လက်စားချေဖို့အချိန်တန်ပြီ
Vol. 56 Ch. 788
အခန်း (၇၈၈) လက်စားချေဖို့အချိန်တန်ပြီ
သွေးနီရေကန်ပတ်ဝန်းကျင်ရှိ ရန်ကျောက်ကဲနောက်သို့လိုက်လာသော ကျွမ်းကျောင်းဟွေမှာ ကံကောင်းစွာပင် တွင်းနက်ကြီးအတွင်း ကျရောက်သွားခြင်းမရှိဘဲ နန်းတော်အပျက်အဆီးများနှင့်အတူ ပင်လယ်ရေမျက်နှာပြင်ထက်သို့ တက်လာခဲ့သည်။
သို့သော် ရန်ကျောက်ကဲ၏ဓားချက်ကြောင့် တွင်းနက်ထဲသို့ ပြန်ပြုတ်ကျလုမတတ် ဖြစ်ခဲ့ရသည်။
သို့ရာတွင် တွင်းနက်ကြီး၏စုပ်ယူအားမှ ရုန်းကန်ရင်း ပင်လယ်ပြင်မှထွက်ခွာရန်ကြိုးစားနေရသည့် ခန်းဖင်းနှင့်အခြားသူများကတော့ ပိုပြီး စိတ်မကောင်းဖွယ်ရာ ဖြစ်သည်။
တွင်းနက်၏စွမ်းအားဖြစ်သော အနက်ရောင်အလင်းတန်းများက ကြိုးပေါင်းမျာစွာပမာ ခန်းဖင်းနှင့်အခြားသူများအားလုံးကို ထိန်းချုပ်ထားသည်။ ကြီးမားသောစွမ်းအားက သူတို့အားလုံးကို ပင်လယ်နက်ထဲသို့ ပြန်လည်ဆွဲယူရန် ကြိုးစားနေသည်။
ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ ခန်းဖင်း ၊ ဟယ်တုန်းချန် ၊ ကုကျန်း ၊ လော့ကျီးထောင် ၊ ကုဟုန်နှင့် အခြားသူများအားလုံး ထိုနေရာတွင် ပိတ်မိနေကြောင်း တွေ့လိုက်ရ၏။
လော့ကျီးထောင်က သူ့လက်ထဲမှ နေလကစကြာအလင်းတန်းများဖြင့် ကွမ်းမင်ဂိုဏ်းမှလူများကို ကာကွယ်ပေးထားပြီး ခက်ခက်ခဲခဲ ရုန်းကန်နေရသည်။
ကြေးနီကျွန်းသခင် ကုန်းစွန်းမင်ကတော့ မြောက်ပင်လယ်ဓားခန်းမသခင်ကုဟုန်၏အကူအညီဖြင့် ရပ်တည်နေနိုင်သည်။ မဟုတ်ပါက တွင်းနက်ကြီး၏စုပ်ယူမျိုချခြင်းကို သေချာပေါက်ခံရပေမည်။
သူတို့အားလုံးအထဲတွင် ခန်းဖင်းက စွမ်းအားအပြင်းထန်ဆုံးဖြစ်သည်မှာ အငြင်းပွားဖွယ် မရှိပေ။
သူ့တွင် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော တိမ်လွှာအလင်းဓားလည်းပိုင်ဆိုင်ထားလေရာ ရှေ့သို့ထိုးဖောက်ထွက်လာနိုင်စွမ်း ရှိသည်။
သို့ပေသိ တွင်းနက်ကြီး၏စုပ်ယူစွမ်းအားများအောက်တွင် လျှင်မြန်စွာတုံ့ပြန်နိုင်စွမ်းရှိသည့် အချိန်ရေစီးကြောင်းဓားသိုင်းသည်ပင် မရပ်မနားထိုးဖောက်နိုင်စွမ်းမရှိဘဲ နှေးကွေးနေခဲ့သည်။
ထိုအခြေအနေတွင် သူခေါင်းမော့ကြည့်လိုက်တော့ ရန်ကျောက်ကဲကို ရုတ်တရက်တွေ့ရသည့်အခါ ခန်းဖင်း မည်သို့မှမတတ်နိုင်စွာ မျက်နှာပျက်သွားသည်။
ရန်ကျောက်ကဲက ခန်းဖင်းကို ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး အပိုစကားတစ်ခွန်းမဆိုဘဲ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ရှေးဟောင်းကြေးနီဓားမှ အနက်ရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး ခန်းဖင်း၏ဦးခေါင်းထိပ်တည့်တည့်သို့ ကျရောက်သွားသည်။
ခန်းဖင်း မည်သို့မှမတတ်နိုင်ဘဲ အံတင်းတင်းကြိတ်ရင်း ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို တိမ်လွှာအလင်းဓားဖြင့် ခုခံလိုက်ရ၏။ သို့သော် ထိုသို့ပြုလုပ်လိုက်ရသည့်အတွက် အထက်သို့တက်လာသော သူ၏အရှိန်အဟုန်မှာ ချက်ချင်း ရပ်တန့်သွားသည်။
အောက်ဘက်ရှိ တွင်းနက်သည် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုစွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်လျှက် ရှိလေသည်။
ခန်းဖင်းကို တားဆီးပြီးနောက် ရန်ကျောက်ကဲက အခြားတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။
ရှန်လင်ကျီအဆက်အနွယ်များဖြစ်သည့် သိုင်းသူတော်စင် သတ္တမအဆင့် ၊ အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်များဖြစ်ကြသော ကုကျန်းနှင့် ဟယ်တုန်းချန်တို့မှာလည်း အတားအဆီးများကိုကျော်ဖြတ်ပြီး တွင်းနက်ထဲမှလွတ်မြောက်ရန် ကြိုးစားနေကြသည်။
ဟယ်တုန်းချန်က ကုကျန်းထက်ပိုမိုလျှင်မြန်သော်လည်း ခန်းဖင်းကဲ့သို့ပင် ရန်ကျောက်ကဲ၏ဓားဖြင့် ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ ရှောင်တိမ်းရန်ကြိုးစားလိုက်သော်လည်း မိစ္ဆာဓားတောင်းတျဲဓားမှထွက်ပေါ်လာသော ဓားဝိညာည်နှင့် အောက်ဘက်တွင်းနက်ထဲမှထွက်ပေါ်လာသောအလင်းတန်းများ ပေါင်းစပ်သွားပြီး သူ့ခန္ဓာကိုယ်ကိုရစ်ပတ်သွားသည်။
တိမ်လွှာအလင်းဓားကဲ့သို့ ရတနာပစ္စည်းမျိုးပိုင်ဆိုင်ထားခြင်းမရှိသည့် ဟယ်တုန်းချန်၏အခြေအနေက ခန်းဖင်းထက်ပိုမိုဆိုးရွားသည်။ သူ၏အရှိန်အဟုန် ချက်ချင်းရပ်တန့်သွားပြီး အနက်ရောင်အလင်းတန်းများဖြင့် ဆွဲငင်ခံလိုက်ရသည်။
ဟယ်တုန်းချန်ကို ဓားချက်တစ်ချက်တည်းဖြင့်တွန်းထုတ်လိုက်ပြီးနောက် ရန်ကျောက်ကဲက မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်သည်။ သူက လက်ချောင်းများမှတစ်ဆင့် ဓားဝိညာဉ်တစ်ခု ထုတ်ဖော်လိုက်ပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏နောက်ကျောမှ အဓိကသွေးကြောဆုံချက်ကို ဖိနှိပ်လိုက်၏။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မိစ္ဆာဓားတောင်းတျဲကို ထိန်းချုပ်ပြီး တတိယဓားချက်ကိုထုတ်ဖော်ကာ ကုကျန်းကို တွင်းနက်ထဲသို့ ထိုးနှက်ချလိုက်သည်။
ထူးကဲယန်စည်းတံဆိပ်နှင့် မိစ္ဆာဓားတောင်းတျဲကို စွမ်းအားအပြည့်ဖြင့် ထိန်းချုပ်ထားရခြင်း မရှိတော့သဖြင့် ရန်ကျောက်ကဲအတွက် ပိုပြီးသက်သောင့်သက်သာ ဖြစ်သွားသည်။ သူ့အနေဖြင့် အောက်ဘက်ရှိ တောင်းတျဲခန္ဓာကိုယ်ဖြင့်ဖွဲ့စည်းထားသော တွင်းနက်ကြီးနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ခန်းဖင်းနှင့်အခြားသူများ ထွက်မပြေးနိုင်ဘဲ တွင်းနက်ထဲပိတ်မိသွားအောင် လုပ်ဆောင်ရန်သာ လိုအပ်သည်။
ရန်ကျောက်ကဲ ရယ်မောရင်း သူ့အကြည့်က လော့ကျီးထောင်ဆီ ကျရောက်သွား၏။
လော့ကျီးထောင်မျက်နှာ ချက်ချင်းပင် မဲမှောင်သွားသည်။
သူ စကားပြောလာမည်ကိုမစောင့်ဘဲ ရန်ကျောက်ကဲက ပြုံးရင်း စကားဆိုလိုက်သည်။
“လက်စားချေရမယ့်အချိန်ရောက်ပြီ...”
ရန်ကျောက်ကဲက ရယ်မောရင်းဖြင့်ပင် ပေါ့ပေါ့ပါးပါးဖြင့် ဓားချက်တစ်ချက် ခုတ်ပိုင်းချလိုက်သည်။
နဂိုကပင် နေလစကြာအကူအညီကို ခက်ခက်ခဲခဲဆုပ်ကိုင်ထားရသော လော့ကျီးထောင်မှာ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကြောင့် အောက်ဘက်သို့ ချက်ချင်း ပြုတ်ကျသွားသည်။
ထို့နောက် ရန်ကျောက်ကဲ၏ဓားအလင်းတန်းက ဦးတည်ချက်ပြောင်းလဲသွားပြီး ကုဟုန်တို့အုပ်စုအလယ်သို့ ရောက်ရှိသွားသည်။ ဓားဝိညာဉ်က ပျော့ပြောင်းသွားပြီး ဖြည်းညင်းစွာလှည့်ပတ်သွားသည်။
အနက်ရောင်ဓားအလင်းတန်းအတွင်းမှ အကန့်အသတ်မရှိ စုပ်ယူနိုင်စွမ်းရှိသော တွင်းနက်တစ်ခုထွက်ပေါ်လာပြီး အောက်ဘက်မှတွင်းနက်ကြီး၏စွမ်းအားကို တွန်းကန်ဆန့်ကျင်ထားသည်။
ရန်ကျောက်ကဲက သူတို့ကိုကယ်တင်နေကြောင်းခံစားမိသည်နှင့် ကုဟုန်က အနည်းငယ်ခက်ခဲနေသည့်တိုင် ရန်ကျောက်ကဲ၏ဓားဝိညာဉ်လုပ်ဆောင်ချက်အတိုင်း လက်ခံလိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရန်ကျောက်ကဲ၏ဓားအလင်းတန်းမှပြောင်းလဲသွားသော တွင်းနက်ငယ်၏လွှမ်းခြုံမှုကို ခံစားလိုက်ရသည်။
ရန်ကျောက်ကဲက သူ၏ဓားကိုပြန်လည်ရုတ်သိမ်းလိုက်သည်နှင့် ဓားအလင်းတန်းက သူ့နံဘေးသို့ရောက်ရှိလာပြီး တွင်းနက်တစ်ခုဖြစ်တည်လာကာ ထိုအထဲမှ ကုဟုန်တို့အုပ်စု ပျံသန်းထွက်ပေါ်လာသည်။
ကုဟုန် ၊ ကုန်းစွန်းမင်နှင့် မြောက်ပင်လယ်ဓားခန်းမနှင့် ကြေးနီကျွန်းမှ များပြားစွာသော ကျင့်ကြံသူများမှာ သူတို့အောက်မှ တွင်းနက်ကြီးကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လော့ကျီးထောင်နှင့် ကွမ်းမင်ဂိုဏ်းမှကျင့်ကြံသူများမှာ အသက်ရှူရပ်မတတ်ခံစားရပြီး သွေးအန်လုမတတ် ဖြစ်ကြရသည်။
ကုဟုန် ၊ ကုန်းစွန်းမင်နှင့် အခြားသူများကတော့ ရန်ကျောက်ကဲကို ထပ်ခါထပ်ခါ ကျေးဇူးတင်စကားဆိုလိုက်ကြ၏။
ကုဟုန်က ခေါင်းတစ်ချက်ခါယမ်းရင်း...
“မိတ်ဆွေလေး’ရန်’... ကျေးဇူးတင်ပါတယ် ၊ မဟုတ်ရင် ကျုပ်တို့တွေ တွင်းနက်ထဲဆွဲချခံရမှာ...”
ခန်းဖင်းမှလွဲပြီး အခြားသူများအနေဖြင့် ရန်ကျောက်ကဲ သူတို့လမ်းကိုပိတ်ဆို့ထားခြင်းမရှိသည့်တိုင် တွင်းနက်ကြီးထဲမှ အသက်ရှင်လွတ်မြောက်ရန် (၅၀) ရာနှုန်းသာ ရှိသည်။
ကြေးနီကျွန်းသခင် ၊ နဂါးသုံးကောင်ဘုရင် ‘ကုန်းစွန်းမင်’ ကလည်း ရန်ကျောက်ကဲကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...
“’ရန်’သခင်လေး ကူညီပေးတာ ကျေးဇူးတင်ပါတယ် ၊ မဟုတ်လို့ကတော့ ဒါကကံဆိုးတယ်ဆိုတာထက် ကပ်ဘေးနဲ့ရင်ဆိုင်ရတယ်လို့ပြောလို့ရတယ် ၊ ဒီအဘိုးကြီး စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်”
ပြောပြီးသည်နှင့် သူက ရန်ကျောက်ကဲကို ခံစားချက်အပြည့်ဖြင့် ကြည့်နေခဲ့သည်။
မဝေးလှသောတစ်ချိန်တုန်းက ရန်ကျောက်ကဲအား လျှို့ဝှက်ဆန်းကျယ်သော နောက်ခံကိုပိုင်ဆိုင်သည့် အငယ်တန်းမျိုးဆက် ပါရမီရှင်တစ်ယောက်ဟု ထင်မြင်ခဲ့သည်။
ရန်ကျောက်ကဲ၏နောက်ခံသမိုင်းကြောင်းကို ရှင်းရှင်းလင်းလင်းမသိကြသည့်တိုင် ကြေးနီကျွန်းတစ်ခုလုံးက ထိုလူငယ်သည် အနာဂတ်တွင် ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ခဲ့ကြ၏။
သို့သော် ရန်ကျောက်ကဲသည် ဤမျှကြီးမားသော ရိုက်ခတ်မှုလှိုင်းလုံးများကို အချိန်တိုအတွင်း ပြုလုပ်နိုင်မည်ဟု ထင်မထားခဲ့ပေ။
ရန်ကျောက်ကဲက ကောင်းကင်မီးတောက်မိုးကြိုးကပ်ဘေးအစီအရင်ကိုချိုးဖျက်ပြီး တာ့ရွှမ်တိုင်းပြည်ကို တိုက်ခိုက်စရာမလိုဘဲနှိမ်နင်းကာ တာ့ရွှမ်တော်လှန်ရေးအင်အားစုများကို ကယ်တင်ခဲ့သည်။ သို့သော် ရန်ကျောက်ကဲက အခွင့်အရေးရသွားသဖြင့် အခြေအနေပေါ်မူတည်ပြီး အောင်မြင်သွားခြင်းဖြစ်ကြောင်း လူအများစုက တွေးထင်ကြသည်။
နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်ဖြစ်သော ကုန်းစွန်းမင်သည်လည်း သူနှင့်နှိုင်းယှဉ်လျှင် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် ရန်ကျောက်ကဲအပေါ် အထင်အမြင်သေးမိသည်က အမှန်ပင်။
သို့သော် ယခုတော့ အချိန်တိုလေးအတွင်းမှာပင် ဤလူငယ်လေးက ဤမျှကြောက်စရာကောင်းသည့်အနေအထားရောက်အောင် အမှန်တကယ် ကြီးပြင်းလာခဲ့ပြီလား။
ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ပူးပေါင်းပြီး မိစ္ဆာဓားတောင်းတျဲအား ထိန်းချုပ်သည်ကို တွေ့မြင်ရသည့်အခါ သူ့စိတ်ထဲ ထိတ်လန့်ခဲ့ရသည်။
သူက တုံ့ပြန်ရန် အချိန်မရှိခင်မှာပင် ရန်ကျောက်ကဲကတော့ အလွန်တရာ စွမ်းအားမြင့်မားနေခဲ့ပေပြီ။
အောက်ဘက်ရှိတွင်းနက်ကြီးထဲတွင် ပိတ်မိနေသူများကို ခေါင်းငုံ့ကြည့်ရင်း သူတို့ကြေးနီကျွန်းအနေဖြင့် ရန်ကျောက်ကဲနှင့် ရန်ငြိုးဖွဲ့မိခြင်းမရှိသည်မှာ ကံကောင်းသည်ဟု စိတ်ထဲမှကြိတ်ပြီး တွေးလိုက်သည်။
ပြီးတော့ ကွမ်းမင်ဂိုဏ်းဆိုသည်က သူတို့နှင့်အတူ တာ့ရွှမ်တိုင်းပြည်ကို အတူတကွတိုက်ခိုက်ခဲ့ကြသော မဟာမိတ်များဖြစ်ပြီး သူတို့ကြားတွင် ကြီးကြီးမားမား ပဋိပက္ခမရှိခဲ့ပေ။
ရုန်းကန်နေရရှာသော ကွမ်းမင်ဂိုဏ်းမှလူများကိုကြည့်ရင်း ကုန်းစွန်းမင်က တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာခဲ့ပေ။
ကုဟုန်ကလည်း လော့ကျီးထောင်တို့အတွက် အသနားခံတောင်းဆိုပေးချင်သော်လည်း ၊ နေလတောင်ထွတ်ပြိုကျခါနီးတွင် လော့ကျီးထောင်က အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ သွားရောက်နိုင်သည့် ကောင်းကင်အက်ကွဲကြောင်းနေရာကို တာ့ရွှမ်မင်းဆက်အား လမ်းညွှန်ခဲ့သည်ကို သတိရသွားသည့်အခါ သက်ပြင်းသာချရင်း နှုတ်ဆိတ်နေမိတော့၏။
သူက ရန်ကျောက်ကဲကို စိတ်ပူပန်စွာ လှမ်းကြည့်လိုက်သည်။
ကောင်းကင်အက်ကွဲကြောင်းအခြေအနေကို သိရှိသည့်တိုင် ဤလူငယ်က အဘယ့်ကြောင့် သဘာဝပသာဒနယ်မြေသို့ရောက်လာပြီး ဤသို့သောကိစ္စကြီးကို လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါသနည်း။
ကုဟုန်နှင့်အခြားသူများကို လွတ်မြောက်အောင်ကူညီပေးပြီးနောက် ရန်ကျောက်ကဲမျက်နှာအမူအရာက ပေါ့ပေါ့ပါးပါးပင် ရှိနေသည်။
သူ၏ဓားချက်က ခန်းဖင်းထံသို့ နောက်တစ်ကြိမ် ထပ်မံကျရောက်သွားသည်။
ပထမဓားချက်ဖြင့်ဟန့်တားခံရပြီး ဒုတိယဓားချက်ဖြင့် ပိတ်ဆို့ခံလိုက်ရသည့်အခါ ခန်းဖင်းမှာ မယုံနိုင်စရာပင် တွင်းနက်ကြီးထဲပြန်ကျသွားသည်။
ခန်းဖင်း ပြန်ကျသွားသည်နှင့် ရန်ကျောက်ကဲက သူ၏ဓားကိုလှည့်ပတ်လိုက်ပြီး ရှေ့ဆင်းနောက်ဆင့်ပင် ဟယ်တုန်းချန် ၊ ကုကျန်းနှင့် လော့ကျီးထောင်တို့အုပ်စုဆီသို့ မရပ်မနား ထိုးနှက်ကာ သူတို့အားလုံးကို နစ်မြုပ်သွားစေသည်။
ခန်းဖင်းနှင့်အခြားသူများ ဒေါသတကြီး ပြိုင်တူအော်ဟစ်လိုက်ကြသော်လည်း မည်သို့မှမတတ်နိုင်စွာ တွင်းနက်ကြီးထဲ ပြုတ်ကျသွားတော့၏။
ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်လျှက် ရယ်မောလိုက်ရင်း...
“ဟက်... အရုပ်ရိုက်တဲ့ကစားနည်းအတိုင်းပဲ...”