← Chapters

သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း

Vol. 36 Ch. 487

သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း

Vol. 36 Ch. 487

မိုဝူကျီက ကောင်းကင်အင်မော်တယ် အဆင့်မျှသာ ရှိသေး၏။ သို့သော် သူ့ချီသွေးကြော ၁၀၈ ခုလုံးကို ဖွင့်ထားပြီးသား ဖြစ်၍  ဤမျှ များပြားလှသော အဆင့်မြင့် အင်မော်တယ် ကျောက်များဖြင့် မိုဝူကျီ ပတ်လည်မှ အင်မော်တယ် ဝိညာဉ် စွမ်းအားများမှာ ပြည့်နှက်နေသည်။ မိုဝူကျီက စွမ်းအားများ  စုပ်ယူနေသောကြောင့် ထိုအင်မော်တယ် ကျောက်များမှ ထွက်ပေါ်လာသော အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ  မိုဝူကျီ၏ ဝဲဂယက် စွမ်းအားစက်ကွင်းကဲ့သို့  ဝဲဂယက်များ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။

နှစ်ဝက်တာအတွင်း မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ကောင်းကင် အင်မော်တယ် အလယ်အလတ် အဆင့်မှ အဆင့်မြင့်သို့ ရောက်ရှိလာပြီး ထိပ်ဆုံးထိ တက်လှမ်း သွားတော့သည်။ သူက အတားအဆီးနှင့် မကြုံလိုက်ရသလို  ထိုအချိန်လေးအတွင်း သူက အင်မော်တယ် ဆေးလုံးများလည်း  အသုံးမပြုလိုက်ရပေ။

မိုဝူကျီက သူ့ကျင့်ကြံဆင့် အခြေကျသွားသည်နှင့် ကျင့်ကြံနေခြင်းကို ရပ်တန့် လိုက်တော့သည်။ သူက အတော်လေး စိတ်လှုပ်ရှား မိနေသည်။ သူက အတားအဆီးနှင့် တွေ့လိုငြား အင်မော်တယ် ဆေးလုံးများကို ဖော်စပ်ထားခဲ့သည်။

မိုဝူကျီက ယခင်အမှားများမှ သင်ယူထားလေသည်။ ယခင် သူ ကောင်းကင် အင်မော်တယ် အဆင့်သို့ တက်လှမ်းစဉ်က ကံကောင်း၍သာ   မြေမှုန့်လျော့ပါးခြင်း သစ်သီးသာ မရရှိခဲ့လျှင် သူက ကျရှုံးဖို့ရာ ကံကြမ္မာဖန်လာခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့် သူက မကျင့်ကြံခင်  အဆင့်နိမ့် အင်မော်တယ် ဆေးလုံးများကို ပြင်ဆင်ထားခဲ့သည်။

ဆေးလုံးများစွာ ပြင်ဆင်ပြီးနောက် တစ်လုံးတစ်လေမျှ အသုံးမပြုဘဲ နေရလိမ့်မည်ဟု   ထင်မှတ် မထားခဲ့ပေ။ သူက ယခုအထိ ချီသွေးကြော ကျင့်စဉ်ကို နှံ့နှံ့စပ်စပ် သိသေးပုံ မပေါ်ပေ။

အကယ်၍ မိုဝူကျီက အင်မော်တယ် လောကတွင်  ရှိနေပါက မိုဝူကျီက ကျင်းရှန်း အဆင့်ထိ တက်လှမ်းနိုင်ရန် ကြိုးစားမိလိမ့်မည်။ သို့သော်လည်း မိုဝူကျီက ယခု မလုပ်ရဲသေးပေ။ မိုးနှင့်မြေ စည်းမျည်းများကြောင့် တစစီ ဖြစ်သွားသော  ထိုကျင်းရှန်းအဆင့် ကျင့်ကြံသူများ၏ ပုံရိပ်များမှာ သူ့စိတ်အတွင်း စွဲထင်နေသေး၏။ သူက ထိုကိစ္စများကို မျက်မြင်ကိုယ်တွေ့ ကြုံထားခြင်း ဖြစ်ရာ သူသာ ယခု ကျင်းရှန်းအဆင့်သို့ တက်လှမ်းလိုက်ပါက  သေမင်းကို လက်ယက် ခေါ်နေသလို  ဖြစ်လိမ့်မည်။

သူက အင်မော်တယ် လောကသို့ သွားမည့် အချိန်မှသာ ဖြစ်လိမ့်မည်။ အကယ်၍ အင်မော်တယ် လောကမှ ကူးသန်းရေး အစီအရင်ကို ပြန်တည်ဆောက်ပြီး မြို့စား အသစ်ကို  စေလွှတ်ပြီးပါက အကောင်းဆုံး ဖြစ်၏။ ထိုနည်းဖြင့် သူက နောက်တစ်ကြိမ် ရုတ်ရုတ်သည်းသည်း ဖြစ်အောင် လုပ်နိုင်လိမ့်မည်။

သူ့တိုက်ခိုက်မှုများက သာမာန် ဖြစ်လွန်းနေသည်မှာ ကံခေလှပေသည်။ သူ့ ဝဲဂယက် စွမ်းအား စက်ကွင်းနှင့်ပင် အများဆုံး တိုက်ခိုက်နိုင်မှုမှာ စွမ်းအားစက်ကွင်း‌ ချေဖျက် လက်သီးချက်နှင့် အာကာသ ချုပ်နှောင်မှုများသာ ဖြစ်၏။ သူလခြမ်းကွေး ပုဆိန်လှံရှည်အတွက် သူက နိဗာနတုတ်အရိပ် တိုက်ကွက်နှင့် ပေါင်းစပ်ထားသော်လည်း  ပြီးပြည့်စုံသည့်  ပုဆိန်လှံရှည် ပညာရပ် မရှိသေးပေ။

သူ့တိုက်ခိုက်မှုများမှာ ရိုးရှင်းနေသော်လည်း ယင်ပြန့်မြို့ကို ကိုင်တွယ် ဖြေရှင်းဖို့ရာ လုံလောက်ပေသည်။

မိုဝူကျီက အနက်ရောင် ဝဲဂယက်မှ ထွက်လာသည့်အခါ အားပြင်းပြင်း တစ်ခု ရောက်ရှိ လာကြောင်း ခံစားမိလိုက်သည်။ မိုဝူကျီက ကောင်းကင် အင်မော်တယ်အဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေသော်လည်း  ထိုအားလှိုင်းက သူ့ခန္ဓာကိုယ်အတွင်းမှ အရိုးများအားလုံးကို တုန်ခါ လာစေသည်။ အကယ်၍ သူသာ နည်းနည်းလောက် စောင့်ဆိုင်းမိပါက  သူ့ခန္ဓာကိုယ်လေး ပျက်စီး သွားပေလိမ့်မည်။

မြန်မြန် သွားရမယ် .....

မိုဝူကျီက နှစ်ခါ ပြန်မတွေးတော့ဘဲ အနက်ရောင် ဝဲဂယက်ဆီ ပြန်လှည့်ဝင်လိုက်သည်။

သို့သော်လည်း မိုဝူကျီက အနက်ရောင် ဝဲဂယက်မှ ထွက်လိုက်သည်နှင့် ထိုအရာက အစအနမရှိ ချက်ချင်း ပျောက်ကွယ် သွားလေ၏။ မိုဝူကျီ၏ အတွေ့အကြုံအရ သူ ပြန်သွားလိုလျှင်ပင် နောက်တစ်ရက်တာ စောင့်ရမည် ဖြစ်ကြောင်း သိပေ၏။

“ ဘုန်း ”

ပြင်းထန်လွန်းသည့်  သဘာဝစွမ်းအားများ ရောက်ရှိလာသည်။ မိုဝူကျီ၏ ရေလွင့်ပြယ် ပုလဲမှာ ထိုအားကြောင့် တစစီ ဖြစ်သွားပြီး ဖိအားက မိုဝူကျီပေါ် ဝုန်းခနဲ ရောက်လာသည်။ ထိုနေရာမှာတင် မိုဝူကျီက သွေးတစ်ပွက် အန်လိုက်ရပြီး သူ့အောက်တွင် ရှိနေသော မြစ်ကြမ်းပြင်နှင့် အပြင်းအထန် ထိရိုက်မိသွားသည်။

ဘယ်လောက်တောင် အားပြင်းတဲ့ လျှို့ဝှက် ပညာရပ်လဲ ....

မိုဝူကျီက အတော်လေး အံ့ဩမိသွားသည်။ သူ စတင်ကျင့်ကြံစဉ် ကတည်းမှ  သူက ထိုမျှ ကြောက်ဖို့ ကောင်းသည့် လျှို့ဝှက်ပညာရပ်နှင့် မတွေ့ဖူးသေးပေ။ တစ်ဖက်လူက သူ့အား သတ်လုနီးပါး ဖြစ်သွားလောက်သည့် အခြေအနေမျိုးနှင့်လည်း တစ်ခါမျှ မကြုံတွေ့ရသေးပေ။ သူ့အသက်ဓာတ် လမ်းကြောင်း ကြောင့်သာ မဟုတ်လျှင် သူက သေနေလောက်လေပြီ။

“ ဘန်း ဘန်း ”  ကောင်းကင်မှ တောင်ကြီးနှစ်လုံး ပြုတ်ကျလာသည့် အလား ရေများကို နေရာအနှံ့ ကင်းစင်သွားစေကာ  ပုံရိပ်နှစ်ခုက မိုဝူကျီ၏ စိတ်စွမ်းအား အတွင်း ပေါ်လာသည်။

တစ်ယောက်မှာ အဝါရောင် ဝတ်စုံဖြင့် တာအိုသူတော်စင် ဖြစ်ပြီး မိုဝူကျီက သူမ မျက်နှာကို သေချာမမြင်ရပေ။ သူမ ဝန်းကျင်၌ ကျောက်စိမ်းဖြူ နှင်းပွင့် အလွှာ ဖြစ်တည်နေသည်ကိုသာ မြင်ရသည်။ ကျောက်စိမ်းဖြူ နှင်းပွင့်များက ကမ္ဘာတစ်ခုလို ဖြစ်နေပြီး သူမကို ပတ်ဝန်းကျင်မှ အရာအားလုံးကို ထိန်းချုပ်ခွင့် ပေးထား၏။

တာအိုသူတော်စင်နှင့် ဆန့်ကျင်ဘက်တွင် မျက်နှာမည်း အမျိုးသား တစ်ဦး ရှိနေသည်။ သူ့ကို  ကြည့်ရသည်မှာ ငရဲမှ ထွက်လာသည့်အလား သူ့တစ်ကိုယ်လုံးမှာ ညစ်ပတ်ပေရေနေပြီး ခန္ဓာကိုယ် တစ်လျှောက် ယင်စွမ်းအားများ ထုတ်လွှင့်နေသည်။ သူ့အရှိန်အဝါမှာ တာအို သူတော်စင်ထက် နိမ့်ကျခြင်း မရှိပေ။

“လီချင်းကူ .. မင်း ဘယ်ပြေးနိုင်မလဲ ကြည့်ရတာပေါ့။ သေစမ်း  .... ” မျက်နှာမည်း အမျိုးသား၏ အသံမှာ ခပ်ဩဩ ဖြစ်နေပြီး အငြိုးထားကာ အော်ပြောလိုက်သည်။ သူက ပြောလိုက်ရင်း သူ့လက်နှစ်ဖက်ကို ဆန့်တန်းကာ  လေထုအတွင်း  စက်ဝန်းသဏ္ဌာန် ဖန်တီး ပြုလုပ်လိုက်သည်။

“ကူးကျို့ရှီ .... ရှင့်မှာ အဲလို စွမ်းရည် မရှိသေးပါဘူး ” အဝါရောင် ဝတ်စုံနှင့် တာအို သူတော်စင်က နှာခေါင်းရှုံ့လိုက်သည်။ သို့သော်လည်း သူမ  စကား တစ်ဝက်တစ်ပျက်ဖြင့် သူမက ဒေါသတကြီး အော်ပြောလိုက်သည်   “ ကူးကျို့ရှီ .... ရှင်က ယင်ယန် စက်ဝန်းကိုတောင် ထုတ်သုံး ရဲတယ်ဆိုတော့  ရူးနေတာလား .... ”

“ ဟားဟား ...”

မျက်နှာမည်း အမျိုးသားက အရူးအမူး ရယ်မောလိုက်ရင်း

“ ဟုတ်တယ် ... ဒါက ယင်ယန်စက်ဝန်းပဲ။ တစ်ခုက ယင် တစ်ခုက ယန် ... ဒီနေ့  ငါတို့ထဲက တစ်ယောက်ပဲ ရှင်သန်နိုင်မယ်။ မင်းကို ဒီနေ့မှ မသတ်ရရင်  ဒီနေရာမှာပဲ သေပစ်လိုက်မယ် ”

အရူးအမူး အပြင်းအထန် ဖြစ်နေသော သေခြင်းတရား အငွေ့အသက် များက  နေရာတစ်ခုလုံး လွှမ်းခြုံသွားသည်။ ချီသွေးကြော ကျင့်စဉ်ကို ဖန်တီးသူ ဖြစ်သည့် မိုဝူကျီက ထိုအငွေ့အသက်များမှ ဘာဖြစ် လာတော့မည်ကို သိနေပေ၏။

ဤယင်ယန်စက်ဝန်းမှာ ကူးကျို့ရှီ၏ အစွမ်းဆုံး တိုက်ကွက်သာ ဖြစ်ပေသည်။ ထုတ်လွှင့် လိုက်သည်နှင့် သူ ဖြစ်ဖြစ်  ဒါမှမဟုတ် တာအိုသူတော်စင် ဖြစ်ဖြစ် သေဆုံးရလိမ့်မည်။ ထိုသို့မျိုး တိုက်ကွက်မျိုးမှာ နှစ်ဖက်ချွန် ဓားသွားအလား ဖြစ်ပြီး သူကိုယ်တိုင်လည်း သေဆုံး သွားနိုင်သည်။

ယင်ယန် ငါးစကြာက ထွက်ပေါ်လာသည်။

ယင်ယန် ငါးစကြာ ထွက်ပေါ်လာသည့်အခါ ပြင်းထန်စွာ ဒဏ်ရာရထားသော မိုဝူကျီက မျက်လုံး ပိတ်ထားလေ၏။ သူက ရုတ်ခြည်းဆိုသလို ဉာဏ်အလင်း ပွင့်သွားခဲ့သည်။

“ ဘုန်း ”

ပြင်းထန်လှသည့် အားက  နောက်တဖန် ရောက်ရှိလာကာ မျက်လုံးပိတ်နေလျက် ရှိသော မိုဝူကျီကို လွင့်စဉ်သွားစေသည်။ မိုဝူကျီ ခန္ဓာကိုယ်အတွင်းမှ အရိုးများ အားလုံးမှာ တစ်လက်မ ချင်းစီ အစိတ်စိတ် အမြွှာမြွှာ ကြေမွကုန်ပြီး  အဆုံးမဲ့သေခြင်းတရားက  မိုဝူကျီ၏   ခန္ဓာကိုယ်ထဲ  ဝင်ရောက် လာသည်။

မိုဝူကျီက မြစ်ကြမ်းပြင်ပေါ် ပြင်းထန်စွာ ကျရောက် သွားသည့်အခါ တာအိုသူတော်စင်နှင့် မျက်နှာမည်း အမျိုးသားကြားမှ တိုက်ပွဲလည်း ပျောက်ကွယ်သွားလေပြီ။ ထိုစဉ် မိုဝူကျီက အသက်မဲ့ မြစ်အတွင်း လဲလျောင်းနေရင်း ရှင်သန်နေသည့် အရိပ်အယောင် လက္ခဏာစိုးစဉ်မျှ မရှိတော့ပေ။ သူ့မျက်လုံးနှစ်ဖက်မှာ ပိတ်ထားဆဲ ဖြစ်၏။

အချိန်များက ဖြည်းညင်းစွာ ကုန်ဆုံးသွားလေသည်။ အသက်မဲ့ မြစ်ကြမ်းပြင်မှ သဲများနှင့် ရွံ့များက မိုဝူကျီကို ဖြည်းဖြည်းချင်း  ဖုံးလွှမ်း သွားတော့သည်။

ထိုစဉ် မိုဝူကျီ၏ အသက်ဓာတ် လမ်းကြောင်းမှာ မိုဝူကျီကို အသက်ဓာတ် ဆက်လက်၍ ထောက်ပံ့ ပေးထားလေသည်။ မိုဝူကျီ၏ အသက်မဲ့ ခန္ဓာကိုယ်အတွင်းရှိ ချီသွေးကြောများက ဖြည်းဖြည်းချင်း ပြောင်းပြန် လှည့်ပတ်လာကာ စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းက မိုဝူကျီ၏  ကြေမွသွားသော အသိစိတ်ပင်လယ်ကို ပြန်လည် ပြုပြင်ပေးနေပြီး သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းက မိုဝူကျီ၏ ပျက်စီးသွားသော ချီသွေးကြောများကို ကုသပေးနေသည်။

ထိပ်တန်း ပါရမီရှင် နှစ်ယောက်က အသက်မဲ့ မြစ်ကြမ်းပြင်၌ တိုက်ပွဲလာဖြစ်ခြင်း ဖြစ်၏။ ထိုအရာက တိုက်ခိုက်မှု တစ်ချက်မျှသာ ဖြစ်သော်လည်း သူတို့တိုက်ပွဲမှ အားလှိုင်းများက မိုဝူကျီကို သတ်သွားရုံ သာမက မိုဝူကျီ၏ ချီသွေးကြောများနှင့် အသိစိတ်ပင်လယ်ကိုပါ ပျက်စီး စေခဲ့သည်။

အကယ်၍ သူ့အား အသက်ဓာတ် လမ်းကြောင်း၊ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့်  သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်းများ ဖြစ်တည် လာစေသည့် သူ့ချီသွေးကြော ကျင့်စဉ်ကြောင့်သာ မဟုတ်လျှင် သေနေလောက်လေပြီ။

မိုဝူကျီက အသက်ဓာတ် ပြန်လည်ရရှိနေပြီး ချီသွေးကြောများနှင့် အသိစိတ်ပင်လယ်တို့ ပြန်ကောင်းမွန်လာပြီ  ဖြစ်သော်လည်း  မနိုးထလာသေးပေ။

မိုဝူကျီ စိတ်အတွင်း၌  မျက်နှာမည်း အမျိုးသား၏ လှုပ်ရှားမှု ပုံရိပ်များသာ ကြီးစိုးနေပြီး  ထိုယင်ယန်  လက်ဟန် သင်္ကတများအတွင်း  ရှင်သန်ခြင်းနှင့် သေဆုံးခြင်း အရိပ်အယောင်များ ပါဝင်နေသည်။

သူက ပတ်ဝန်းကျင်မှ  ရှင်သန်ခြင်း စွမ်းအားနှင့် သေဆုံးခြင်း စွမ်းအားများကို အသုံးပြုရင်း  လက်ဆုပ်လက်ကိုင် ပြနိုင်သည့် နယ်ပယ်ကို ဖြစ်တည် လာစေကာ  ခြားနားခြင်းနှင့် အတူ  အစွန်းရောက်သော စက်ကွင်း နှစ်ခု ဖြစ်ပေါ်လာစေသည်။ တစ်ခုမှာ ရှင်သန်ခြင်း ဖြစ်ပြီး နောက်တစ်ခုမှာ သေဆုံးခြင်း ဖြစ်ပေ၏။

မဟုတ်သေးပါဘူး ..... အတွေးတစ်ချက်မှာ ရှင်သန်ခြင်း ဖြစ်ပြီး နောက်အတွေး တစ်ချက်မှာ သေဆုံးခြင်း ဖြစ်ပေသည်။

ထိုစဉ် မိုဝူကျီ၏ တာအို အသိဉာဏ်ပွင့် လမ်းကြောင်းမှာ ပြောင်းပြန် လှည့်ပတ်လာပြီး မိုဝူကျီ၏ အတွေးများနှင့် အသိများအားလုံးကို တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းအတွင်း နစ်မြော သွားစေသည်။

အချိန်အတော်ကြာတွင် မိုဝူကျီက ရုတ်ခြည်း မတ်တတ် ရပ်လိုက်သည်။  သူ့လက်ကို လေထဲ မြှောက်လိုက်သည်နှင့် သူ့မျက်ဝန်း၌ လျှပ်စီးများကို မြင်လာသည့်အလား   ယင်ယန် ထိုက်ကျိ တံဆိပ်တော်ကို  ဖြစ်ပေါ်လာသည်။

အသက်မဲ့မြစ်အတွင်းမှ မြစ်ရေများမှာ ထိုတံဆိပ်တော်ကြောင့် တွန်းထုတ် ခံလိုက်ရဟန် ပေါ်သည်။

“ ဘုန်း ” မှုန်မှိုင်းမှိုင်း သေခြင်းတရားက နေရာတစ်ခုလုံးကို လွှမ်းမိုးသွားလေ၏။ သူ့ခန္ဓာကိုယ် အတွင်းမှ အသွေးအသားနှင့် ဝိညာဉ် စုပ်ယူခံလိုက်ရသည့် အလား မိုဝူကျီက ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ သူ့စိတ်စွမ်းအားနှင့် အင်မော်တယ် သဘာဝ စွမ်းအားများပင် အပြင်းအထန် စုပ်ယူခံနေရသည်။

ရုတ်တရက်ဆိုသလို  အသက်မဲ့ မြစ်အတွင်း ရှင်သန်ခြင်း စွမ်းအားများ ရှိလာဟန် ပေါ်သည်။ မဟုတ်သေးပါဘူး ....  ပြောရလျှင် အသက်မဲ့ မြစ်အတွင်းမှ ရှင်သန်ခြင်း စွမ်းအားများက နေရာတစ်ခုသို့ စုပြုံသွားဟန် ရှိကာ နောက်တစ်နေရာ၌  သေဆုံးခြင်း စွမ်းအားများ ပြည့်နှက် သွားသည်။ ဤသေဆုံးခြင်း စွမ်းအားများက မိုဝူကျီ ခန္ဓာကိုယ်အတွင်း စီးဝင်သွားကာ ဖြည့်ဆည်း ပေးနေ၏။

နောက်အခိုက်အတန့်လေး၌ မိုဝူကျီ၏ ခန္ဓာကိုယ်မှာ အဆုံးမဲ့ သေဆုံးခြင်းစွမ်းအားများ ပြည့်နှက်လာပြီး ထိုအခိုက်အတန့်၌ပင်  သေဆုံးသွားလေသည်။

ထို့နောက် သူ့အသက်ဓာတ် လမ်းကြောင်းမှ ပြောင်းပြန် လှည့်ပတ်ခြင်းဖြင့် ထိုသေဆုံးခြင်း စွမ်းအားများ အားလုံးမှာ အသက်စွမ်းအား အဖြစ် ပြောင်းလဲ သွားတော့သည်။

“ အခု နားလည်သွားပြီ ” မိုဝူကျီက အဝေး တစ်နေရာကို ကြည့်ရင်း ရေရွတ်လိုက်သည်။

မျက်နှာမည်း အမျိုးသား၏ ယင်ယန်စက်ဝန်းကြောင့် မိုဝူကျီက ဤအကွက် ဉာဏ်အလင်း ပွင့်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့အပြင် ဤအကွက်မှာ  မျက်နှာမည်း အမျိုးသား၏ ယင်ယန် စက်ဝန်းထက် ပဟေဠိဆန်ကာ  ရှင်သန်ခြင်းနှင့် သေဆုံးခြင်း တာအို သဘောတရားများကို လွှမ်းခြုံ ထားစေသည်။

သူ့တိုက်ကွက် ပေါ်လာသည်နှင့် တစ်ယောက်က ရှင်ပြီး နောက်တစ်ယောက်က သေဆုံး ရလိမ့်မည်။

“ ဒီတိုက်ကွက်ကို  သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းလို့ ခေါ်မယ် ” မိုဝူကျီ အသံတွင် ယုံကြည်ချက်နှင့် အတူ ခန့်ညားမှုများ ပါဝင်နေသည်။ သူက အသိဉာဏ် အလင်းပွင့်၍ ရရှိခဲ့သော ဒုတိယမြောက် လျှို့ဝှက် ပညာရပ် ဖြစ်ပေသည်။

တခြားသူသာ ထိုတိုက်ကွက်ကို ထုတ်သုံးပါက သူတို့ကိုယ် သူတို့ အန္တရာယ်ထဲ ကျရောက် စေနိုင်သည်။ အကြောင်းမှာ ထိုတိုက်ကွက်မှာ တစ်ဖက်လူကို သတ်နိုင်သလို ကိုယ်တိုင်လည်း သေဆုံး သွားနိင်သည်။ သို့သော်လည်း မိုဝူကျီ အတွက် ထိုအခြေအနေများက အကျုံးမဝင်ပေ။ သူ့တွင် အသက်ဓာတ် လမ်းကြောင်း ရှိနေသည် မဟုတ်ပါလော။ သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းက  အစွန်းနှစ်ဖက် ဖြစ်သည့် သေဆုံးခြင်း ဒါမှမဟုတ် ရှင်သန်ခြင်းကို ယူဆောင်ပေးကာ သူက သေချာပေါက် ရှင်သန်ခြင်းဘက်သာ ဖြစ်နေပေလိမ့်မည်။

အဝါရောင်ဝတ်စုံနှင့် တာအိုသူတော်စင်နှင့် မျက်နှာမည်း အမျိုးသားတို့ နှစ်ယောက်လုံးမှာ သာမာန် ကျင်းရှန်းအဆင့် ကျင့်ကြံသူများထက် ပို၍ အားကောင်းကြပေသည်။ မိုဝူကျီက သူတို့တွင် ပြောင်းလဲမျှခြေ အဆောင်မပါကြောင်း သေချာ၏။  ပြောင်းလဲမျှခြေ အဆောင် မပါဘဲ ထိုကျင့်ကြံသူ နှစ်ယောက်ကက  အသက်မဲ့ မြစ်အတွင်း ပေါ်လာကြလေသည်။ ထိုကျင့်ကြံသူ နှစ်ယောက်၏ ကျင့်ကြံဆင့်မှာ မိုးနှင့်မြေ စည်းမျည်းထက် ကျော်လွန်နေ၍ ဖိနှိပ်မခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုစဉ် မိုဝူကျီက စိတ်ထဲမှ သူတို့နှစ်ယောက်အပေါ် အာဃာတ ထားထားလိုက်သည်။  သူက မျက်နှာမည်း အမျိုးသား၏ ယင်ယန်စက်ဝန်းပေါ်မှ သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း အသိဉာဏ် ပွင့်လာခဲ့သော်လည်း မိုဝူကျီက အရူးတစ်ယောက် မဟုတ်ပေ။ မျက်နှာမည်း အမျိုးသား ထိုယင်ယန်စက်ဝန်း ထုတ်သုံးလိုက်သည်နှင့် နှစ်ယောက်ထဲမှ တစ်ယောက်မှာ သေဆုံးရမည် ဖြစ်ပေသည်။ သို့သော်လည်း  ထိုအရေထူလှသည့် နှစ်ယောက်ထဲမှ တစ်ယောက်က သေခြင်း စွမ်းအားများကို သူ့ဆီ လွှတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သေဆုံး သွားသူမှာ  အပြစ်ကင်း လှသည့် ပုရွက်ဆိတ်လေး သူသာ ဖြစ်နေသည်။

အကယ်၍ သူ့အသက်ဓာတ် လမ်းကြောင်း ကြောင့်သာ မဟုတ်လျှင် သေဆုံး နေလောက်လေပြီ။ တစ်ရက်ကျ ထိုလူနှစ်ယောက်ကို ရှာ၍ ဤအကြွေးကို ဖြေရှင်းရမည်။

***

All Chapters