ကောင်းကင်သို့တက်ပြီး လမင်းကိုသိမ်းပိုက်
Vol. 56 Ch. 786
အခန်း (၇၈၆) ကောင်းကင်သို့တက်ပြီး လမင်းကိုသိမ်းပိုက်
ဓားအလင်းတန်းက ဓားသေတ္တာထဲမှ ဖြည်းညင်းစွာထွက်ပေါ်လာပြီး ဆိုးဝါးပြင်းထန်ပြီး လောဘကြီးကာ ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်များ ပတ်ဝန်းကျင်တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
အနက်ရောင်ဓားအလင်းတန်းများ ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားပြီးသည်နှင့် ဓားသေတ္တာအတွင်းမှ ကြမ်းတမ်းဟန်ရှိသော ကျေးလက်ဓားတစ်လက် ထွက်ပေါ်လာသည်။
ထိုဓားကို မူလက ကြေးနီဖြင့်သွန်းလုပ်ထားဟန်ရှိသော်လည်း ယခုတော့ သူ၏အရောင်က ကြေးနီရောင်မှ အညိုရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။
ယခုတော့ ကြေးနီဓားတစ်လက်နှင့်မတူတော့ဘဲ ကြေးဝါဓားတစ်လက်နှင့် ပိုမိုဆင်တူနေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဓားရိုးကိုလှမ်းယူဆုပ်ကိုင်လိုက်ပြီး ရှေးဟောင်းကြေးဝါဓားကို ဓားသေတ္တာအတွင်းမှ ဆွဲထုတ်လိုက်၏။
ရုတ်တရက် အနက်ရောင်အလင်းတန်းများက လေထဲတွင်ပြည့်နက်သွားသည်။ ဓားအလင်းတန်းက အနက်ရောင်တွင်းနက်ကြီးအဖြစ်ပြောင်းလဲသွားပြီး လေထုတစ်လျှောက် ဖြတ်သန်းသွားသည်။
မိစ္ဆာဓားတောင်းတျဲ။
မှေးမှိန်သည့်အနက်ရောင်ဓားအလင်းတန်းက နေရာတိုင်းတွင်ရှိနေပြီး မီးတောက်မီးလျှံများအားလုံးကို ချက်ချင်း ဝါးမျိုပစ်လိုက်သည်။ မီးလျှံများကိုဝါးမျိုပြီးသည့်နောက် အနက်ရောင်ဓားအလင်းတန်းက အားလျော့သွားခြင်းမရှိဘဲ ပို၍ပင် အားကောင်းလာသည်။
ဒါကိုမြင်တော့ ဇာမဏီငှက်အသွင်မီးလျှံများကြားမှလူငယ်က မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ၏လက်ဖဝါးကို ဓားအသွင်ပြောင်းကာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို ခုတ်ပိုင်းချလိုက်သည်။
တောက်လောင်နေသောမီးလျှံများက လေထုထဲသို့ဖြတ်သန်းသွားပြီး ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။ အနီရောင်ဓားအလင်းတန်းများက နှိုင်းယှဉ်မရအောင် သိပ်သည်းသွားပြီး ပိုးချည်မျှင်ပမာ ထင်မှတ်ရသည်။
မရေမတွက်နိုင်သောအလင်းတန်းများက လေထုအလယ်တွင်ဖြတ်သန်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ပိုက်ကွန်ကြီးပမာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထက်သို့ ကျဆင်းလာသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက တောင်းတျဲဓားကိုဝှေ့ယမ်းတိုက်ခိုက်လိုက်၏။
ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနောက်သို့ ရောက်ရှိသွားပြီး လက်ညှိုးနှင်လက်ခလယ်အသုံးပြုကာ ဓားဝိညာဉ်တစ်ခုဖန်ဆင်းပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ ကျောပြင်ထက်ဖိနှိပ်လိုက်သည်။
အဆုံးမရှိသော ပြောင်းလဲမှုများပါဝင်သည့် နတ်ဘုရားအဆုံးသတ်ဓားသိုင်းဝိညာဉ်က မိစ္ဆာဓားတောင်းတျဲနှင့်လိုက်ဖက်ညီစွာ ဓားစွမ်းအားအစစ်အမှန်ကို ချက်ချင်းပြသခဲ့ပြီး ပိုမိုသာလွန်သည့်ဓားစွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။
ထူထပ်သောအနက်ရောင်ဓားအလင်းတန်းက အဆုံးမရှိ ကျယ်ပြန့်စွာထွက်ပေါ်လာပြီး အကန့်အသတ်မဲ့ တွင်းနက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာက ပြိုင်ဘက်၏ ‘ကေင်းကင်လှည့်ပြောင်းဇာမဏီဓား’ ထက် အဆမတန် အင်အားကြီးမားနေဟန်ပင်။
“ဒီမိစ္ဆာဓားက အတော်လေးအရည်အသွေးမြင့်တာပဲ”
မီးလျှံများကြားမှလူငယ်က မျက်ခုံးများတွန့်ချိုးရင်း ဆိုသည်။
သူ၏စွမ်းအားက အခြားသော သိုင်းသူတော်စင် ဆဋ္ဌမအအဆင့် သိုင်းသူတော်စင်များထက် ကျော်လွန်သည်။ ပြီးတော့ အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်သေးသော ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မိစ္ဆာဓားတောင်းတျဲ၏ စွမ်းအားအပြည့်ထုတ်ဖော်ရန် လုံလောက်သော ခွန်အားမရှိခဲ့ပေ။
ဤသို့သောအခြေအနေမျိုးတွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူမျှော်လင့်ထားသည်ကိုကျော်လွန်ကာ သူ၏ဓားကို တားဆီးနိုင်ခဲ့သည်။
သူက အေးစက်စွာ နှာတစ်ချက်မှုတ်ရင်းလက်တစ်ဖက်ဆန့်ထုတ်လိုက်၏။
သူ၏လက်ထဲတွင် အနီရင့်ရောင်အလင်းတန်းများတောက်ပလာသည်။ ထိုအရာက စောစောက သူ၏ခန္ဓာကိုယ်ထက်တွင်ရှိနေသည့် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်း ဖြစ်သည်။
အလင်းရောင်များ လွင့်ပြယ်သွားချိန် ရန်ကျောက်ကဲလှမ်းကြည့်လိုက်တော့ ထိုအရာက လေးတစ်လက်ဖြစ်ကြောင်း သိလိုက်ရသည်။
တစ်ဖက်လူက လေးကြိုးကိုဆွဲလိုက်ပြီး သူ့လက်ချောင်းထိပ်မှ လောင်ကျွမ်းနေသောမီးတောက်များက အနီရောင်မြားတစ်စင်းအဖြစ် ပြောင်းလဲသွားကာ ရန်ကျောက်ကဲထံသို့ တည့်မတ်စွာ ချိန်ရွယ်ထားသည်။
ထိုအရာက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်လေးတစ်လက် ဖြစ်သည်။
အစောပိုင်းက ထိုပစ္စည်းကို ကာကွယ်ရန်အတွက်သာအသုံးပြုခဲ့ပြီး လုံးဝထုတ်ဖော်ပြခဲ့ခြင်း မရှိပေ။ ယခုမှသာ ဤပုဂ္ဂိုလ်က အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိ အမှန်တကယ် အသုံးချပြီဟု ဆိုနိုင်သည်။
လေးကြိုးကိုလွှတ်လိုက်သည်နှင့် မီးတောက်အလင်းတန်းက အရှိန်အဟုန်ဖြင့် လေထုထဲဖြတ်သန်းသွားပြီး မိုးမြေကိုတုန်လှုပ်သွားစေသည့်တန်ခိုးစွမ်းအားဖြင့် ရန်ကျောက်ကဲထံသို့ တည့်မတ်စွာ ဝင်ရောက်လာသည်။
မြှားပစ်လွှတ်လိုက်သည့်အချိန်နှင့် ပစ်မှတ်မရောက်ခင်အချိန်က ကွာဟချက်လုံးဝမရှိပေ။
ရန်ကျော်ကဲနှင့်တစ်ဖက်လူ၏ကြားတွင် မီးတောက်မီးလျှံသဲလွန်စတစ်ခုတလေပင် မကျန်ရစ်ခဲ့ပဘဲ ဗလာနယ်အတားအဆီးများအားလုံးကို ဤမြားတံက လျစ်လျူရှုထားဟန် ရှိသည်။
မိစ္ဆာဓားတောင်းတျဲမှ ထွက်ပေါ်လာသော အနက်ရောင်ဓားအလင်းတန်းက မီးလျှံမြားကို တွင်းနက်ကြီးတစ်ခုပမာ ပိတ်ဆို့ထားလိုက်သည်။
သို့သော် တွင်းနက်ကြီးက ဤတစ်ကြိမ်တော့ မီးလျှံမြားကို စုပ်ယူမျိုချနိုင်ခြင်း မရှိခဲ့ပေ။
တောက်ပသော မြားအလင်းတန်းက တောင်းတျဲဓား၏အတားအဆီကို ထိုးဖောက်ဝင်ရောက်သွားပြီး အလင်းတန်းများထွက်ပေါ်လာကာ ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားထံ ဆက်လက်ဝင်ရောက်လာသည်။
ဤလေးကိုကိုင်ဆောင်ထားသူက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များဖြင့်ပင် ယှဉ်ပြိုင်နိုင်လောက်အောင် တနခိုးစွမ်းအားကြီးမားလေရာ သူက ဤအဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို စွမ်းအားအပြည့်နီးပါး ထုတ်ဖော်အသုံးပြုနိုင်သည်။
သို့သော် ရန်ကျောက်ကဲကလည်း ဤအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်၏။ ထူကဲယန်စည်းတံဆိပ်က ကောင်းကင်ထက်မှ ဆင်းသက်လာကာ မီးလျှံမြားတံကိုရိုက်ချလိုက်သည်။
တွင်းနက်ကိုထိုးဖောက်ဝင်ရောက်လာရသဖြင့် အားပျော့သွားသောမီးလျှံမြားသည် ထူးကဲယန်စည်းတံဆိပ်၏ ဖိအားအောက်တွင် ချက်ချင်းပင် ပျောက်ကွယ်ပျက်ဆီးသွားသည်။
ရန်ကျောက်ကဲကို အနိုင်မယူနိုင်သည့်အတွက် လူငယ်၏မျက်ဝန်းများ တင်းမာခက်ထန်သွားသည်။
သူက ရန်ကျောက်ကဲကို အလေးအနက်ထားကာ ရင်ဆိုင်ခဲ့ပြီး သူ၏ကျင့်ကြံခြင်းစွမ်းအားနှင့် ရတနာပစ္စည်းများကို အသုံးပြုတိုက်ခိုက်သည့်တိုင် မည်သို့မှမတတ်နိုင်စွာ ကူရာကယ်ရာမဲ့နေဆဲပင်။ ဤသို့ဖြစ်ရခြင်းအတွက် သူ့မှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။
သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် ရတနာပစ္စည်းများထုတ်ဖော်အသုံးပြုပြီး တိုက်ခိုက်သည့်တိုင် လူတစ်ယောက်ကို အရှုံးပေးလိုက်ရသည်ဆိုခြင်းမှာ သူ့ဘဝတွင် ရှားပါးကိစ္စဖြစ်သည်။
အောက်ဘုံကမ္ဘာမှတက်လာသူတစ်ယောက်ကို ဤမျှအထိ အလုပ်ရှုပ်ခံနှိမ်နင်းနေရမည်ဟု ဘယ်တုန်းကမှ ထင်မထားမိပေ။
“မင်းမှာ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ဘယ်လောက်ရှိလို့လဲ ၊ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှစ်ခုကို တစ်ပြိုင်တည်းထိန်းချုပ်နေတာ သူတို့ရဲ့စွမ်းအားဒဏ်ကို မင်းခံနိုင်ရည်ရှိပါ့မလား”
ပြောပြီးသည်နှင့် လူငယ်က လေးကိုတင်လိုက်ပြီး နောက်ထပ်မြားတစ်ချောင်းပစ်လွှတ်လိုက်သည်။
သို့သော် ထိုမြားချက်ကိုလည်း ရန်ကျောက်ကဲက ပိတ်ဆို့ထားနိုင်ဆဲပင်။
လူငယ်က ရန်ကျောက်ကဲကို မျက်လုံးအပြူးသားဖြင့်ကြည့်ရင်း...
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ တစ်ယောက်က သိုင်းသူတော်စင် ဒုတိယအဆင့် ၊ တစ်ယောက်က သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှစ်ခုကို အဆက်မပြတ် အသက်သွင်းနိုင်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ရန်ကျောက်ကဲ၏ မျက်နှာအမူအရာက လေးနက်တည်ငြိမ်နေသည်။ သူက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် စက်ဝန်းသံသယာကောင်းကင်ကျမ်းစာကိုလှည့်ပတ်ပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အသုံးပြုနေခြင်းဖြစ်သည်။
ယင်ယန်ကောင်းကင်ကျမ်းစာကိုလှည့်ပတ်လိုက်သည်နှင့် ဆုံးရှုံးသွားသော ကြယ်တာရာချီစွမ်းအားအနှစ်သာရများ အဆက်မပြတ် ပြန်လည်ရရှိစေရန် ကူညီပေးသည်။
သို့သော် စောစောကပင် ကျန်းချောင် ၊ ခန်းမောက်ရှန်းတို့နှင့် တိုက်ခိုက်ခဲ့ရသဖြင့် ယင်ယန်ကောင်းကင်ကျမ်းစာ၏ အကူအညီဖြင့်ပင် သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရများက လွန်စွာဆုတ်ယုတ်နေပြီဖြစ်ရာ ရန်ကျောက်ကဲ စိတ်သက်သာရာ မရနိုင်ပေ။
သို့သော် သူကက ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ အခွင့်အရေးကို စောင့်နေသည်။ ထိုအခွင့်အရေးက ဖန်းယွင်ရှန်းနှင့် မန်ဝမ်တို့ကြား လက်ရှိဖြစ်ပွားနေသော တိုက်ပွဲအပေါ်တွင် မူတည်သည်။
မိန်းမပျိုနှစ်ယောက်၏တိုက်ပွဲကလည်း တုန်လှုပ်ဖွယ်ရာ တိုက်ပွဲတစ်ခုပင်။
ကျန်းချောင် သေဆုံးသွားပြီးနောက် မန်ဝမ် အနည်းငယ် စိတ်ပျံ့လွင့်သွားသော်လည်း ချက်ချင်းသတိပြန်ဝင်ကာ အာရုံစူးစိုက်နိုင်ခဲ့သည်။
ထို့ပြင် သူမနှင့် ဖန်းယွင်ရှန်းအကြား တိုက်ပွဲပြင်းထန်မှုမှာ ရန်ကျောက်ကဲ၏ လက်ရှိတိုက်ပွဲထက် နိမ့်ကျပုံမပေါ်ပေ။ သူတို့နှစ်ယောက် မည်သူအနိုင်ရမည်မသိဘဲ အပြင်းအထန် တိုက်ခိုက်နေကြဆဲ ဖြစ်၏။
နက်ပြာရောင်နဂါးနှင့် ငွေဖြူရောင်ဇာမဏီငှက်တို့သည် တိုက်ပွဲထဲတွင် ပိတ်မိနေကြသည်။
ရေအောက်နန်းတော်ထဲတွင် တိုက်ခိုက်နေကြသည့်တိုင် သူတို့နှစ်ယောက်၏တိုက်ပွဲက ပြင်ပကမ္ဘာကောင်းကင်ထက်ရှိ ကြယ်စင်ပင်လယ်ပြင်တွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်စေခဲ့သည်။
အေးစက်ပြီး အထီးကျန်သော ထူးကဲယင်သရဖူလမင်းသည် ကောင်းကင်ထက်သို့ရောက်ရှိသွားပြီး နေမင်းနေရာတွင် အစားထိုးဝင်ရောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် အနက်ရောင်အန္တရယ်ချီများစီးဆင်းလာပြီး လရောင်ခြည်အလင်းတန်းများကို စုပ်ယူမျိုချလိုက်ကာ အဆုံးမရှိသော အဖျက်စွမ်းအားများထွက်ပေါ်လာပြီး ရာဟုကြယ်၏နေကြတ်ခြင်းတန်ခိုးစွမ်းအား ထင်ရှားလာသည်။
ထူးကဲယင်သရဖူက ပြီးပြည့်စုံပြီး အပြစ်အနာအဆာမရှိသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်လေရာ တိုက်ပွဲအစပိုင်းတွင် မန်ဝမ်က အသာစီးရနေခဲ့သည်။
ဖန်းယွင်ရှန်းလက်ထဲမှ နေရိပ်နတ်ဓားကတော့ တန်ခိုးစွမ်းအားကို အချိန်တိုအတွင်းသာ ထိန်းထားနိုင်ခဲ့သည်။
သို့သော် တိုက်ပွဲကြာရှည်လာသည်နှင့်အမျှ ဖန်းယွင်ရှန်း၏မျက်လုံးများထဲတွင် အေးစက်သောနေအလင်းရောင်များတောက်ပလာပြီး နေရိပ်နတ်ဓား၏အလင်းတန်းများသည်လည်း ပိုမိုတောက်ပလာသည်။
အနက်ရောင်မိစ္ဆာချီများက ပြင်းထန်သော ဓားအလင်းတန်းကို မရပ်မနားနှိုးဆွပေးနေသလိုပင်။
တိုက်ပွဲပြီးဆုံးခါနီးတွင် ဖန်းယွင်ရှန်းက ခံစစ်မှတိုက်စစ်သို့ စတင်ပြောင်းလဲကာ အသာစီးရရှိလာသည်။
ရှေးယခင်အချိန် ထူးကဲယင်ပြိုင်ပွဲမှ နဂါးနှင့် ဇာမဏီငှက်တို့ကြားတိုက်ပွဲက တစ်ဖန်ပြန်ပေါ်လာသည်။
ယခုတော့ ဇာမဏီငှက်သက်ဆင်းလာချိန် နဂါးဟိန်းသံက ကောင်းကင်ကိုးထပ်ထိတိုင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
နေရိပ်နတ်ဓား၏တောက်ပမှုဖြင့် အနက်ရောင်မိစ္ဆာချီများ ရောထွေးကာ လရောင်အပေါ် အထင်းအကျပ် ဖိအားပေးသည်။
ဖန်းယွင်ရှန်းက မန်ဝမ်ထံမှ ထူးကဲယင်သရဖူကို အတင်းအကျပ် ရယူလိုက်သဖြင့် နှစ်ယောက်လုံး ဒဏ်ရာအနည်းငယ် ရရှိသွားကြသည်။
သူမက ထူးကဲယင်သရဖူ၏တောက်ပမှုဆီသို့ ဝင်ရောက်သွားပြီး ဘယ်ဘက်လက်ကို နဂါးတစ်ကောင်ပမာ ဆန့်တန်းလိုက်ကာ ပတ်ဝန်းကျင်ကိုကာကွယ်ထားလိုက်ပြီး ညာဘက်လက်က သရဖူကို လှမ်းယူလိုက်သည်။
မန်ဝမ်က ရရှိထားသောဒဏ်ရာများကို အတင်းအကျဖိနှိပ်လိုက်ပြီး ထူးကဲယင်သရဖူကို လက်မလျှော့သေးဘဲ ဆက်လက်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် နေရိပ်နတ်ဓားမှ အပြာရောင်အလင်းတန်းများတောက်ပလာပြီး သူမကို ဘေးသို့တွန်းထုတ်လိုက်၏။
ဖန်းယွင်ရှန်းမျက်ဝန်းများအတွင်းမှ အပြာရောင်နေရိပ်အလင်းတန်းများမှိန်ဖျော့သွားပြီး အေးမြကြည်လင်သော လရောင်များစီးဆင်းဝင်ရောက်လာကာ သူမ၏ခန္ဓာကိုယ်အတွင်း စီးဝင်ပေါင်းစပ်သွားသည်။ သူမသည်လည်း မန်ဝမ်ကဲ့သို့ပင် အသန့်စင်ဆုံး ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
သဏ္ဌန်မဲ့လှေကားထစ်တစ်ခု ဖန်းယွင်ရှန်းရှေ့တွင် ထွက်ပေါ်လာသည်။
ဖန်းယွင်ရှန်းမှာ လုံးဝနီးပါးအားအင်ဆုတ်ယုတ်နေပြီး ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။
နေရိပ်နတ်ဓားကို အချိန်ကြာမြင့်စွာ အသုံးပြုလိုက်ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်သည့်အပြင် အလွန်တရာလည်း အားနည်းသွားခဲ့သည်။
သို့တိုင် ဖန်းယွင်ရှန်းသည် မြင့်မားစွာမတ်တတ်ရပ်လျှက် အထက်သို့တက်သွားပြီး ထူးကဲယင်သရဖူကို ဆောင်းနှင်းလိုက်သည်။
အလင်းနဂါးသည် ကောင်းကင်ကိုဖြတ်ကျော်ပျံသန်းပြီး လမင်းကို သိမ်းပိုက်လိုက်လေသည်။
မန်ဝမ် သက်ပြင်းတစ်ချက်ချရင်း...
“နောက်ဆုံးတော့...”
ဟု ရေရွတ်လိုက်သည်။
ထန်ယုံဟောင်မှာ စိတ်ရှုတ်ထွေးနေသလို စိတ်ခံစားချက်များဖြင့်လည်း ပြည့်နက်နေဟန် ရှိသည်။
အလင်းနဂါးက ကောင်းကင်ထက်သို့တက်သွားပြီး လမင်းကိုထိန်းချုပ်လိုက်သည်ကိုတွေ့ရသည့်အခါ ရန်ကျောက်ကဲ ပြုံးလိုက်သည်။
“နောက်ဆုံးတော့...”