← Chapters

မလုံလောက်သေးဘူး

Vol. 36 Ch. 495

မလုံလောက်သေးဘူး

Vol. 36 Ch. 495

မိုဝူကျီက ကုသဆေးလုံးများ ဆက်တိုက် မျိုချရင်း  အားနည်းလွန်းသည့် ခံစားချက်က သူ့အား လွမ်းမိုးသွားတော့သည်။ သူ့စိတ်ထဲ၌  “ အံ့ဩဖို့ ကောင်းချက်” ဆိုသည့် စကားကို ရေရွတ်နေသော်လည်း ထိုစကားမှာ သူ့ရှေ့မှ  ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို ညွှန်းဆိုခြင်း မဟုတ်ဘဲ  သူ့သေရေး ရှင်ရေး ကံကြမ္မာစက်ဝန်းကို ပြောခြင်း ဖြစ်ပေသည်။

သူက လက်သီးချက်ကို အရင်ထုတ်သုံးမည့်အစား သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းကို အသုံးပြုခဲ့လျှင် တိုက်ပွဲမှာ ပို၍ စောစီးစွာ ပြီးဆုံးသွားပေလိမ့်မည်။

သို့သော်လည်း မိုဝူကျီက ထိုအတွေးကို ဖယ်ရှားလိုက်သည်။ ဤနည်းလမ်းက အတော်လေး စတေးရာ ရောက်လွန်း၏။ သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းမှာ အံ့ဩဖို့ ကောင်းသော်လည်း တစ်ဖက်လူက သူ့ထက် များစွာ အားကောင်းနေသည့်အတွက် သူ့အသက်ဓာတ် လမ်းကြောင်းနှင့်ပင်  သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း၏ တန်ပြန်တိုက်ကွက် လာထိနိုင်ပေ၏။

သူက သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းကို မကြောက်သည်မှာ သူ့တွင် အသက်ဓာတ် လမ်းကြောင်း ရှိနေသောကြောင့်  လွယ်လွယ်လေး သေမည် မဟုတ်ပေ။ သို့သော် အရေးကြီးဆုံးအရာမှာ တန်ပြန် သက်ရောက်ခြင်း ခံလိုက်ရသည်နှင့် သူ့တိုက်ခိုက် စွမ်းပေါ် သိသိသာသာ သက်ရောက်မှု ရှိလာပြီး  တစ်ဖက်လူနှင့်  လက်ရည်တူ တိုက်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းက  တိုက်ပွဲတိုင်း အသုံးပြုသင့်သည့် တိုက်ကွက် မဟုတ်ဘဲ  ချင့်ချိန်သုံးရမည် ဖြစ်သည်။

ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန် သူ့စွမ်းအား အားလုံး သုံးစွဲပြီးနောက် မိုဝူကျီက ထမရပ်ခင် မိနစ်အနည်းငယ်လောက် အနားယူလိုက်ရသည်။  သူက ရွမ်ရှန်းအဆင့် ကျင့်ကြံသူ၏ လက်စွပ်ကို ယူလိုက်ပြီး  လက်တစ်ဖက် မြှောက်လိုက်ရင်း ထိုသူ့အလောင်းဆီ မီးတောက် ပို့လွှတ်ကာ ပြာအဖြစ် လောင်ကျွမ်း စေလိုက်သည်။ ထို့နောက် သူက ထိုနေရာမှ ထွက်လာလိုက်သည်။

လက်ရှိ သူက ဒဏ်ရာအပြင်းအထန် ရထားသောကြောင့် သာမာန် ကျင့်ကြံသူပင် သူ့အား သတ်နိုင်လိမ့်မည်။

အမွှေးတိုင် တစ်ဝက်ခန့် ကြာသွားပြီးနောက်  မိုဝူကျီက မိုးခိုးရောင်သဲမြေကို တွေ့လိုက်ရ၍ ထာဝရ ကမ္ဘာလောကထဲ ချက်ချင်း ဝင်ကြည့်လိုက်သည်။ ထာဝရ ကမ္ဘာလောကမ္ဘာ၌  သဲမြေ ရရှိနေပြီး ဘေးပတ်ဝန်းကျင်နှင့် နေသားတကျ ဖြစ်နေလေ၏။

သူ ခရမ်းဖျော့ ဘူးသီး‌ခြောက်ကို ရစဉ်ကတည်းမှ သူ့အသက်လေးအတွက် ထွက်ပြေးရုံအပြင် မိုဝူကျီက မိုးကြိုးစမ်းသပ်ချက်ကိုလည်း ခံယူခဲ့ရပြီး သေရေး ရှင်ရေး တိုက်ပွဲလည်း တိုက်ခိုက်ခဲ့ရသည်။ ထို့ကြောင့် ယခုမတိုင်ခင်အထိ သူ့ထာဝရ ကမ္ဘာလောကလေးကို ဝင်ကြည့်ရန် အချိန်ပင် မရခဲ့ပေ။

ခရမ်းဖျော့  ဘူးသီးခြောက်မှာ သူ့ထာဝရ ကမ္ဘာလောကထဲ ရှိနေဆဲ ဖြစ်သည်။  မိုဝူကျီကို စိတ်အေး သွားစေသည်က  ခရမ်းဖျော့ ဘူးသီးခြောက်မှ စွမ်းအားများက စိမ့်ထွက်မနေတော့ပေ။

မိုဝူကျီက ထိုခရမ်းဖျော့ ဘူးသီးခြောက်ကို မထိရဲသေးဘဲ ဘေးပတ်လည်၌  အစီအရင်များ ခင်းကျင်းလိုက်သည်။ ထို့နောက်မှ သူက ပြန်ကောင်းရန်အတွက် အာရုံစိုက်ထားလိုက်သည်။

မိုဝူကျီ၏ အဓိက ဒဏ်ရာများမှာ လျှို့ဝှက်ဓားရှည် ပြိုကွဲလာသည့် အလင်းတန်းများမှ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ကာ ရွမ်ရှန်းအဆင့် ကျင့်ကြံသူ၏ ဓားအလင်းတန်းတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေရုံသာမက အရိုးထိ ဖောက်ထွင်းနိုင်သည့် သတ်ဖြတ်ငွေ့ များလည်း လွှမ်းခြုံထားလေသည်။

အကယ်၍ မိုဝူကျီတွင် အသက်ဓာတ် လမ်းကြောင်း မရှိပါက သူက သေရေး ရှင်ရေး ကံကြမ္ခာ စက်ဝန်းကို အသုံးပြုရန် အခွင့်အရေး ရမည် မဟုတ်ပေ။ ထိုဓားချက်မှာ ဓားကြီးတောင်နှင့် ဆက်နွယ်နေလိမ့်မ် ဖြစ်ကြောင်း မှန်းဆမိသည်။ အကယ်၍ သာမာန် နောက်လိုက်တစ်ယောက်တွင် ထိုသို့ ထက်ရှသော ဓားချက်များ ထုတ်လွှင့်နိုင်လျှင် ဓားကြီးတောင် သခင်တစ်ယောက် အနေနှင့် သူ့ကို လက်တစ်ချောင်း မြောက်ရုံဖြင့် သတ်ပစ် မသွားနိုင်ပေဘူးလား။

ထိုစဉ် မိုဝူကျီက   အရာအားလုံး အကောင်းဆုံး ဖြစ်စေဖို့သာ မျှော်လင့် ထားနိုင်လေသည်။ တောင်သခင်က  အိမ်နောက်လိုက် တစ်ယောက်အတွက် သူ့ကို လိုက်တော့ မသတ်လောက်ဘူး မလား။

မိုဝူကျီ ကုသနေသည့် နေရာနှင့် မိုင်ပေါင်း ထောင်ချီနေသော နေရာတွင် အနည်းဆုံး လူရာကျော်က အဝိုင်း သဏ္ဌာန်ရှိသည့် သင်္ချိုင်းကမ္ဗည်း ကျောက်စာတိုင် ပတ်လည်၌ စုစည်းနေကြသည်။

သင်္ချိုင်းကမ္ဗည်း ကျောက်စာတိုင်မှ ပြင်းထန်သော လူသတ်ငွေ့များ ထုတ်လွှင့်နေသည်။ ထိုနေရာနှင့် မနီးမဝေးနေရာ၌ ကျင်းရှန်းအဆင့် ကျင့်ကြံသူ အလောင်းများစွာ ရှိနေ၏။ သူတို့ သေဆုံးသွားသည်မှာ သိပ်မကြာသေးမှန်း သိသာလှသည်။

“ အားလုံး ခဏနေကြဦး .... ဒီ ကမ္ဗည်းတိုင်က အသက်မဲ့ တာအိုဂိုဏ်းချုပ်တွေရဲ့ အထိမ်းအမှတ် ကျောက်တိုင်ပဲ။ ကျုပ်တို့ထဲက အားအကောင်းဆုံးက ရွမ်ရှန်းအဆင့်ပဲ ရှိတယ်။

တကယ်လို့ ကျုပ်တို့တွေ အတင်းကျပ် လုပ်ရင် အသက်မဲ့ လျှို့ဝှက်နယ်မြေ ပိတ်သွားတဲ့ အခါကျ ပြန်မဖွင့်နိုင်ဘဲ နေလိမ့်မယ်။ အဲဒါကြောင့် အားလုံးက  ဒီနေရာကို ချိုးဖောက်ဖို့ နောက်နည်းလမ်း သုံးသင့်တယ်လို့ ထင်တယ် ”

အညိုရောင်ဝတ်စုံနှင့်  ခန့်ညား ချောမောသည့် လူငယ်လေးက ထရပ်ကာ ဘေးနားမှ ကျင့်ကြံသူများကို လက်နှစ်ဖက် ယှက်လျက် ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ စီနီယာအစ်ကိုချောင်း ပြောတာ ကျုပ်လည်း သဘောတူတယ်။ ဒီကိစ္စကို အတင်းကျပ် မလုပ်သင့်ဘူး ”

“စီနီယာ အစ်ကိုချောင်းက ကျုပ်တို့ ယုံရင်ရဲ့  ထိပ်ဆုံး ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်ပြီးတော့  ဓားတစ်လက် ဂိုဏ်းရဲ ကြယ်ခြောက်လုံး ပါရမီရှင်လေ ..

အဲဒါကြောင့်မလို့  စီနီယာအစ်ကိုချောင်း ဦးဆောင်သင့်တယ်။ မဟုတ်ရင် ကျုပ်တို့က အသုံးမကျတဲ့သူတွေ ဖြစ်သွားလိမ့်မယ် ”

ဤအညိုရောင် ဝတ်စုံနှင့် လူငယ်လေး၏ စကားက ကျင့်ကြံသူများစွာဆီမှ ထောက်ခံမှုကို ရရှိလိုက်စေသည်။ ထို့နောက်  သူက လူအုပ်ကြီး ငြိမ်ကျသွားရန် လက်ဟန် ပြလိုက်ပြီးနောက် ဆက်ပြောလိုက်သည်

“ အင်မော်တယ် ရောင်းရင်းတို့ ထောက်ခံပေးတာ ကျေးဇူးတင်ပါတယ်။ ဒီလိုဆိုမှတော့ ကျုပ် ချောင်းကျုံးယန်က ထပ်အချိန်ဆွဲ မနေတော့ပါဘူး။  အခု အစီအရင်တာအိုမှာ ကျွမ်းကျင်တဲ့ ရောင်းရင်းတို့က ကျေးဇူးပြုပြီး ရှေ့ထွက်ပေးပါ။

ရွမ်ရှန်းအဆင့် ကျင့်ကြံသူအားလုံးလည်း ကျေးဇူးပြုပြီး‌တော့ ရှေ့ထွက်လာပေးပါ ”

လူအုပ်ထောင့်တစ်နေရာမှ ကုန်းရှင်းဟောက်က မျက်မှောင်ကြုတ်မိလိုက်သည်။ သူက အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး မကျေမနပ် ရေရွတ်လိုက်သည်

“ ဟုန်ချီက ဘာဖြစ်နေတာလဲ။ ကိစ္စအသေးလေးကို  ဘာလို့ ပြန်ရောက်မလာသေးတာလဲ ”

သူ့ဘေးနားမှ မိန်းမငယ်လေးက မြန်မြန် ဝင်ပြောလိုက်သည်

“ အဲဒီကျင်းရှန်းအဆင့် ကျင့်ကြံသူဆီမှာ လွတ်မြောက်နည်းစနစ်တချို့ ရှိလို့ နေမှာ.... အဲဒါကြောင့်  စီမံခန့်ခွဲရေးမှူး ဟုန်က သူ့နောက် လိုက်သွားလို့ ချက်ချင်း ပြန်မရောက်လာတာ နေမှာပါ ”

“ သူ့ဆီ မြန်မြန် ပြန်လာဖို့  သတင်းပို့လိုက်  ... မဟုတ်ရင် ဒီနေရာ ဖွင့်လိုက်တဲ့အခါကျ ကျုပ်တို့တွေ ဘာမှ မရဘဲ နေလိမ့်မယ်။ အဲဒီပါးမွှားကို   နောက်မှ ဂရုစိုက်ပေးကြတာပေါ့ ” ကုန်းရှင်းဟောက်က အေးစက်စွာ မထီမဲ့မြင် ပြောလိုက်သည်။

“ဟုတ်ကဲ့ သခင်လေး ...” မိန်းမငယ်လေးက လက်မြှောက်ကာ  သတင်းလှမ်းပို့ လိုက်သည်။

“ အာ .. ဒါက ဓားကြီးတောင်ဆီက အမှိုက်ကောက် သခင်လေးကုန်း မလား။ ဒီနေရာမှာ လူအများကြီး ရှိနေတာဆိုတော့  သေချာ ဂရုစိုက်သင့်တယ်။ တစ်ယောက်ယောက် တစ်ခုခု ပြုတ်ကျသွားရင် ခင်ဗျား ကောက်လို့ ရတာပေါ့ ”

ကုန်းရှင်းဟောက်၏ အမုန်းတီးဆုံးအသံ ထွက်ပေါ်လာပြန်သည်။

“ကျုံးကျန်း  .. မင်းတို့ရဲ့ အင်မော်တယ် ကမ်းပါးမြို့က အလယ်အလတ်အဆင့် အင်မော်တယ် မြို့လေး တစ်ခုပါကွာ။ ငါတို့ရဲ့ ဓားကြီးတောင်က မင်းတို့ကို ကြောက်နေစရာ မလိုဘူး ” ကျုံးကျန်းက လျှောက်လှမ်းလာသည်ကို မြင်၍ ကုန်းရှင်းဟောက်က ဒေါသတကြီး တုံ့ပြန်လိုက်သည်။

ကျုံးကျန်းက နှာခေါင်းရှံ့ကာ

“ ကုန်းရှင်းဟောက် ... ကျန်တဲ့လူတွေက မင်းတို့ ကလိမ်ကကျစ် အလုပ်တွေကို မသိဘူး ထင်မနေနဲ့။ ရတနာ ထွက်ပေါ်လာတဲ့ အချိန်မှာ မင်းရဲ ဟုန်ချီက ဒီမှာတောင် မရှိရှာဘူး။

ဟားဟား .... မင်းက အခုမှ ရောက်လာတဲ့ ကျင်းရှန်းအဆင့် ကျင့်ကြံသူကို သတ်ပစ်ချင် နေတာလား ”

“သခင်လေး ပြန်ပြောမနေပါနဲ့ ” ကုန်းရှင်းဟောက်ဘေးမှ မိန်းမငယ်လေးက တီးတိုးပြောလိုက်ကာ သူမ လေသံ၌ စိုးရိမ်ပူပင်မှု အနည်းငယ် ပါဝင်နေသည်။

ကုန်းရှင်းဟောက်က ကျုံးကျန်းကို စိတ်ထဲ မထားတော့ဘဲ ချက်ချင်းဆိုသလို သတင်းပို့ ဓားပျံတစ်ချောင်း ပို့လွှတ်လိုက်သည်။ သို့သော်လည်း ခဏအကြာတွင် သူ့ အမူအရာမှာ ပျက်ယွင်းလာပြီး သူ့သတင်းပို့ ဓားပျံမှာ ပို့ဆောင်ပေးရမည့် ပစ်မှတ်ကို ရှာမတွေ့ကြောင်း ခံစားမိလိုက်ရ၍ ဖြစ်သည်။

ဤအသက်မဲ့ လျှို့ဝှက်နယ်မြေအတွင်း သတင်းပို့ ဓားပျံက ပစ်မှတ်ကို ရှာမတွေ့ခြင်းမှာ အကွာအဝေး ဝေးကွာလွန်း၍ မဟုတ်နိုင်ချေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ  ပစ်မှတ်က သေချာပေါက် ကွယ်ပျောက်သွား၍သာ ဖြစ်နိုင်သည်။

“ မဖြစ်နိုင်တာ ” ကုန်းရှင်းဟောက်က ဒေါသတကြီး အော်ပြောလိုက်သည်။

သူ့အမြင်အရ မိုရှင်းဟယ်မှာ မိုးကြိုး စမ်းသပ်ချက် ခံယူပြီးခါစ  ကျင်းရှန်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်၏။ သူက မည်မျှ အံ့အားသင့်ဖို့ ကောင်းနေစေကာမူ  သူက ဟုန်ချီကိုတော့ သတ်နိုင်မည် မဟုတ်ပေ။

ကုန်းရှင်းဟောက်က အော်ပြော လိုက်သောကြောင့် ထင်ရှား ပြတ်သားသည့် စိတ်စွမ်းအား တစ်ခု သူ့ဆီ ကျရောက် လာသည်။ ထိုစိတ်စွမ်းအားက သူ့အား သတိပေးသည့် သဘောမျိုး ပါဝင်နေသည်။

ကုန်းရှင်းဟောက်က ချက်ချင်း တုန်ယင်သွားပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်သည်။ သူက မဆိုးသော်လည်း သူ့ဆီ စိတ်စွမ်းအား ပို့လွှတ်လိုက်သော ချောင်းကျုံးယန်နှင့် ယှဉ်လျှင် ပါးမွှား တစ်ယောက်ထက် မပိုပေ။ ထိုလူ၏ ဓားတစ်လက် ဂိုဏ်းမှ အကြီးအကဲ တစ်ယောက်တည်းဖြင့် သူ့ဓားကြီးတောင် တစ်ခုလုံးကို အမျိုးဖြတ်သတ်နိုင်ရန် လုံလောက်ပေ၏။

မိုဝူကျီက သူ့ထာဝရ ကမ္ဘာလောကထဲ နေနေရင်း သူ့အသက်ဓာတ် လမ်းကြောင်းမှ အားဖြည့်မှုကို ဆက်တိုက် ခံယူနေရသည်။ ဖြည်းဖြည်းချင်းဖြင့် သူ့ဒဏ်ရာများမှာ ပျောက်ကွယ် သွားသည်။ အဆုံးသတ်တွင် သူ့ချီသွေးကြော ၁၀၈ ခုထဲမှ အင်မော်တယ် သဘာဝစွမ်းအားများ အားလုံးက စွမ်းအားအပြည့် စီးဆင်းနေလေ၏။

မိုဝူကျီ  မျက်လုံးဖွင့်လာသည့်အချိန် သူ့ကျင့်ကြံဆင့်မှာ အလျင်အမြန် တိုးတက်နေပြီ ဖြစ်၏။ ပြန်ကောင်းလာပြီးသည့် အချိန်တိုင်း ပို၍ အားကောင်းလာသည့် ခံစားချက်ကို နေသားကျနေလေပြီ။

ရွမ်ရှန်းအဆင့်ကျင့်ကြံသူနှင့် တိုက်ပွဲအပြီးတွင် မိုဝူကျီ ကိုယ်ပိုင် ထိုးထွင်းဉာဏ်က သိသိသာသာ တိုးတက် လာပေသည်။ သူ့စွမ်းအားမှာ ရွမ်ရှန်းအဆင့် ကျင့်ကြံသူနှင့် ယှဉ်လျှင် အနည်းငယ် အားနည်းနေရုံသာမက သူ့ဟာကွက်များကိုလည်း ကောင်းကောင်း သိပေ၏။

သူက ခန္ဓာကိုယ် လေ့ကျင့်ရေး နည်းစနစ်အမျိုးမျိုးကို စမ်းကြည့်ဖူးသော်လည်း သူက ကျွမ်းကျင်အဆင့် ရောက်ဖို့ရာ အလှမ်းကွာနေသေး၏။  ထိုရွမ်ရှန်းအဆင့် ကျင့်ကြံသူမှာ သာမာန်  အစောပိုင်း ရွမ်ရှန်းအဆင့်သာ ဖြစ်သော်လည်း  သူ အသတ်ခံရလုနီးပါး အထိ ဖြစ်သွားခဲ့သည်။ အကယ်၍ အနည်းငယ် အားကောင်းသည့်  ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ဖြစ်နေမည်ဆိုပါက သူက လက်ရည်တူ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ဒုတိယအနေဖြင့် သူ့စိတ်စွမ်းအားမှာ လုံလုံလောက်လောက် အားမကောင်းသေးချေ။ အဆင့်တူများနှင့် ယှဉ်လျှင် သူ့စိတ်စွမ်းအားက များစွာ အားကောင်းသော်လည်း  သူ့အင်အားမှာ ဆေးလုံးဖော်စပ်ခြင်း၊ ပုံမှန်လေ့ကျင့်ခြင်းနှင့် သူ့ကိုယ်ပိုင် အင်မော်တယ် မော်တယ် ကျင့်စဉ်တို့မှ ရရှိလာခြင်းသာ ဖြစ်၏။ ထိုသို့မျိုး အင်အားမျိုးမှာ အကန့်အသတ်ရှိပြီး သူက အားကောင်းသော ကျင့်ကြံသူနှင့် တွေ့လျှင်  သူ့အင်အားမှာ ညွှန်းဆိုဖို့ပင် မထိုက်တန်ချေ။ သူက အဆင့်တူအတွင်း ပါရမီရှင်ကျင့်ကြံသူများနှင့် တွေ့သည့်အခါ အသာစီးရမည် မဟုတ်ပေ။

ထို့ကြောင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ရန် နည်းလမ်း ရှာရမည့်အပြင်  သူ့စိတ်စွမ်းအားကို လေ့ကျင့်ဖို့ရာလည်း နည်းစနစ် ရှာရမည်။

ထို့နောက် မိုဝူကျီက ရွမ်ရှန်းအဆင့် ကျင့်ကြံသူ၏ သိုလှောင်လက်စွပ်ကို ထုတ်ယူ လိုက်သည်။ ရွမ်ရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ လက်စွပ်ကို ပထမဆုံးအကြိမ် ရဖူးခြင်း ဖြစ်၍  အတော်လေး ပျော်ရွင်မိနေသည်။

မိုဝူကျီက အစီအရင်တာအို၌ ကျွမ်းကျင်နှံ့စပ်သည့် အတွက် လက်စွပ်အတွင်းမှ အတားအဆီး များကို အလွယ်တကူ ချိုးဖျက်နိုင်လိုက်သည်။

လက်ရှိ သူက အင်မော်တယ် ဆေးပင် အပုံလိုက်ကို ဦးစွာ မြင်လိုက်ရသည်။ အများစုမှာ အဆင့် ၂ နှင့် အဆင့် ၃ အင်မော်တယ် ဆေးပင်များဖြစ်၍ အဆင့် ၄ ဆေးပင်အချို့လည်း ပါဝင်ပေ၏။

မျှော်မှန်းချက်နှင့် ကွဲလွဲစွာ  အဆင့်မြင့် အင်မော်တယ်ကျောက် များများစားစား မပါရှိဘဲ သောင်းဂဏန်း လောက်သာ ပါရှိ၏။ ထိုအရာက မိုဝူကျီကို မကျေမနပ် ဖြစ်သွားစေသည်။ ရွမ်ရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့လောက်ပင် မချမ်းသာပေ။

ထိုအရာများမှလွဲ၍  ပန်းပဲသတ္တုများနှင့် သာမာန် အင်မော်တယ် ပစ္စည်းတချို့လည်း တွေ့လိုက်သည်။

မိုဝူကျီက သိုလှောင်လက်စွက်ကို စိတ်ပျက်လက်ပျက် သိမ်းဆည်းထားလိုက်သည်။ အကယ်၍ အင်မော်တယ်ဆေးပင် အပုံလိုက်ကြောင့်သာ မဟုတ်လျှင်  ဤရွမ်ရှန်းအဆင့် ကျင့်ကြံသူမှာ သူဖုန်းစားပင် ဖြစ်နေနိင်၏။

ဆေးပင်တွေအားလုံးကို သူ့လက်စွပ်အတွင်း အစီအရီ သိမ်းဆည်းပြီးနောက် မိုဝူကျီက ဘူးသီးခြောက် အဝ၌ ထပ်၍ အတားအဆီးများ ချလိုက်သည်။ တစ်ချိန်တည်းတွင် သူက  ဘူးသီးခြောက် ပတ်လည်၌ ဖုံးကွယ်ရေး အစီအရင်များ ခင်းကျင်းလိုက်သည်။ ထိုအခါမှသာ သူ့ထာဝရ ကမ္ဘာလောကထဲမှ ထွက်လာလိုက်တော့သည်။

ယခု သူက လူတစ်ယောက်ကို ရှာ၍ အဖြေများကို သိရန် လိုအပ်နေသည်။

ဒီနေရာက ဘယ်နေရာလဲ .....

ပိုပြီး အတိအကျဆိုရလျင် ဘယ်လိုလျှို့ဝှက် နယ်မြေမျိုးလဲ ....

တစ်ခုတည်းသော အရာမှာ သူက ထိုမေးခွန်းများကို တည့်တိုးသွားမေး၍ မရပေ။ အကယ်၍ သူသာ သွားမေးလိုက်လျှင် တစ်ဖက်လူက သူ့ဇစ်မြစ်မှာ မရှင်းလင်းကြောင်း သိသွားပေလိမ့်မည်။

“ ဘုန်း” နောက်ထပ် ပေါက်ကွဲသံကို ကြားလိုက်ရ၍ မိုဝူကျီက ထိုပေါက်ကွဲမှု ဖြစ်ပေါ်လာသည့် နေရာကို မှန်းဆ၍ လှမ်းကြည့်လိုက်သည်။ လွန်ခဲ့သည့် ရက်အနည်းက ထိုနေရာ၌ ဤသို့ ပေါက်ကွဲမှုမျိုး ဖြစ်ခဲ့သေး၏။ နောက်ပေါက်ကွဲမှု တစ်ခုက ရက်အနည်းငယ် အကြာ၌ ထပ်ဖြစ်ပေါ် လာလိမ့်မည်ဟု ထင်မထားပေ။

သို့သော်လည်း မိုဝူကျီက သွားကြည့်ဖို့ရာ ဆန္ဒမရှိချေ။ သူက ဓားကြီးတောင်မှ ရွမ်ရှန်းအဆင့် ကျင့်ကြံသူကို သတ်ထားသည့်အတွက် ယခု သူလုပ်ရမည့် ဦးစားပေးမှာ ဤနေရာမှ မည်သို့ ထွက်သွားရမည့်အကြောင်းကို ရှာရန် ဖြစ်သည်။

ထိုစဉ် သူ့လခြမ်းကွေး ပုဆိန်လှံရှည်မှ အငွေ့အသက်များနှင့် ဆင်တူစွာ ကြီးကျယ်ခမ်းနားသော အငွေ့အသက်များက ထွက်ပေါ်လာသည်။ မိုဝူကျီက အဝေးမှာ ရှိနေသော်လည်း ခံစားမိနေ၏။

“ ဘုန်း ” ပေါက်ကွဲသံ   ထပ်ပေါ်လာပြီး မြေကြီးမှ အင်မော်တယ် စွမ်းအားများ ပေါက်ကွဲ ထွက်လာသည့်အလား ခံစားနေရသည်။

နဂို သွားမကြည့်ရန် စိတ်ကူးထားသည့် မိုဝူကျီက ယခု အပြေးအလွှား သွားကြည့်မိ သွားသည်။

***

All Chapters