← Chapters

အခြေအနေသုံးရပ်

Vol. 36 Ch. 489

အခြေအနေသုံးရပ်

Vol. 36 Ch. 489

“ ဝုန်း ”

လောင်ချိုက်က ပြောင်းလဲမျှခြေ အဆောင်ကို လုံးဝ ဂရုမစိုက်တော့ဘဲ သူ့ခန္ဓာကိုယ် အတွင်းမှ အင်မော်တယ် သဘာဝ စွမ်းအားများက အဆုံးအစွန်အထိ ထွက်ပေါ် လာကာ  သူ့အသက်သွေးကိုပင် နှိုးဆွ လိုက်သေးသည်။ သို့သော်လည်း သူက မိုဝူကျီ လက်သီးချက်မှ မလွတ်မြောက်နိုင်ခင် သူ့ပြောင်းလဲမျှခြေ အဆောင်မှာ တစ်စစီ ပျက်စီးသွားတော့သည်။

“ ဘုန်း ” မျက်စိတစ်မှိတ်အတွင်း သွေးမြူများ ဖြစ်ပေါ်လာသည်။  ဂုဏ်ယူဖွယ် ဖြစ်သော ကျင်းရှန်း အဆင့်ကျင့်ကြံသူ လောင်ချိုက်မှာ သွေးမြူအဖြစ် ပြောင်းလဲသွားလေပြီ။ လောင်ချိုက်က မိုဝူကျီ၏ လက်သီးချက်ကြောင့် ခြေမွခြင်း ခံလိုက်ရသည်လား ဒါမှမဟုတ် မိုးနှင်မြေ စည်းမျည်းကြောင့်  တစစီ ဖြစ်သွားလားဆိုတာ မသိနိုင်ပေ။

မိုဝူကျီ၏ ပြင်းထန်လှသော စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက်က ဤအတိုင်း ကွယ်ပျောက်မသွားပေ။ ထို့အစား  ဆက်တိုက် လောင်ကျွမ်းသွားပြီး နေရာ၌ လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာစေသည်။

“ဘမ်း ”

မိုဝူကျီက သူ့လက်သီး ရုတ်သိမ်းလိုက်သည့် အချိန်၌ အဆင့် ၃ အင်မော်တယ် အစီအရင်မှာ နေရာမှာပင် ပြိုကျပျက်စီးနေပြီ ဖြစ်၏။

မိုဝူကျီက ဤလက်သီးချက်ကို ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးဖို့ရာ သုံးခဲ့မှန်း သိသော်လည်း  ပီခန်းက နည်းနည်းလေးမျှ မလှုပ်ရဲပေ။ သူ့နှလုံးသားမှာ ရေခဲရေထဲ စိမ်ထားသည့်အလား ဖြစ်နေပြီး ယခုလေးတင်  မိုဝူကျီ၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ အကယ်၍ သူတို့က အင်မော်တယ်လောကတွင် ဖြစ်နေပါက  လောင်ချိုက်ပင် မိုဝူကျီ၏ ပြိုင်ဖက် မဟုတ်သေးပေ။

လောင်ချိုက်တွင် တခြားအကွက်များ ရှိနေသေးသည်မှာ မှန်ကန်သော်လည်း မိုဝူကျီတွင်လည်း သူ့ကိုယ်ပိုင် အကွက်များစွာ ရှိနေသေးသည် မဟုတ်ပါလော။ အနည်းဆုံးတော့ သူ့ကြောက်မက်ဖွယ် လျှပ်စီးဓားမိုးပင် ပေါ်မလာသေးပေ။

မိုဝူကျီက လောင်ချိုက်၏ လက်စွပ်ကို ဖမ်းဆုပ်ထားလိုက်သည်။ တစ်ချိန်တည်းတွင် သူက ပိကန်ကို အေးအေးဆေးဆေး ကြည့်လိုက်သည်။ သူက မလှုပ်ရှားသေးသည့် အကြောင်းအရင်းမှာ ပီခန်းလည်း မလှုပ်ရှားသေး၍ ဖြစ်သည်။ အကယ်၍ သူ လောင်ချိုက်ကို သတ်နေစဉ် တိုက်ခိုက်ခဲ့ပါက  ပီခန်းကို လခြမ်းကွေး ပုဆိန်လှံရှည်ဖြင့် ပိုင်းဖြတ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

သူက ပီခန်းနှင့် ရန်ငြိုးမရှိပေ။ သူက ဤနေရာကို သတ်ဖြတ်ရန် ရောက်လာခြင်း မဟုတ်ဘဲ သူ့အင်အားကို သက်သေထူရန် ဖြစ်ပေသည်။

“ တာအိုရောင်းရင်းမို ... ကျုပ်က ယင်ပြန့်မြို့ရဲ့ လက်ရှိမြို့စား ပီခန်းပါ။ ဒီနှစ်ယောက်က ယုံရင် အင်မော်တယ်နယ်မြေကနေ ရောက်လာတဲ့ တာအိုရောင်းရင်း ဟူမင်နဲ့ တာအိုရောင်ရင်း ဟုန်ကျူတို့ပါ။

ကျုပ်တို့ကြားမှာ နားလည်မှု လွဲနေတာလေး ရှိနေတာ ဖြစ်ပါလိမ့်မယ်။ အဲဒီအကြောင်းကို ကျုပ် အိမ်တော်မှာ ထပ်ဆွေးနွေးရင် ဘယ်လိုလဲ ...”

ပီခန်းက မိုဝူကျီသည် လောင်ချိုက်ကို သတ်ပြီးနောက် ဘာမှ မလှုပ်ရှားသည်ကို မြင်၍  မှော်ရတနာကို ပြန်သိမ်းထားလိုက်ပြီး မိုဝူကျီဘက် လှည့်ကာ လက်နှစ်ဖက် ဆုပ်လျက် ပြောလိုက်သည်။ တစ်ချိန်တည်းတွင် သူက အခြားကျင်းရှန်းအဆင့် ကျင့်ကြံသူ နှစ်ဦးကိုလည်း မိတ်ဆက် ပေးလိုက်သည်။

ထို့နောက်  သူက မိုဝူကျီကို စိတ်ချင်းဆက်သွယ်၍ ပြောလိုက်သည်

“ တာအိုရောင်းရင်းမိုက မဆင်မခြင် လုပ်တတ်တဲ့သူ မဟုတ်ဘူးလို့ ယုံပါတယ်။ ကျုပ်တို့တွေ ထိုင်ပြီးတော့ ပြောလိုက်ရင် တာအိုရောင်းရင်းမို  ကျေနပ်လောက်တဲ့ အရာမျိုးကို ပေးနိုင်မှာပါ ”

မိုဝူကျီက ပီခန်းကို ချက်ချင်း အဖြေမပေးသေးပေ။ ထို့အစား ဆယ်မီတာကျော်လောက်အထိ နောက်ဆုတ်နေပြီ ဖြစ်သည့် ဟုန်ကျူကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အေးစက်စက် ပြောလိုက်သည်

“  ခင်ဗျား နောက်ထပ်ဆုတ်ရဲရင် ကျုပ်က အဲဒီနေရာ ရောက်လာပြီး သတ်ပစ်မယ်ဆိုရင် ယုံမလား ”

ဆက်တိုက် နောက်ဆုတ်နေသည့် ဟုန်ကျူက ထိုစကားကို ကြားသောအခါ ချက်ချင်း ဆိုသလို ဖြူဖျော့သွားလေ၏။  သူက တုန်လှုပ်တကြီးဖြင့် လက်နှစ်ဖက်ဆုပ်ကာ

“ တာအိုရောင်းရင်းမိုရဲ့ ပညာက ကျုပ်ထက် အများကြီး သာလွန်ပါတယ်ဗျာ။ တကယ်လို့ ကျုပ်ကို သတ်ချင်ရင်  ဖြစ်နိုင်တယ်ဆိုတာ ကျုပ် ယုံပါတယ် ”

မိုဝူကျီက ပီခန်းဘက် လှည့်က ပြောလိုက်သည်  “ တာအိုရောင်းရင်း ပီခန်းက ခဏလောက် စောင့်ပေးပါဦး ”

ထိုသို့ ပြောပြီး မိုဝူကျီက မြို့အတွင်း ဝင်သွားကာ လက်သီးချက် နောက်တစ်ကြိမ် ပစ်လွှတ် လိုက်ပြန်သည်။

“ ဘုန်း ”

တည်နေရာ တစ်ခုလုံး   ရှုပ်ယှက်ခတ် ကုန်သည်။  အင်မော်တယ် နယ်မြေသို့ သွားရန်  အသစ် တည်ဆောက်ထားသော ကူးသန်းရေး အစီအရင်မှာ နောက်တဖန် မိုဝူကျီ၏ လက်သီးတစ်ချက်ဖြင့် ပျက်စီး သွားပြန်၏။

မိုဝူကျီကို လက်ကို ဝေ့ယမ်းပြလိုက်ပြီးနောက် အင်မော်တယ် တစ်ပိုင်းနယ်ပယ်နှင့် ချိတ်ဆက်ထားသော ကူးသန်းရေး အစီအရင်ပေါ် ချိတ်ပိတ်ထားသည်ကို ဖျက်ဆီးပစ်လိုက်သည်။

ထိုအရာအားလုံးကို လုပ်ဆောင်ပြီးနောက် မိုဝူကျီက ပီခန်းဆီ ပြန်ရောက်လာကာ လက်ကမ်းပေးရင်း ပြောလိုက်သည်

“ တာအိုရောင်းရင်း ပီခန်း ...  ရှေ့က ဦးဆောင်ပါ ”

ထိုသို့ ပြောပြီးနောက် မိုဝူကျီက တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် အော်ပြောလိုက်သည်

“ တကယ်လို့ တစ်ယောက်ယောက်က အင်မော်တယ် တစ်ပိုင်းနယ်ပယ်ကနေ ရောက်လာတဲ့ ကျင့်ကြံသူတွေကို ဒဏ်ရာရစေတာပဲ ဖြစ်ဖြစ်၊ သေစေတာပဲ ဖြစ်ဖြစ်  ကျုပ် လက်သီးချက်ကို လက်ဆောင်အဖြစ် ပေးလိုက်မယ်။

အဲဒီအခါကျ ယင်ပြန့်မြို့ကို ကျုပ် တတိယ အကြိမ်မြောက် ရောက်လာတာ ဖြစ်သွားလိမ့်မယ်  ”

ပီခန်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ချိုးသွားပြီး သူက စိတ်အတွင်းမှ သက်ပြင်းသာ ချလိုက်နိုင်သည်။ သူက မိုဝူကျီကို မြို့စားအိမ်တော်ဆီ ခေါ်လာလိုက်သည်။ ဟုန်ကျူက ချက်ချင်း ထွက်သွားချင်သော်လည်း သူက ဘာမှမလုပ်ရဲဘဲ နောက်ကနေသာ လိုက်လာလိုက်ရသည်။

“ ဟားဟား ... မိုက်တယ် .... အရမ်းမိုက်တယ် ” မိုဝူကျီ ထွက်သွားသည်နှင့် ယင်ပြန့်မြို့အပြင်ဘက်ရှိ  ကောင်းကင် အင်မော်တယ် အစောပိုင်းအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူ တစ်ဦးက အားရပါးရ အော်ကာ  ရယ်မောလိုက်သည်။

အခြားလူများ သူ့အား ကြည့်နေသည်ကို သတိပြုမိပြီး အော်ရယ်မောနေသည့် ကျင့်ကြံသူက  ဘာကိုမှ သိုဝှက်မထားတော့ဘဲ  ဗြောင်ပြောလိုက်သည်

“ ဟုတ်တယ်  ... ကျုပ်က အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ရောက်လာတာပဲ။ တာအို ရောင်းရင်းမိုရဲ့ အပြုအမူတွေက ကျုပ်အတွက်  အတုယူပြီး  လေးစားဖို့ ကောင်းတယ်။

ကျုပ်က အစ်ကိုမိုကို  ထောက်ခံပေးဖို့ ရပ်တည်မပေးရင် ကျုပ်စိတ်က တစ်ခုခု ဖောက်နေလို့ပဲ နေလိမ့်မယ်  ”

အကယ်၍  ပုံမှန်အချိန်သာ ဖြစ်ပါက  ထိုသူက အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှ ဖြစ်ကြောင်း ပြောလိုက်သည်နှင့် သူ့ကို ချင်ချင်း ဝိုင်းထားပြီး ယင်ပြန့်မြို့ထဲ ဖမ်းခေါ်သွားလိမ့်မည်။

သို့သော် ထိုစဉ် ပတ်ဝန်းကျင်မှ ကျင့်ကြံသူအားလုံးက မမြင်သကဲ့သို့ ပြုမူနေကြပြီး ထိုအင်မော်တယ် တစ်ပိုင်းမှ ရောက်လာသည့် ကျင့်ကြံသူကို  ပြောချင်တာ ပြောခွင့် ပေးထားလိုက်ကြသည်။

မိုဝူကျီ .. ထိုရက်စက်တတ်သူက ဟဲလျန်ကုန်သည် အဖွဲ့အစည်းမှ အုပ်ချုပ််ရေးမှူး လောင်ချိုက်ကို တစ်ကွက်တည်းဖြင့် သတ်ပစ်ခဲ့လေသည်။ ပုဆိန်လှံရှည် တစ်ချက်တည်းဖြင့် သူက ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးပစ်ခဲ့ပြီး  နောက်ထပ် လက်သီး တစ်ချက်ဖြင့်  သူက ယင်ပြန့်မြို့မှ အင်မော်တယ် လောကသို့ ချိတ်ဆက်ထားသော ကူးသန်းရေး အစီအရင်ကို ဖျက်ဆီး ပစ်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် ဘာဖြစ်လာသနည်း။ အဆုံသတ်တွင် မြို့စားကိုယ်တိုင် သူ့အား မြို့စားအိမ်တော်ဆီ ဖိတ်ကြားခဲ့ရသည်။

ရူးကြောင်ကြောင် လုပ်နေ၍ မဖြစ်တော့ပေ။

အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှ ကျင်ကြံသူကို သွားရင်ဆိုင်ဖို့ရာမှာ နောက်ပြောင် နေခြင်းသာ ဖြစ်ရမည်။ ငါတို့အားလုံး နှစ်နည်းနည်း အသက်ဆက်ရှင်ချင်သေးပါတယ်ကွာ .....

ယင်ပြန့်မြို့စားအိမ်တော် အဝင်ဝတွင် အဖွဲ့က ရပ်တန့်သွားလေ၏။

ပီခန်းက လက်နှစ်ဖက် ယှက်လျက်

“ အစ်ကိုမို .... ကျုပ် ပီခန်းက ပါရမီရှင်တွေကိုဆိုရင် အရမ်းလေးစားလို့ပါ။

တာအိုရောင်းရင်းမိုက  ပါရမီရှင်တွေကြားက ပါရမီရှင်တွေဆိုတော့  တာအိုရောင်းရင်းမိုကို ကျုပ် အိမ်တော်ဆီ ဖိတ်ကြားပြီး သဘောရိုးနဲ့  ဆွေးနွေးချင်ရုံပါ”

ပီခန်း ထိုစကားများကို ပြောစဉ်က  လိမ်ညာနေခြင်း မဟုတ်ပေ။ မိုဝူကျီက ယင်ပြန့်မြို့၏ ကာကွယ်ရေး အစီအရင်ကို အချိန်တိုလေးအတွင်း ဖျက်ဆီးနိုင်ခဲ့၍ မိုဝူကျီမှာ အစီအရင်တာအို၌ ပညာရှင်ဖြစ်ကြောင်း ပြောနိုင်၏။ မိုဝူကျီ ကိုယ်တိုင်ပင် ထိုအဆင့် ၃ အင်မော်တယ် အစီအရင်ကို ခင်းကျင်း နိုင်လောက်သည်။

ထိုသို့မျိုး အစီအရင် ပညာရှင်ကို သူ ပီခန်းက အစီအရင် သုံးပြီး တိုက်ခိုက်ပါက သေမင်းကို လက်ယက် ခေါ်နေသလိုသာ ဖြစ်နေလိမ့်မည်။

မိုဝူကျီက နှာခေါင်းရှုံ့ကာ

“ ခင်ဗျားဘာသာ ဘယ်လောက်ရိုးသားသား ကျုပ် မိုဝူကျီက ကြောက်စရာ မရှိဘူး။ ခင်ဗျား မကြံစည်မှာကိုတောင် စိုးရိမ်မိသား ....

အရှင်းဆုံးပြောရရင် သိတဲ့အတိုင်း  အိုးက မပူ စလောင်းက ပူနေလို့ မရဘူးမလား .... ခင်ဗျား ကျုပ်ကို အရင်ဆုံး စတိုက်ရင် ပိုတောင် ကောင်းသေးတယ် ”

ပီခန်းက ဒေါသကြောင့် တုန်ယင်လာမိသည်။ သူက ထိုအဓိပ္ပာယ်ကို မသိသော်လည်း  မိုဝူကျီက တိုက်ခိုက် ချင်သော်လည်း အကြောင်းပြချက် မရှိသေး၍သာ ငြိမ်နေကြောင်း ခန့်မှန်းမိသွားသည်။  မိုဝူကျီက ရက်စက်ကြမ်းတမ်းသည့် အတွက် သူတို့ အင်အားကုန် ပေါင်းချလျှင်ပင်  သူ့အတွက် ပြိုင်ဖက် မဖြစ်နိုင်သေးချေ။ မိုဝူကျီကို သူတိုအား တိုက်ခိုက်ရန် အကြောင်းပြချက် ရှာပေးသလိုသာ ဖြစ်သွားလိမ့်မည်။

“တာအိုရောင်းရင်းမိုရဲ့  ဟာသတွေက တော်တော် ရယ်ရတာပဲ ” ပီခန်းက  အတင်းကျပ်လုပ် ပြုံးရင်း ပြောလိုက်ရသည်။

မိုဝူကျီ ပီခန်း၏ အယောင်ဆောင် အပြုံးကို မကျေမနပ် ကြည့်လိုက်သည်။ အကယ်၍ သူက ယခုတစ်ယောက်ကို သတ်လိုက်လျှင်  နောက်ထပ် ပီခန်းလို လူမျိုး ရောက်လာမည်ကို သိနေသည့် အချက်ကြောင့်သာ မဟုတ်လျှင် စကားများများ ပြောနေမည် မဟုတ်ပေ။ ထို့အပြင် ပီခန်းကို ခြိမ်းခြောက်ခြင်းက သူ့အပေါ်ရှိ  အကြောက်တရားများ တိုးပွားလာလိမ့်မည်။

“ ကျုပ် ဟာသပြောနေဖို့ အချိန်မရှိဘူး။ ခင်ဗျားကို အမွေးတိုင်တစ်ဝက်စာ အချိန်ပေးမယ်။ ဖမ်းထားတဲ့ အင်မော်တယ်တစ်ပိုင်းနယ်ပယ်က ကျင့်ကြံသူအားလုံးကို လွှတ်ပေးလိုက် ... မဟုတ်ရင် ကျုပ် ကိုယ်တိုင် လုပ်ရလိမ့်မယ် ” မိုဝူကျီက မထူးမခြားနားစွာ ပြောလိုက်သည်။

ပီခန်းက လက်သီးဆုပ်ကာ

“ တာအိုရောင်းရင်းမို စိတ်ချနေပါ။ အခု ဒီဟာက ကျုပ် နားလည်မှု လွဲနေတာမှန်း သိပါပြီ။ ကျုပ် အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ကျင့်ကြံသူတွေ အားလုံးကို လွတ်ပေးပါ့မယ် ”

မိုဝူကျီ၏ စိတ်စွမ်းအားအတွင်း ပီခန်းက သတင်းစကား ပို့လွှတ်လိုက်ကြောင်း သတိပြုမိလိုက်သည်။ မကြာခင် သူ့စိတ်စွမ်းအားက လွှတ်ပေးလိုက်သည့် ကျင့်ကြံသူများစွာကို ခံစားမိ၍ တချို့တလေကို အင်မော်တယ် တစ်ပိုင်းနယ်ပယ်တွင် တွေ့ဖူးကြောင်း သတိထားမိ လိုက်သည်။ ပီခန်းက ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိနိုင်လေသည်။

“ အဲဆိုလည်း ရှေ့က ဦးဆောင်ပါ ” မိုဝူကျီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြေလျော့ သွားပေ၏။

မိနစ်အတော်ကြာတွင် ပီခန်းနှင့် အခြားသော ကျင်းရှန်းအဆင့် ကျင့်ကြံသူများက မြို့စားအိမ်တော်ရှိ ဧည့်ခန်းမအတွင်း ထိုင်နေကြသည်။

“တာအိုရောင်းရင်းမို  လက်ဖက်ရည် သုံးဆောင်ပါဦး” ကျင့်ကြံသူ မိန်းမလှလေးတစ်ယောက် မိုဝူကျီဆီ လက်ဖက်ရည် လာပို့ပေးပြီးနောက် ပီခန်းက အရင်ဦးစွာ မတ်တတ်ရပ်၍ ပြောလိုက်သည်။

မိုဝူကျီက အင်မော်တယ် လက်ဖက်ရည် သောက်ဖို့ရာ တွန့်ဆုတ်မနေပေ။ ထို့နောက် သူက လက်ဖက်ရည်ခွက်ကို ဘေးထားလိုက်ပြိး တည့်တိုးသာ ပြောလိုက်သည်

“ မြို့စားပီ ....ကျုပ် တဲ့တိုးပဲ ပြောတော့မယ်။ တကယ်လို့ ခင်ဗျားက အခြေအနေသုံးခုကို ဖြည့်ဆည်းပေးနိုင်ရင်  ကျုပ် ချက်ချင်း ထွက်သွားမယ်။

တကယ်လို့ ကျုပ် မကျေနပ်ရင်တော့ ကျုပ်ဘာသာ ကျေနပ်အောင်ပဲ လုပ်ရမှာပေါ့။  ကျုပ်က ညှိနှိုင်းရတာ သိပ်မကြိုက်တဲ့ဆိုတော့  အဲလိုအကျင့် မရှိဘူး ”

မိုဝူကျီ ပြောပုံမှာ အတော်လေး မောက်မာလှသည်။ သူတို့ကို အပေးအယူအတွက် အခွင့်အရေး တစ်ခုသာ ပေးထားသည်။ မဟုတ်လျှင် သူတို့အားလုံးကို သတ်ပစ်မည် ဖြစ်၏။

ပီခန်း လက်ထဲမှ လက်ဖက်ရည်ခွက်မှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားသည်။ သူက ထို အင်မော်တယ် လက်ဖက်ရည်၌ အဘယ့်ကြောင့် အဆိပ်မခတ်လိုက်ရတာလဲ ဆိုပြီးတော့သာ နောင်တရမိလာသည်။ သူ့ကိုယ်သူ အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်ပြီး တတ်နိုင်သမျှ ပျူပျူဌာဌာ ပြောလိုက်သည်။

“ အရင်ဦးဆုံး ကျုပ်တို့ သုံးယောက်က အင်မော်တယ် တစ်ပိုင်းနယ်ပယ်က လူတွေကို ဆက်မဖမ်းတော့ပါဘူး။ ဒါပေမဲ့ ကျုပ်တို့ကို သတ်မယ်ဆိုရင်  အခြားသူတွေက ဆက်မဖမ်းဘူး ဆိုတာ အာမခံနိုင်တဲ့ အာဏာတော့ မရှိဘူး  ”

မိုဝူကျီက ပီခန်းမှာ အင်မော်တယ် လောကမှ စေလွှတ်ထားသော မြို့စားတစ်ယောက်မျှသာ ဖြစ်ကြောင်း သိပေသည်။ သူက ဤမျှ လုပ်နိုင်စွမ်း ရှိသည်ကိုက အတော်လေး အံ့ဩဖို့ ကောင်းနေလေပြီ။ မိုဝူကျီ၏ အကြည့်က ဟူမင်နှင့် ဟုန်ကျူဆီ ရောက်ရှိလာသည်။

မိုဝူကျီ၏ အကြည့် သူတို့ဆီ ရောက်လာသည်ကို သတိပြုမိပြီး သူတိုက မြန်မြန် ဝင်ပြောလိုက်သည်။

“ ကျုပ်တို့လည်း မြို့စားပီရဲ့ အမိန့်အတိုင်း လိုက်နာတာပါ။ မြို့စားပီရဲ့ စကားတွေက ကျုပ်တို့နဲ့ အတူတူပါပဲ ”

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး ပီခန်းဆီ လှည့်ကြည့်လိုက်သည်။

ပီခန်းက မိုဝူကျီက ပထမအခြေအနေကို ဘာမှ မပြောသည်ကို သိ၍ စိတ်သက်သာစွာ သက်ပြင်း ချလိုက်တော့သည်။

“ ကျုပ် ယင်ပြန့်မြို့က တာအိုရောင်းရင်းမိုအတွက် အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်းကို လျှော်ကြေးအဖြစ် ပေးဖို့ ဆန္ဒရှိပါတယ် ”

မိုဝူကျီက နှာခေါင်းရှုံ့လိုက်သည်။

သူတို့က သူ့ကို အဆင့်မြင့် အင်မော်တယ်ကျောက် တစ်သိန်းလောက်ဖြင့် ထွက်သွား စေချင်နေကြသည်။ သူ့ကို သူဖုန်းစားများ မှတ်နေလား ....

မိုဝူကျီ၏ မကျေနပ်မှုကို သတိပြုမိပြီး ပီခန်းက မြန်မြန် ထပ်ပြောလိုက်သည်

“ တာအိုရောင်းရင်းမို တကယ်တော့ ကျုပ်တို့အတွက် အဲလောက် အဆင့်မြင့် အင်မော်တယ်ကျောက် ရဖို့က အတော်လေး ခက်ပါတယ်။ ပြီးတော့ ဒီနေရာက ယုံရင်အင်မော်တယ် အစွန်းအဖျားဆိုတော့ အင်မော်တယ်နယ်မြေလည်း မဟုတ်ဘူးလေ။ တာအိုရောင်းရင်းမိုက ဆေးလုံးဖော်စပ်ရတာ သဘောကျတယ်လို့ ကြားထားသေးပါတယ်။

အဲဒါကြောင့်မလို့   ကျုပ် တာအိုရောင်းရင်းမို အတွက် အဖိုးတန်တဲ့  ဆေးဖော်စပ်နည်း တချို့ကို ပြင်ဆင် ခိုင်းထားပါတယ် ”

“ ဒီလိုဆို ဘာလို့ ထုတ်မပြသေးတာလဲ ” မိုဝူကျီက ဆေးဖော်စပ်နည်းများကို ကြားသည်နှင့် သူက ချက်ချင်း စိတ်ဓာတ် တက်ကြွလာသည်။ ပီခန်းက ကျင်းယွင်မြို့ရှိ လေလံပွဲ၌ သူ ဆေးမီးဖိုဝယ်သွားသည့်အကြောင်းကို သိထား၍သာ ထိုအတွေး တွေးမိခြင်း ဖြစ်ပေလိမ့်မည်။

တစ်ဖက်တွင် ပီခန်းက တွေဝေမနေဘဲ သားရေစာလိပ်ကြီး ထုတ်လာကာ မိုဝူကျီဆီ ပေးလိုက်သည်။

မိုဝူကျီက စိတ်စွမ်းအားနှင့် စာလိပ်ကို အာရုံခံ ကြည့်လိုက်သည့်အခါ အစစ်ဖြစ်ကြောင်း သိလိုက်သည်။ ထိုသားရေစာလိပ်မှာ အနည်းဆုံး နှစ်ပေါင်း သောင်းချီနေပြီ ဖြစ်ရာ ပီခန်းက  အတုလုပ်ဖို့ရာ အချိန်ရှိမည် မဟုတ်ပေ။

စာလိပ်အတွင်း ဆေးဖော်စပ်နည်း ခုနှစ်မျိုး ရှိပြီး မိုဝူကျီက ထိုအထဲမှ နှစ်ခုကို သိပေသည်။ ပြောရလျှင် သုံးခုမှာ ဝိုင်ချက်လုပ်သည့် ဖော်စပ်နည်း ဖြစ်နေ၍ အဖိုးမတန်ပေ။ သို့သော်လည်း ကျန်ရှိနေသော ဆေးဖော်စပ်နည်း နှစ်မျိုမှာ အတော်လေး အဖိုးတန်၏။ တစ်ခုမှာ ရွမ် အတိဒုက္ခ ဖြတ်သန်းခြင်း ဆေးလုံး ဖြစ်ပြီး နောက်တစ်ခုမှာ ဖွဲဖွဲလေး  ဆေးလုံးတို့ ဖြစ်ပေသည်။

ရွမ် အတိဒုက္ခဖြတ်သန်းခြင်း ဆေးလုံးမှာ အဆင့် ၃ အင်မော်တယ် ဆေးလုံး ဖြစ်ပြီး ကျင်းရှန်းအဆင့် ကျင့်ကြံသူကို ရွမ်ရှန်းအဆင့် ကျင့်ကြံသူအဖြစ် တက်လှမ်းနိုင်စေသည်။ ဤဆေးလုံး ဖော်စပ်နည်းမှာ မိုဝူကျီအတွက် အတော်လေး အဖိုးတန်ပေသည်။ ဖွဲဖွဲလေး ဆေးလုံးမှာ အဆင့် ၃ အင်မော်တယ် ဆေးလုံး ဖြစ်ပြီး ဤဆေးလုံးမှာ ရွမ်ရှန်းအဆင့်နှင့် အောက် အဆင့်များကို သူ့တို့ အင်မော်တယ် သဘာဝစွမ်းအားများ ပြန်လည် ကောင်းမွန်လာစေသည်။ အတော်လေး တန်ဖိုးရှိ၏။

“ ဒီဆေးလုံးဖော်စပ်နည်းတွေက ကျုပ်အတွက် အတော်လေး အသုံးဝင်တယ်။ ဒီအခြေအနေကိုလည်း လက်ခံတယ် ” မိုဝူကျီက ယဉ်ကျေးပြ မနေတော့ဘဲ  ဆေးလုံးဖော်စပ်နည်း များကို သိမ်းထားလိုက်သည်။

မိုဝူကျီက ဒုတိယအခြေအနေ  သဘောတူ လိုက်သည်ကို မြင်ပြီး ပီခန်းက သက်ပြင်း နောက်တစ်ဖန် ချလိုက်ပြန်သည်။ ထို့နောက် သူက တည်နေရာပြ သလင်းကျောက်ကို ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည်

“ ဒါက ယုံရင် အင်မော်တယ်နယ်မြေမှာ ရှိနေတဲ့ အင်မော်တယ် ဘုရင်မြို့ပျက်ကို ပြထားတဲ့ မြေပုံပဲ။ ကျုပ် ဒီမြေပုံကို ရပြီးတော့ သွားဖို့ အခွင့်အရေး မရခဲ့ဘူး။ တကယ်လို့ တာအိုရောင်းရင်းမို စိတ်ဝင်စားရင် ယူလို့ ရပါတယ် ”

မိုဝူကျီ၏ စိတ်စွမ်းအားက သလင်းကျောက်ဆီ စိမ့်ဝင်သွားသည့်အခါ မြူများ ဖုံးလွှမ်းနေသည့် တောင်နယ်နမိတ်ကို မြင်လိုက်ရသည်။ ထိုအထဲတွင် မြစ်တစ်စင်းလည်း ပါရှိပေ၏။ သို့သော်လည်း မိုဝူကျီက ပီခန်းမှာ ထိုမြို့ပျက်ကို သေချာပေါက် ရောက်ဖူးကြောင်း သေချာ၏။ ထို့အပြင် ဤသလင်းကျောက်မှာ လူတော်တော်များများ သိကြသည့် လမ်းဘေးပစ္စည်းမျှသာ ဖြစ်လိမ့်မည်။

***

All Chapters