သွေးကြောဖွင့်ဆေးလုံး၏စျေးနှုန်း
Vol. 11 Ch. 148
စွန်းစဲက ခေါင်းယမ်းကာ လက်ဆန့်တန်းသည်။
“အထဲကို ဝင်လာကြ”
သူက ဟန်မူယဲ့နှင့် ကျန်းမင်တို့အား ဆေးခန်းဆောင်ထဲသို့ ခေါ်လာခဲ့သည်။
သူတို့ ထွက်သွားသောအခါ ဝါးအဆောက်အဦရှေ့တွင် ဆူညံသွားသည်။
“ငါ အမြင်မှားနေတာလား… ဒီကောင်လေးက မာနကြီးပုံပေါ်နေပေမဲ့ အကြီးအကဲတွေက ဂရုစိုက်ပုံမရဘူး”
တစ်ယောက်က တီးတိုးပြောသည်။
ဆေးခန်းဆောင်တွင် အာခီမီပညာရှင်များနှင့် တပည့်အများအပြား ရှိသည်။ ဟန်မူယဲ့အား တစ်ခါမှ မမြင်ဖူးသူ အများအပြား ရှိသည်။
“ဟင်… မင်း သူ ဘယ်သူလဲ မသိဘူးလား”
တစ်ယောက်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောသည်။
“သူက အကြီးအကဲတောက်ရင် ဆေးဖော်စပ်တုန်းက အကဲဖြတ်တဲ့တစ်ယောက်ပဲ”
ထိုစဉ်က ခေါင်းဆောင်တောက်ရင်သည် ဟန်မူယဲ့၏အကဲဖြတ်မှုကို စိတ်မဆိုးသည့်အပြင် သူ့အား စာအုပ်ဆောင်သို့ပင် ခေါ်သွားခဲ့သည်။
ထိုကိစ္စသည် ဆေးခန်းဆောင်၌ အတော်လေး လူပြောများခဲ့သေး၏။
“သူက အဲဒီစီနီယာအစ်ကိုဟန်လား”
အားလုံးက မျက်တောင်ပင့်လိုက်ကြ၏။
ဂျူနီယာအာခီမီပညာရှင်တစ်ဦးက ခေါင်းဆောင်အား အကဲဖြတ်ရဲသည့်သတ္တိမှာ တော်ရုံမဟုတ်ပေ။
“စကားမစပ်… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စီနီယာအစ်ကိုဟန်ဟာ ဓားချီနဲ့ဆေးဖော်စပ်ပြီးတော့ မူရှန်မြို့မှာ အာခီမီပါရမီရှင်တွေအကုန်လုံးကို ဖိနှိပ်ခဲ့တယ်လို့ ကြားတယ်။ အဲဒါ သူများလား”
တစ်စုံတစ်ယောက်က တီးတိုးပြောသည်။
ထိုကိစ္စသည် လူအများကြား ပြန့်နှံ့ခြင်းမရှိသည့်အပြင် ဖုံးကွယ်ခြင်းခံရသေးသည်။ ၎င်းသည် မယုံနိုင်ဖွယ်ကောင်း၏။
“အဲလို ကိစ္စရှိတာလား။ ဘာလို့ ငါတို့ မကြားမိရတာလဲ”
တစ်ယောက်က စိတ်ဝင်စားစွာ မေးသည်။
အကြီးအကဲစုလျန့်နှင့် ဆံပင်ဖြူအဖိုးအိုတချို့သည် ဆေးခန်းဆောင်၏အနောက်ဘက်ခန်းမထဲတွင် ရှိနေကြသည်။
“ဟန်မူယဲ့… မင်းသာ ချန်မင်းကို ဓားတစ်လက်နဲ့ မဖိနှိပ်ခဲ့ဘူးဆိုရင် အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အမြင့်ဆုံး အာခီမီပါရမီရှင်ဘွဲ့ကို မင်းပဲ ရမှာ သေချာတယ်”
ဟန်မူယဲ့ ရောက်လာလျှင် အကြီးအကဲစုလျန့်က ခေါင်းယမ်းကာ ပြောသည်။
တခြားသော အဖိုးအိုများကလည်း ခေါင်းယမ်းကြသည်။
“ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အာခီမီပညာရပ်ဟာ ဆုတ်ယုတ်သွားခဲ့တာ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် ငါတို့ဟာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အဆင့်အတန်းအမြင့်ဆုံး အာခီမီဂိုဏ်း ဖြစ်လာနိုင်တယ်”
“သူက လူငယ်ပဲ ရှိသေးတယ်လေ။ မူရှန်မြို့လို နေရာမှာ သူက ဘယ်လိုလုပ် ဓားဆွဲထုတ်ရတာလဲ။ အရင်တုန်းက ခေါင်းဆောင်တောက်ရင်တောင်မှ စိတ်ထိန်းနိုင်ခဲ့သေးတာပဲ။ သူက အသက်အရမ်းငယ်သေးတယ်”
အားလုံးက တစ်ယောက်တပေါက် ပြောလျှင် ဟန်မူယဲ့က သူတို့ပြောသော အကြောင်းအရာကို အကြမ်းအားဖြင့် သဘောပေါက်သွားသည်။
မူလက သူနှင့် ကျန်းမင်တို့၏ အာခီမီစွမ်းရည်ဖြင့်ဆိုပါက မူရှန်မြို့တွင် ဟုန်းဟုန်းထအောင် ကျော်ကြားသင့်ပေသည်။
သို့သော်လည်း ခေါင်းဆောင်တောက်ရင်သည် လက်ရှိတွင် မူရှန်မြို့တွင် နေထိုင်ကာ ခေါင်းဆောင်မူမှာလည်း တံခါးပိတ်ကျင့်ကြံနေသည်။ ထိုအဖြစ်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အာခီမီတာအိုအမွေအနှစ်များအား ရယူရန် ကြံစည်နေသည်ဟု လူအများက ထင်မြင်ကြ၏။
သူတို့က မည်သို့ သည်းခံနိုင်မည်နည်း။
ထို့အပြင် ဟန်မူယဲ့က ဓားဆွဲထုတ်ကာ ချန်မင်းအား ဖိနှိပ်ခဲ့သည်။
၎င်းသည် အာခီမီပညာရှင်များအား ကြီးစွာ အရှက်ရစေခဲ့သည်။
အာခီမီ၌ သူက မည်သို့ ဓားဆွဲထုတ်နိုင်သနည်း။
ထို့ကြောင့် မူရှန်မြို့ကို သွားရောက်ခဲ့ကြသော အာခီမီပညာရှင်များသည် ဟန်မူယဲ့နှင့် ကျန်းမင်တို့၏ ကျော်ကြားမှုအား တမင်တကာ ဖိနှိပ်ခဲ့ကြ၏။
အခန်းအနားပြီးဆုံးသည်မှာ ဆယ်ရက်ခန့် ကြာပြီ ဖြစ်သော်လည်း ဟန်မူယဲ့နှင့် ကျန်းမင်တို့၏ အောင်မြင်မှုများမှာ လျှို့ဝှက်ချက်အလား ဖြစ်နေဆဲပင်။
သတင်းအများစုမှာ ကောလာဟလ ဖြစ်သည်။ အများစု သိကြသည်ကား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် အာခီမီပညာရပ်၌ ထူးချွန်သော စီနီယာအစ်ကိုဟန် ရှိနေသည်။
ထိုမျှသာ ဖြစ်သည်။
ဟန်မူယဲ့နှင့် ကျန်းမင်တို့၏ဂုဏ်သတင်းမှာ ဖိနှိပ်ခံရသလို ချန်မင်းကိုလည်း ဖုန်းလင်ဓားဂိုဏ်းက ဖိတ်ကြားခေါ်ယူခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ကင်းထောက်များပေးသော သတင်းများအရ မင်ဟွားတောင်ကြားသည် ဖုန်းလင်ဓားဂိုဏ်းနှင့် မဟာမိတ်ဖွဲ့တော့မည့်ပုံရှိနေသည်။
“ကံကောင်းတာက ဂိုဏ်းအတော်များများဟာ ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သွေးကြောဖွင့်ဆေးလုံး ဝယ်ယူဖို့ ဆက်သွယ်ထားကြပြီ”
အကြီးအကဲစုလျန့်က ဟန်မူယဲ့အား ပြုံးလျက် ပြောသည်။
“သွေးကြောဖွင့်ဆေးလုံးရဲ့ တန်ဖိုးက ဘယ်လောက်ရှိသင့်တယ်လို့ မင်း ထင်လဲ”
ဟန်မူယဲ့သည် သွေးကြောဖွင့်ဆေးလုံး၏နည်းစနစ်အသစ် ဖန်တီးရာတွင် အဓိကအားဖြင့် ကြံဆခဲ့သူဖြစ်သည်။
အာခီမီစည်းမျဉ်းအရ ထိုဆေးလုံး၏တန်ဖိုးကို ဟန်မူယဲ့က သတ်မှတ်ရပေမည်။
ဟန်မူယဲ့က ကျန်းမင်အား ကြည့်သည်။
“ကျန်းမင်… သွေးကြောဖွင့်ဆေးလုံးဟာ တန်ဖိုး ဘယ်လောက်ရှိသင့်တယ်ထင်လဲ”
ကျန်းမင်ကား အာခီမီအသိုင်းအဝန်း၌ ဗဟုသုတ ကျယ်ပြန့်ပေသည်။
“အရင်တုန်းကတော့ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ သွေးကြောဖွင့်ဆေးလုံးကို ဝိညာဉ်ကျောက်တုံး သုံးသိန်းနဲ့ ရောင်းဝယ်ကြတယ်”
ကျန်းမင်က တွက်ချက်ကာ ပြောသည်။
“ကျုပ်အမြင်အရတော့ မင်ဟွားတောင်ကြားရဲ့ သွေးကြောဖွင့်ဆေးလုံးဟာ အကျိုးအမြတ်ရဖို့အတွက် ပုံမှန်တန်ဖိုးထက် ဆယ်ဆလောက် ဆတိုးပြီး ရောင်းရလိမ့်မယ်”
မင်ဟွားတောင်ကြားမှ ဆေးလုံးသည် ဖော်စပ်ရန် အံ့ဖွယ်ကိုးပါးနည်းစနစ်တွင်ရှိသော ဆေးအမယ်ထက် ဆယ်ဆခန့် ပိုကုန်ပေသည်။
“ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ သွေးကြောဖွင့်ဆေးလုံးကတော့ ပုံမှန်ဆေးအမယ်ရဲ့ ဆယ်ပုံတစ်ပုံလောက်ပဲ ကုန်ကျတယ်”
ကျန်းမင်က မျက်တောင်ပင့်ကာ ပြောသည်။
“ကျုပ်အမြင်တော့ ဝိညာဉ်ကျောက်တုံး တစ်သိန်းခွဲလောက်ပဲ သတ်မှတ်သင့်တယ်”
တစ်သိန်းခွဲ။
ထိုတန်ဖိုးက အကြီးအကဲများအား မျက်မှောင်ကြုတ်သွားစေသည်။
“တာအိုရောင်းရင်းကျန်းမင်… ဒီတန်ဖိုးက မနိမ့်လွန်းဘူးလား”
အကြီးအကဲတစ်ယောက်က မေးသည်။
“မှန်တယ်… ဒါက ပုံမှန်သွေးကြောဖွင့်ဆေးလုံးတန်ဖိုးရဲ့ထက်ဝက်ပဲ ရှိတယ်။ ဆေးလုံးတန်ဖိုးကို ဒီလောက် လျှော့ချမှတော့ သူတို့က အထင်မသေးတော့ဘူးလား”
နောက်တစ်ယောက်က စိုးရိမ်စွာ ပြောသည်။
စွန်းစဲက ကျန်းမင်အား ကြည့်ကာ မျက်လုံးများ စူးရှသွားသည်။
“ကျုပ်က အကြံပေးရုံပါပဲ။ တန်ဖိုးသတ်မှတ်တာကတော့ စီနီယာအစ်ကိုဟန်နဲ့ပဲ သက်ဆိုင်လိမ့်မယ်”
ကျန်းမင်က ပြုံးလျက် ပြောသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ကျန်းမင်ကား အမှန်တကယ် ပါရမီရှင် ဖြစ်သည်။
ပါရမီရှင်များမှာ မာနကြီးကြ၏။
သူက ထိုတန်ဖိုးအား သတ်မှတ်ရခြင်းအပေါ် အကြောင်းပြချက် မပေးခဲ့ပါ။
“စီနီယာ… ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဟာ အခုမှပဲ ကျော်ကြားခါစရှိတယ်။ အခု အံ့ဖွယ်ကိုးပါးသွေးကြောဖွင့်ဆေးလုံး ပေါ်လာပြီ။ ဒီဆေးလုံးနဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေကို အကျိုးပြုသင့်တယ်”
ဟန်မူယဲ့က အဓိက အချက်ကို ပြောသည်။
အဖိုးကြီးများက လက်ခံဟန်ဖြင့် ခေါင်းညိတ်ကြ၏။
“အမှန်ပဲ… ငါတို့ဂိုဏ်းက အတော်လေး ကျော်ကြားလာတယ်။ အာခီမီမှာ အကျိုးပြုပေးတာက ငါတို့ဂိုဏ်းအတွက် နာမည်ကောင်းရစေတယ်”
အဖိုးကြီးတစ်ဦးက ပြုံးလျက် ဟန်မူယဲ့အား ပြောသည်။
“စီနီယာပြောတာ မှန်ပါတယ်”
ဟန်မူယဲ့က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“ပြီးတော့ ဒီနည်းနဲ့ ကျွန်တော်တို့ဟာ မင်ဟွားတောင်ကြားက ဆေးလုံးတွေရဲ့ အရည်အသွေးနဲ့ တန်ဖိုးကို ဖိနှိပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်”
သူက လက်ဆန့်တန်းကာ ပြောသည်။
“ကျုပ်တို့ဂိုဏ်းရဲ့ သွေးကြောဖွင့်ဆေးလုံးဟာ ဝိညာဉ်ကျောက်တုံး ၁ သိန်း ဖြစ်သင့်တယ်”
ဝိညာဉ်ကျောက်တုံး တစ်သိန်း။
ထိုတန်ဖိုးသည် ခန်းမထဲမှ စီနီယာများအားလုံးကို မှင်တက်သွားစေသည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ တောင်ပိုင်းကုန်းမြေက ကျူးကျော်တိုက်ခိုက်လာတယ်။ ကျုပ်တို့ အနောက်ဘက်နယ်စပ်ကုန်းမြေဟာ ကမ္ဘာမြေအဆင့်ပညာရှင် အများအပြား လိုလာတယ်။ စေ◌ျးကွက်လိုအပ်ချက်အရ ဆေးလုံးဟာ အများကြီးရောင်းရမှာ ဖြစ်လို့ တန်ဖိုးတစ်သိန်း သတ်မှတ်ရအောင် ကျုပ်တို့ ဂိုဏ်းဟာ သေချာပေါက် အကျိုးအမြတ် အများကြီးရမှာပဲ”
ပြုံးလျက်ပင် ဟန်မူယဲ့က သူ့ရှေ့မှ စီနီယာအာခီမီပညာရှင်များအား ကြည့်သည်။
တစ်စုံတစ်ယောက် အိုမင်းလာသောအခါ သူတို့၏အတွေးများမှာ တစ်သမတ်လည်း ဖြစ်လာတတ်သည်။
သူတို့သည် တစ်စုံတစ်ခုအား ဆုံးဖြတ်သောအခါ လုံလောက်စွာ ရက်စက်ပြတ်သားခြင်း မရှိတော့ပါ။
ဟန်မူယဲ့၏စိတ်အလိုအရ ဆိုပါက ၎င်းသည် ပုံမှန်တန်ဖိုး၏ သုံးဆယ်ရာနှုန်းအထိ လျှော့ချပစ်ပေလိမ့်မည်။
မင်ဟွားတောင်ကြား၏စီးပွားရေးကို ဖြတ်တောက်ခြင်း…။
…
ဟန်မူယဲ့နှင့် ကျန်းမင်တို့သည် ဆေးခန်းဆောင်တွင် အချိန်ကြာကြာ မနေ့ခဲ့ကြပါ။
သွေးကြောဖွင့်ဆေးလုံး၏စျေးနှုန်းကို ဝိညာဉ်ကျောက်တုံး ၁၂၀၀၀၀ သို့ သတ်မှတ်ပြီးနောက်တွင် သူတို့ ထွက်လာခဲ့ကြသည်။
“သခင်လေး… ဘာလို့ မင်းရဲ့ အကျိုးအမြတ်ဝေစုကို ပေးလိုက်ရတာလဲ”
တောင်ဆင်းလမ်းအတိုင်း လျှောက်လာရင်း ကျန်းမင်က မေးသည်။
သွေးကြောဖွင့်ဆေးလုံးဖော်စပ်နည်းကို တီထွင်ကြံဆခဲ့သူတစ်ဦးအနေဖြင့် ဟန်မူယဲ့သည် သွေးကြောဖွင့်ဆေးလုံးရောင်းရငွေ၏ ၅ရာနှုန်းအား ရယူပိုင်ခွင့် ရှိနေသည်။
၎င်းသည် သေးငယ်သော အကျိုးအမြတ် မဟုတ်ပါ။
ထို့ကြောင့်လည်း ဟန်မူယဲ့က ဝေစုအကျိုးအမြတ်ကို လက်လွှတ်ခဲ့ရုံသာမက သူနှင့် ကျန်းမင်တို့က သွေးကြောဖွင့်ဆေးလုံးကို နောင်တွင် ဖော်စပ်ရောင်းချခြင်း မပြုရန်ပါ ကတိပေးခဲ့သေးသည်။ ထို့ကြောင့်ပင် အကြီးအကဲများက ဆေးလုံး၏တန်ဖိုးအား ၁၂၀၀၀၀ သတ်မှတ်ခြင်းအား ဝမ်းသာအားရ သဘောတူခဲ့ကြ၏။
ဆေးခန်းဆောင်တွင် သွေးကြောဖွင့်ဆေးလုံးကို ဖော်စပ်နိုင်သူ သိပ်မရှိပါ။ ဟန်မူယဲ့နှင့် ကျန်းမင်တို့ကသာ သွေးကြောဖွင့်ဆေးလုံးကို ဖော်စပ်ရောင်းချခြင်း မပြုပါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ပိုမိုကြီးမားသော အကျိုးအမြတ်များအား ရရှိနိုင်ပေလိမ့်မည်။
ထိုစီနီယာများ ဝမ်းသာအားရ ဖြစ်နေသည်ကို ကြည့်ကာ ဟန်မူယဲ့လည်း စိတ်အေးရ၏။
“ဒါက ဝိညာဉ်ကျောက်တုံး နည်းနည်းပါပဲ။ ဂိုဏ်းအတွက် အကျိုးပြုခဲ့တယ်ပဲ သတ်မှတ်တာပေါ့”
သူတို့ရှေ့တွင်ကား စေ◌ျးတန်းငယ် ဖြစ်သည်။
ကျန်းမင်က သူ့အား မယုံပေ။
ယခင်နေ့ရက်များအတွင်း ဟန်မူယဲ့နှင့် ပြောဆိုဆက်ဆံလာပြီးနောက်တွင် စီနီယာအစ်ကိုဟန်သည် ဂိုဏ်း၏အကျိုးအမြတ်ကို သိပ်တွက်သည့်သူ မဟုတ်ကြောင်း သူ သိခဲ့သည်။
သည်လူကား အလွန်ဉာဏ်ကောင်းသည်။
“စီနီယာအစ်ကို… ဒါက တကယ်…”
ပိုင်စုကျန်း အလွန်ဝမ်းသာသွားသည်။
ကျန်းမင်သည် ဆိုင်းဘုတ်ပေါ်မှ အမှတ်အသားကို ကြည့်ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
ကျန်းမင်သည် ဟန်မူယဲ့နှင့်အတူ စုကျန်းဆေးဆိုင်ဒုတိယထပ်သို့ တက်လာခဲ့သည်။ သူက လေးနက်သောအမူအရာဖြင့် ဟန်မူယဲ့၏နောက်တွင် ငြိမ်သက်စွာ ရပ်နေသည်။
“စီနီယာအစ်ကိုဟန်… ရှင်က ဓားချီနဲ့ အင်မော်တယ်ဆေးလုံး ကိုးလုံး ဖော်စပ်ခဲ့တယ်”
“ကျွန်မကို အင်မော်တယ်ဆေးလုံးတချို့ပေးပါလား။ စျေးနှုန်းကို ရှင်သတ်မှတ်လို့ရတယ်”
တခြားလူများက မူရှန်မြို့၌ ဖြစ်ပျက်ခဲ့သည်များအား မသိခြင်းက မထူးဆန်းသော်လည်း ပိုင်စုကျန်းက မည်သို့ မသိဘဲ နေမည်နည်း။
သူမက ဟန်မူယဲ့ရှေ့တွင် လက်ကို ထားကာ ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်၏။
ဟန်မူယဲ့က အလျင်အမြန် နောက်ကို ဆုတ်လိုက်သည်။
ပိုင်စုကျန်းက ပြုံးလိုက်၏။
“ဒါက စီနီယာအစ်ကိုကျန်းမင် ဖြစ်မယ်”
ပိုင်စုကျန်းက ကျန်းမင်ကို ကြည့်ကာ မေးသည်။
“ကျန်းမင်က မိန်းကလေးပိုင်ရှေ့မှာ စီနီယာလို့ မခေါ်ရဲပါဘူး”
ကျန်းမင်ကလည်း နောက်ကို ခြေနှစ်လှမ်းဆုတ်ကာ ပြောသည်။
ပိုင်စုကျန်းက လက်ဝှေ့ယမ်းသည်။
“ဆိုင်ရှင်ပိုင်… ကျုပ် နောက်ပိုင်း တိမ်မြူချီဆေးလုံးကို မဖော်စပ်တော့ဘူး”
ဟန်မူယဲ့က ပြောသည်။
တိမ်မြူချီဆေးလုံး မရတော့ဘူးလား။
ပိုင်စုကျန်း တွေဝေသွားသည်။ တခဏမျှ ကြာပြီးနောက် သူမက ရယ်မောလိုက်သည်။
“ညီမမူဝမ်ရဲ့ စီးပွားရေး ထိခိုက်မှာ စိုးလို့လား”
ဟန်မူယဲ့က ငြင်းဆိုခြင်း မပြုပါ။
ပိုင်စုကျန်းက ရယ်မောကာ ပြောသည်။
“ကောင်းပြီ… နောက်ပိုင်း တိမ်မြူချီဆေးလုံးကို ညီမမူဝမ်ဆီမှာပဲ သွားဝယ်တော့မယ်”
“ဒါဆို စီနီယာအစ်ကိုဟန်… ရှင်က စွမ်းအင်အသွင်ပြောင်းဆေးလုံးကိုပဲ ဖော်စပ်တော့မလို့လား”
ဟန်မူယဲ့က ခေါင်းယမ်းကာ ကျန်းမင်အား လက်ညိုးထိုးပြသည်။
“နောက်ပိုင်း ခင်ဗျား လိုတဲ့ စွမ်းအင်အသွင်ပြောင်းဆေးလုံးနဲ့ တခြားဆေးလုံးတွေကို သူ့ကိုပဲ ဖော်စပ်ခိုင်းပါ”
ကျန်းမင်ကို ဖော်စပ်ခိုင်းရမည်လား။
ကျန်းမင်၏အာခီမီစွမ်းရည်ဖြင့် ဆိုပါက သူသည်လည်း အရည်အသွေးအမြင့်ဆုံးဆေးလုံးများကို ဖော်စပ်နိုင်လောက်သည်။
ထို့အပြင် ကျန်းမင်သည် အာခီမီပညာရပ်၌ အတွေ့အကြုံကြွယ်ဝကာ ဆေးလုံးအမျိုးအစားများစွာ ဖော်စပ်နိုင်စွမ်း ရှိသည်။
အမှန်တကယ်လည်း ဟန်မူယဲ့ထက် ကျန်းမင်က ဆေးလုံးဖော်စပ်ခြင်းတွင် ပိုမိုသင့်တော်၏။
ပိုင်စုကျန်းက ခေါင်းညိတ်ကာ ဟန်မူယဲ့ကို ကြည့်သည်။
“စီနီယာအစ်ကိုဟန်… ရှင်က ဓားတာအိုကို လေ့ကျင့်ဖို့ပဲ တွေးထားပြီလား။ ကျွန်မနဲ့ စည်းတားထားတော့မလို့လား”
ဟန်မူယဲ့က ခေါင်းယမ်းသည်။
“ဆိုင်ရှင်ပိုင်… ကျုပ်က သေချာပေါက် ဆေးဖော်စပ်ဦးမှာပါ”
ဟန်မူယဲ့၏စကားက ပိုင်စုကျန်းအား ဝမ်းသာသွားစေသည်။
ဟန်မူယဲ့က လက်ဆန့်တန်းကာ စာရွက်ငယ်တစ်ရွက်အား ပိုင်စုကျန်းကို ပေးသည်။
သူမက စာရွက်အား ဖြန့်ကြည့်လျှင် အနည်းငယ် အံ့အားသင့်သွား၏။
“စီနီယာအစ်ကိုဟန်… ရှင် တကယ်ပဲ ဒီဆေးလုံးတွေ ဖော်စပ်မှာလား”
သူမက စာရွက်အား တင်းတင်းဆုပ်ကာ ဟန်မူယဲ့ကို ကြည့်သည်။
“သေချာတာပေါ့”
ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် ပြောသည်။
“ခင်ဗျားက ဆေးအမယ်တွေ စုဆောင်းပေးနိုင်သရွေ့ ကျုပ် ဒီဆေးလုံးတွေကို ဖော်စပ်ပေးနိုင်တယ်”
“အသက်ရှည်ဆေးလုံး၊ နှလုံးထွင်းထုအဆီအနှစ်ဆေးလုံး၊ ခရမ်းမျှော်မှန်းဆေးလုံး၊ ကျောက်စိမ်းအလင်းရိုးဆေးလုံး…”
“စကားမစပ်… ကျုပ်က အမြင့်ဆုံးအရည်အသွေးထက် နိမ့်တဲ့ဆေးလုံးကို မဖော်စပ်ဘူး”
“အင်မော်တယ်ဆေးလုံးဆိုရင်တော့ စျေးနှုန်းကို ကျုပ်သတ်မှတ်မယ်”
“ပြဿနာတစ်ခုခုရှိလား ဆိုင်ရှင်ပိုင်”