← Chapters

ကျုပ် ဒီဝန်ထုပ်ကို သယ်မထားနိုင်ဘူး

Vol. 36 Ch. 497

ကျုပ် ဒီဝန်ထုပ်ကို သယ်မထားနိုင်ဘူး

Vol. 36 Ch. 497

ယန်းယဲ့ မျက်လုံး၌ အပြစ်ရှိစိတ် အရိပ်အယောင်အချို့ ဖြတ်ပြေးသွားပြီး ချက်ချင်း ပြောလိုက်သည်။

“ကျုပ်က အဆိပ်ခံထားရတာပါ။ တစ်ယောက်က ကျီယွဲ့ကို ယန်းမျိုးနွယ်စုထဲ မရောက်စေချင်ဘူး။ အဲကြောင့် ကျုပ်ကို လုပ်ကြံတာ။ ကျုပ် အခု သတ်လိုက်တဲ့ သူက  ကျုပ်နောက်ကနေ ခိုးကြောင် ခိုးဝှက် လိုက်နေတဲ့သူပဲ ”

မိုဝူကျီက ရှေ့တစ်လှမ်း တိုးလာရင်း ယန်းယဲ့ ခါးကို မလိုက်သည်။ သူ့အဆိပ်ဖြေ လမ်းကြောင်း လှည့်ပတ်လိုက်သည့် အခါ ထိုလူမှာ လိမ်ညာနေခြင်း မဟုတ်ကြောင်း ပြောနိုင်၏။ အဆိပ်ဖြေ လမ်းကြောင်းက ဆက်တိုက် လှည့်ပတ်နေသောကြောင့် ယန်းယဲ့ အဆိပ်ကို ဖယ်ရှားလုနီးပါး ဖြစ်၏။ သို့သော်  မိုဝူကျီက ရပ်တန့်လိုက်သည်။

သူက ယန်းယဲ့ကို မကယ်တင်ချင်၍ မဟုတ်ဘဲ  ထိုအဆိပ်မှာ ကြောက်စရာ ကောင်းလွန်း၍ ဖြစ်သည်။ အကယ်၍ ဤအဆိပ်သာ သူ့ဆီ ရောက်လာပါက အလွယ်တကူ ဖယ်ရှားနိုင်မည် ဖြစ်သော်လည်း  အဆိပ်မှာ ယန်းယဲ့အတွင်း ရှိနေသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုပင် ပျက်စီး သွားစေသေးသည်။ သူ့အဆိပ်ဖြေ လမ်းကြောင်းဖြင့် ကမ္ဘာဦး စိတ်ဝိညာဉ်တွင် ကပ်ညှိနေသော အဆိပ်ကို ခွဲထုတ်ရန် နည်းလမ်း မရှိချေ။ အနည်းဆုံးတော့ သူ့လက်ရှိ ကျင့်ကြံဆင့်နှင့် မဖြစ်နိုင်သေးချေ။

ထို့ကြောင့် မိုဝူကျီက အဆိပ်ကို အဝေးသို့ ဖယ်ထုတ်လိုက်လျှင် ယန်းယဲ့၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ချက်ချင်းဆိုသလို  အဆိပ်အတိုင်း ခံစားသွားရမည် ဖြစ်ရာ   မိုဝူကျီ၏ စုပ်ယူမှုကြောင့် သန့်စင်သော ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

မိုဝူကျီက သူ့လက် လွတ်လိုက်သည်ကို ခံစားမိပြီး ယန်းယဲ့က လေးနက်စွာ ပြောလိုက်သည်

“ကျီယွဲ့က အတော်လေး သနားဖို့ ကောင်းပါတယ်။ ကျုပ်ကို ကူပေးဖို့ တောင်းပန်ပါတယ်ဗျာ။

သူမသာ  ယန်းမျိုးနွယ်စုထဲ ရောက်လာရင် အန္တရာယ်ရှိတော့မှာ မဟုတ်ဘူး။ ပြီးတော့ အသက်မဲ့ လျှို့ဝှက်နယ်မြေက မကြာခင် ပြီးဆုံးတော့မှာဆိုတော့  ကျုပ် အသက်ရှင်ရက် ထွက်လာမှန်း သိရင် သူတို့က ကျုပ်ကို လာရင်ဆိုင်ရဲတော့မှာ မဟုတ်ဘူး ”

မိုဝူကျီ၏ အမူအရာမှာ အနည်းငယ် မလိုလားဟန် ပြောင်းလဲသွားသည်။ ဤကျီယွဲ့မှာ မိန်းမကောင်း တစ်ဦး မဟုတ်ကြောင်း သေချာသိနေသည်။ သူမက ယန်းယဲ့ သူမကို နှစ်သက်မှန်း သိထား၍ ယန်းယဲ့နှင့် သူ့ကျေးဇူးကြွေး အခွင့်အရေးကို အသုံးချကာ သူမကိုယ် သူမ ကယ်တင်လိုနေခြင်း ဖြစ်ပေသည်။ အကယ်၍ ထိုအရာမှာ မလုံလောက်သေးပါက ယန်းယဲ့ကို ပြဿနာကြား ရောက်စေလိမ့်မည်။ ယခုကဲ့သို့  ယန်းယဲ့မှာ သေခြင်းတရားနှင့် လက်တစ်ကမ်း အကွာတွင် ရှိနေသည် မဟုတ်ပါလော။

မိုဝူကျီက ကျီမျိုးနွယ်စုက အကြောင်းအရင်း မရှိဘဲ ကျီယွဲ့ကို ထွက်မသွား စေလိုကြကြောင်းဟု မယုံပေ ။ အကြောင်းအရင်းက မည်သို့ပင် ဖြစ်စေ ကျီယွဲ့က ထိုဝန်ထုပ်ဝန်ပိုးကို ယန်းယဲ့ဆီ လွှဲပြောင်း မပေးသင့်ပေ။

မိုဝူကျီက သေလုနီးပါး ယန်းယဲ့ကို ကြည့်ကာ  ပြောစရာ ရှာမတွေ့ ဖြစ်သွားလေ၏။ လူတွေဟာ ကိုယ်ပိုင် အမှားများကြောင့် သနားဖို့ ကောင်းသည်ဟု ပြောခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤလူက သေလုနီးပါးဖြစ်နေပြီး အသုံးချခံနေရသော်လည်း ထိုမိန်းမအပေါ် ကပ်တွယ် နေသေး၏။ ထို့အပြင် ကျီယွဲ့သာ သူ့ကို လက်ထပ်လိုက်သည်နှင့် မည်သူမျှ သူ့ကို  ရန်မူနိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုသည့်  ယန်းယဲ့၏ စကားများကို မိုဝူကျီက တစ်လုံးမျှ မယုံပေ။ အကယ်၍ အမှန်ဖြစ်နေလျှင်ပင် သူက မယုံကြည်နိုင်သေးပေ။

“ တာအိုရောင်းရင်း ယန်းယဲ့ ... ကျုပ် ဒီကိစ္စတော့ မကူညီနိုင်ဘူးဗျာ။ ဒါပေမဲ့ ခင်ဗျားရဲ့ အမှတ်အသားပြားတော့ ငှားဖို့ လိုတယ်။ ကျီယွဲ့အတွက် ကျုပ်မှာ အခွင့်အရေးရင် ဒီစကားကို သူမဆီ သွားပို့ပေးပြီးတော့ တခြားမျိုးနွယ်စုက လူကို လက်ထပ်ဖို့ ပြောလိုက်ပါ့မယ်။

ဘာဖြစ်ဖြစ် ကျုပ်က သူမကို လက်မထပ်နိုင်သလို ဒီဝန်ထုပ်ဝန်ပိုးကိုလည်း သယ်ထားမှာ မဟုတ်ဘူး ”

ယန်းယဲ့က မိုဝူကျီ၏  သဘောထားကို မြင်သည့်အခါ တိတ်ဆိတ် သွားလေ၏။ အချိန်ခဏ အကြာတွင် သူက တုန်တုန်ယင်ယင်ဖြင့် လက်စွပ်ကို ထုတ်ကာ  “ ဒီလက်စွပ်ထဲက ကျင့်ကြံဖို့ အရင်းအမြစ်တွေကို  ကျုပ် ညီမလေး ယန်းယီကို ပေးပေးဖို့  ဒုက္ခပေးရတော့မှာပဲ .... ”

မိုဝူကျီက မချိဆန့်သာ ရေရွတ် လိုက်သည်။

“ ခင်ဗျားမှာ ညီမ ရှိရက်သားနဲ့ဗျာ ...  ဘာမှ သွေးသား မတော်စပ်တဲ့ မိန်းမတစ်ယောက် အတွက်နဲ့ ဒီလောက် လိုက်လုပ်ပေးနေရတယ်လို့ ... ဒါပေမဲ့  ဒီဟာကိုတော့ ကျုပ်ကူပေးနိုင်တယ် ”

“ ကျုပ် ညီမက လက်ထပ်ပြီးသွားပြီ ဆိုတော့ သူမကို စောင့်ရှောက်ပေးမဲ့သူ ရှိ   ....” ယန်းယဲ့ အသံမှာ တိုးဝင် ကွယ်ပျောက် သွားတော့သည်။

ထိုစကားပင် မဆုံးသေးဘဲ သူက မြေပြင်ပေါ်၌ အသက်ပျောက် သွားတော့သည်။ မိုဝူကျီက သူ့တောင်းဆိုချက်ကို သဘောမတူလျှင်ပင်  သူက ထပ်ဖျောင်းဖျ နိုင်တော့မည် မဟုတ်ပေ။ အဆိပ်မှာ ပြန့်လာပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်လည်း ပျောက်ကွယ်သွားတော့သည်။

မိုဝူကျီက အတွေး သလင်းကျောက်ကို ဂရုတစိုက် သိမ်းဆည်း ထားလိုက်သည်။ သူက ထိုသို့သော အရာမျိုးကို ဂရုစိုက်ရန် လိုအပ်ပေသည်။ အကယ်၍ သူ့ကို သိရှိသွားခဲ့လျှင် သူ့စကားများက  သက်သေနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

ယန်းယဲ့၏ သိုလှောင်လက်စွပ်ကို မိုဝူကျီက အလွယ်လေး ဖွင့်လိုက်နိုင်သည်။ အထဲ၌  အင်မော်တယ် ကျောက်များအပြင်  အင်မော်တယ် ဆေးပင်များနှင့် အင်မော်တယ် ပစ္စည်း တချို့လည်း ရှိနေသည်။ အင်မော်တယ် ပစ္စည်းများမှာ မဆိုးလှသော်လည်း မိုဝူကျီက အရေးမစိုက်ပေ။ ထို့နောက် နာမည်ရေးထားသော ကျောက်စိမ်း အမှတ်အသားပြားကိုသာ ယူလိုက်သည်။ ထိုကျောက်စိမ်းပြားမှာ ယန်းယဲ့  ဤအသက်မဲ့ လျှို့ဝှက်နယ်မြေအတွင်း ဝင်လာရန် သုံးသည့် အမှတ်အသားပြားမှန်း သိလိုက်သည်။

ကျောက်စိမ်းပြားကို သူ့သိုလှောင်လက်စွပ်ထဲ ထည့်ပြီးနောက် မိုဝူကျီက ယန်းယဲ့၏ သိုလှောင် လက်စွပ်ကိုပါ သိမ်းဆည်းလိုက်သည်။

ယန်းယဲ့ ဖြေမသွားနိုင်သည့် မေးခွန်းများစွာ ရှိနေသော်လည်း မိုဝူကျီက အကြမ်းဖျင်းတော့ မှန်းဆမိလေသည်။ ဤနေရာမှာ အမှန်တကယ် လျှို့ဝှက်နယ်မြေ တစ်ခု ဖြစ်ပြီး အမည်မှာ အသက်မဲ့ လျှို့ဝှက်နယ်မြေ ဖြစ်ပေသည်။

မိုဝူကျီက ကျောက်တံခါးကို ဖောက်ခွဲပစ်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအားများ သိပ်သည်းနေသည့် နေရာကို ဂရုမိပြုလိုက်သည်။ သူက ဆက်သွားတော့မည့် အချိန်တွင် အတွင်းပိုင်းမှ  ယောက်ယက်ခတ်မှုများကို ကြားလိုက်ရသည်။

မိုဝူကျီက အဝေးတစ်နေရာမှ  နေရာပြိုကျသွားသည်ကို  ချက်ချင်း သတိပြုမိလိုက်ပြီး ဘာဖြစ်သွားမှန်း မသိသေးခင် အပြင်ကို အသည်းအသန် ထွက်လာကြသည့် ပုံရိပ်များစွာကို မြင်တွေ့လိုက်ရသည်။

အုတ်ဂူထဲ၌ တစ်ခုခု ဖြစ်ပျက်ခဲ့ဟန် ပေါ်သည်။ မိုဝူကျီက နှစ်ခါပြန် မတွေးတော့ဘဲ အဝင်ဝသို့ ဦးတည် လိုက်တော့သည်။

သူက နောက်ကျမှ ရောက်လာသောကြောင့်  ဤနေရာရှိ ရတနာမှာ ပါသွားလောက်လေပြီ။ ထို့ကြောင့် နေရာပြိုကျလာခြင်း ဖြစ်ရမည်။ သူက တစ်ခုမှ မရသော်လည်း ဤအန္တရာယ်ကြား ကျရောက် နေရသည်။ သူက တွေးမိလေလေ ပို၍ စိတ်ဓာတ်ကျမိလေလေ ဖြစ်၏။

သူက ဗဟိုချက်နှင့် အဝေးဆုံးဖြစ်ကာ နောက်ဆုံးမှ ဝင်လာနိုင်သူ ဖြစ်သည့်အတွက် အစောဆုံး ထွက်သွားနိုင်သူ ဖြစ်သွားသည်။

မကြာခင် မိုဝူကျီက အဝင်ဝ ရောက်ရှိလာပြီး ချက်ချင်း ထွက်လာ လိုက်သည်။ ဤအုတ်ဂူမှာ ရိုးရှင်းသော နေရာတစ်ခု မဟုတ်ချေ။ အစီအရင်တာအိုကို  ကျွမ်းကျင်သော မိုဝူကျီက နေရာ ပြိုကျလာမှုမှာ ကာကွယ်ရေး အစီအရင်ကြောင့် မဟုတ်ဘဲ  သတ်ဖြတ်ရေး စက်ယန္တရားကြောင့် ဖြစ်ကြောင်း သိပေသည်။ သူသာ ထိုထဲ ပိတ်မိသွားပါက သူ့စွမ်းအား အဆရာပေါင်းများစွာ တိုးပွားလာလျှင်ပင် လွတ်မြောက်လာနိုင်မည် မဟုတ်ပေ။

ထိုအုတ်ဂူထဲ လူမည်မျှ ဝင်ရောက်သွားသည်ကို မသိသော်လည်း မိုဝူကျီ သေချာသည့် အရာတစ်ခုတော့ ရှိပေသည်။ အနည်းဆုံး လူ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အသက်ရှင်လျက် ပြန်ထွက်လာနိုင်လျှင် အလွန်အမင်း ကံကောင်းသည်ဟုပင် ယူဆ၍ ရနေပြီ ဖြစ်၏။

မိုဝူကျီက ဆက်တိုက် ထွက်ပြေးလိုက်ပြီး နာရီအတော်ကြာမှ ရပ်တန့်လိုက်သည်။

သူက ပြေးနေရင်း တူးယူထားပြီးသား ဖြစ်သော အင်မော်တယ် ဆေးပင် အကြွင်းအကျန်များကို မြင်လိုက်ရသည်။  သူက အင်မော်တယ် ဆေးပင် တစ်ပင်၊ နှစ်ပင် တွေ့သော်လည်း အဆင့်နိမ့် အပင်များ ဖြစ်နေ၍ မိုဝူကျီက စိတ်မဝင်စားပေ။

ဤနေရာရှိ အင်မော်တယ် ဆေးပင် အများစုမှာ ခူးခွတ်ထားပြီးသား  ဖြစ်သည်။

မိုဝူကျီက အင်မော်တယ်ဆေးပင်များကို ဆက်မရှာတော့ပေ။ အသက်မဲ့ တာအိုဂိုဏ်း၏ လျှို့ဝှက်နယ်မြေ ဖြစ်သောကြောင့် ရတနာအများစုမှာ ယူသွားပြီး လောက်လေပြီ။ အင်မော်တယ် ဆေးပင်များ အတွက်  သူ့တွင် အဆင့် ၄ ဆေးပင်များ ရှိနေသောကြောင့် အဆင့် ၄ အင်မော်တယ် ဆေးလုံးတချို ဖော်စပ်ကြည့် နိုင်လိမ့်မည်။ သူက အဆင့် ၄ အင်မော်တယ် ဆေးလုံး ဖော်စပ် နိုင်လိုက်သည်နှင့် သူက အင်မော်တယ် ဆေးလုံးဘုရင်အဆင့် တက်လှမ်း သွားတော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

အမှတ်အသားပြား ကို ဘေးချိတ်ထားလိုက်ပြီး မိုဝူကျီက တိတ်ဆိတ် ငြိမ်သက်သော နေရာ၌  အင်မော်တယ် ဂူတစ်ခု တူး၍ နေရန် ပြင်လိုက်သည်။ ဤနေရာတွင် သူက လျှို့ဝှက်နယ်မြေ ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းရင်း   ဆေးလုံးဘုရင်အဖြစ် တက်လှမ်းရန် ပြင်ဆင်ရမည်။

အသက်မဲ့မြစ်

အင်မော်တယ်လောက၌  နာမည်အကျော်ကြားဆုံး မြစ်များအနက်  တစ်စင်း ဖြစ်ခဲ့ပေသည်။ သို့သော်လည်း ဤအခိုက်အတန့်၌  တောင်ပတ်လည် အလယ်တွင် အဝတ်စုတ် တစ်ခု ဖရိုဖရဲ ကျနေသည့်အလား ဖြစ်၏။

အသက်မဲ့မြစ် ကြမ်းပြင်၌ ရေတစ်စက်ပင် မရှိတော့ပေ။ အက်ကြောင်းရာများပင် မြင်တွေ့နေရသည်။ ကျယ်ပြော အဆုံးမဲ့လှသော အသက်မဲ့မြစ်မှာ ယခုအခါ ဧရာမ နေရာ ကွက်လပ်ကြီး အဖြစ် ပြန့်လျက် ရှိနေသည်။

ထိုနေရာ လေးဖက်လေးတန်၌  ဂိုဏ်းအမျိုးမျိုး၏ ယာယီစခန်းများ၊ မျိုးနွယ်စုများနှင့် အင်မော်တယ်မြို့များ တည်ရှိနေသည်။ ထို့အပြင် ကုန်သည် အဖွဲ့အစည်းများ၏ ယာယီ နေရာများလည်း ရှိနေပေ၏။

နေရာ၌ ကျင့်ကြံသူများစွာက  တည်နေရာ လှိုင်းတွန့်များကို စိုက်ကြည့်နေကြသည်။ တချို့က တိုးတိုး ရေရွတ်လိုက်သည်။

“ ကြည့်ရတာ အသက်မဲ့တာအိုဂိုဏ်းရဲ့  လျှို့ဝှက်နယ်မြေက မကြာခင် ပြီးဆုံးတော့မှာပဲ ... ”

“ ဘာအသက်မဲ့ တာအိုဂိုဏ်းလဲ ... အဲလိုဂိုဏ်းမျိုး မရှိတော့တာ ကြာပြီကို ... ဒီလျှို့ဝှက်နယ်မြေကို အသက်မဲ့ တာအိုဂိုဏ်းက မဟုတ်ဘူး   အားလုံး ပိုင်တယ်  ” နောက်ထပ် ကျင့်ကြံသူ တစ်ယောက်က ချက်ချင်း ချေပလိုက်သည်။

“ ခင်ဗျား ဘယ်လိုပြောပြော  ဒီလျှို့ဝှက်နယ်မြေက အသက်မဲ့ တာအိုဂိုဏ်းက ပိုင်ဆိုင်ခဲ့တာပဲ။ ပြီးတော့ ခန်းခြောက်နေပြီ ဆိုပေမဲ့လည်း ကျုပ်တို့ရပ်နေတာ အသက်မဲ့ မြစ်ကမ်းပါးဘေးပဲ ...” ချေပခံလိုက်ရသည့် ကျင့်ကြံသူက မကျေမနပ် ပြောလိုက်သည်။

“ အသက်မဲ့မြစ်တဲ့လား ဟားဟား ..  အခု ဒီနေရာက ပိုင်ရှင်မဲ့ နေရာ ဖြစ်နေပြီ။ ယုံရင် အစွန်းအဖျားမှာတော့ အသက်မဲ့မြစ် နောက်တစ်ပိုင်း ရှိနေသေးတယ်လို့ ကြားပေမဲ့  အသက်မဲ့ တာအိုဂိုဏ်း အတွက် ဒီနေရာသာ ယိုယွင်းလာတဲ့ အင်မော်တယ် ကုန်းမြေ ဖြစ်မလာခဲ့ဘူး ဆိုရင် တခြားဂိုဏ်းက သိမ်းသွားလောက်ပြီ ”

ကျင့်ကြံသူ နှစ်ယောက်က ငြင်းခုံနေကြရင်း မှိန်ဖျဖျ အားနည်းလှသည့် အလင်းရောင်က ထိုတည်နေရာ လှိုင်းတွန့်လေးရှေ့ ပေါ်လာသည်။ ထို့နောက် ကျင့်ကြံသူများစွာက ထိုအလင်းရောင်မှ ပေါ်ထွက်လာကြသည်။

ထိုကျင့်ကြံသူများ ပေါ်လာသည်နှင့် သူတို့မှာ ချက်ချင်း ဝန်းရံခံလိုက်ကြရသည်။

မိုဝူကျီက အင်မော်တယ်ဆေးပင်  တစ်ဝက်လောက် သုံးစွဲခဲ့သော်လည်း အဆင့်  ၄ အင်မော်တယ် ဆေးလုံး တစ်သုတ်သာ ဖော်စပ်နိုင်ခဲ့သည်။ ထိုအခိုက်အတန့်လေး၌ သူက သူ့အမှတ်အသားပြားမှာ စတင်  တုန်ခါလာကြောင်း ခံစားမိလိုက်သည်။

လျှို့ဝှက်နယ်မြေမှာ မကြာခင် ပိတ်တော့မည် ဖြစ်ရာ မိုဝူကျီက ဆေးမီးဖိုကို မြန်မြန် သိမ်းဆည်း၍ အင်မော်တယ်ဂူထဲမှ ထွက်လာလိုက်သည်။

အသက်ရှုကြိမ် အနည်းငယ်အတွင်း အမှတ်အသားပြားမှ အလင်းရောင်များ ထွက်ပေါ် လာပြီး မိုဝူကျီကို လွှမ်းခြုံသွားကာ အဝေးခေါ် သွားတော့သည်။

“ ဘုန်း  ”

မိုဝူကျီ၏ ခြေထောက်များက မြေပြင်နှင့် ပြန်ထိတွေ့မိသည့်အခါ သူက စိတ်စွမ်းအားဖြင့် ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။ သူက ယခု ခမ်းခြောက်နေသည့် မြစ်ကမ်းပါးပေါ်တွင် ရှိနေပြီး ထိုမြစ်က ယာယီမြေပြန့် ဖြစ်နေဟန် ပေါ်သည်။ ထိုနေရာ၌ ဂိုဏ်းအမျိုးမျိုး၊ မျိုးနွယ်စုများနှင့် အတူ   ကုန်သည် အဖွဲ့အစည်း များစွာလည်း ရှိပေ၏။

တတ်နိုင်သမျှ အချိန်တိုအတွင်း မိုဝူကျီက အခြေအနေကို နားလည်အောင် လုပ်လိုက်သည်။ ဤနေရာမှာ လျှို့ဝှက်နယ်မြေ၏ ဝင်ပေါက်၊ ထွက်ပေါက် ဖြစ်ပေလိမ့်မည်။ ဤဂိုဏ်းများ၊ မျိုးနွယ်စုများက ဤနေရာတွင် ယာယီစခန်းများ တည်ဆောက် ထားကြကာ သူတို့တပည့်များနှင့် မျိုးနွယ်စုဝင်များကို ကြိုဆိုကြရုံအပြင် အင်မော်တယ်ဆေးပင်များ ရောင်းဝယ် ဖောက်ကားရန် ရောက်လာကြခြင်း ဖြစ်၏။

မိုဝူကျီက သူ့ယန်းမျိုးနွယ်စု၏ ယာယီစခန်းကို ရှာတော့မည့်ဆဲဆဲတွင် အေးစက်စက် အသံတစ်သံ ကြားလိုက်ရသည်

“ မိုရှင်းဟယ်  ... မင်း အသက်ပြင်းမယ်လို့ ထင်မထားမိဘူး။ မင်းက တကယ် အသက်ရှင်နေတာပဲ ”

ထိုလူ ထပ်ရောက်လာပြန်ပြီ ...

မိုဝူကျီက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

အုတ်ဂူအတွင်း လူများစွာ သေဆုံးသွားကြရာ  ဘာလို့ ဒီလူ ပါမသွားရတာလဲ ....

နေရာပြိုကျလာသည့် စွမ်းအားအကြောင်း တွေးမိသောအခါ ဤကုန်းရှင်းဟောက်၏ ကံကောင်းမှုကို မနေနိုင်ဘဲ ချီးကျူးမိလိုက်သည်။

“ ဟုန်ချီ ဘယ်မှာလဲ ” ကုန်းရှင်းဟောက်က မိုဝူကျီရှေ့ လျှောက်လှမ်းလာကာ သူ့အသံမှာ ရေခဲတမျှ အေးစက် နေသည်။

မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်  “ ဟုန်ချီက ကြောင်လား ခွေးလား .... အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ ”

“ ယန်းယဲ့  ...  မင်း မျက်နှာက ဘာဖြစ်တာလဲ ....” တအံ့တဩ ရေရွတ်သံကို ကြားလိုက်ရပြီးနောက် လူငယ်တစ်ယောက် ပေါ်လာသည်။

“ ယန်းယဲ့လား  .... မင်းက မိုရှင်းဟယ် မဟုတ်ဘူးလား။ အဲဆို မင်းက ယန်းမျိုးနွယ်စုကပေါ့ ...”

ဒေါသူပုန် ထခါနီး ဖြစ်နေသည့်  ကုန်းရှင်းဟောက်က  ချက်ချင်းဆိုသလို ဒေါသကို ချိုးနှိမ် ထားလိုက်သည်။ နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ကို  ဓားကြီးတောင် အနေနှင့် အာရုံစိုက်စရာ မလိုသော်လည်း အကယ်၍ မိုရှင်းဟယ်သာ ယန်းမျိုးနွယ်စုက ဖြစ်နေလျှင် ပြဿနာ ကြီးသွားနိုင်သည်။ ယန်းမျိုးနွယ်စုက ဓားကြီးတောင်ထက် အားမနည်းပေ။ သူတို့ နှစ်ဖက်လုံးတွင် အင်မော်တယ် ဘုရင်အဆင့် ကျင့်ကြံသူများ ရှိပေ၏။

မိုဝူကျီက နာကျင်သည့်ဟန် တမင်လုပ်ယူလိုက်ရင်း

“ ငါ အထဲမှာ လျုပ်စီးကန်နဲ့ တွေ့လာတာ။ အင်မော်တယ် ဆေးပင်တချို့ ယူနေရင်း  လျှပ်စီးကန်မှာ ဒဏ်ရာရသွားတာပဲ ”

သို့သော်လည်း ဤအခိုက်အတန့်၌ သူ့စိတ်ထဲ၌ စိုးရိမ်မှုများသာ ကြီးစိုးနေသည်။

ဒီလူငယ်လေးက ဘယ်သူလဲ .....

သူက ယန်းယဲ့နဲ့ ဘယ်လို ပတ်သက်နေတာလဲ  .... သူက တစ်ခုမျှ မသိပေ ....

“ကျီယီက အစ်ကိုကြီးယန်းယဲ့နဲ့ အစ်ကိုကြီး ယန်းတျန်းယုတို့ကို နှုတ်ခွန်းဆက်ပါတယ် ” ပြတ်သားသည့် အသံက မိုဝူကျီ၏ စိုးရိမ်မှုများကို ဖြေဖျောက်ပေးသွားသည်။ အစိမ်းပွင့်ဖတ် ဝတ်စုံ ဝတ်ဆင်ထားသော  လှပကြော့ရှင်းသည့်  မိန်းမငယ်လေးက မိုဝူကျီဆီ လျှောက်လာကာ အနည်းငယ် ဦးညွတ်လိုက်သည်။

ထိုလူငယ်လေးမှာ ယန်းတျန်းယု ဖြစ်ပြီး သူတို့မှာ  မျိုးဆက်တူအတွင်း ဖြစ်ပေလိမ့်မည်။ မဟုတ်လျှင် သူတို့နှစ်ယောက်လုံးကို ထိုမိန်းမငယ်လေးက  အစ်ကိုကြီးဟု ခေါ်မည် မဟုတ်ပေ။

ယခု အဓိကအချက်မှာ ထိုကျီယီ မိန်းကလေးက ဘယ်သူလဲ ...

သူမက သူ့မျက်နှာပေါ်မှ လျှပ်စီးဒဏ်ရာများ တွေ့သောအခါ အနည်းငယ် အံ့ဩ သွားမိသော်လည်း အမူအရာ အပြောင်းအလဲတော့ မသိသာပေ။  တစ်ချက်တည်း ကြည့်ရုံဖြင့် သူမနှင့် ယန်းယဲ့တို့ ကြားမှ ဆက်ဆံရေးမှာ ထိုမျှ မနီးကပ်ကြောင်း သိနိုင်သည်။

သူတို့နှုတ်ဆက်ပြီးနောက် ထိုမိန်းမငယ်လေးက မိုဝူကျီကို အဖြေပေးလိုက်၍ ကံကောင်း သွားတော့သည်။

“ အစ်ကိုကြီး ယန်းယဲ့ ... ကျမတို့ မျိုးနွယ်စုရဲ့ သခင်မ အငယ်လေးက အစ်ကိုကြီးကို ဖိတ်ခေါ် လိုက်ပါတယ် ”

***

All Chapters