← Chapters

ရေနစ်နေတဲ့ခွေးကိုအခွင့်ကောင်းယူပြီးရိုက်ချ

Vol. 56 Ch. 787

ရေနစ်နေတဲ့ခွေးကိုအခွင့်ကောင်းယူပြီးရိုက်ချ

Vol. 56 Ch. 787

အခန်း (၇၈၇) ရေနစ်နေတဲ့ခွေးကိုအခွင့်ကောင်းယူပြီးရိုက်ချ

အချိန်ကာလကြာရှည်စွာဖြတ်သန်းသွားပြီးနောက်... ထူးကဲယင်ပြိုင်ပွဲဆိုသည်က အတိတ်မှကိစ္စရပ်တစ်ခု ဖြစ်ခဲ့ပေပြီ။

ထူးကဲယင်သရဖူသည် ဖန်းယွင်ရှန်း၏ဘဝတွင် တစ်ခုတည်းသောပန်းတိုင်မဟုတ်တော့သည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော် ဆင်းရဲဒုက္ခများစွာကိုဖြတ်ကျော်ခဲ့ရပြီးနောက် သူမလိုချင်သည့်ပစ္စည်းတစ်ခုကို မည်သို့ရယူခဲ့ကြောင်း တွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲသည်လည်း စိတ်ခံစားချက်အပြည့်ဖြင့် ပျော်ရွှင်ရသည်ပင်။

လွန်ခဲ့သည့် (၈)နှစ်ခန့်ကတည်းက သူမအနေဖြင့် ဤအရာအားလုံးကို ပိုင်ဆိုင်သင့်ခဲ့သည်။ ဤမျှအထိ အချိန်ကြာအောင် စောင့်မနေခဲ့သင့်ပေ။

သို့သော် မျှော်လင့်မထားသည့် ကမ္ဘာအရေးများကြောင့် ဖန်းယွင်ရှန်းအနေဖြင့် ထူးကဲယင်သရဖူကိုရယူနိုင်ခြင်းမရှိဘဲ ကြန့်ကြာခဲ့ရသည်။ ထူးကဲယင်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အခွင့်အရေးသည်ပင် ထာဝရပျောက်ကွယ်သွားခဲ့ရ၏။

ကံကောင်းစွာပင် ယခုတော့ ပြီးပြည့်စုံစွာ အောင်ပွဲကိုသိမ်းပိုက်နိုင်ခဲ့ပေပြီ။

မီးလျှံဇာမဏီငှက်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည့် လူငယ်က ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်...

“အောက်ဘုံကမ္ဘာကကောင်တွေက ထိပ်တန်းရတနာပစ္စည်းတွေပိုင်ဆိုင်နေတာ ၊ မင်းတို့ သူတို့ရဲ့စွမ်းအားကိုတောင် ခံနိုင်ရည်ရှိပါ့မလား ၊ ငတုံးတွေဟာ ပစ္စည်းဥစ္စာကြောင့် ဒုက္ခရောက်တတ်တယ်ဆိုတာကို သိထားသင့်တယ်”

ဖန်းယွင်ရှန်းက သိုင်းသူတော်စင်တစ်ယောက် မဟုတ်သေးလေရာ မန်ဝမ်နှင့်တိုက်ပွဲကြောင့် သူမ၏စွမ်းအားများ အလွန်အမင်းကုန်ခမ်းသွားခဲ့သည်။ ထူးကဲယင်သရဖူကို ဆွတ်ယူနိုင်ခဲ့သည့်တိုင် ထူးကဲယင်သရဖူရော နေရိပ်နတ်ဓားကိုပါ ကိုင်ဆွဲအသုံးပြုနိုင်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲနှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပူးပေါင်းပြီး ထူးကဲယန်စည်းတံဆိပ်နှင့် မိစ္ဆာဓားတောင်းတျဲကို တစ်ချိန်တည်းထိန်းချုပ်ထားသည်မှာလည်း အကန့်အသတ်ပြည့်သွားပြီ ဖြစ်သည်။

ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ယင်ယန်ကောင်းကင်ကျမ်းစာကို လိုက်လျောညီထွေ အသုံးပြုနိုင်ခဲ့သည့်တိုင် ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများ ကြီးမားစွာကုန်ဆုံးသွားသဖြင့် အဆင့်မြင့်အထွတ်ထိပ်ပစ္စည်းများကို ဆက်လက်အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

သို့သော် သူစောင့်မျှော်နေသည့်အခွင့်အရေးက ရောက်ရှိလာခဲ့ပေပြီ။

ဖန်းယွင်ရှန်းက မန်ဝမ်ကိုအနိုင်ယူပြီး ထူးကဲယင်သရဖူကိုရယူလိုက်သည့်အချိန် ရန်ကျောက်ကဲသည်လည်း အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။

သူက လက်ဖျောက်တစ်ချက်တီးလိုက်ရင်း...

“ပန်ပန်...”

တောင်းတျဲသတ္တဝါ၏နှလုံးသားနေရာဖြစ်သော သွေးရေကန်ထဲတွင်ရှိနေသည့်ပန်ပန်က  ရန်ကျောက်ကဲ၏ခေါ်သံကြားတော့ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး သွေးရေကန်အတွင်းမှ ခုန်ထွက်လာသည်။ သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် အပြာရောင်အလင်းတန်းများ တောက်ပနေဆဲပင်။

အချိန်ကြာလာသည်နှင့်အမျှ သွေးရေကန်အနီးပတ်ဝန်းကျင် ရေအောက်နန်းတော်သည်လည်း တွင်းနက်အဖြစ် ပြောင်းလဲမသွားသည့်တိုင် အဆက်မပြတ် ပြိုကျလာနေပြီ ဖြစ်သည်။

ပန်ပန်က လေထုကိုဖြတ်ကျော်ပြီး နန်းတော်အပြင်သို့ထွက်သွားကာ သူ့ရုပ်သွင်က တဖြည်းဖြည်း ပိုမိုကြီးမားလာသည်။

တောင်ထွတ်တစ်ခုပမာ ကြီးမားလာသည်အထိ သူ့ခန္ဓာကိုယ်က မရပ်မနားချဲ့ထွင်သွားပြီး ကောင်းကင်ကိုမှုန်းချေ ၊ နေမင်းကိုဖုံးကွယ်ပြီး အထက်ပိုင်းနေရာတစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။

ပန်ပန်၏ခန္ဓာကိုယ်ကြီးက ရေအောက်နန်းတော်အပျက်အဆီးများထက်ပင် ပိုပြီးကြီးမားလာသည်။

သူ၏မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ထပ်မံထွက်ပေါ်လာပြီး ကြုံးဝါးသံတစ်ခု ကျယ်လောင်စွာပြုလုပ်ကာ ရေအောက်နန်းတော်အတွင်းသို့ ဝုန်းကနဲ ခုန်ချလိုက်သည်။

သူ ခုန်ချလိုက်သည့်နေရာက ခြောက်သွေ့နေပြီဖြစ်သော တောင်းတျဲ၏နှလုံးသားနေရာ သွေးရေကန်ဖြစ်၏။ ထို့နောက် ပန်ပန်က သွေးရေကန်ကို တကျွပ်ကျွပ်ဝါးစားပြီး မျိုချလိုက်၏။

သွေးရေကန်ပျက်ဆီးသွားသည်နှင့် အနီးပတ်ဝန်းကျင်နန်းတော်နယ်မြေက ချက်ချင်းပင် မတည်မငြိမ်ဖြစ်လာပြီး အက်ကွဲပြိုကျသွားတော့သည်။ ရန်ကျောက်ကဲနှင့် အခြားသူများ တိုက်ခိုက်နေကြသောနေရာမှ နန်းတော်နံရံများနှင့် မြေသားများသည် ချက်ချင်းပင် အက်ကွဲပျက်ဆီးသွားသည်။

သူတို့ဦးခေါင်းထက်တွင် အထက်ဘုံကမ္ဘာ၏ ကြည်လင်သောကောင်းကင်ပြာပြာ ပြန်လည်ထွက်ပေါ်လာသည်ကို တွေ့မြင်ရ၏။

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကြမ်းတမ်းစွာအော်မြည်နေသည့် ပင်လယ်ရေများကိုတွေ့ရသည်။ သူတို့ပတ်ဝန်းကျင်တွင် ကြီးမားသည့်ရေဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်နေခြင်းပင်။

လက်ရှိမှာတော့ သူတို့က ရေဝဲဂယက်ကြီး၏ အလယ်ဗဟိုတွင် ရှိနေ၏။

သူတို့အောက်ဘက်မှာတော့ တောင်းတျဲအသေကောင်ကြီးမှပြောင်းလဲသွားသည့်တွင်းနက်ကြီးက မဲမှောင်နက်ရှိုင်းစွာဖြင့် တည်ရှိနေသည်။

ထိုတွင်းနက်ကြီးက အလွန်ကျယ်ပြန့်နက်ရှိုင်းပြီး အထက်တွင်ရှိနေသည့်အရာအားလုံးကို ပြင်းပြင်ထန်ထန်ဝါးမျိုကာ များပြားလှသောသက်ရှိသတ္တဝါများကို အတွင်းသို့ စုပ်ယူနေသည်။

သွေးရေကန်ကို ပန်ပန်က မျိုချလိုက်ပြီဖြစ်ရာ ရေအောက်နန်းတော်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲကြေသွားပေပြီ။

မီးလျှံဇာမဏီအလင်းတန်းများဖြင့် လွှမ်းခြုံထားသော လူငယ်က တစ်ခုခုမှားယွင်းနေပြီဟု ချက်ချင်းသဘောပေါက်လိုက်၏။ အောက်ဘက်တွင်းနက်ထဲမှ ကြောက်မက်ဖွယ်ရာ စုပ်ယူအားကြီးက သူ့အပေါ်သို့ သက်ရောက်လာနေပြီ မဟုတ်ပါလား။

ထိုအချိန်...

မမျှော်လင့်စွာပင် အနက်ရောင်ဓားအလင်းတန်းတစ်ခု ရေဝဲဂယက်အတွင်းမှ ထွက်ပေါ်လာပြီး သူ့ကိုအောက်သို့ တွန်းချလိုက်သည်။

လူငယ်က မျက်မှောင်ကြုံ့လိုက်ပြီး အလျှင်အမြန်ပင် သူ၏စွမ်းအားများကို ထုတ်ဖော်လိုက်သည်။

မီးလျှံဇာမဏီငှက်က အတောင်ပံများဖြန့်လျှက် အောက်ဘက်ရှိတွင်းနက်ကြီးမှ စုပ်ယူစွမ်းအားကို ရှောင်ရှားရန် အထက်သို့ အပြေးအလွှား ပျံသန်းထွက်ခွာသွားသည်။

အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအကာအကွယ်နှင့် သူ၏ကျင့်ကြံခြင်းစွမ်းအားပေါင်းစပ်လျှင်ပင် တွင်းနက်ကြီးထဲကျရောက်သွားပါက လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

သို့သော် အောက်ဘက်မှတွင်းနက်ကြီးနှင့် စွမ်းအားရောင်ဝါအလွန်ဆင်တူသည့် အနက်ရောင်ဓားအလင်းတန်းက သူ့မျက်စိရှေ့တွင် တောက်ပလာသည်။

သူ့ကို ရန်ကျောက်ကဲက ထပ်မံတိုက်ခိုက်လိုက်ခြင်းပင်။

ထိုဓားအလင်းတန်းကို သေချာကြည့်ရင်း လူငယ် ကျောထဲစိမ့်သွားသည်အထိ တုန်လှုပ်သွားသည်။

တောင်းတျဲ၏နှလုံးသားကိုမျိုချလိုက်ပြီးနောက် ပန်ပန်၏ခန္ဓာကိုယ်မှ သွေးကြောများ တဖန်ပြန်လည်ကျယ့်ပြန့်လာပြီး သူ့မျက်လုံးများထဲတွင်လည်း အလင်းရောင်များ ရက်စက်ကြမ်းတမ်းစွာ တောက်ပလာသည်။ သို့တိုင် လေထဲတွင် မတ်တတ်ရပ်ရင်း အောက်ဘက်မှတွင်းနက်ကြီး၏ဆွဲငင်အားကို ကြံ့ကြံ့ခံကာ တည်ငြိမ်စွာမတ်တတ်ရပ်နေဆဲပင်။

ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ကို သိမ်းဆည်းလိုက်သည်။ သို့သော် မိစ္ဆာဓားတောင်းတျဲကတော့ သူ၏လက်ထဲတွင် ဓားအလင်းတန်းတောက်ပနေဆဲဖြစ်ပြီး တောင်းတျဲ၏အသွေးအသားဖြင့်ဖွဲ့စည်းထားသော တွင်းနက်ကို မြင့်မားသောစွမ်းအားဖြင့် ခုခံထား၏။

ထို့နောက် ရန်ကျောက်ကဲက လူငယ်ကို ဓားဖြင့်ခုတ်ပိုင်းချလိုက်ပြီး အေးဆေးစွာပင် နှုတ်ဆက်စကားဆိုလိုက်သည်။

“ကျုပ်တို့ နှစ်ခါတောင်တိုက်ခိုက်ဖူးတယ် ၊ ဒါပေမဲ့ မင်းရဲ့နာမည်မသိရသေးဘူး”

လူငယ်က အံတင်းတင်းကြိတ်ရင်း...

“ဝူထုန်တောင်စောင်းက ကျွမ်းကျောင်းဟွေ”

“ဝူထုန်တောင်စောင်း” ဆိုသည်က တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ဇာမဏီရိုးရာတောင်တွင်တည်ရှိသော  ‘တောင်ပိုင်းထိပ်တန်းအရှင်သခင်’ နေထိုင်ရာနေရာဖြစ်သည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင်၏အမည်က ‘ကျွမ်းရှန်’ ဖြစ်၏။

ကျွမ်းကျောင်းဟွေက ရန်ကျောက်ကဲ၏ဓားအလင်းတန်းကို ခုခံလိုက်သည့်အခါ အထက်သို့ပျံသန်းထွက်ခွာလာသည့် သူ့ပုံရိပ်က ချက်ချင်းပင် တွင်းနက်ကြီးထဲမှထွက်ပေါ်လာသော အနက်ရောင်အလင်းတန်းများနှင့်အတူ အောက်သို့ဆွဲချခြင်းခံလိုက်ရသည်။

သူက မျက်မှောင်ကြုံ့ကာ ရန်ကျောက်ကဲကိုကြည့်ရင်း ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။

အခြေအနေအရ အရာအားလုံးကိုဝါးမျိုနေသော အောက်ဘက်မှတွင်းနက်ကြီးသည် ရန်ကျောက်ကဲကိုကူညီပေးနေသော အကြီးမားဆုံးလက်နက် ဖြစ်လာသည်။

ဤနေရာတွင်တိုက်ခိုက်ရသည်က ရန်ကျောက်ကဲအတွက် အိမ်ကွင်းတွင်ကစားရသည့်အလား ဖြစ်သည်။ အိမ်ကွင်းသာမက နယ်မြေကျွမ်းကျင်မှုအားသာချက်ပါ ရှိနေပေသည်။

ရန်ကျောက်ကဲက ကျွမ်းကျောင်းဟွေတက်လာမည့်လမ်းကိုပိတ်ဆို့ရန် အင်အားအလွန်အကျွံသုံးစရာမလိုဘဲ ထိုသူအနေဖြင့် တွင်းနက်ထဲ လျှင်မြန်စွာ စုပ်ယူခံရမည် ဖြစ်သည်။

ပင်လယ်အောက်တွင်းနက်ထဲသို့ ဆွဲငင်ခံနေရသမျှကာလပတ်လုံး ကျွမ်းကျောင်းဟွေအနေဖြင့် သေလုမျောပါးအခြေအနေဖြင့် ရင်ဆိုင်ရပေလိမ့်မည်။ ယခုပင် ကျန်းကျောင်းဟွေမှာ ရန်ကျောက်ကဲကို စွမ်းအားကုန်သုံးမတိုက်ခိုက်တော့ပဲ သူ၏စွမ်းအား (၈၀)ရာနှုန်းကို တွင်းနက်ကြီးမှထွက်ပေါ်လာသော စုပ်ယူအားများကိုတွန်းလှန်ရန် အသုံးပြုနေရသည်။

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏အကူအညီကိုရယူထားသော်လည်း ထိုရတနာပစ္စည်းခံနိုင်ရည်မကုန်ဆုံးမီမှာပင် ကျွမ်းကျောင်းဟွေအနေဖြင့် တွင်းနက်၏ဆွဲယူနှစ်မြှုပ်ချင်းကို ခံရပေလိမ့်မည်။

သို့သော် ရုတ်တရက်ပင် ခရမ်းရောင်သမာဓိမီးတောက်က ကျွမ်းကျောင်းဟွေ၏ခန္ဓာကိုယ်ထက်တွင်တောက်ပလာပြီး တွင်းနက်ကြီးထဲမှ အနက်ရောင်အလင်းတန်းများကို ခုခံကာကွယ်လိုက်သည်။

သူ့တွင်ရှိနေသည့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော အနီရောင်အလင်းတန်းများတောက်ပနေသည့် ရတနာ ‘လေး’ က မိစ္ဆာဓားတောင်းတျဲ၏တိုက်ခိုက်မှုကို တားဆီးထားလိုက်ပြီး ဇာမဏီအတောင်ပံများဖြန့်ကားလျှက် ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံသန်းထွက်ခွာလာသည်။

ထို့နောက် အဖြူရောင် ‘မရဏသမာဓိမီးတောက်’ ထွက်ပေါ်လာပြီး အခက်ခဲဆုံးသော ကပ်ဘေးကြားတွင် အသက်ရှင်ရန် ဖြစ်နိုင်ခြေအရှိဆုံး လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။

မီးလျှံဇာမဏီငှက်သည် တွင်းနက်ကြီး၏ ကြောက်မက်ဖွယ်ရာစုပ်ယူစွမ်းအားကို ချိုးဖျက်ကာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာလာသည်။

သူက ရန်ကျောက်ကဲတို့အုပ်စုနားမှ ဖြတ်သန်းထွက်ခွာသွားစဉ် ထန်ယုံဟောင်ကို သူနှင့်အတူ ခေါ်ဆောင်သွားရန် ကြိုးစားလိုက်သည်။

ရန်ကျောက်ကဲက ဤအတွက်ကြိုတင်ပြင်ဆင်ထားပြီးဖြစ်လေရာ ဓားချက်တစ်ချက်ဖြင့် သူ့ကိုပိတ်ဆို့လိုက်၏။

ကျန်းကျောင်းဟွေ၏မျက်လုံးများထဲတွင် နာကြည်းမှုနှင့် နောင်တတရားများ ထင်ရှားစွာ ထွက်ပေါ်လာသည်။

ထန်ယုံဟောင်ရရှိသွားသည့် ဇာမဏီအရိုးသည် တောင်ပိုင်း မီတောက်ပြည်နယ်အတွက် ၊ တောင်ပိုင်းထိပ်တန်းအကြီးအကဲအတွက် ၊ သူကိုယ်တိုင်အတွက် အလွန်တရာ အရေးပါသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်တစ်ဘောက်ဖြစ်သော လီကျင်းကို ရန်ကျောက်ကဲသတ်ဖြတ်ပစ်လိုက်ပြီး ဝမ်ဟွေ့မှာလည်း ရန်ကျောက်ကဲကြောင့်ပင် အဖမ်းခံလိုက်ရသည်။

ဤကိစ္စကြီးဖြစ်လာရသည့် အဓိကအကြေင်းရင်းမှာ ဇာမဏီအရိုးထဲတွင်ပါဝင်သော အရုဏ်ဦးမြူခိုးသမာဓိမီးတောက်ကြောင့် ဖြစ်လေသည်။

ဤသည်က ကျွမ်းကျောင်းဟွေ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ရောက်လာရသည့်အကြောင်းရင်းဖြစ်ပြီး ထိုပစ္စည်းက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် မိစ္ဆာဓားတောင်းတျဲထက်ပင် သာလွန်သည်။

သူက သက်ပြင်းတစ်ချက်ချရင်း ကောင်းကင်ထက်သို့လှည့်ပတ်ပျံသန်းသွားစင် ဇာမဏီအတောင်ပံများက ဘေးနားတွင်ရှိနေသော မန်ဝမ်ကို လွှမ်းခြုံသွားပြီး သဘာဝပသာဒနယ်မြေထက်သို့ ပျံသန်းထွက်ခွာသွားလေတော့၏။

“ဝမ်လေး...”

“ဂိုဏ်းတူညီမလေး’မန်ဝမ်’”

ထန်ယုံဟောင်နှင့် ဖန်းယွင်ရှန်းတို့နှစ်ယောက်လုံး ပြိုင်တူအော်ဟစ်လိုက်ကြသည်။

ရန်ကျောက်ကဲသည်ပင် အနည်းငယ် အံ့အားသင့်သွားရ၏။

ကျွမ်းကျောင်းဟွေက သူ၏ဒေါသများ မန်ဝမ်အပေါ်ပုံချချင်သည်ဆိုခြင်းကတော့ လုံးဝမဖြစ်နိုင်ပေ...။

ထိုခဏတွင် ပင်လယ်ရေအောက်တွင်းနက်ထဲမှလူများ တစ်ယောက်ပြီးတစ်ယောက် အထက်သို့ခုန်တက်လာကြသည်ကို တွေ့မြင်လိုက်ရသည်။

သို့သော် ထိုသူများအားလုံးက အစောပိုင်းက ကျွမ်းကျောင်းဟွေထက်ပင် အခြေအနေများစွာဆိုးရွားနေပြီး တွင်းနက်ထဲမှ အနက်ရောင်အလင်းတန်းများက သူတို့ကိုချုပ်နှောင်ထားကာ အောက်သို့ပြန်ဆွဲချရန် အစွမ်းကုန်ကြိုးစားနေပေသည်။

ရန်ကျောက်ကဲ မျက်တောင်တစ်ချက်ခတ်လိုက်သည်။

ပထမဆုံး တွင်းနက်ထဲမှထွက်ပေါ်လာသူမှာ ခန်းဖင်း ဖြစ်လေ၏။

All Chapters