← Chapters

ခင်ဗျားက ကျုပ်ကို ဖမ်းဝရမ်း ထုတ်ရဲတယ်လား ယင်ပြန့်မြို့

Vol. 36 Ch. 488

ခင်ဗျားက ကျုပ်ကို ဖမ်းဝရမ်း ထုတ်ရဲတယ်လား ယင်ပြန့်မြို့

Vol. 36 Ch. 488

ယုံရင် အစွန်းအဖျားရှိ အကြီးမားဆုံးမြို့ ဖြစ်သည့်အပြင် ယုံရင် အစွန်းအဖျားနေရာ အတွင်း အင်မော်တယ် လောက၏ ပြယုတ်လည်း ဖြစ်သော ယင်ပြန်မြို့မှာ အမြဲတမ်းဆိုသလို စည်ပင် ကျယ်ပြောသည့် နေရာတစ်ခု ဖြစ်ခဲ့ပေသည်။

အင်မော်တယ် တစ်ပိုင်းနယ်ပယ် ၎င်းမှ ကျင့်ကြံသူက ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီး သွားသော်လည်း ယင်ပြန့်မြို့အတွက် ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ရှာပေ။

ထို့အပြင် ယခင်ကာကွယ်ရေး အစီအရင်များ ဖျက်ဆီး ခံရပြီးနောက် ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်မှာ ပြန်တပ်ဆင်ထားပြီး မွမ်းမံထားပြီးပြီ ဖြစ်၏။ လက်ရှိတွင် ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်မှာ ခိုင်မာတောင့်တင်းသော အဆင့် ၃ အင်မော်တယ် အစီအရင် ဖြစ်နေသောကြောင့် အပေါ်ယံသပ်သပ် အလှပြရုံ မဟုတ်တော့ပေ။

ယင်ပြန့်မြို့ ကာကွယ်ရေး အစီအရင် အပြင်ဘက်၌ အလိုရှိ ဖမ်းဝရမ်း အကြီးကြီး ချိတ်ဆွဲထားလေ၏။ ထိုဖမ်းဝရမ်းတွင်

“ အလိုရှိသူ - အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှ ကျင့်ကြံသူ မိုဝူကျီ

ဒီလူက ရိုင်းစိုင်းယုတ်မာတယ်။  သူက ယခင် ယင်ပြန့်မြို့စား လော့ယွင်ကို လုပ်ကြံခဲ့ပြီးတော့  မီးခိုးခုနစ်ချက် ဂိုဏ်းသား ဟဲကျွင်းဟူနဲ့ ဟန်ကျစ်ချီတို့ ဆီကလည်း လုယက် သွားခဲ့တယ်။ ပြီးတော့  အဲဒီလူက  ယုံရင် အစွန်းအဖျားနေရာမှာ ရှိနေတဲ့ ကောင်းကင် အင်မော်တယ် အဆင့် ကျင့်ကြံသူ ရာကျော်ကိုလည်း သတ်ပစ်ခဲ့တယ်။  ဘယ်သူမဆို သတင်းပေးရင် ဆုလာဘ် အကြီးကြီး ချီးမြင့်မယ်။

ဆုလာဘ်တွေက အင်မော်တယ် ဝင်ရိုးကျောက်တုံး ငါးထောင်၊ အလယ်အလတ်အဆင့် အင်မော်တယ်ကျောက် တစ်သိန်း .....

အဲဒီလူကို ဖမ်းဆီးနိုင်ခဲ့ရင်  အင်မော်တယ် ဝင်ရိုးကျောက်တုံး တစ်သိန်း၊ အဆင့်မြင့် အင်မော်တယ်ကျောက် ငါးသိန်း၊ အဆင့်  ၃ တိုက်ခိုက်ရေး အင်မော်တယ် ပစ္စည်းတစ်ခု၊ အဆင့် ၃ ပျံသန်းရေး ရတနာနဲ့ မြေမှုန့် လျော့ပါးခြင်း ဆေးလုံးတစ်လုံး  ချီးမြင့်မယ် ..... ”

ထိုသို့ ပေါလျှံများပြားလှသော ဆုလာဘ်များကြောင့် လူများစွာက အခြားသော အလိုရှိ ဝရမ်းများကို လျစ်လျူရှု ကုန်ကြသည်။

သို့သော်  ဆုလာဘ်များမှာ များပြားသော်လည်း ယခုအချိန်အထိ မည်သူကမျှ မိုဝူကျီ သတင်း မပေးရဲကြပေ။

အားလုံးနီးပါးက ထိုဖမ်းဝရမ်းမှာ လိမ်ညာနေကြောင်း သိကြပေသည်။ မိုဝူကျီက လော့ယွင်ကို လုပ်ကြံသွားသည်ဟု ရေးသား ထားသော်လည်း အားလုံး မျက်စိရှေ့မှောက်၌  မိုဝူကျီက လော့ယွင်ကို တစ်ယောက်ချင်း ယှဉ်တိုက်ခဲ့ခြင်း ဖြစ်ရာ လုပ်ကြံခဲ့ခြင်း မဟုတ်ပေ။

ထိုစဉ် အပြာရောင် ဝတ်စုံဖြင့် ကျင့်ကြံသူက ယင်ပြန့်မြို့ အပြင်ဘက် ရောက်ရှိလာသည်။ သူက ခေါင်းကို မော့ကြည့်လိုက်သည့်အခါ ဖမ်းဝရမ်းကို သတိပြုမိပြီး  “ ငါ့ကို အင်မော်တယ် ဝင်ရိုးကျောက်တုံး တစ်သိန်းလောက်နဲ့ ဖမ်းချင်နေကြတာပဲ ... ဒီယင်ပြန့်မြို့က ငါ့ကို လျော့တွက် ထားကြတာပဲ ..... ”

ယင်ပြန့်မြို့ထဲ ကျင့်ကြံသူများစွာက ဝင်လိုက်၊ ထွက်လိုက်ဖြင့် အလုပ်ရှုပ် နေကြသည်။ ထိုစကားကို ကျင့်ကြံသူ တချို့က  သတိပြုမိသွားကြသည်။

လူတော်တော်များများက သလင်းကျောက်ပေါ်မှ ပုံတူကို ကြည့်ရန်ပင် မလိုဘဲ တအံ့တဩ ရေရွတ် လိုက်ကြသည်  “ ခင်ဗျားက မိုဝူကျီပဲ ... ”

“ ဟုတ်တယ် ကျုပ်က မိုဝူကျီပဲ ။ ကျုပ်ကို ဖမ်းချင်ရင် မြန်မြန် လုပ်တာ ကောင်းလိမ့်မယ် ” မိုဝူကျီက တစ်ချက် ဝှေ့လိုက်သည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည်က လက်ထဲ ရောက်လာသည်။

မိုဝူကျီကို ချက်ချင်း မှတ်မိသွားကြသော တချို့သူများက ခေါင်းငုံ့ ထားကြသည်။ သူတို့က သူ့အား မတိုက်ခိုက်သည် သာမက  ယင်ပြန့်မြို့ထဲပင် ဝင်ဖို့ရာ စိတ်မကူးတော့ဘဲ မြန်မြန် ထွက်သွားကြသည်။

သူတို့အကောင်းကို ပြောနေဖို့ရာ မလိုပေ။ ကျင်းယွင်မြို့တွင် ရှိစဉ်က  ကျင်းရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက် အပါအဝင် ကောင်းကင် အင်မော်တယ် ရာကျော်က မိုဝူကျီကို တိုက်ခိုက် ခဲ့ကြသော်လည်း သူတို့က မိုဝူကျီကို ဆံချည်မျှင်ပင် မထိနိုင်ခဲ့ကြပေ။  ထိုသို့ဖြင့် မိုဝူကျီက ယင်ပြန့်မြို့အထိ ရောက်ရှိလာပြီး ယင်ပြန့်မြို့စားကိုပါ သတ်သွားခြင်း ဖြစ်သည်။

သူတို့သာ အရူး မဟုတ်သရွေ့  မိုဝူကျီကို တိုက်ခိုက်ရဲမည် မဟုတ်ပေ။

အင်မော်တယ် ဝင်ရိုးကျောက်တုံးများနှင့် အင်မော်တယ် ကျောက်များက ကောင်းကာ မြေမှုန့် လျော့ပါးခြင်း ဆေးလုံးမှာ အံ့ဩဖို့ ကောင်းသော်လည်း သူတို့က ကောင်းကင် အင်မော်တယ် အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သောကြောင့် သူတို့ထဲ၌ အရူးများ ပါမည်လား။ ထိုဖမ်းဝရမ်းကို ထုတ်ထားသည်မှာ သုံးနှစ်ကြာမြင့်သွားပြီ ဖြစ်သော်လည်း မိုဝူကျီ၏ သတင်းကို မကြားသိ ရသေးပေ။ ထို့အပြင် မြို့စားအသစ်က  မိုဝူကျီကို ဖမ်းဖို့ရာ အထူးတလည် လုပ်မထားသည့် အတွက် သူတို့က ထိုအရာများ ရရှိဖို့ရာ သူတို့အသက်ကို စတေးရမည်ကို မည်သူက မသိဘဲ နေမည်နည်း။

မည်သူကမျှ မလှုပ်ရှားရဲသည်ကို မြင်သောအခါ မိုဝူကျီက အေးစက်စွာ ရယ်မော လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့လက်ထဲရှိ ပုဆိန်လှံရှည်မှ  မီတာ ၃၀ ကျော်ရှိသည့် ပုဆိန်လှံရှည် အလင်း ထွက်ပေါ်လာသည်။

“ ဘုန်း ”

ပုဆိန်လှံရှည်အလင်းမှာ ထိုဖမ်းဝရမ်း သလင်းကျောက်ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားစေကာ  အဆင့် ၃ ကာကွယ်ရေး အစီအရင်မှာလည်း အပြင်းအထန် တုန်ခါလာသည်။

မိုဝူကျိက ထိုမျှတင် မရပ်သေးဘဲ သူ့လက်ထဲမှ ပုဆိန်လှံရှည်မှ ထွက်ပေါ်လာသော  မီတာ ၃၀ ကျော် ပုဆိန်လှံရှည် အလင်းနောက်တွင်  နောက်ထပ် အလင်းတစ်ချက် ထပ်ဖြစ်ပေါ်လာပြီး တူညီသည့် နေရာကို ထပ်ကာ ကျရောက်သွားသည်။ အသက်ရှူကြိမ် ဆယ်ရှိုက်ခန့်စာလေးအတွင်း အစီအရင်၌  အက်ကွဲရာကြီး ပေါ်လာတော့သည်။

အစီအရင်ကို အဆင့်မြင့် ထားသော်လည်း မိုဝူကျီကဲ့သို့ အစီအရင် ပညာရှင်နှင့် တွေ့ဆုံသည့် အခါ ဖျက်ဆီးလို့ ရနေဆဲသာ ဖြစ်၏။

“ ကျုပ်တို့တွေက အင်မော်တယ် ဖြစ်ဖို့ ကျင့်ကြံ လာကြတယ် ဆိုတော့   ဒီလို အနေအထားအထိ  ရောက်နေအောင် ကျင့်ကြံရမယ်။  အဲဒီအခါမှ ကျုပ်တို့တွေ ခေါင်းမော့မော့ ထားပြီး လျှောက်လှမ်း နိုင်လိမ့်မယ် ” ယင်ပြန့်မြို့ အပြင်ဘက်ရှိ ကျင့်ကြံသူ တစ်ဦးက မိုဝူကျီ၏ အပြုအမူများကို မြင်၍ စိတ်လှုပ်ရှားစွာ သက်ပြင်း ချပြောလိုက်သည်။

“ သူ့လိုလူမျိုး ဘယ်လောက်များ ရှိမှာလဲ။ ကောင်းကင် အင်မော်တယ် အဆင့်မှာ ရှိနေတုန်း ကျင်းရှန်းအဆင့် ကျင့်ကြံသူကို သတ်နိုင်တာမျိုး ဒါမှမဟုတ် အင်မော်တယ်လျိုကို သူ့ဘာသာ ဖြတ်လာတာမျိုးပေါ့ ... ကျုပ် ကြားထားတာတော့ ရွမ်ရှန်းအဆင့် ကျင့်ကြံသူတွေတောင် အင်မော်တယ် လျိုကို ဖြတ်လာနိုင်တာ မဟုတ်ဘူးတဲ့။ သူက မြေကမ္ဘာ အင်မော်တယ် အဆင့်လေးနဲ့ လုပ်နိုင်ခဲ့တာဆိုတော့  ရိုးရှင်းတဲ့သူတော့ မဟုတ်ဘူး ”

“ တိုးတိုးပြောစမ်းပါ ... ယင်ပြန့်မြို့က အဆင့်မြင့် ကျင့်ကြံသူတွေ ကြားသွားပါဦးမယ် ”

“ ဟားဟား ... အခု ဒီလူ ရောက်လာမှတော့ ယင်ပြန့်မြို့ထဲ အဆင့်မြင့် ကျင့်ကြံသူ ရှိဦးမယ် ထင်နေတာလား ”

“ အာ ဟုတ်သား .... တာအိုရောင်းရင်း ပြောတာ မှန်တယ် ”

အဝေးတစ်နေရာမှ  ကောင်းကင် အင်မော်တယ် အစောပိုင်းအဆင့် ကျင့်ကြံသူများစွာက သွေးများ ပွက်ပွက်ဆူနေရင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိကြသည်။ အခြားလူများက မိုဝူကျီကို မသိနိုင်ကြသော်လည်း သူတို့ကတော့ အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှ ရောက်လာသည့်အတွက် ကောင်းကောင်း သိပေသည်။

လူလတ်အမျိုးသားက သက်ပြင်းချကာ

“အရင်နှစ်တွေ ကတည်းက  မိုဝူကျီက  တာအို သခင်ကွမ်းချွမ် တောင်   ပြန်မပြောရဲ လောက်အောင် အထိ သူက အင်အားကြီး နေပြီးသား။ အဲတုန်းက သူက အရမ်းမောက်မာတယ် လို့တောင် ထင်ခဲ့မိသေးတယ်။ အခုမှ သူက သူ့စွမ်းအားတွေ လျိုထားတုန်းဆိုတာ သိခဲ့ရတာပဲ ”

“ ကျုပ် စွမ်းအားက အရမ်းနိမ့်ကျနေတာ ကံဆိုးတာပဲ။ မဟုတ်ရင် ကျုပ်ရဲ့ မှော်ရတနာကို ထုတ်ပြီး  အစ်ကိုမိုဘေးနားက ကူပေးရင်း  ယင်ပြန်မြို့ရဲ့ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီး ပစ်ပြီးတော့ ယင်ပြန့်မြို့ထိ တစ်လျှောက်လုံး  သတ်ပစ်လို့ ရမှာ  ”

“ အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ကျုပ်တို့ ကျင့်ကြံသူအားလုံးက အစ်ကိုမိုဆီမှ ကျေးဇူးကြွေး တင်နေကြတယ်။ သူ့ကြောင့်သာ မဟုတ်ရင် ကျုပ်တို့တွေ ဒီနေရာကို ကူးသန်းရေး အစီအရင်နဲ့ ရောက်လာမှာ မဟုတ်ဘူး။ အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ဆက်တိုက် ပျက်စီး နေတာဆိုတော့ ကျုပ်တို့သာ အဲမှာ ဆက်နေနေရင် အင်မော်တယ် လျိုအတွင်း ပျောက်ကွယ် သွားကြရမှာ  ”

“ ဘမ်း ” နောက်ထပ် အလင်းတစ်ချက်ဖြင့် ကာကွယ်ရေး အစီအရင်မှ အက်ကြောင်းမှာ ပို၍ ကျယ်လာလေ၏။ ထိုစဉ် ယင်ပြန့်မြို့၏ မြို့ဂိတ်တံခါးမှာ အားလုံးမျက်စိရှေ့ ပေါ်လာတော့သည်။

“ ဘယ်တာအို ရောင်းရင်းကများ ကျုပ်ရဲ့ ယင်ပြန့်မြို့ကို မကျေနပ်လို့ တိုက်နေရတာလဲ ” အသံဩဩ ထွက်ပေါ်လာသည်။ ထို့နောက် ခပ်ဖြူဖြူ အမျိုးသား တစ်ယောက်က ယင်ပြန့်မြို့ အပြင်ဘက်သို့ ရောက်ရှိလာသည်။

သူ့နောက်တွင် လူဆယ်ယောက်ကျော်လည်း ပါလာလေ၏။

မိုဝူကျီက ထိုလူများကို ကြည့်လိုက်သည်။ ဤခပ်ဖြူဖြူ အမျိုးသား အပါအဝင် အနည်းဆုံး ကျင်းရှန်းအဆင့် ကျင့်ကြံသူ လေးယောက် ရှိပေသည်။ ထို့အပြင် ဆယ်ယောက်ကျော်မှာ ကောင်းကင် အင်မော်တယ် နောက်ပိုင်းအဆင့်များ ဖြစ်ကြသည်။

လောင်ချိုက်နှင့် ဝတ်စုံနီ ကျင့်ကြံသူတို့လည်း ပါရှိသောကြောင့် မိုဝူကျီကို  ကျေနပ် သွားစေသည်။ သူက လောင်ချိုက်ကို ရှာနေရန် မလိုတော့ပေ။ ယနေ့ သူ ပထမဆုံး သတ်မည့်သူမှာ လောင်ချိုက် ဖြစ်ပေသည်။ သူက ခို့ယွန်အတွက် လက်စားချေပေးလိုရုံ သာမက  သူ့အစ်မချင်းရု အတွက်လည်း  မကျေချမ်းမှုကို ဖြေလျော့ပေးလိုသည်။

“ ချန်လောင်မြို့ရဲ့ မိုဝူကျီ ...” မိုဝူကျီက လက်ကို ဖွင့်လိုက်သည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည်မှာ သူ့ဘေးနား ရောက်လာကာ ဆက်မတိုက်တော့ပေ။ ချန်လောင်မှာ  ကမ္ဘာမြေတွင် ရှိစဉ်က သူ့မွေးရပ်မြေ ဖြစ်ကာ  ပြည်နယ်စုတစ်မျှ ရှိသော မြို့တစ်မြို့သာ ဖြစ်၏။

“ ချန်လောင်မြို့ရဲ့ တာအိုရောင်းရင်းမို .... ကျုပ် ယင်ပြန့်မြို့က ခင်ဗျားနဲ့ ရန်ကြွေး မရှိပါဘူး။ ဘာလို့များ ကျုပ်မြို့ကို လာတိုက်ခိုက်ရတာလဲ ”

ခပ်ဖြူဖြူ အမျိုးသား၏ အမူအရာမှာ ပုံပျက်လာသည်။ သူ့စွမ်းအားမှာ လော့ယွင်နှင့် သိပ်မကွာပေ။ ထို့အပြင် သူက မိုဝူကျီ၏ စွမ်းဆောင်မှုများကို ကြားဖူးပေသည်။ လော့ယွင်၊ ဟန်ကျစ်ချီနှင့် ဟုန်ကျူတို့ ကျင်းရှန်းအဆင့် ကျင့်ကြံသူ သုံးယောက်လုံးက သူ့ကို ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း  မိုဝူကျီက နှစ်ယောက်ကို သတ်ပစ်ခဲ့နိုင်သည်။ ထို့အပြင် လောင်ချိုက်နှင့် ဟုန်ကျူတို့မှာ သူတို့စွမ်းဆောင်ရည် အကောင်းဆုံး  အနေအထားအထိ မတိုက်ခိုက်နိုင်ကြပေ။

သူက မိုဝူကျီသည် အုပ်စုလိုက် တိုက်ပွဲများကိုလည်း  မကြောက်ရွံ့ကြောင်း ကြားဖူးသေး၏။ အကယ်၍ သူ  ပီခန်းက မိုဝူကျီနှင့် တိုက်လျှင် လော့ယွင်၏ လှမ်းစဉ်အတိုင်း လိုက်သွား ရပေလိမ့်မည်။

သူက စိုးရိမ်ပူပင်နေသော်လည်း ပီခန်းက  သူ့စိတ်ခံစားချက်များကို အတင်းကျပ် ချိုးနှိမ်ထားသည်။ ဤနေရာမှာ အင်မော်တယ်လောက မဟုတ်သည်မှာ ကံဆိုးလှပေသည်။ အကယ်၍ အင်မော်တယ် လောက ဖြစ်နေပါက  မိုဝူကျီကို သတ်ပြီးသည်မှာ ကြာမြင့်လောက်လေပြီ။ တကယ်လို့ အင်မော်တယ်လောက ဖြစ်နေပါက  သူက ထိုသို့ မောက်မာလှသည့် ကောင်းကင် အင်မော်တယ် အဆင့်မျှ ပုရွက်ဆိတ်လေးကို  ပညာပေးဖို့ရာ နှစ်ခါပြန်တွေးနေမည် မဟုတ်‌ချေ။

မိုဝူကျီက တဖက်လူ၏ တာအိုရောင်းရင်းနှင့် ချန်လောင်ဟု ခေါ်ဆိုသော နောက်မှ အဓိပ္ပါယ်ကို သိပေသည်။ သူက ရိုးသားချင်ယောင် ဆောင်နေခြင်းသာ ဖြစ်ပေ၏။ မိုဝူကျီက ရယ်မောလိုက်ပြီး ပြန်မဖြေပေ။ ထို့နောက် သူက ဖြည်းဖြည်းချင်း နောက်ဆုတ်နေသည့် လောင်ချိုက်ဆီ ခုန်ဝင်လိုက်ကာ

“ခင်ဗျားတို့က ကျုပ်ကို အလိုရှိဖမ်းဝရမ်း ထုတ်ရဲမှတော့  ဒီလူအိုကြီးကို  ခင်ဗျားတို့ ဘာလုပ်နိုင်လဲဆိုတာ ပြကြစမ်းပါဦး ... ”

အရင်တစ်ကြိမ် ယင်ပြန့်မြို့တွင် ရုတ်ရုတ်သည်းသည်း ဖြစ်ခဲ့သည့် အချိန်နှင့် ယှဉ်လျှင် မိုဝူကျီ၏ စွမ်းအားမှာ အဆများစွာ တိုးပွားလာလေ၏။ သို့သော်လည်း မိုဝူကျီက လောင်ချိုက်ကို တတ်နိုင်သမျှ မြန်မြန် သတ်ရန် ဆုံးဖြတ်ထားသည်။

ပြင်းထန်သည့် အပူချိန်များ ထွက်ပေါ်လာသည့်  တစ်ချိန်တည်းတွင် ကျင်းရှန်းအဆင့် ကျင့်ကြံသူ လေးယောက်က ဆက်တိုက်ဆိုသလို သူတို့စွမ်းအား စက်ကွင်းကို ထုတ်လွှင့် လိုက်ကြသည်။ သူတို့အားလုံးက မိုဝူကျီတွင် စွမ်းအားစက်ကွင်း မရှိသေးကြောင်း သိထားကြသည်။ ယခု မိုဝူကျီက ရုတ်ခြည်း တိုက်ခိုက်သည့်အတွက်  သူတို့အားလုံးက  စွမ်းအားစက်ကွင် ထုတ်သုံးပြီး မိုဝူကျီကို ဒဏ်ရာအပြင်းအထန် ရစေရန် ကြံရွယ်လိုက်ကြသည်။

သို့သော်လည်း  လေးယောက်သား သူတို့စွမ်းအား စက်ကွင်း ထုတ်လွှင့်လိုက်သည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်ကြသည်။ မိုဝူကျီတွင် စွမ်းအား စက်ကွင်း ရှိနေရုံသာမက  မိုဝူကျီ၏ စက်ကွင်းမှာ အတော်လေး ထူးဆန်းပေသည်။ ထိုအထဲ၌ ပြင်းထန်သည့် ဝဲဂယက်အားတစ်ခု ပါဝင်နေသည်။

“ ဘုန်း ဘုန်း ဘုန်း ” ကျင်းရှန်းအဆင့် ကျင့်ကြံသူများ၏ စက်ကွင်းများမှာ မိုဝူကျီ  ဝဲဂယက်စွမ်းအား စက်ကွင်း၏ တိုက်စားခြင်းကို ခံလိုက်ရပေသည်။

ဝတ်စုံနီ ဟုန်ကျူက မြန်မြန် နောက်ဆုတ် လိုက်သည်။ သူက မိုဝူကျီနှင့် ရင်ဆိုင်ဖူးသည့် အတွက် မိုဝူကျီ၏ စွမ်းအားအကြောင်း အရင်းနှီးဆုံးသူ ဖြစ်ပေသည်။ ထိုစဉ် မိုဝူကျီ၏ စွမ်းအားမှာ ယခင် သူတို့ရင်ဆိုင်သည်ထက် အဆများစွာ တိုးပွားလာတာများလား။ သူတို့လေးယောက် အတူတူ ကြိုးစားပူးပေါင်းတိုက်လျှင်ပင် သူတို့က မိုဝူကျီ၏ တိုက်ခိုက်မှုများကို တားဆီးပိတ်ဆို့နိုင်ရုံမျှသာ ဖြစ်လိမ့်မည်။ ထိုအရာမှာလည်း သူတို့လေးယောက်က အတူတူ ကြိုးစားပြီး  အားစိုက်ထုတ်မှသာ ဖြစ်၏။

လက်တွေ့တွင် သူက သူတို့လေးယောက်မှာ တွဲလုပ်နိုင်မည် မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူ ဟုန်ကျူက မိုဝူကျီကို အားကုန်သုံးပြီး တိုက်မထားပေ။ ထို့အပြင် သူတို့အတူတူ ပူးပေါင်း၍ မိုဝူကျီကို တားဆီးလျှင်ပင် သူ့ပြောင်းလဲမျှခြေ အဆောင်မှာ တစစီ ဖြစ်သွားဦးမည် ဖြစ်၏။

မိုဝူကျီက  ရိုးရှင်တဲ့  ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ  ဟုတ်ရဲ့လား ....

ဟုန်ကျူ နောက်ဆုတ်လိုက်သည်နှင့် မိုဝူကျီ၏ ဖျက်ဆီးခြင်းကို ခံနေရသည့် ကျင်းရှန်းအဆင့် စွမ်းအားစက်ကွင်းမှာ ပို၍ အားနည်းလာပေ၏။

ပီခန်းက နှာခေါင်းရှုံ့ကာ သူ့မှော်ရတနာကို ထုတ်ယူလိုက်သည်။ ထိုအရာမှာ ကျားသစ်ကွက် မြွေနဂါး ထိပ်ချွန်လှံကို ထုတ်လိုက်သည်။ သို့သော်လည်း သူက မိုဝူကျီကို မတိုက်ခိုက်နိုင်ခင်  ထိုကြောက်မက်ဖွယ် အပူစွမ်းအားက လမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေပြီး လောင်ကျွမ်း သွားစေသည်။ အားပြင်းသည့် ဖိအားတစ်ခုက ထိုလမ်းကြောင်းအတွင်း ထွက်ပေါ်လာသည်။

ထိုအရာက လက်သီးချက် စွမ်းအားစက်ကွင်းလား ....

ပီခန်းက ထိုလမ်းကြောင်းကို တအံ့တဩ ကြည့်လိုက်ပြီး သူ့စိတ်ထဲ၌ အကြောက်တရားနှင့် စိုးရိမ်ပူပင်ခြင်းများ ပြည့်နှက်လာသည်။ အကယ်၍ အင်မော်တယ်လောက ဆိုပါက သူက အားကုန်သုံး၍ တားဆီး နိုင်သော်လည်း ဤနေရာတွင် အားကုန်သုံးလိုက်မိလျှင် သေခြင်းတရားက စောင့်ကြိုနေလိမ့်မည်။

ဒီလိုမျိုး ကောင်းကင်ဘုံ သွေဖယ်နေတဲ့  ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူက ယုံရင်အစွန်းအဖျားကို ဘယ်တုန်းက ရောက်လာရတာလဲ ....

ထိုလူသာ အင်မော်တယ်လောက၌ ရှိနေလျှင်ပင်  ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူအချို့ပင် သူ့အား ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

ပီခန်းက မသိစိတ်ဖြင့် နောက်ဆုတ်မိလိုက်စဉ် အခြားသော ကျင်းရှန်းအဆင့် ကျင့်ကြံသူက သူ့ကိုယ်သူသာ ကာကွယ်လိုက်တော့သည်။ ကုန်သည်အိမ်တော်မှ အုပ်ချုပ်ရေးမှူ တစ်ယောက် ဖြစ်သော  လောင်ချိုက်အတွက် မည်သူကမျှ သူတို့အသက်ကို စွန့်လွှတ်၍ မကယ်တင်မလိုကြပေ။

“ ဂျွတ် ”လောင်ချိုက်၏ စွမ်းအားစက်ကွင်းမှာ မိုဝူကျီ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်အောက်နှင့် ဝဲဂယက် စွမ်းအားစက်ကွင်းအောက်တွင် တစစီ ဖြစ်သွားတော့သည်။ လက်ရှိ သူ့စိတ်ထဲ၌ ယင်ပြန့်မြို့တွင် နေနေခဲ့မိသည့်အတွက် နောင်တ တရားသာ တစ်ခုသာ ကျန်ရစ်လေသည်။

သူ့ကို မဆိုထားနှင့် အင်မော်တယ်လောကမှ လူများပင် မိုဝူကျီက နောက်တစ်ဖန် ရောက်ရှိလာပြီး ရုတ်ရုတ်သည်းသည်း ဖြစ်စေလိမ့်မည်ဟု ထင်မထားကြပေ။

“ အစ်ကိုပီ  ကျုပ်ကို ကယ်ပါ ....” ထိုစဉ် လောင်ချိုက်က ဘာကိုမျှ မစဉ်းစား နိုင်တော့ဘဲ  လွှတ်မြောက်ရန် အတင်းကြိုးစားရင်း   ပီခန်းကို လှမ်း၍ အကူအညီ တောင်းလိုက်သည်။

ပီခန်းမျက်နှာမှာ အမူအရာ ပျက်သွားလေ၏။ ပုံမှန်အားဖြင့် သူက လောင်ချိုက်ကို ကူညီမည် မဟုတ်ပေ။ မိုဝူကျီ ပြသခဲ့သော စွမ်းအားမှာ လောင်ချိုက်နှင့် ဟုန်ကျူ တင်ပြခဲ့သော မိုဝူကျီ အကြောင်းအားလုံး မှားယွင်းနေကြောင်း သက်သေပြနေခြင်း မဟုတ်ပါလော။ မိုဝူကျီ၏ စွမ်းအားမှာ သူမျှော်မှန်း ထားသည့်ထက် ပို၍ ပို၍ အားကောင်းနေပေသည်။ အကယ်၍ လောင်ချိုက်ကို ကူညီမည်ဆိုလျှင် သူက သေခြင်းတရားကို လက်ယက်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။

***

All Chapters