အမျိုးသမီးနဲ့ ကျုပ် ကိုယ်စား လက်ထပ်ဖို့ ကူညီပေးပါ
Vol. 36 Ch. 496
မိုဝူကျီက ရပ်လိုက်သည်။ သူ့ရှေ့တွင် ရှိနေသည်က ဟောင်းလောင်း ဖြစ်နေသည့် အုတ်ဂူကြီး ဖြစ်၏။ ထိုအုတ်ဂူ ကျောက်တိုင်ကို ဘေးလွှင့်ထားပြီး ကျောက်တိုင် အပြင်ဘက်၌ အလောင်းဆယ်လောင်းကျော် ရှိနေသော်လည်း မည်သူမျှ မမြင်တွေ့မိပေ။ သိပ်သည်းလှသော ဝိညာဉ်စွမ်းအားများက ထိုအဝင်ဝမှ ထွက်ပေါ်နေလေ၏။ မိုဝူကျီက နောက်ဆုံးမှ ရောက်လာသူ ဖြစ်သော်လည်း ထိုအုတ်ဂူမှာ မရိုးရှင်းကြောင်း ပြောနိုင်သည်။
ခဏတာ တွေဝေနေပြီးနောက် မိုဝူကျီလည်း ထိုအုတ်ဂူထဲ တန်းဝင်သွားလိုက်သည်။
မီတာအနည်းငယ် ကျယ်ဝန်းသော လမ်းကျဉ်းလေးက မိုဝူကျီရှေ့ ပေါ်လာသည်။ အကယ်၍ သူသာ ဤအရာမှာ အုတ်ဂူဖြစ်ကြောင်း မသိလျှင် မိုဝူကျီက ဆင်ခြေလျှောလမ်းတစ်ခု ဖြစ်ကြောင်း တွေးမိပေလိမ့်မည်။
မိုဝူကျီက အမြန်နှုန်း မြှင့်လိုက်ပြီး အမွှေးတိုင် တစ်ဝက်စာကြာချိန်တွင် သူက နေရာကွက်လပ် အသေးလေး တစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာ၌ ထောင်မတ်ထားသော ရုပ်တု ဆယ်ခု ရှိနေပြီး ထိုရုပ်တုများရှေ့၌ စားပွဲတစ်လုံးစီ ရှိနေကာ ထိုစားပွဲပေါ်၌ စာလုံးကြီးများ ဖော်ညွှန်း ပြသထားသည်။ နေရာဝန်းကျင်၌ အနည်းဆုံး လမ်းကြောင်း ဆယ်ခုရှိနေသေး၏။ သူ့စိတ်စွမ်းအားနှင့် အာရုံခံပြီးနောက် မိုဝူကျီက လမ်းတစ်ခုချင်းစီမှာ ခန့်မှန်းမရသည့် အနက်ပိုင်း အထိ ဦးတည်ထားသည်ကို ခံစားမိလိုက်ပြီး ကြည့်ရသည်မှာ မြေအောက်ဝင်္ကပါနှင့် တူပေသည်။
မိုဝူကျီ၏ စိတ်စွမ်းအားက အကြီးဆုံး ရုပ်တုဆီ ကျရောက် လာသည်။ ထိုစားပွဲပေါ်၌ “ အသက်မဲ့ ဧကရာဇ်” ဟု၍ ပါရှိသည်။ ထို့အပြင် အသက်မဲ့ ဧကရာဇ်က အသက်မဲ့ တာအိုဂိုဏ်း၏ ဘိုးဘေး ဘီဘင် အဖြစ် လုပ်ဆောင်ခဲ့သည့် အရာများကို မှတ်တမ်း တင်ထားသည်။ ထိုမှတ်တမ်းများအရ မိုဝူကျီပင် အသက်မဲ့ တာအိုဂိုဏ်းမှာ အသက်မဲ့ မြစ်နှင့် စတင် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း ပြောနိုင်သည်။ ပြောရမည်ဆိုလျှင် အသက်မဲ့မြစ်မှာ အသက်မဲ့ တာအိုဂိုဏ်းထက် သက်တမ်း ရင့်ပေ၏။
မိုဝူကျီက အခြားစားပွဲများတွင် ဖော်ပြထားသော ဇာတ်ကြောင်းများကို စိတ်မဝင်စားပေ။ အခြားသော ရုပ်တုများအတွက် သူက ဤနေရာမှ ထွက်မသွားခင် စိတ်စွမ်းအားဖြင့် တစ်ချက်သာ အာရုံခံ ကြည့်လိုက်သည်။
သူက လမ်းထဲ ရောက်လာလေလေ ပို၍ ကျဉ်းမြောင်းလာလေလေ ဖြစ်၏။ တိုက်ပွဲ ဖြစ်ထားသည့် လက္ခဏာများကို မြင်တွေ့နေရသည်။ ဦးနှောက်များ အစိစိ အညက်ညက် ကျေမွနေသည့် အလောင်းကိုပင် မြင်လိုက်ရသေးသည်။
“ ဘုန်း ”
မိုဝူကျီဘေးမှ အသံနက်နက်ကြီး ပေါ်လာသည်။ မိုဝူကျီက မသိစိတ်ဖြင့် နောက်တစ်လှမ်း ဆုတ်လိုက်သည့် အချိန် သူ့ဘေး၌ ကျောက်နံရံမျှသာ ဖြစ်ကြောင်း သိရှိသွားသည်။
မိုဝူကျီ၏ စိတ်စွမ်းအားက ကျောက်နံရံပေါ် ကျရောက်သွားသည့်အခါ သူ့စိတ်စွမ်းအားက လုံးဝ မထိုးဖောက်နိုင်ကြောင်း သတိပြုမိလိုက်သည်။
“ ဘုန်း ဘုန်း ”
နောက်ထပ် ပဲ့တင်သံ နှစ်ချက်ကိုပင် ကြားလိုက်ရသည်။ ထို့နောက် နံရံအတွင်း၌ အက်ကွဲကြောင်း ပေါ်လာလေ၏။
မိုဝူကျီက ထိုအရာကို မြင်လိုက်သည့်အခါ အက်ကွဲကြောင်း မဟုတ်ဘဲ ကျောက်တံခါး အက်ကြောင်းမှန်း သိလိုက်သည်။ တိုက်ပွဲကြောင့် ကျောက်တံခါးမှာ ပွင့်လာခြင်း ဖြစ်လိမ့်မည်။
အကြည့်နှင့်တင် သူနောက်ကျသွားသည်မှာ သိသာလှသည်။ ထိုလမ်းကြောင်းများ၌ အလယ်တွင် ကျောက်တံခါးများ ရှိနေပေလိမ့်မည်။ သို့သော်လည်း သူက နောက်ကျမှ ရောက်လာသည့် အတွက် ထိုအရာကို မသိလိုက်ရချေ။
သူ့အမြန်ဆုံးနှုန်းဖြင့် မိုဝူကျီက ထိုအက်ကွဲရာထဲ အပြေးအလွှား ဝင်လိုက်သည်။
“ ဖူး ” မိုဝူကျီ ထိုကျောက်သား အခန်းထဲ ဝင်လိုက်သည့် အခိုက်အတန့်လေး၌ သူ့ကို သွေးမြူများက ကြိုဆိုလိုက်လေသည်။ မိုဝူကျီက ခန္ဓာကိုယ် လှည့်ကာ ထိုသွေးမြုများကို ရှောင်ရှားလိုက်သည်။ သူ မြေပေါ် ကျရောက်လာသည်နှင့် ကျောက်တံခါးမှာ သူ့အလိုလို ပိတ်သွားကာ ကြမ်းပြင်ပေါ်၌ အလောင်းတစ်လောင်း ရှိနေသည်။
ထိုနှစ်ယောက်ကြား အနိုင်ရသူ ဆုံးဖြတ်ပြီးသား ဖြစ်သွားဟန် ပေါ်သည်။ မိုဝူကျီက ကြမ်းပြင်ပေါ်မှ အလောင်းကို ဂရုမစိုက်ဘဲ အနိုင်ရရှိသူကို အာရုံစိုက်လိုက်သည်။
ချက်ချင်းဆိုသလို သူက အတော်လေး အံ့ဩမိသွားသည်။ ထိုလူက သူနှင့် အတော်လေး ဆင်တူပေသည်။ ပြောရမည်ဆိုလျှင် ၉၀ ရာခိုင်နှုန်းလောက်အထိ ဆင်တူပေ၏။ အကယ်၍ သူ့မျက်နှာပေါ်မှ မိုးကြိုးချက် ဒဏ်ရာများကြောင့်သာ မဟုတ်လျှင် သူတို့၏ တူနိုင်ခြေမှာ ပို၍ မြင့်မားသွားလိမ့်မည်။ အကယ်၍ အင်မော်တယ်လောက ဟုတ်မနေလျှင် ထိုလူမှာ ငယ်စဉ်က ခွဲခွာခဲ့ရသော ညီအစ်ကိုဟု ထင်မှတ်မိပေလိမ့်မည်။
မိုဝူကျီက အံ့ဩတကြီး သူ့မျက်နှာသူ ကိုင်ကြည့်လိုက်သည်။ ယခု သူ့သွင်ပြင်မှာ ကမ္ဘာမြေမှာ ရှိစဉ်နှင့် ကွာခြားချက် မရှိတော့ပေ။
“ ဘမ်း ”
ထိုကျင့်ကြံသူက ဒဏ်ရာအပြင်းအထန် မရနေသော်လည်း မြေပြင်ပေါ် လဲကျသွားလေ၏။ သူလည်း မိုဝူကျီနှင့် တူညီစွာ သူ့မျက်လုံးများက မိုဝူကျီကို ကြည့်နေပြီး သူ့အမူအရာအရ အံ့အားသင့်နေကြောင်း သိသာလှသည်။ သူက သူနှင့် မိုဝူကျီကြားမှ တူညီချက်ကို မယုံကြည်နိုင်ဟန် အခြေအနေထဲ ကျရောက်နေဟန် ပေါ်သည်။
“ ခင်ဗျားက ဘယ်သူလဲ ” လဲကျသွားသည့် ကျင့်ကြံသူက အသံ ခပ်ဩဩဖြင့် မေးလိုက်သည်။
မိုဝူကျီက မထူးမခြားနားစွာ ပြန်ဖြေပေးလိုက်သည်
“ ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ခင်ဗျား ကိုယ့်ဘာသာ မကုသရင် အသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး ”
မိုဝူကျီက ထိုလူ၏ ဒဏ်ရာများမှာ ကြီးမားစွာ ပျက်စီးသွားကြောင်း သိထားသည်။ အကယ်၍ သူသာ ထိုသို့ဒဏ်ရာများနှင့် လူဖြစ်ပါက သူ့အတွက် မရှုနိုင်မကယ်နိုင် ဖြစ်နေစေလောက်သည်။
ထိုသို့ ရိုးရိုးတမ်းတမ်း စကားကို ပြောပြီးနောက် မိုဝူကျီက ကျောက်သား အခန်းကို စစ်ဆေးကြည့်လိုက်သည်။
ကျောက်သား အခန်းအတွင်း တောက်ပပြောင်လက်နေသည့် စားပွဲတစ်လုံးသာ ရှိပေ၏။ ထိုအရာမှာ အကုန် ဖြစ်သည်။
“ ကြည့်နေစရာ မလိုဘူး။ ဒီနေရာမှာ ဘာမှ မရှိဘူး .....” မိုဝူကျီက ဤနေရာကို စစ်ဆေးကြည့်နေသည်ကို မြင်၍ လဲကျနေသည့် ကျင့်ကြံသူက ဆောင့်ကြီးအောင့်ကြီး ပြောလိုက်သည်။
ဤကျင့်ကြံသူက ဘာမျှ မပြောလျှင်ပင် မိုဝူကျီက ဘာမှ မရှိကြောင်း ပြောနိုင်သည်။ ဤတောက်ပ ပြောင်လက်နေသည့် စားပွဲမှာ ထိတွေ့ထားသည့် အရိပ်အယောင်ပင် မရှိချေ။ သူက ထိုကျင့်ကြံသူများက ဘာမှ မရှိဘဲ တိုက်ခိုက်နေသည့် အကြောင်းအရင်းကို နားမလည်ပေ။ သူက သူ့အလုပ် မဟုတ်ကြောင်း သိပေ၏။
“ ဒီလိုဆိုမှတော့ ကျုပ် သွားတော့မယ် ” ထိုသို့ ပြောပြီး မိုဝူကျီက လှည့်လိုက်သည်။
မိုဝူကျီက သူနှင့်များစွာ တူနေသည့် ထိုလူကို မကယ်တင်ချင်၍ မဟုတ်ဘဲ ထိုလူ့မှာ အမှန်တကယ် မကယ်တင်နိုင်တော့၍ ဖြစ်၏။ တစ်ချက်တည်း ကြည့်ရုံဖြင့် ထိုလူ၏ ဝိညာဉ်လမ်းကြောင်းမှာ ပေါက်ပြဲနေပြီး အသိစိတ်ပင်လယ်မှာ ပျက်စီးနေပြီ ဖြစ်ကြောင်း ပြောနိုင်သည်။ အကယ်၍ မိုဝူကျီက သူ့အား ကယ်တင်လိုလျှင်ပင် အားကုန်ထုတ်၍ သူ့အသက်ဓာတ် လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းပင် အသုံးပြုရမည် ဖြစ်၏။
သူက ဤလူကို မသိပေ။ ထို့ကြောင့် ဤသို့မျိုး အန္တရာယ်များသည့် နေရာမျိုး၌ သူစိမ်းတစ်ယောက်ကို အားကုန်ထုတ်သုံး၍ မကယ်တင်နိုင်ပေ။
သူ .... မိုဝူကျီက သူတော်စင် တစ်ယောက် မဟုတ်ပေ။
ထို့အပြင် တခြားတစ်ယောက် ဖြစ်နေပါက သူက ဤအခွင့်အရေးကို အသုံးချ၍ ထိုလူ့ဆီမှ လုယက်မိပေဦးမည်။ သူက ထိုသို့ မလုပ်ခြင်းကပင် ကြင်နာနေပြီ မဟုတ်ပါလော။
“ ခဏ .. ခဏလေး နေပါဦး ” မိုဝူကျီ ထွက်သွားတော့မည်ကို မြင်၍ လဲကျနေသည့် ကျင့်ကြံသူက မိုဝူကျီကို အော်ခေါ်လိုက်သည်။
မိုဝူကျီက ရပ်ကာ ပြောလိုက်သည်
“ ခင်ဗျား ဒဏ်ရာတွေက အတော်လေး ဆိုးတယ်။ ကျုပ်မှာ ရှိတဲ့ ဆေးလုံးက ခင်ဗျားအတွက် အသုံးဝင်မှာ မဟုတ်ဘူး။ အဲဒါမလို့ ကယ်တင်ဖို့ရာ ခဏနေခိုင်းတယ်ဆိုရင် အလကားပဲ ”
ကျင့်ကြံသူက ခေါင်းခါကာ
“ ကယ်တင်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျုပ်က မကြာခင် သေတော့မယ်ဆိုတာ သိပါတယ်။ ဒီနေရာကို အင်မော်တယ် ဧကရာဇ် ရောက်လာရင်တောင် ကျုပ်ကို မကယ်နိုင်မှန်း သိပါတယ်။
ကျုပ် အသိစိတ်ပင်လယ်နဲ့ ဝိညာဉ်လမ်းကြောင်းက ပျက်စီးနေရုံတင် မကဘူး။ ကျုပ်ရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကလည်း ပျက်စီးနေပြီ။ အဲဒါကြောင့် အကူအညီတချို့ တောင်းချင်လို့ပါ .... ”
မိုဝူကျီ မျက်မှောင်ကျုတ်လိုက်သည်ကို မြင်၍ ထိုကျင့်ကြံသူက မြန်မြန် ရှင်းပြလိုက်သည်
“ ဒီမှာ ကျုပ်ဆီ တစ်ခုရှိတယ်။ အသုံးဝင်တယ်ဆိုရင် ခင်ဗျား ယူသွားနိုင်တယ် .... ”
သူက ပြောလိုက်ရင်း ဤကျင့်ကြံသူက ကျောက်စိမ်းသေတ္တာ တစ်ခုကို ထုတ်ပေးရန် အပတ်တကုတ် ကြိုးစားလိုက်သည်။
မိုဝူကျီက လက်ကို ဆန့်ထုတ်ကာ ကျောက်စိမ်းသေတ္တာကို လက်ခံ ယူလိုက်သည်။ သူက ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည့်အချိန် ထိုအတွင်း၌ ရှေးဟောင်းမြေပုံ ရှိနေကြောင်း တွေ့လိုက်ရ၏။ အနည်းငယ် မှုန်ဝါးနေသော်လည်း နေရာအကြမ်းဖျင်းတော့ မြင်တွေ့နိုင်သေး၏။
ဤအရာမှာ သူ့အတွက် လုံးဝ အသုံးမဝင်ပေ။ မိုဝူကျီက ထိုမြေပုံကို ကျင့်ကြံသူဆီ ပြန်ပေးတော့မည့်အချိန်တွင် သူက မြေပုံထောင့်၌ ဆွဲထားသည့် အမြုတေကို ရုတ်ခြည်း သတိပြုမိ လိုက်သည်။ ထိုနေရာ၌ သစ်သား သဘာဝ အမြုတေ ဟူ၍ ပါရှိသည်။
“ဒါက သစ်သား သဘာဝ အမြုတေနေရာကို အတိအကျပြထားတဲ့ မြေပုံပဲ။ တကယ်လို့ ခင်ဗျားအတွက် အသုံးဝင်မယ်ဆိုရင် ကျုပ်ကို တစ်ခုလောက် ပြန်ကူညီပေးပါ။ မဟုတ်ရင်တော့လည်း .... ဒီအတိုင်း ... ဒီအတိုင်း ... ”
ထိုကျင့်ကြံသူက “ ထားလိုက်ပါ ” ဟု ပြောချင်သော်လည်း သူ့ကိစ္စမှာ သူ့အတွက် အလွန် အရေးကြီးလှ၍ ထိုစကားကို ပြောမထွက်ပေ။
မိုဝူကျီက မြေပုံကို ကျောက်စိမ်းသေတ္တာထဲ ထည့်ကာ သိမ်းဆည်းလိုက်ပြီး “ ကျုပ်က ဒီမြေပုံကို ယူပြီး ထွက်သွားမှာကို မစိုးရိမ်ဘူးလား ”
ထိုကျင့်ကြံသူ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး ကြိုးစားပြုံးလိုက်ကာ
“ ခင်ဗျားက အဲလိုလူစားမျိုး မဟုတ်ဘူးလေ။ တကယ်လို့ ခင်ဗျားက အဲလိုလူမျိုးဆိုရင် ကျုပ်ကို သတ်ပြီးတော့ ကျုပ် သိုလှောင်လက်စွပ်ကို ယူသွားရုံပဲ .... ”
“ ဒီမြေပုံက ကျုပ်အတွက် အသုံးဝင်တယ်။ ခင်ဗျားက ကျုပ်အကူအညီ ဘာလို့ လိုတာလဲ ပြော ..” မိုဝူကျီက ကျောက်စိမ်း သေတ္တာကို သိမ်းထားပြီး တစ်ချိန်တည်းတွင် သူက အတွေး သလင်းကျောက်တစ်ခု ထုတ်ယူလိုက်သည်။
အကယ်၍ ထိုသူမှာ ကမ္ဘာဦး စိတ်ဝိညာဉ် ပြိုလဲပျက်စီးနေသည့် အထိ ဒဏ်ရာရနေခြင်း မဟုတ်လျှင် မိုဝူကျီက ကယ်တင်ပေးမည် ဖြစ်၏။
“ ကျုပ်နာမည်က ယန်းယဲ့ ... ကျုပ်အဖိုး ယန်းချီက ယန်းမျိုးနွယ်စုခေါင်းဆောင်၊ ကျုပ်အဖိုးမှာ သားအများကြီး ရှိတယ်။ ကျုပ် အဖေ ယန်းယဲ့ချန်က အကြီးဆုံးသား ... ကျုပ် အမေက .... ”
မိုဝူကျီက ယန်းယဲ့စကားများကို ဖြတ်ပြောလိုက်သည်။
“ တာအိုရောင်းရင်းယန်း ... ခင်ဗျားလိုတဲ့ အကူအညီကို တိုက်ရိုက်ပြောလေ။ ခင်ဗျားအချိန်ကို အဲလိုဖြုန်းတီးမနေနဲ့ .... ခင်ဗျားရဲ့ မိသားစု အခြေအနေ မပြောပြရင်တောင် ကျုပ်က ကူညီပေးမှာ။ ကျုပ် လုပ်နိုင်စွမ်းအတွင်း ရှိရင်ပေါ့ ....
တကယ်လို့ ကျုပ် မလုပ်နိင်ရင်တော့ ခင်ဗျား ဘာပဲပြောပြော မတတ်နိုင်ဘူး။ ”
မိုဝူကျီအတွက် သူလုပ်ပေးနိုင်မည်ဆိုလျှင် သေချာပေါက် ကူညီပေးလိုက်မည် ဖြစ်၏။ သို့သော် သူ မလုပ်ဆောင်နိုင်ပါက ယန်းယဲ့က မည်သို့ ဇာတ်ကြောင်းပင် ပြောပြော အဖက်လုပ်မည် မဟုတ်ပေ။
“ ကျုပ် သိပါပြီ ” ယန်းယဲ့ အသံမှာ တိုးသွားလေ၏
“ခင်ဗျားကို ကျုပ်အဖြစ် ဟန်ဆောင်ပြီးတော့ ယန်းမျိုးနွယ်စုထဲ သုံးလလောက် သွားနေစေချင်တယ်။ သုံးလပြီးသွားရင် ခင်ဗျား စိတ်ကြိုက် သွားချင်တာ သွားလို့ ရပါပြီ ”
မိုဝူကျီက တုန်လှုပ်မိသွားသည်။
သူက ယန်းယဲ့အဖြစ် ဟန်ဆောင်ရမည်လား .....
သူက ချက်ချင်းဆိုသလို လက်ရှိအခြေအနေကို တွေးမိသွားပြီး သူ့၌ မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေပြဖို့ရာ မရှိပေ။ ထို့ကြောင့် ဤအရာကို သူ လုပ်နိုင်လေ၏။
ယန်းယဲ့ က မိုဝူကျီ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဆက်ပြောလိုက်သည်
“ ဒီအသက်မဲ့ လျှို့ဝှက်နယ်မြေက ထွက်သွားပြီးရင် ကျုပ်က ကျီမျိုးနွယ်စုရဲ့ သမီးလေး ကျီယွဲ့နဲ့ လက်ထပ်ရမှာ .... အဲကိစ္စလေးပဲ ခင်ဗျား အကူအညီ လိုတာပါ .... ”
မိုဝူကျီက ယန်းယဲ့ စကားများကြားသောအခါ ဤကိစ္စမှာ မဖြစ်နိုင်ကြောင်း ချက်ချင်း သိလိုက်သည်။
“ အားနာပါရဲ့ ... ကျုပ်က ဒီကိစ္စတော့ ကူညီမပေးနိုင်ဘူး။ ခင်ဗျားအဖြစ် ဟန်ဆောင်တာက ကိစ္စမရှိပေမဲ့ ခင်ဗျားကိုယ်စား အဲဒီကျီကိုတော့ လက်မထပ်နိုင်ဘူးလေ။ ဒါပေမဲ့ တစ်ခုခု ရှိသေးရင် ပြောကြည့်ပါ ....
ဒါနဲ့ ဒါက အသက်မဲ့ လျှို့ဝှက်နယ်မြေလား .... ဒီလျှို့ဝှက်နယ်မြေ ပေါ်လာတာ ဘယ်လောက် ကြာပြီလဲ။ ကျုပ် ဘယ်တော့လောက် ပြန်ထွက်နိုင်မလဲ .... ”
ယန်းယဲ့က မိုဝူကျီ အဖြေ ရှေ့ပိုင်းကို ကြားပြီး ဘာမှ ထူးဆန်းတာ မတွေးမိပေ။ သို့သော်လည်း သူက နောက်အပိုင်းကို ကြားသည့်အခါ ခဏတာ ကြောင်အမ်းမိသွားသည်။
ဒီလူက လျှို့ဝှက်နယ်မြေရဲ့ နာမည်ကိုတောင် မသိဘဲနဲ့ ဘယ်လိုလုပ် ဝင်လာနိုင်တာလဲ .....
“ ကျုပ်က တခြားနေရာက ရောက်လာပြီး ဒီနေရာကို မတော်တဆ ဝင်မိသွားတာ ” မိုဝူကျီက ယန်းယဲ့ကို လိမ်ညာ မနေတော့ပေ။ တစ်ဖက်လူက သေတော့မည် ဖြစ်၍ ထိုလူက သူ့လျှို့ဝှက်ချက်ကို ပေါက်ကြားစေမည် မဟုတ်ပေ။
“ဒီလိုဆို ပိုကောင်းသွားပြီ ... အဲဆို ခင်ဗျား ကျုပ် အမှတ်အသားပြား ယူသွားလိုက် .. အမှတ်အသားပြား မပါရင် ခင်ဗျား သေဖို့က သေချာတယ်” ယန်းယဲ့က ပြောရင်း သူ့သိုလှောင်လက်စွပ်ကို ပြကာ “ ကျုပ် အမှတ်အသားပြားက ဒီထဲမှာ ပါတယ် ”
“ ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ ကျုပ်က ခင်ဗျားကို ကူညီမပေးရသေးဘူး ” မိုဝူကျီက လက်နှစ်ဖက် ဆုပ်လျက် လေးနက်စွာ ပြောလိုက်သည်။
ယန်းယဲ့က မြန်မြန် ပြောလိုက်သည်
“ ခင်ဗျားကို ကျီယွဲ့နဲ့လက်ထပ်ပေးဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ကျုပ်က သူမကို ကူညီပေးရုံပါ။ ဒီနည်းနဲ့ဆိုရင် သူမက ကျီမျိုးနွယ်စုကနေ ထွက်လာနိုင်လိမ့်မယ်။
သူမက ယန်းမျိုးနွယ်စုထဲ လက်ထပ်ပြီး ရောက်လာတာနဲ့ သူမဘာသာ ထွက်သွားလို့ ရပြီလေ .... ”
ယန်းယဲ့ မျက်ဝန်းထဲမှ နွေးထွေးမှုနှင့် ချစ်မြတ်နိုးမှုကိုပါ မြင်တွေ့နိုင်သည်။ မိုဝူကျီက သတိဝင်သွား၏။ ခံစားချက်ဆိုသည့် အရာမှာ ရိုးရှင်းလှရာ ဤလူက ကျီယွဲ့ကို နှစ်သက်သောကြောင့် ကျီယွဲ့၏ အသုံးချမှုကို ခံရန် ဆန္ဒရှိနေခြင်း ဖြစ်ပေ၏။ ဤနည်းလမ်းဖြင့် သူက ကျီယွဲ့ကို သူမ၏ ကျီမျိုးနွယ်စုမှ ထွက်လာနိုင်ရန် ကူညီနိုင်လိမ့်မည်။ ထို့နောက် ထိုသူက ကျီယွဲ့ကို လက်လွတ် ပေးလိုက်ရမည်။
“ကျီမျိုးနွယ်စုက ကျုပ်အဖေအပေါ် မျိုးနွယ်စု ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကြွေး ရှိနေတာဆိုတော့ ဒီဟာကို သုံးပြီး ကျီယွဲ့နဲ့ လက်ထပ်ဖို့ တောင်းဆိုခဲ့တာ။ ကျီမျိုးနွယ်စုက သဘောတူ ...” ယန်းယဲ့က အသက်ကို ပင့်သက်ရှိုက်ရင်း ရှုလိုက်ရသည်။
မိုဝူကျီက မျိုးနွယ်စု ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြွေးမှာ တစ်ယောက်က မျိုးနွယ်စု တစ်ခုလုံးကို ကယ်တင်ပေးခဲ့ရာမှ တင်ရှိလာသော ကျေးဇူးအကြွေးတစ်ခု ဖြစ်ကြောင်း သိ၏။ ထိုသို့ ကျေးဇူးကြွေးအတွက် အမျိုးသမီး တစ်ယောက်ကို ဆိုမထားနှင့် ထို့ထက် ပိုတောင်းဆိုလျှင်ပင် ကျီမျိုးနွယ်စုက လိုက်လျောမည် ဖြစ်၏။
သူက ဆေးလုံးတချို့ထုတ်ကာ ယန်းယဲ့ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ သူက ယန်းယဲ့ အသက်ရှုနှုန်း ပုံမှန်ပြန်ဖြစ်လာသည်ကို စောင့်နေရင်း “ ခင်ဗျားက အမျိုးသမီးတစ်ယောက်ကို ကယ်ဖို့ ခင်ဗျားအဖေရဲ့ ကျေးဇူးကြွေး အခွင့်အရေးကို သုံးခဲ့တာလား ”
ယန်းယဲ့က သက်ပြင်းချကာ “ ကျုပ်မိဘတွေက မရှိကြတော့ဘူးလေ။ ကျုပ် အခြေအနေကလည်း အတော်လေး ရှုပ်ထွေးတော့ ရှင်းပြရ ခက်တယ် ”
မိုဝူကျီက သူက ရုန်းလေနှစ်လေဖြစ်သည့် အရှုပ်တော်ပုံကြား ရောက်ရှိသွားသည့် အလား ခံစားမိလိုက်သည်။ သူ့စိတ်ထဲ ရှင်းလင်းသွားပြီး ယန်းယဲ့ကို ကြည့်ကာ
“ ယန်းယဲ့ .... ကျုပ်ကို ရှင်းရှင်းပြော .. ခင်ဗျား သတ်လိုက်တဲ့ လူက ခင်ဗျားကို ဒီလို ဒဏ်ရာရစေခဲ့မှာတော့ မဟုတ်ဘူးမလား။ ခင်ဗျား အသိစိတ်ပင်လယ် ပျက်စီးတာ အသာထားဦး ကမ္ဘာဦး စိတ်ဝိညာဉ်ကိုတောင် ပြိုလဲ ပျက်စီးသွားစေတယ်တဲ့လား။
ခင်ဗျား ကျုပ်ကို ဆက်လိမ်ညာနေမယ်ဆိုရင် ကျုပ် ချက်ချင်း ထွက်သွားတော့မယ် ... ”
***