← Chapters

သေစေနိုင်လောက်သည့် မိုးကြိုးစမ်းသပ်ချက်

Vol. 36 Ch. 492

သေစေနိုင်လောက်သည့် မိုးကြိုးစမ်းသပ်ချက်

Vol. 36 Ch. 492

အသက်မဲ့မြစ်သို့ ရောက်လာကြသည့် ကျင့်ကြံသူများမှာ အားနည်းသည့်သူ မပါရှိဘဲ ဤကဲ့သို့သော ရတနာကို အားလုံးနီးပါးက အာရုံခံစားမိကြလေသည်။

“ ဒီနေရာက ပါးမွှားတွေအကုန် မလွတ်စေနဲ့ ” ဆိုသော  စကား၏ နောက်ကွယ်၌ ထိုကျင့်ကြံသူများက သူတို့အားလုံးကို လွတ်ပေးမည့်အစား သတ်ပစ်ချင်နေ ကြခြင်းသာ ဖြစ်သည်။

အားလုံးက ထိုစကားကို ကြားပြီးနောက် ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူ အားလုံးမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက်သို့ ထွက်ပြေးဖို့ရာ ကြိုးစားကြတော့သည်။

အကယ်၍ သူတို့အားလုံး အပြင်ဘက်သာ ရှိနေပါက ငါးယောက်လုံးမှာ ထိုရာဂဏန်းလောက်ကို ဖမ်းနိုင်ကြောင်း ယုံကြည်ချက် ရှိကြသည်။ သို့သော်လည်း ယခု သူတို့အားလုံးက အသက်မဲ့မြစ် ကြမ်းပြင် ရောက်ရှိနေသည့် အချက်အပြင် ပြောင်းလဲမျှခြေ အဆောင်နှင့် ရောက်လာသည့်အတွက် သူတို့ငါးယောက်မှာ အားလုံးကို တပြိုင်နက် ဖမ်းဆီးနိုင်မည် မဟုတ်ပေ။

မိုဝူကျီက ထွက်ပြေးဖို့ရာ ကြိုးစားသောကြောင့် ပို၍ အသည်းအသန် ဖြစ်နေသည်။ မည်သူကမျှ  အပေါ်ယံ သွားလာနေသည့် သူများအစား  အသက်မဲ့မြစ် အနက်ပိုင်းအတွင်း သွားနေသည့် သူကို သတိမထားမိကြပေ။

နေ့ဝက်အကြာတွင် မိုဝူကျီက  အနက်ရောင် ဝဲဂယက် ရှိရာဆီ  ရောက်ရှိလာသည်။ အနက်ရောင် ဝဲဂယက်မှာ ပေါ်မလာ သေးသောကြောင့်  စိတ်ရှည်စွာ စောင့်ဆိုင်းရင်း ဘေးနားဝန်းကျင်၌ ပုန်းလျိုးကွယ်လျိုး နေနေရုံသာ တတ်နိုင်လေ၏။

လက်ရှိတွင် အလွန်မြန်သည့် ဒါမှမဟုတ်  ကျင့်ကြံသူ ငါးယောက် လက်မှ လွတ်မြောက်ပြီး ရေမျက်နှာပြင်ပေါ် ရောက်လာသည့် ကောင်းကင် အင်မော်တယ် အဆင့် ကျင့်ကြံသူမှာ လက်တစ်ဆုပ်စာသာလျှင် ရှိသည်။

မြစ်ကြမ်းပြင်မှ ထွက်ပြေးရသည့် ဆိုးကျိုးလည်း ရှိနေသေးပေသည်။ အကြောင်းမှာ တခြားနေရာတွင် ဖြစ်နေပါက ကျင့်ကြံသူ ငါးယောက်မှာ သူတို့အားလုံး လေးဖက်လေးတန် နေရာခွဲပြေးလိုက်သည်နှင့် ဖမ်းဆီးနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ယခု ထိုကျင့်ကြံသူများမှာ မြစ်ကြမ်းပြင်မှ ထွက်ပြေးနေရသည့်အတွက် ထိုအဆင့်မြင့် ကျင့်ကြံသူများ အတွက် သူတို့ကို မြစ်ကမ်းပါးမှ စောင့်ပြီး ထိန်းသိမ်း လိုက်ရုံသာ ဖြစ်၏။

အသက်မဲ့မြစ်အတွင်း နောက်ဆုံးမှ ရောက်ရှိလာသည့် ပိုဖုန်းသည် အင်မော်တယ်လောကမှ ငါးယောက်ကြားတွင် သိသိသာသာ  အားအကောင်းဆုံး ဖြစ်ပေသည်။

လက်ရှိတွင် သူက ဖမ်းမိထားသည့် ကောင်းကင် အင်မော်တယ် ရာကျော်ကို ဝေ့ကြည့် လိုက်ပြီးနောက်  ကျန်ရှိနေသော အင်မော်တယ်လောကမှ ကျင့်ကြံသူ လေးယောက်ကို ကြည့်ကာ ပြောလိုက်သည်

“ တာအိုရောင်းရင်းတို့  ... ဘူးသီးခြောက်က ကျုပ်တို့ထဲမှာ ရှိနေမယ်ဆိုတာ သေချာတယ်။ အမှန်တရားက မကြာခင် ပေါ်လာမယ်လိုလည်း ယုံကြည်တယ်။  ထွက်ပြေးသွားတဲ့ သူတွေလည်း မကြာခင် သူတို့အကြောင်း သိလာမှာပါ ”

“ မြစ်ကြမ်းပြင်မှာ တစ်ယောက်ယောက် ရှိနေသေးရင်ရော ” အနည်းငယ် ပုသည့် အမျိုးသားက ပိုဖုန်း စကားများကို မကျေမနပ် ထောက်ပြောလိုက်သည်။

ပိုဖုန်းက ထိုခပ်ပုပု ကျင့်ကြံသူ၏ စကားများက မည်မျှ မှန်ကန်နေကြောင်း သတိထားမိ၍  အနည်းငယ် တုန်ယင်မိသွားသည်။

အကယ်၍ တစ်ယောက်ယောက်က ထွက်မပြေးဘဲ မြစ်ကြမ်းပြင်တွင် ပုန်းခိုနေခဲ့လျှင်  ......

“ ဘယ်သူပဲ ဖြစ်ဖြစ် သူတို့ အသက်မဲ့မြစ်ထဲ ရောက်သွားတာနဲ့ တစ်ယောက်ယောက်က သတိပြုမိမှာပဲ ” ပိုဖုန်းက ဖြေလိုက်သည်။

အသက်မဲ့မြစ်မှာ အဆုံးမဲ့ကာ  ကျယ်ပြောလှသည့်အတွက် တစ်ယောက်ယောက်သာ မြစ်ကြမ်းပြင်၌ ပုန်းခိုနေမည် ဆိုပါက သူတို့လက်ရှိ စွမ်းအားဖြင့် ရှာဖွေရန် အမှန်တကယ် ခက်ခဲပေလိမ့်မည်။

မိုဝူကျီက နှစ်နာရီလောက် စောင့်ဆိုင်းပြီးနောက် အနက်ရောင် ဝဲဂယက်မှာ နောက်ဆုံး၌ ပေါ်လာပြီ ဖြစ်ရာ အထဲ ဝင်လိုက်တော့သည်။

မိုဝူကျီ ထိုအနက်ရောင် ဝဲဂယက် အတွင်း ဝင်သွားသည်နှင့် နေရာ တစ်လျှောက်၌ ကြောက်ခမန်း လိလိ စိတ်စွမ်းအားက ကျရောက် လာသည်။ ထိုစိတ်စွမ်းအားမှာ  ကျင့်ကြံသူ ငါးယောက်၏ စိတ်စွမ်းအားထက် အဆများစွာ ပိုများပေသည်။

ထိုစိတ်စွမ်းအားမှာ မိုဝူကျီ စောင့်နေခဲ့သည့် နေရာ၌ ခဏ ရပ်တန့်သွားပြီး မကြာခင်တွင်  ပြန်ရွေ့လျား သွားသည်။ စိတ်စွမ်းအားဖြင့် မြစ်ကြမ်းပြင် တစ်ခုလုံးကို စစ်ဆေးကြည့်ခြင်းမှာ   ရပ်တန့် မသွားပေ။

စိတ်စွမ်းအားက အသက်မဲ့ မြစ်မျက်နှာပြင်ရှိ ကျင့်ကြံသူ ငါးယောက်ဆီ ရောက်ရှိလာသည့် အခါ အားလုံးက စိတ်စွမ်းအားကို ခံစားမိ၍  ချက်ချင်း ဦးညွတ်ကာ လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်  “ ကောင်းကင် ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ် ”

“ အသက်မဲ့ တာအိုဂိုဏ်းရဲ့ ရတနာကို ဘယ်သူ ရလိုက်တာလဲ ” ခမ်းနားထည်ဝါသည့် စိတ်စွမ်းအားကို အားလုံးက ခံစားမိကြသည်။

ပိုဖုန်းက အားအကောင်းဆုံး ဖြစ်သော်လည်း ကောင်းကင် ဧကရာဇ် မေးလိုက်သည်နှင့် သူတို့ တွေ့လျက်သားနှင့် ဘာမှ မရခဲ့ကြောင်း သိသွားသည်။ သူက ဘာမှ မရလိုက်မှန်း သိလိုက်သော်လည်း ပိုဖုန်းက မတ်တတ်ရပ်ကာ လေးလေးစားစား ရိုးကျိုးစွာ ပြောလိုက်သည်

“ ဘူးသီးခြောက်က ရုတ်တရက် ပျောက်သွားလို့ ကျတော်တို့တွေ ရှာနေကြဆဲပါ ..... ”

ဩဇာတိက္ကမ ကြီးမားသော စိတ်စွမ်းအားက ရှင်းလင်းသွားကာ မှိန်ဖျဖျ ပုံရိပ်က ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။

ထိုစဉ် မိုဝူကျီက အင်မော်တယ်ဖွေရှာ လှေကားထစ် ကိုးထစ်မြောက်တွင် ရောက်ရှိနေပြီး သူ့ခန္ဓာကိုယ်မှ စတင်၍ ဝေဝါးလာပြီ ဖြစ်၏။ အကြောင်းမှာ သူက လှေကားထိပ်ရှိ မြူခိုးကြား ဝင်ရောက်နေပြီ ဖြစ်၍ ဖြစ်ပေသည်။

မိုဝူကျီ၏ ဝဲဂယက် စွမ်းအားစက်ကွင်းကို ထုတ်လွှင့် ထားသောကြောင့်  အင်မော်တယ်ဖွေရှာ လှေကားမှ သူ့အပေါ် ကျရောက်လာသော ဖိအားများမှာ မပြောပလောက်ပေ။

နာရီအတော်ကြာတွင် သူ့ခြေထောက်အောက်မှ အားပြင်းပြင်း တစ်ခု သယ်ဆောင်သွားသည့် အလား  မိုဝူကျီ၏ ခန္ဓာမှာ ပေါ့ပါးလာပေသည်။

“ဘုန်း ....”  မိုဝူကျီက အပြိုအပျက်ကြားထဲ  ပစ်လွှတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သိပ်သည်းလှသော အင်မော်တယ် ဝိညာဉ်စွမ်းအားများကို ခံစားမိသော်လည်း မိုဝူကျီက စတင်၍ မကျင့်ကြံခင် သူ့ချီသွေးကြောများမှာ ပွင့်ထွက်သွားလေ၏။

သူက စိတ်စွမ်းအားဖြင့် အာရုံခံကြည့် လိုက်သည့်အခါ သူ ရှိနေသည့် အပြိုအပျက်နေရာမှ လွဲ၍ သူနှင့် အဝေးတစ်နေရာတွင် မြူများနှင့်အတူ တောင်အထပ်ထပ် ရံနေသော နယ်နမိတ်ကြီး တည်ရှိနေသည်။

ကြည့်ရသည်မှာ အင်မော်တယ်လောက ဖြစ်ပုံ ပေါ်ကာ အသက်မဲ့ မြစ်အတွင်းမှ အင်မော်တယ် ဖွေရှာလှေကားမှ ထွက်လာကြသော သူများမှာ  ကြုံရာကျပန်း နေရာများ ရောက်ဟန် ရှိ၏။ ပြဿနာမှာ သူက မည်သည့် အင်မော်တယ်နယ်မြေတွင် ရှိနေမှန်း မသိပေ။

မိုဝူကျီက တည်နေရာအကြောင်း စဉ်းစားနေစဉ် ပြင်းထန်သည့် အားတစ်ခုက သူ့အား ပိတ်လှောင်ထားပြီး  သူ့ခေါင်းထက်မှ ကောင်းကင်မှာ မှုန်မှိုင်း လာပေသည်။

ကြည့်ရသည်မှာ မိုးကြိုးစမ်းသပ်ချက် များလား ....

မိုဝူကျီက ခေါင်းမော့ကြည့်လိုက်သည့်အခါ တိမ်မည်းများနှင့် လျှပ်စီးများပင် မြင်နေရသည်။ သူက ကျင်းရှန်းအဆင့် တက်လှမ်းရန် အဆင့်သင့် မဖြစ်သေးသော်လည်း  ဤအရာမှာ ကျင်းရှန်း အဆင့် မိုးကြိုးစမ်းသပ်ချက် မဟုတ်လျှင် ဘာဖြစ်ရဦးမည်နည်း။

အသက်မဲ့မြစ်ရှိ အင်မော်တယ် ဖွေရှာလှေကားမှ ထွက်လာသူတိုင်း  မိုးကြိုးစမ်းသပ်ချက်ကို ဤသို့ ဖြတ်ကျော်ရသည်လား .....

ထိုအတွေးဖြင့် မိုဝူကျီက ကိစ္စတစ်ခုကို စိုးရိမ်လာမိသည်။

သူ့က သူ့ကိုယ်ပိုင် မိုးကြိုး စမ်းသပ်ချက်ကို စိုးရိမ်နေခြင်း မဟုတ်ပေ။ အကြောင်းမှာ သူ့ကမ္ဘာလေး ဖြစ်တည်လာစဉ်က ကြောက်ခမန်းလိလိ မိုးကြိုးစမ်းသပ်ချက်များ ခံယူပြီးပြီ  ဖြစ်ရာ သူ့အား စိုးရိမ်စေနိုင်မည့် မိုးကြိုးစမ်းသပ်ချက် ရှိဦမည်လား။

သူက လော့ချွမ်းဟယ်၊ ကူယာတို့ကို စိတ်ပူမိနေခြင်း ဖြစ်၏။ သူတို့အားလုံးသာ ထိုသို့ စမ်းသပ်ချက်မျိုး ခံယူရလျှင်  အင်မော်တယ် လောက၌ မည်မျှသာ အသက်ရှင် ကျန်ရစ်မည်နည်း။

“ ဘုန်း ဘုန်း ဘုန်း  ” မိုးကြိုးကိုးချက်က ကျရောက်လာကာ မိုဝူကျီက ဘာကိုမှ မတွေးတော့ဘဲ လက်သီးချက် အနည်းငယ်သာ ပစ်လွှတ်လိုက်သည်။

ထိုမိုးကြိုးကိုးချက် ကျရောက်လာသည်နှင့် မိုဝူကျီက သူ့အရိုးများ ကျိုးသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။

“ ဘမ်း ” မြေကြီးများပင် တက်လာပြီး မိုဝူကျီကို ရွံ့နွံထဲ ရောက်သွားစေသည်။

မိုးကြိုးချက် ပထမအလှည့် ရှိသေးသော်လည်း မိုဝူကျီက အင်မော်တယ် လောကရှိ  မိုးကြိုးစမ်းသပ်ချက်၏ အမျက်ဒေါသကို ခံစားမိနေလေပြီ။ သူက ထိုသို့မျိုး မိုးကြိုး စမ်းသပ်ချက်မျိုး ကြုံတွေ့ဖူးသော်လည်း  သူက အချိန်ကြာလာလျင် သေချာပေါက် အားနည်း လာလိမ့်မည်။

အင်မော်တယ် ကုသဆေးလုံးတချို့ သောက်သုံးလိုက်ပြီးနောက် မိုဝူကျီက ပုံမှန်အားဖြင့် သူက မိုးကြိုးစမ်းသပ်ချက် ခံယူရာ၌ သုံးလေ မရှိသော်လည်း   သူ့မှော်ရတနာကို ဆွဲထုတ်ရုံမှ အပ ရွေးချယ်စရာ မရှိတော့ပေ။

“ ဘုန်း ဘုန်း ဘုန်း  ”

ဒုတိယအကြိမ်မြောက် မိုးကြိုးချက်များ ကျရောက်လာသည့်အခါ ယခုအခါမှာ ယခင် ပထမအကြိမ်ထက် ပို၍ အားများစွာ ကောင်းကြောင်း ခံစားမိလိုက်သည်။

မိုဝူကျီက တခြားအရာများကို ဂရုမစိုက်ဘဲ သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှာ  လခြမ်းကွေး ပုဆိန်လှံရှည် အလင်းအဖြစ် ပြောင်းလဲသွားပြီး မိုးကြိုးဓားတချို့နှင့်အတူ   မိုးကြိုးတိမ်တိုက်များဆီ ပို့လွှတ်လိုက်သည်။ သူ့ချီသွေးကြောများမှာ စတင်၍ လှည့်ပတ်လာပြီး ဧရာမ ဝိညာဉ်စွမ်းအား လှည့်ပတ်ကြောင်း တစ်ခု ဖြစ်ပေါ်လာစေသည်။

သူ့ခန္ဓာပေါ် ကျရောက်နေသော မိုးကြိုးချက်များမှာ စတင်၍ သူ့ချီသွေးကြောထဲ စီးဝင်လာကြပြီး မိုဝူကျီ၏ ကျင့်ကြံခြင်း အရင်းအမြစ် အဖြစ် ပြောင်းလဲသွားကြသည်။

အသက်ဓာတ် လမ်းကြောင်းက မိုဝူကျီ၏ ကျိုးသွားသော အရိုးများကို ပြန်လည် ကုစားပေးနေပြီး အင်မော်တယ် ဆေးလုံးများ အကျိုးကျေးဇူးနှင့် ပေါင်းစပ်လိုက်သည့်အခါ မိုဝူကျီ၏ ပြန်လည် ကောင်းလာနှုန်းမှာ တိုးလာလေသည်။

မိုဝူကျီ၏ ဒဏ်ရာများမှာ သေချာ မပျောက်ကင်း သေးသော်လည်း တတိယ အကြိမ်မြောက်နှင့် စတုတ္ထအကြိမ်မြောက် မိုးကြိုးချက်များ ကျရောက်လာသည့် အခါ မိုဝူကျီက သွေးအန်သွားသည်။ ထိုမိုးကြိုးချက် နှစ်ကြိမ် ခံစားပြီးနောက် မိုဝူကျီ၏ ချီသွေးကြော တချို့ပင်  ပျက်စီးသွားလေ၏။

ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်တဲ့ စမ်းသပ်ချက်လဲ ....

သူက ကိုယ်တိုင် ကြုံတွေ့ခံစားပြီးသား ဖြစ်သော်လည်း  သိပ်သည်းလှသော လျှပ်စီးအားများက ဤအရာလောက် ကြောက်စရာ မကောင်းပေ။

ဘာတွေ  ဖြစ်နေတာလဲ ....

“ ဘမ်း ”

မိုဝူကျီ၏ ခါးလည်း ကျိုးသွားပြီး အသက်ဓာတ် လမ်းကြောင်းနှင့် သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့၏ အကူအညီဖြင့် သူက မတ်တတ်ပင် မရပ်နိုင်ပေ။ သူ၏ ပြန်လည်ကောင်းမွန်လာနှုန်းမှာ  ထိခိုက်ဒဏ်ရာ ရနှုန်းကို မမီတော့ပေ။

မိုဝူကျီအတွက် သေသည့်အထိ ခြိမ်းခြောက်ခံရသည့်  ပထမဦးဆုံးသော အကြိမ် ဖြစ်ပေ၏။ သူက ခေါင်းကို မော့ရင်း ကောင်းကင်တစ်ခွင် အပြည့်ဖြစ်နေသည့် တိမ်မည်းများကို ကြည့်လိုက်သည်။ သူက  တစ်ခုခု မြန်မြန်  မတွေးမိပါက ဤမိုးကြိုးစမ်းသပ်ချက် အောက်တွင် သေဆုံး သွားနိုင်သည်။

မိုဝူကျီက အပြာရောင်ဆေးသုံးလုံး သောက်သုံးလိုက်ပြီး အင်မော်တယ် ကျောက်များကို ဆုပ်ကိုင် ထားလိုက်သည်။ သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှာ ပျက်စီးသွားသော ချီသွေးကြောများကို ပြန်လည်ကုသပေးရန် ကြိုးစားနေစဉ် သူက ကျင်းရှန်းအဆင့် တက်လှမ်းရန် ပြင်ဆင် လိုက်သောကြောင့်  အခြားသော ချီသွေးကြောများမှာ  အင်မော်တယ် ဝိညာဉ်စွမ်းအားကို အရူးအမူး စုပ်ယူနေကြသည်။

မိုဝူကျီက စိတ်ဖောက်သွားသည် မဟုတ်ဘဲ ထိုနည်းလမ်းမှာ သူ့အတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်၍ ဖြစ်သည်။ မဟုတ်လျှင် သူက  မြေမှုန့် လျော့ပါးခြင်း ဆေးလုံး သုံးလုံးလုံးကို တစ်ခါတည်း  သောက်ခဲ့မည် မဟုတ်ပေ။

သူက မိုးကြိုး စမ်းသပ်ချက်များ မခံယူနိုင်‌တော့သောကြောင့်  ကျင်းရှန်းအဆင့် တက်လှမ်းရန် မိုးကြိုး စမ်းသပ်ချက် ခံယူရမည်ဆိုလျှင် သူက စက္ကန့်ပိုင်းလေး အတွင်း ပြာကျ သွားပေလိမ့်မည်။

သို့သော်  သူက ကျင်းရှန်းအဆင့် မိုးကြိုး စမ်းသပ်ချက်ကို လက်မခံလျှင် သူ့ကျင့်ကြံဆင့်က မတိုးတက်နိုင်သည့်အပြင် သေသွားနိုင်ပေ၏။

အကယ်၍ သူက ကျင်းရှန်းအဆင့် ကျင့်ကြံသူအဖြစ် ကံကောင်း၍ ရောက်ရှိခဲ့လျှင် အသက်ရှင် နိုင်မည့် အခွင့်အရေး မှိန်ပျပျ ရှိလာလိမ့်မည်။

ပြင်းထန်သော အင်မော်တယ် ဝိညာဉ်စွမ်းအားများက  မိုဝူကျီ၏ ကောင်းကင်အင်မော်တယ် အဆင့် ချုပ်နှောင်ထားသော အတားအဆီးများကို ပြေလျော့ သွားစေပြီး တုန်ခါလာစေသည်။

“ ဘုန်း ဘုန်း ဘုန်း ” နောက်ထပ် မိုးကြိုးချက်များ ကျရောက်လာသောကြောင့်  ပြန်လည် ကောင်းမွန် လာသော အရိုးများက နောက်တစ်ဖန် ပြန်ကျိုး သွားပြန်သည်။ ကောင်းကင်မှ ပြင်းထန်လွန်းသည့် မိုးကြိုးစမ်းသပ်ချက်မှာ အားနည်းမသွားဘဲ  နောက်တစ်ဆတိုး၍ အားကောင်း လာသေးသည်။

မိုဝူကျီက ကျင်းရှန်းအဆင့် မိုးကြိုးစမ်းသပ်ချက်ကို နှိုးဆွမိမှန်း ကောင်းကောင်း သိပေသည်။ သူ အသက်ရှင်သည် ဖြစ်စေ၊ သေသည် ဖြစ်စေ  နောက်ထပ် ကျရောက်လာမည့် မိုးကြိုးချက်က သူ့အား အတားအဆိးများ လွတ်၍ ကျင်းရှန်းအဆင့် ရောက်စေမလားဆိုသည့် ကိစ္စရပ်တွင် မူတည်နေပေ၏။

“ ဘုန်း ဘုန်း ဘုန်း ” ကောင်းကင်တွင် လျှပ်စီးများဖြင့် ပြည့်နှက်နေပြီး မှုန်မှိုင်း သွားလေသည်။ ကောင်းကင်ပြာ မြင်ရဖို့ပင် နေရာလွတ်လေး မကျန်ရှိတော့ပေ။

မိုးကြိုးဆယ်ချက် ကျရောက်လာပြီး မိုဝူကျီ၏ ဝိညာဉ်ဆီ သေစေလောက်သည့် စွမ်းအားက ဖောက်ထွင်းသွားသည်။ သူ့အသိစိတ် ပင်လယ်မှာ တုန်ခါလာပြီး သူ့ဝိညာဉ်ပင် ညည်းတွား လိုက်ရသည်။

လခြမ်းကွေး ပုဆိန်လှံရှည် အလင်းများက ကောင်းကင်ဆီ ပစ်လွှတ်လိုက်ပြီး သူ့လျှပ်စီးကွန်ရက်နှင့် ဓားများကိုလည်း ကောင်းကင် ရှိရာဆီ ပစ်လွှတ် လိုက်တော့သည်။  အဆင့် ၂ အင်မော်တယ် ဒိုင်းကာပင် ထုတ်ယူလိုက်သည်။

ထိုစဉ် မိုးကြိုးချက်များကို ပို၍ တားဆီးသွားနိုင်ပြီး အသက်ရှင်နိုင်မည့် အခွင့်အရေး ပိုများ လာပေလိမ့်မည်။

“ ဘုန်း ဘုန်း ”

ကာကွယ်ရေး ဒိုင်းများမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားကာ မိုဝူကျီ၏ လျှပ်စီးကွန်ရက်နှင့် လျှပ်စီးဓားများမှာလည်း ခဏမျှတာ တောင့်ခံနိုင်လေသည်။

အဆုံးမဲ့ မိုးကြိုးအားများက မိုဝူကျီပေါ် ကျရောက်လာပြီး သူက ဘယ်လိုမှ တောင့်ခံ မထားနိုင်တော့ပေ။ သူ့ကောင်းကင်အင်မော်တယ် အတားအဆီးများ အားလုံး ကျိုးပျက်သွားပြီး မိုးကြိုး စမ်းသပ်ချက် အတွင်း ပထမဆုံးအကြိမ် မေ့မြောသွားခြင်း ဖြစ်သည်။

မိုဝူကျီ မေ့မြောသွားသော်လည်း  ချီသွေးကြော ၁၀၈ ခုတို့မှာ  အသည်းအသန် လှည့်ပတ် နေကြ၍ သူ့အင်အား တိုးပွားမှုမှာ လျော့ကျမသွားပေ။

မသိစိတ်အတွင်းမှ အသိစိတ်ပင်လယ်မှာ ဆက်တိုက် ကျယ်ပြန့်နေပြီး သူ့ချီသွေးကြော များမှာလည်း ပို၍ ကျယ်လာကြသည်။ မိုးကြိုးချက် နှစ်ချက် ကျရောက်လာသည့်အခါ  သူက ဘာမှ လုပ်ရန် မလိုလိုက်ဘဲ  သူ့ခန္ဓာက လျှပ်စီးအဆီအနှစ်များကို စုပ်ယူပေးသွားပြီး သူ့ကျင်းရှန်းအဆင့်ကို အခြေတည်သွားစေသည်။

***

All Chapters