟု ခေါ်ဆိုလျှင် ပိုသင့်တော်ကြောင်း သိပေသည်။
အကြောင်းမှာ သူ့ကမ္ဘာလေးက သူ့ကဲ့သို့ တာအို အရိပ်အယောင်များ မပါရှိပဲ ရိုးရှင်းပြီး သာမန် ဖြစ်လွန်းပေသည်။ ထိုစဉ် သူက အသက်မဲ့ မြစ်ကြမ်းပြင်ထဲ ပုန်းကွယ်နေသောကြောင့် လုံးဝကို မထင်မရှား ဖြစ်သွားသည်။
မိုဝူကျီက ဆေးလုံးများနှင့် ဆက်တိုက် လေ့ကျင့်နေသည်။ ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ ရာကျော်၏ လက်စွပ်များနှင့်အတူ ကျင်းရှန်းအဆင့် ကျင့်ကြံသူ၏ လက်စွပ်များ အတွင်းမှ အင်မော်တယ်ဆေးပင် အပုံလိုက်နှင့် ဆေးဖော်စပ်နည်းများ ရာကျော်ကို တွေ့လိုက်ရသည်။
လေ့ကျင့်ဖို့ရာအတွက် သင့်တော်သော အဆင့်နိမ့် ဆေးပင်များနှင့် ဆေးဖော်စပ်နည်းများ ရှိသည်။
အဆင့် ၁ မှ အဆင့် ၃ အင်မော်တယ် ဆေးလုံးများကို မိုဝူကျီက ယုံကြည်ချက်ရှိရှိ ဖော်စပ်နိုင်လေပြီ။ ထို့အပြင် သူဖော်စပ်လိုက်သော ဆေးလုံးတိုင်းတွင် ဆေးလုံး အငွေ့အသက် အလွှာလိုက် ရှိနေကာ ရွေ့လျားနေသော အက္ခရာလေးများနှင့်အတူ ပိုတူပေသည်။ လူတစ်ယောက်ယောက်သာ ထိုဆေးလုံးကို မြင်လိုက်သည်နှင့် ထိုဆေးလုံးများမှာ ပြိုင်ဘက်ကင်းအဆင့် အင်မော်တယ် ဆေးလုံးများ ဖြစ်ကြောင်း သိပေလိမ့်မည်။
မိုဝူကျီ၏ ဆေးပညာမှာ အင်မော်တယ် မော်တယ် ကျင့်စဉ်မှ အဆင့်မြင့်ထားခြင်း ဖြစ်ပေသည်။ သူ့အတွက် အင်မော်တယ် ဆေးပင် အဆင့် အမျိုးမျိုးမှာ သာမန်သေမျိုးအမြစ်များမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ သူကျင့်စဉ်ဖြင့် အဆင့်မြင့်တင်ထားသည့် ဆေးပညာဖြင့် မိုဝူကျီမှာ သူကျင့်ကြံတိုင်း အတားအဆီး မရှိသကဲ့သို့ ရေထဲမှ ငါးသဖွယ် ဖြစ်သွားသည်။ ထို့ကြောင့် တခြား ဆေးလုံးဆရာများနှင့် ယှဉ်လျှင် သူ့အတွက် ဆေးဖော်စပ်ရန် လွယ်ကူပေသည်။ သူက အင်မော်တယ် ဆေးပင်များမှ အခြေခံအကျဆုံး သဘောတရားနှင့် စွမ်းအားကို ဖမ်းဆုပ်နိုင်လေသည်။ ထို့ကြောင့် သူ့ဆေးလုံးတိုင်းမှာ ပြိုင်ဖက်ကင်း အဆင့်သို့ ရောက်နေခြင်း ဖြစ်သည်။
ဆေးလုံးအကြီးအမှူး အတွက် အဆင့်၃ အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်ခြင်းသည် သူ့အား ဆေးလုံးဘုရင် တည်ရှိမှုနှင့် နီးကပ် သွားစေနိုင်သော်လည်း မိုဝူကျီက မပျော်မိပေ။ ယခုအချိန်အထိ သူက ရာနှုန်းပြည့် သန့်စင်နှုန်း မရရှိသေးပေ။
အစပိုင်းတွင် မိုဝူကျီက သူ့ဆေးမီးဖိုတွင် ပြဿနာရှိသည်ဟု ထင်မှတ်မိခဲ့သောကြောင့် ကျင်းယွင်လေလံပွဲတွင် သင်္ကေတတချို့မှာ ပျက်စီးနေသော ဆေးမီးဖို ဝယ်ယူခဲ့လေသည်။
ထို့နောက် မိုဝူကျီက အဆင့်၂ အင်မော်တယ် ဆေးမီးဖိုကို အသုံးပြုခဲ့သော်လည်း တူညီသော ရလဒ်သာ ထွက်ပေါ်ဆဲ ဖြစ်သည်။ သူက ထိုအရာမှာ သူ့ကျင့်ကြံဆင့် နိမ့်နေခြင်းကြောင့် ဒါမှမဟုတ် ဆေးပညာ နိမ့်ကျနေခြင်းကြောင့်သာ ဖြစ်ကြောင်း သိလိုက်သည်။
မိုဝူကျီတွင် ဆရာ မရှိသည့်အချက်လည်း ပါဝင်ပေသည်။ အကယ်၍ မိုဝူကျီ၌သာ ဆရာရှိပါက သူ့ဆရာက ရာနှုန်းပြည့် သန့်စင်ဖို့ ကိစ္စမှာ ရူးမိုက်သည့်ကိစ္စသာ ဖြစ်ကြောင်း ပြောပြပေလိမ့်မည်။
မိုဝူကျီတွင် ဆရာမရှိသောကြောင့်သာ သူ့သန့်စင်နှုန်း ဆက်တိုက် တိုးတက်လာခြင်းလည်း ဖြစ်ပေသည်။ သူ့သန့်စင်နှုန်း အဆင့်တစ်ခု ရောက်သွားသည့်အခါတိုင်း သူ့ဆေးပညာရပ် အဆင့်လည်း တိုးတက်လာကြောင်း သိလိုက်သည်။ မိုဝူကျီကဲ့သို့ ရာနှုန်းပြည့် နီးပါး သန့်စင်နိုင်သည့်သူ ရှိမည် မဟုတ်ပေ။ သို့သော်လည်း သူက မကျေနပ်သေးပဲ ဆက်လက် တိုးတက်လိုနေဆဲ ဖြစ်သည်။
ယနေ့တွင် မိုဝူကျီက ဆေးပညာ လေ့ကျင့်ခြင်းကို ရပ်တန့်လိုက်တော့သည်။ သူက ဆက်မလေ့ကျင့်ချင်၍ မဟုတ်ဘဲ သူ့၌ အင်မော်တယ် ဆေးပင်များ ပြတ်လပ်သွား၍ ဖြစ်သည်။
ဟန်ချင်းရုနှင့် အခြားလူများ အင်မော်တယ် လောကသို့ ထွက်သွားသည်ပင် နှစ်ဝက်ခန့် ကြာမြင့်ပြီဖြစ်၏။ သူက အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းနိုင်ဖို့ နည်းလမ်းကို စတင် စဉ်းစားကြည့်ရမည်။ ယခု သူက အဆင့်၃ အင်မော်တယ် ဆေးလုံးကို ဖော်စပ်နိုင်သောကြောင့် အင်မော်တယ် လောက၌ ခြေကုပ်တစ်နေရာ ရလေပြီ။
သူ့ထာဝရ ကမ္ဘာလောကမှာ ဝေဝါးဝါးနှင့် မှုန်မှိုင်းမှိုင်း ဖြစ်နေဆဲ ဖြစ်သည်။ မိုဝူကျီ၏ အင်မော်တယ် ကျောက်များနှင့် အင်မော်တယ် ဝင်ရိုးကျောက် အပုံလိုက် ရှိနေသည်မှ လွဲ၍ သစ်သားချောင်းတစ်ခုသာ ရှိပေသည်။
သူက ထိုသစ်သားချောင်းကို မုန့်ထျန်းယွီဆီမှ ရရှိလာခြင်း ဖြစ်ရာ ထိုသစ်သာချောင်းမှာ မရိုးရှင်းကြောင်း ခံစားမိနေ၏။ ထိုသစ်သားချောင်းကို ဤထာဝရ ကမ္ဘာထဲ ထည့်ပြီးနောက်တွင် အမြဲဤအတိုင်း ဖြစ်နေခြင်း ဖြစ်သည်။ အခြားသော အင်မော်တယ်ဆေးပင်များ အတွက် ထာဝရ ကမ္ဘာထဲ စိုက်ပျိုးပြီးနောက်တွင် ဝိညာဉ်စွမ်းအား ပြတ်လပ်ကာ မကြာခင် ညှိုးနွမ်းသွားကြသည်။
မိုဝူကျီက သက်ပြင်းချကာ ထာဝရ ကမ္ဘာထဲမှ ထွက်လာလိုက်သည်။ အကြည့်နှင့်တင် သူ့ထာဝရ ကမ္ဘာကို ဥယျာဉ်အဖြစ် ပြောင်းလဲလိုလျှင် သူ့တွင် အခြားသော သဘာဝအမြုတေများ ရှိရန် လိုအပ်ပေသည်။
နှစ်ဝက်ကြာ ကုန်ဆုံးပြီးနောက် အသက်မဲ့မြစ်အတွင်း အင်မော်တယ်ဖွေရှာ လှေကားမှာ ယခင်အတိုင်း ရွှေရောင်မှိန်ဖျဖျဖြင့် မိုဝူကျီ မမြင်နိုင်သည့် အမြင့်တစ်နေရာဆီ ဦးတည်နေဆဲ ဖြစ်သည်။ အကယ်၍ သူသာ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများဖြင့် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနိုင်မည်ဆိုလျှင် လှေကားကို အလွယ်တကူ တက်နိုင်မည်မှန်း သိ၏။
မိုဝူကျီက အင်မော်တယ်ဝင်ရိုး ကျောက်တုံးများကို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်သည်။ အင်မော်တယ်ဝင်ရိုး ကျောက်တုံးများတွင် ထိပ်တန်း တာအိုစွမ်းအားများ ပါဝင်နေသော်လည်း ထိုသို့မျိုး တာအိုစွမ်းအားမှာ သူ့ကိုယ်ပိုင်နှင့် နှိုင်းယှဉ်ကြည့်၍ မရပေ။ သူက တာအိုစွမ်းအားများကို အသုံးပြု၍ ကျင့်ကြံရန် မဖြစ်နိုင်ပေ။
အကြိမ်များစွာ ကြိုးစားပြီးနောက် မိုဝူကျီက အင်မော်တယ်ဝင်ရိုး ကျောက်တုံးများ သုံး၍ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းရန် လက်လျှော့လိုက်တော့သည်။ ထိုအင်မော်တယ်ဝင်ရိုး ကျောက်တုံးများမှာ ဝိညာဉ်ကြော ရှိသူများအတွက်သာ ဖြစ်ဟန် ပေါ်၏။ သူ့တွင် ဝိညာဉ်ကြော မရှိဘဲ ကျင့်ကြံနိုင်သည့် တစ်ဦးတည်းသော သေမျိုး ဖြစ်လိမ့်မည်။ သူက အင်မော်တယ်ဝင်ရိုးကို မဖွဲ့စည်းနိုင်တော့ သောကြောင့် အင်မော်တယ်လောကသို့ သွားနိုင်ရန် နည်းလမ်း ရှိမလားဟု လက်ဗလာဖြင့် အင်မော်တယ်ဖွေရှာ လှေကားတက်ရန် ကြိုးစားကြည့်သင့်သည်။
မိုဝူကျီက ရွှေရောင် အင်မော်တယ်ဖွေရှာ လှေကားရှေ့ သွားကာ တစ်လှမ်း တက်လိုက်သည်။ သူ့ခြေထောက်က ထိုလှေကားနှင့် ထိလိုက်မိရုံမျှ ဖြစ်သော်လည်း ကြောက်ခမန်းလိလိ အားတစ်ခု ကျရောက်လာသည်။ ထိုစဉ် မိုဝူကျီ၏ စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝစွမ်းအားများက ကွဲကြေကုန်လေ၏။ သူ့စိတ်ထဲ၌ သူ့အား အင်မော်တယ်ဖွေရှာ လှေကားတက်ရန် အခွင့်မရှိတာလားဟု တွေးမိသွားသည်။
“ဘုန်း” မိုဝူကျီက မတုံ့ပြန်နိုင်ခင် သူက လွှင့်စင်သွားလေ၏။ သူက မြစ်ကြမ်းပြင်ပေါ် ကျရောက်ကာ အမြှောင်းလိုက်ကြီး ဖြစ်ပေါ်သွား၏။
မိုဝူကျီက အသက်ပြင်းပြင်း ရှုကာ မတ်တတ်ရပ်လိုက်သည်။ ထိုအရာမှာ လှေကားတစ်ခုမျှသာ ဖြစ်သောကြောင့် သူမတက်နိုင်ကြောင်း မယုံပေ။ သူ့အားတက်ဖို့ ခွင့်မပြုလေလေ ပို၍ ကြိုးစားကြည့်ချင်လေလေ ဖြစ်၏။
သူက အင်မော်တယ်ဖွေရှာ လှေကားသို့ လာသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ကာ ယခင်အခါအတိုင်း မိုဝူကျီက ခြေချရုံမျှဖြင့် ကြောက်ခမန်းလိလိ အားကြောင့် လွှင့်စင်သွားပြန်သည်။
မိုဝူကျီ၏ အလျှော့မပေးမှုတို့က ရုတ်ခြည်း ထကြွလာသည်။ သူက အင်မော်တယ်ဖွေရှာ လှေကားဆီ ဆက်တိုက် ပြန်သွားပြီး ဆက်တိုက် လွင့်စဉ်နေဆဲ ဖြစ်သည်။
သူက ဘယ်နှကြိမ်ပင် လွင့်စဉ်စေကာမူ မတ်တပ်ရပ်ကာ အင်မော်တယ်ဖွေရှာ လှေကားဆီ ပြန်သွားဆဲ ဖြစ်၏။
“ဘုန်း ” ဤသည်မှာ မိုဝူကျီ၏ ၉၈ ၇၁၂ အကြိမ်မြောက် လွှင့်စင်ခြင်း ဖြစ်သည်။ သူက လက်လျှော့မည့်အစား ပို၍ ယုံကြည်ချက် ရှိလာသည်။
အနည်းငယ်မျှသာ ဖြစ်သော်လည်း မိုဝူကျီက သူခြေချနိုင်သည့် ကြာချိန်မှာ ပို၍ တိုးမြင့်လာကြောင်း သိလိုက်သည်။ သူသာ အင်မော်တယ်ဖွေရှာ လှေကားပေါ် ကြာကြာနေနိုင်သရွေ့ ဖြေရှင်းနည်းကို ရှာဖို့ အခွင့်အရေး ရပေလိမ့်မည်။
***