← Chapters

အင်မော်တယ်ဝင်ရိုး မပါရှိဘဲ တက်လှမ်းခြင်း

Vol. 36 Ch. 493

အင်မော်တယ်ဝင်ရိုး မပါရှိဘဲ တက်လှမ်းခြင်း

Vol. 36 Ch. 493

မိုဝူကျီ  နှိုးလာသည့်အခါ မိုးကြိုးစမ်းသပ်ချက်မှာ ပြီးဆုံးသွားပြီး မနက်နေရောင်ခြည်က မိုဝူကျီဆီ ဖြာကျနေပြီး အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။

မိုဝူကျီက အင်မော်တယ်စွမ်းအား အမြောက်အများနှင့် အသိစိတ် ပင်လယ်ကို ခံစားမိလိုက်သည့် အခါ သူက  အသားကုန် ဟစ်ကြွေး၍ အော်ဟစ် လိုက်ချင်မိသည်။ သူက ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူထက် ဆယ်ဆမက အားကောင်းသည့် ကျင်းရှန်းအဆင့် ကျင့်ကြံသူ ဖြစ်နေလေပြီ။ ယခင် သူ ကောင်းကင် အင်မော်တယ် အဆင့်တွင် ရှိစဉ်က  ကျင်းရှန်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်နိုင်ခြင်းမှာ ယုံရင် အစွန်းအဖျားနေရာရှိ မိုးနှင့်မြေ တားမြစ်ချက်များကြောင့်သာ ဖြစ်ပေသည်။ ထို့အပြင် ထိပ်တန်း ပါရမီရှင်များက ပြောင်းလဲမျှခြေ အဆောင်ကို အသုံးပြု၍  ယုံရင်အစွန်းအဖျားနေရာသို့ မလာချင်ကြပေ။

“ အင်မော်တယ်ဝင်ရိုး မဖွဲ့စည်းဘဲ  ကျင်းရှန်းအဆင့်ထိ မတက်လှမ်းနိုင်ပေ”

ထိုစကားမှာ သူ့အတွက် မှန်ပုံ မပေါ်ပေ။ သူက အင်မော်တယ် ဝင်ရိုးကို  မဖွဲ့စည်း နိုင်ခဲ့သော်လည်း အခြားလူများကဲ့သို့ ကျင်းရှန်းအဆင့် တက်လှမ်းနိုင်ခဲ့သေး၏။

မိုဝူကျီက အော်ဟစ်ချင်စိတ်ကို ထိန်း၍ မတ်တတ် ရပ်လိုက်ကြသည်။ မိုးကြိုးချက်များကြောင့်  သူ့အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး မျက်နှာနှင့်လည်ပင်း၌ အမာရွတ်များ ဒလပွ ဖြစ်နေသည်။ သူ့အတွင်း ဒဏ်ရာများ အားလုံးမှာ ပြန်ကောင်းလုနီးပါး ဖြစ်နေသော်လည်း သူ့အရေပြားပေါ်မှ အမာရွတ်များမှာ ပျောက်ကင်းမသွားသေးပေ။ သို့သော်လည်း မိုဝူကျီက သူ့အသက်ဓာတ် လမ်းကြောင်း တစ်ပတ် လှည့်ပတ်လိုက်ရုံသည်နှင့် ထိုမိုးကြိုးချက် အမာရွတ်များ ချက်ချင်း ပျောက်ကင်းသွားမည် ဖြစ်ကြောင်း သိပေသည်။

မိုဝူကျီက အသက်ဓာတ် လမ်းကြောင်းကို မလှည့်ပတ်ဘဲ သူ့အမာရွတ်များကို ဤအတိုင်း ထားထားလိုက်သည်။ သူက နာမည်ပြောင်းဖို့ရာပင် ကြံရွယ်ထားသေး၏။ သို့မဟုတ်လျှင် သူ ဘာကိုမျှ မလုပ်ခင်  အနည်းဆုံးတော့  လုံလုံလောက်လောက် အားကောင်းသည့် အထိ စောင့်ရပေမည်။

ယင်ပြန့်မြို့၌ နှစ်ကြိမ်တိုင်တိုင် အရှုပ်အထွေးများ ပြုလုပ်ပြီးနောက် သူက လူမည်မျှ ကို ရန်စမိခဲ့မည်ကို မည်သူ သိမည်နည်။ ပို၍ အရေးကြီးသည်က သူက အင်မော်တယ် လောကသို့  မရောက်ခင် အသက်မဲ့ တာအိုဂိုဏ်းရှိ ဘူးသီးခြောက်ကို လုယက်မိခဲ့သေး၏။

ဘူးသီးခြောက်မှာ သူ့ထာဝရ ကမ္ဘာလောကထဲ ရှိနေ၍  မိုဝူကျီက စိတ်စွမ်းအား သုံး၍ စစ်ဆေး မကြည့်ရဲပေ။ ထာဝရ ကမ္ဘာလောကထဲရှိ  ဘူးသီးခြောက်ကို မထိတွေ့ခင် သူ့ရည်ရွယ်ချက်မှာ အန္တရာယ်ကင်းသည့် နေရာတစ်ခု ရှာပြီး ကာကွယ်ရေး အစီအရင်များ ခင်းကျင်းရမည်။ ဘူးသီးခြောက်က ခန္ဓာကိုယ်ရှိ အညစ်အကြေးများကို ဖယ်ရှားနိုင်စွမ်း ရှိ၍ မည်သို့ သာမာန် ဖြစ်မည်နည်း။ အင်မော်တယ် လောကမှာ  ယုံရင် အစွန်းအဖျား နေရာကဲ့သို့ မဟုတ်ပေ။ ဤနေရာရှိ ပါရမီရှင်အရေအတွက်များစွာ ရှိသည့်အတွက် သူက ထိုစွမ်းအင် နည်းနည်းလောက်သာ ထုတ်ဖော်မိလိုက်သည်နှင့် ပါရမီရှင်များစွာက သူ့ဆီ ရောက်လာပြီး သတ်ပစ်လိမ့်မည်။

ဆေးကြောသန့်စင်ပြီးနောက် မိုဝူကျီက အဝတ်အစား အသစ် လဲလှယ် ဝတ်လိုက်သည်။ သူက ကျင်းရှန်းအဆင့် တက်လှမ်းပြီးနောက် မည်မျှ သာမာန်ဖြစ်သွားကြောင်း  ယခုအခါမှ သတိပြုမိသွားသည်။  သူဆီမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအား အရိပ်အယောင် နည်းနည်းမျှပင် မရှိတော့ချေ။ အကယ်၍ သူ့ကို သေမျိုးလောကထဲ ပစ်ချလိုက်လျှင်ပင် မည်သူမျှ သူနှင့် သာမာန် သေမျိုးကြားမှ ခြားနားချက်ကို ပြောနိုင်မည် မဟုတ်ပေ။

“ ဝါး ... လက်နက်ကောင်းလေးပဲ ” တအံ့တဩ ရေရွတ်သံကို ကြားလိုက်ရပြီးနောက် မိုဝူကျီက မနီးမဝေး တစ်နေရာမှ အသားရေ ခပ်လတ်လတ် အမျိုးသား တစ်ယောက်မှာ သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ကိုင်ထားကြောင်း မြင်လိုက်ရသည်။

မိုဝူကျီက လက်ကို ဆန့်ထုတ်ကာ တျန်းဂျီတုတ်ကို ကောက်ယူပြီးနောက် လက်နှစ်ဖက် ယှက်ကာ  ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်  “ တာအိုရောင်းရင်းရဲ့ လက်ထဲက  မှော်ရတနာက ကျုပ်ဟာပါ။ ကျုပ် မိုးကြိုး စမ်းသပ်ချက် ခံယူတုန်း မတော်တဆ လွတ်ကျသွားတာပါ ”

မိုဝူကျီက ယဉ်ယဉ်ကျေးကျေး စကားဆိုလိုက်ခြင်းမှာ ပြဿနာ မဖြစ်လို၍ ဖြစ်သည်။ မဟုတ်လျှင် သူက လခြမ်းကွေး ပုဆိန်လှံရှည်ကို သုံးလွှာအထိ မွမ်းမံသန့်စင်ပြီးသွားပြီ ဖြစ်၍  လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုလခြမ်းကွေး ပုဆိန်လှံရှည်မှာ သူ့လက်ထဲ ပျံသန်းကာ ရောက်ရှိလာလိမ့်မည်။

အသားခပ်လတ်လတ် အမျိုးသား၏ မျက်နှာထားမှာ အေးစက်လာပြီး  “ မင်းက ဘာလဲ။  ဒီလူ ကောက်သမျှ အားလုံးက မင်းဟာလား။ မင်းက ဒီဟာကို ဘယ်လို သုံးရမယ် ဆိုတာတောင် သိလို့လား ”

ထိုလူ စကားအဆုံးတွင်  ပုံရိပ်မည်း နှစ်ခုက ပျံသန်း ရောက်ရှိလာကာ သူတို့နှင့် မနီးမဝေးနေရာ၌ ဆင်းသက် လိုက်ကြသည်။ တစ်ယောက်မှာ လူလတ်အမျိုးသားဖြစ်ကာ နောက်တစ်ယောက်မှာ မိန်းမငယ်လေး ဖြစ်၏။

“ သခင်လေး ဘာတွေ ဖြစ်နေတာလဲ ” ပြောလိုက်သူမှာ လူလတ်အမျိုးသား ဖြစ်ပေသည်။

လူလတ်အမျိုးသား ကြောင့် မိုဝူကျီက တိုက်ခိုက်လိုစိတ်ကို နောက်တစ်ဖန် ချုပ်ထိန်း ထားလိုက် ရပြန်သည်။ ဤလူလတ်အမျိုးသား၏ ကျင့်ကြံဆင့်မှာ သူထင် မြင့်ပြီး ထိုသူမှာ ရွမ်ရှန်းအဆင့် ဖြစ်လောက်ကြောင်း ခန့်မှန်းမိ၏။ ထိုလူ၏ အငွေ့အသက်များကို ခံစားမိပြီး သူက အများဆုံး အစောပိုင်း ရွမ်ရှန်းအဆင့်၌သာ ရှိသေးလောက်သည်။

“ သခင်လေးဖြစ်တဲ့ ကျုပ်က  မပြီးပြည့်စုံတဲ့ မှော်ရတနာ တစ်ခု ကောက်ရတာကို ဒီလူက သူ့ဟာဆိုပြီး ပြောနေတယ်။ ကျုပ် ကုန်းရှင်းဟောက် ဘဝမှာ ဒီလိုမျိုး စိတ်ကြီးဝင်နေတဲ့ ပထမဆုံး တွေ့ဖူးတာပဲ  ... ဟားဟား ” အသားခပ်လတ်လတ် အမျိုးသားက ရက်စက် ယုတ်မာစွာ ရယ်မောလိုက်သည်။

“ မင်း ကုန်းရှင်းဟောက်သာ စိတ်ကြီးဝင်နေတာကို အခြားသူသွားပြီး စိတ်ကြီးဝင်တယ် ပြောရဲသေးတယ်လား ... ငါတော့ ဒီလိုမျိုး ကိစ္စ ပထမဆုံး ကြားဖူးတာပဲ ” နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြီး လူငယ်လေး တစ်ယောက် ရောက်လာသည်။

မိုဝူကျီက ဤကျင့်ကြံသူမှာ သူသိသည့် ဟော်ယွိချန်နှင့် ဆင်တူကြောင်း ခံစားမိလိုက်သည်။ ဟော်ယွိချန်က ထိုသူထက် ပိုခေါင်းမာဟန် ပေါ်သော်လည်း ဟော်ယွိချန်၏ ကျင့်ကြံဆင့်မှာ ထိုလူငယ်လေးနှင့် အလှမ်း ကွာလွန်း လှပေသည်။ မိုဝူကျီ၏ မှန်းဆချက်အရ ဤလူငယ်လေးမှာ ကျင်းရှန်း ပြီးပြည့်စုံခြင်းအဆင့် ရောက်နေလောက်သည်။

ကုန်းရှင်းဟောက်က ထိုလူငယ်ကို စိတ်ထဲ မထားသည့်အလား လျစ်လျူရှုထား၏။

“ ဂျုနီယာညီမလေး ရှီလီ မတွေ့တာ ကြာပြီနော် ” ရောက်လာသည့် လူငယ်လေးက ကုန်းရှင်းဟောက်ကို မချေမငံ့ ဆက်ဆံပြီးနောက်  မနီးမဝေးမှ  တစ်ယောက်ကို နှုတ်ဆက် လိုက်သည်။

မိုဝူကျီလည်း ထိုမိန်းကလေးကို မြင်လိုက်ရသည်။ ထိုမိန်းကလေးမှာ ဤနေရာသို့ လာရန် ဆန္ဒရှိပုံ မပေါ်ဘဲ ထိုလူငယ်က သူမအား ခေါ်လိုက်သည့် အတွက် ရောက်လာရုံမှ အပ ရွေးချယ်စရာ မရှိတော့ချေ။ သူမက လေးလေးစားစား ဦးညွှတ်ကာ  “ရှီလီက  အင်မော်တယ် ကမ်းပါးမြို့က  စီနီယာ အစ်ကို ကျုံးနဲ့ ဓားကြီးတောင်က  စီနီယာအစ်ကိုကုန်း တို့ကို နှုတ်ဆက်ပါတယ်ရှင် ..... ”

ထိုအမျိုးသမီးက အပြာခပ်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ နောက်ကျော၌  ဓားရှည် တစ်ချောင်း သယ်ဆောင် ထားသည်။ သူမ တစ်ကိုယ်လုံးမှာ တိမ်ကဲ့သို့ ပေါ့ပါးနေဟန် ရှိသည်။ သူမက အလွန်နူးညံ့သိမ်မွေ့ပြီး လှပကာ သူမနှင့် နီးကပ်စေချင်သည့် ဆန္ဒများကို ဖြစ်ပေါ်စေသည်။

လူငယ်လေးက ရယ်မောလိုက်ရင်း မိုဝူကျီဘက် လှည့်ကာ  “ ဒီက တာအိုရောင်းရင်း ... ကုန်းရှင်းဟောက်က ခင်ဗျား ပစ္စည်းကို ယူသွားခဲ့တာလား။ ဓားကြီးတောင်ရဲ့ သခင်ငယ်လေးက သူများ ပစ္စည်းကို အတင်းကျပ် ယူသွားခဲ့တာ ဟုတ်လား ဆိုတာကို  ကျုပ်ကိုယ်တိုင်  နှင်းခဲဖုံးလွှမ်း အင်မော်တယ် ရေကန်ဆီက  ဂျူနီယာ ညီမလေးရှီလီကို မျက်မြင်သက်သေ လုပ်ပေးဖို့ ဖိတ်ကြားချင်ပါတယ်”

မိုဝူကျီက ရှီလီ လျှောက်လှမ်းလာပြီးနောက်တွင် ကုန်းရှင်းဟောက်၏ အထက်စီးဆန်ဆန် လေသံမှာ အနည်းငယ် ပျော့ပျောင်းသွားကြောင်း သတိထားမိလိုက်သည်။ သူက  သူ့နူးညံ့သည့် အခြမ်းကို ရှီလီကို ပြသချင်နေပုံ ပေါ်သည်။

မိုဝူကျီက  အင်မော်တယ်ကမ်းပါးမြို့မှ ကျုံးမျိုးရိုးနာမည်နှင့် ကျင့်ကြံသူက သူ့အား အသုံးချ၍ ကုန်းရှင်းဟောက်ကို  ရန်စနေမှန်း သိသော်လည်း မိုဝူကျီက လက်နှစ်ဖက် ယှက်လျက်

“ မိုရှင်းဟယ်က တာအိုရောင်းရင်းတို့ကို နှုတ်ခွန်း ဆက်ပါတယ်။ မကြာသေးခင်က  ကျုပ် မှော်ရတနာက မိုးကြိုး စမ်းသပ်ချက်ကြောင့် ပျက်စီးသွားခဲ့တာပါ။ ကျုပ်လည်း ဒဏ်ရာ ရနေတာ ဆိုတော့ ကျုပ်ရဲ့ မှော်ရတနာ အစိတ်အပိုင်းတွေကို အချိန်မှီ မသိမ်းလိုက်နိုင်ပါဘူး ”

“ မင်းက ငါကောက်လိုက်တဲ့ ကျိုးနေတဲ့ အပိုင်းက မင်းအပိုင်လို့ ပြောချင်တာလား။ ငါ ကုန်းရှင်းဟောက်က မင်းဘက်ကနေ အင်မော်တယ် ကမ်းပါးမြို့ရဲ့  ကျုံးကျန်း ဝင်ပြောပေးတာနဲ့ မင်းကို မထိရဲတော့ဘူးများ ထင်နေလား ... ” မိုဝူကျီ စကားမဆုံးခင် ကုန်းရှင်းဟောက်က နှာခေါင်းရှုံ့ကာ သရော် လိုက်သည်။

သူက မိုဝူကျီ လိမ်ညာနေခြင်း မဟုတ်မှန်း မှန်းဆမိထားသော်လည်း  ဤပျက်စီးနေသော အပိုင်းအစကို ပိုင်ရှင်မဲ့အဖြစ် ယူဆ၍ ရပေသည်။ ကျိုးပျက်နေသော မှော်ရတနာပေါ်မှ မွမ်းမံ သန့်စင်ထားသော ဝိညာဉ်အမှတ်အသားမှာ ထိုမှော်ရတနာ ပျက်စီးသွားသည့် အခါ ပျက်စီးသွားမည် ဖြစ်၏။ မိုဝူကျီက အင်မော်တယ် ပါရမီရှင် များစွာထက် များစွာ အားကောင်း မနေသရွေ့ မိုဝူကျီ၏ အမှတ်အသားမှာ ထိုအပိုင်းအစပေါ်၌ ကျန်ရှိနေလိမ့်မည် ဖြစ်ကြောင်း မစိုးရိမ်ပေ။

သို့သော်လည်း မိုဝူကျီက မိုးကြိုးစမ်းသပ်ချက် ခံယူပြီးကာစ ဖြစ်ကာ ကျင်းရှန်းအဆင့် တက်လှမ်းခါစ ဖြစ်၍ ထိုသို့သော လူမျိုးမှာ သူ့အမှတ်အသားကို ပျက်စီးနေသော မှော်ရတနာပေါ်၌ ထားထား နိုင်လိမ့်မည်ဟု မထင်ပေ။ သူ မသိလိုက်သည်က ဤမှော်ရတနာကို မိုဝူကျီ ကိုယ်တိုင်  လုံးဝဥဿှံ မွမ်းမံသန့်စင်ထားသည့် အကြောင်း ဖြစ်၏။

“ မိုရှင်းဟယ် အဲဆို ဒီရတနာက မင်းအပိုင်ဆိုတာ  ဘယ်လို သက်သေပြမှာလဲ ” ကျူံးကျန်းက ကုန်းရှင်းဟောက် အကြောင်း စိတ်ထဲ မထားတော့ဘဲ မိုဝူကျီကို မေးလိုက်သည်။

မိုဝူကျီက အသာပြန်ဖြေလိုက်သည် “ ကျုပ် ပစ္စည်းဆိုမှတော့ သက်သေပြဖို့ လိုသေးလို့လား  ...”

မိုဝူကျီ စကားများကို ကြားသောအခါ ကျူံးကျန်း သာလျှင်မက စကားတစ်ခွန်းမျှ ဝင်မပြောသည့် ရှီလီပင် မျက်မှောင်ကြုတ်မိ သွားသည်။ သူမက ကုန်းရှင်းဟောက်သည် ဤနယ်လှည့် ကျင့်ကြံသူ၏ ပစ္စည်းကို ယူမိကြောင်း သေချာနေသော်လည်း  ဤလူက ထိုသို့ ပြောလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ပြောရမည်ဆိုလျှင် သူ့အတွက် ပြောပေးနေသော ကျုံးကျန်းကို ငြင်းပယ်လိုက်ခြင်းသာ ဖြစ်၏။

မိုဝူကျီ၏ သွင်ပြင်အရ သူက အင်မတန် ဆင်းရဲသည့် နယ်လှည့် ကျင့်ကြံသူသာ ဖြစ်ပေလိမ့်မည်။ သူက သူ့မျက်နှာပေါ်မှ အမာရွတ်များကို ဖယ်ရှားဖို့  ကုသဆေးလုံး တစ်လုံး ဝယ်ယူဖို့ရာ  အင်မော်တယ်ကျောက် အနည်းငယ်သာ ကျမည့် အရာပင် မတတ်နိုင်ပေ။

“ ဟားဟား ” ကုန်းရှင်းဟောင်က အားရပါးရ ရယ်မောလိုက်သည်။

သူ့ ရယ်မောသံ မဆုံးခင် အားလုံးက အသံတစ်သံကို ကြားလိုက်ရပြီး လခြမ်းကွေး ပုဆိန်လှံရှည်မှာ မိုဝူကျီဆီ တိုက်ရိုက် ရောက်ရှိသွားတော့သည်။

အားလုံးက ကြောင်အသွားကြပြီး ကျုံးကျန်းက  သတိပြန်ဝင်လာကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်သည်  “ ညီလေးကုန်း ... မင်း ကောက်လာတဲ့ ပစ္စည်းက တခြားသူရဲ့ စိတ်ဝိညာဉ် အမှတ်အသား ရှိနေတာပဲ။ အတော်လေး  အံ့ဩဖို့ကောင်းချက်  .... အံ့ဩဖို့ ကောင်းချက် ... ”

ထိုသို့ပြောပြီးနောက် ကျုံးကျန်းက လက်ကို ခါလိုက်သည့်အခါ မိုးမြေဂမ္ဘီရ ရတနာက မြေပေါ် ကျလာသည်။ သူက မြန်မြန် ကောက်ယူလိုက်ပြီး စိုးရိမ်စွာ ရေရွတ်လိုက်သည်  “ တော်သေးတာပေါ့ ... ဒါလေး တစ်ယောက်ယောက်ဆီ ပါသွားတော့မလို့  ... ဒီနားလေးမှာ အကောက်သမား ပညာရှင်ကြီး ရှိနေတာဆိုတော့ ဂရုစိုက်ရမယ် ... ”

ကုန်းရှင်းဟောက်၏ မျက်နှာ အမူအရာမှာ ပုံဆိုးပန်းဆိုး ဖြစ်သွားပြီး တည်ငြိမ်လှသော ရှီလီပင် ကျုံးကျန်း၏ ကုန်းရှင်းဟောက်အပေါ်  လှောင်ပြောင်မှုကြောင့် ရယ်မောမိ သွားသည်။

“ ဒီလခြမ်းကွေး ပုဆိန်လှံရှည်က မင်းရဲ့ မပြီးပြည့်စုံတဲ့ မှော်ရတနာ ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး။  ကျုပ် ဒီပုဆိန်လှံရှည်ကို သဘောကျတယ် ..ဈေးပြောလိုက်  ကျုပ်ဝယ်မယ် ..” ပုဆိန်လှံရှည် မိုဝူကျီဆီ ပြန်ရောက်သွားပြီးနောက် ကုန်းရှင်းဟောက်က မိုဝူကျီနား ကပ်ကာ ဈေးစကား ဆိုလိုက်သည်။

မိုဝူကျီက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို သိုလှောင်လက်စွပ်ထဲ ထည့်လိုက်ပြီး အလိုအလျောက် ပြောလိုက်သည်  “ ကျုပ် ပစ္စည်းကို မရောင်းနိုင်ဘူး ”

မိုဝူကျီက ကျုံးကျန်းဘက် လှည့်ကာ လက်နှစ်ဖက် ဆုပ်လျက်  “ ဒီက တာအိုရောင်းရင်းကို တရားမျှတမှု လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”

ကုန်းရှင်းဟောက်က မိုဝူကျီကို သတ်ဖြတ်ချင်သည့် မျက်လုံးများနှင့် ကြည့်ပြီးနောက် ရှီလီဘက် လှည့်ကာ  “ ကျုပ် ဒီနေရာက ထွက်သွားပြီးရင် ဂျုနီယာညီမလေး ရှီလီကို  ကျုပ်တို့ ဓားကြီးတောင်ဆီ လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အခုတော့ လုပ်စရာလေး ရှိသေးလို့ ကျုပ် အရင်သွားနှင့်ပါ့မယ် ”

ဒီနေရာက ထွက်သွားပြီးရင်တဲ့လား ....

မိုဝူကျီက အံ့ဩမိသွားသည်။

ဒီနေရာက အင်မော်တယ်လောက မဟုတ်သေးဘူးလား .....

ကျုံးကျန်းက ကုန်းရှင်းဟောက် ထွက်သွားသည်ကို မြင်၍ မကျေမနပ် စုတ်သပ်ကာ မိုဝူကျီဘက် လှည့်ပြောလိုက်သည်  “ပြောဖို့ မလိုပါဘူး။ ဒီလူက ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို အမြဲခေါ်လာ တတ်တာဆိုတော့ တာအိုရောင်းရင်းမို နောင်ကျရင်တော့ သတိထားပေါ့။ ဒါနဲ့ဒီနေရာကို တစ်ယောက်တည်း ရောက်လာတာလား။ အဲဒါဆိုရင်  တခြားသူတွေနဲ့ အုပ်စုဖွဲ့နေဖို့ အကြံပြုလိုက်မယ် ”

ဒီနေရာက လျှို့ဝှက်နယ်မြေများလား .....

အသက်မဲ့မြစ်အတွင်းမှ ထွက်လာပြီးနောက် သူက လျှို့ဝှက်နယ်မြေထဲ ရောက်ရှိ လာသည်လား ....

မိုဝူကျီက ထပ်မေးတော့မည့်ဆဲဆဲတွင်  အဝေးတစ်နေရာမှ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပေါ်လာပြီး ကောင်းကင်အထိ ထိန်ညှီးနေသည့် မီးတောက်လည်း ထွက်ပေါ်လာသည်။

ကျုံးကျန်းက မြန်မြန် မသွားခင်   မိုဝူကျီနှင့် ရှီလီတို့ကို နှုတ်ဆက်သွားလေ၏။

“ စီနီယာအစ်ကိုကျုံး ပြောတာ မှန်တယ်။ ရှင့်ဘာသာရှင် ပိုပြီး ဂရုစိုက်သင့်တယ် ” ရှီလီလည်း ထပ်ပြောလိုက်ပြီး မြန်မြန် ပြေးလိုက်သွားတော့သည်။

မိုဝူကျီက လိုက်သွားလိုသော်လည်း ရုတ်တရက်ဆိုသလို ခြိမ်းခြောက်မှု တစ်ခုကို ခံစားမိလိုက်၍ နောက်ဆုတ် လိုက်ရသည်။ နောက်အခိုက်အတန့်လေး၌  လူလတ် အမျိုးသားက သူ့အနီးတွင် ပေါ်လာသည်။

“ ခင်ဗျားကိုး ” မိုဝူကျီ၏ စိတ်နှလုံးမှာ အေးစက် သွားမိသည်။ ဤလူလတ်အမျိုးသားမှာ ကုန်းရှင်းဟောက်နောက် လိုက်နေသည့်  ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။ ဤလူမှာ ရွမ်ရှန်းအဆင့် ဖြစ်နေ၍ သူ့အနားသို့  ရုတ်ခြည်း ပြန်ရောက်လာနိုင်သည်မှာ မအံ့ဩတော့ပေ။

“ ကောင်စုတ်လေး  .... မင်းက ဒီနေရာမှာ မိုးကြိုးစမ်းသပ်ချက် ခံယူတုန်း ရတနာ တစ်ခု ရထားတယ်မလား။ မင်း သိုလှောင်လက်စွပ်ကို ပေးစမ်း ပြီးရင် ကိုယ့်ဘာသာ သတ်သေလိုက် .... မင်းကို သက်သက်သာသာ သေခွင့် ပေးလိုက်မယ် ” လူလတ်အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။

***

All Chapters