လူလိမ်ကြီး၊ လူလိမ်လေး
Vol. 3 Ch. 29
ချင်မူက တလေးတစား ပြန်ဖြေလိုက်သည်။ “မစိုးရိမ်ပါနဲ့ ဦးရီးတော်... တူတော်က ငယ်စဉ်ကတည်းက စွမ်းအင်လေ့ကျင့်လာခဲ့တဲ့အတွက်... တူတော်ရဲ့ ကျောက်ကပ်က သန်မာအားကောင်းပြီးတော့ ကနဦးယန်က ပြည့်လျှံနေပါတယ်... တူတော်ရဲ့ မျက်လုံးအားကလည်း သိပ်ကောင်းပြီး အမှောင်ထဲမှာတောင် မြင်နိုင်တာမလို့ သဲသဲကွဲကွဲ မြင်ရပါတယ်...”
နံရံပေါ်မှအရိပ်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသော်လည်း မည်သည်ကိုမျှ ပြုမူခြင်း မရှိဘဲ ချီစွမ်းအင် လမ်းကြောင်းများကို ထုတ်ဖော်ပြသလိုက်၏။
မဟာလွတ်မြောက်မှု မုဒြာ၏ တတိယမုဒြာမှာ မဟာဉာဏ်ပညာ မုဒြာ ဖြစ်သည်။ မဟာဉာဏ်ပညာ မုဒြာကို ထုတ်ဖော်သည့် နည်းလမ်းက ပို၍ ရှုပ်ထွေး၏။ အရိပ်မည်းပေါ်မှ ချီစွမ်းအင်စီးဆင်းရာ လမ်းကြောင်းမှာ မြန်သည်ထက် မြန်လာပြီး ချင်မူ့အနေဖြင့် ကောင်းကင်မျက်လုံးကို ဖွင့်ထားသည့်တိုင်အောင် အမီလိုက် မကြည့်နိုင်ဘဲ အခန်းထဲသို့ ဝင်လိုစိတ်များ မရိုးမရွ ဖြစ်ပေါ်လာသည်။
ချင်မူ တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီးနောက် ခြေတစ်ဖက်ကို အပြင်ဘက်တွင် ချန်၍ အခြား ခြေတစ်ဖက်ကို အခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ထိုအခါမှ ချီစွမ်းအင်စီးဆင်းရာ လမ်းကြောင်းကို မြင်သည်ဆိုရုံမျှ ခပ်ဝါးဝါး မြင်ရ၏။
ချင်မူ အသည်းအသန် လိုက်မှတ်သော်လည်း နံရံပေါ်မှအရိပ်မှာ မဟာဉာဏ်ပညာ မုဒြာကို ထုတ်ပြ၍ ပြီးစီးသွားသည်။ မဟာဉာဏ်ပညာ မုဒြာကို ထုတ်သုံးကြည့်လိုက်သောအခါ မုဒြာလက်ဟန် ထွက်ပေါ်လာသော်လည်း တစ်ခုခု လွဲချော်နေသည်ဟု ခံစားမိ၏။
မဟာဉာဏ်ပညာ မုဒြာ၏ ချီစွမ်းအင်စီးဆင်းမှု လမ်းကြောင်းကို သူ အပြည့်အဝ မမှတ်သားလိုက်နိုင်ချေ။
“ဒါက မဟာလွတ်မြောက်မှု မုဒြာရဲ့ စတုတ္ထမြောက်မုဒြာ၊ အားလုံးထဲမှာ စွမ်းအား အကြီးဆုံးပဲ... ရှေ့က မုဒြာသုံးမျိုးရဲ့ စွမ်းအားတွေကို ဒီမုဒြာထဲမှာ ပေါင်းထည့်ထားတယ်...”
နံရံပေါ်မှအရိပ်မှာ အားအင် မရှိတော့သည့်နှယ် ပို၍ ပို၍ သေးငယ်လာသည်။ သူ့အသံကလည်း ပို၍ ပို၍ တိုးလျလာ၏။ “ဒါပေမဲ့ ဒီမုဒြာက ပိုရှုပ်ထွေးတယ်... မင်း သေချာ မြင်ရပါ့မလား...”
“စိတ်မပူပါနဲ့ ဦးရီးတော်...”
ချင်မူက ဖြူစင်ရိုးသားသည့် အပြုံးတစ်ခုကို ပြုံးလိုက်သည်။ “တူတော်က ငယ်စဉ်ကတည်းက စွမ်းအင်လေ့ကျင့်လာခဲ့တဲ့အတွက်... တူတော်ရဲ့ ကျောက်ကပ်က သန်မာအားကောင်းပြီး ကနဦးယန်က ပြည့်လျှံနေပါတယ်... တူတော်ရဲ့ မျက်လုံးအားကလည်း သိပ်ကောင်းပြီး အမှောင်ထဲမှာတောင် မြင်နိုင်တာမလို့ သဲသဲကွဲကွဲ မြင်ရပါသေးတယ်...”
နံရံပေါ်မှအရိပ်က တိတ်ကျသွား၏။ ထို့နောက် သက်ပြင်းချပြီး ပို၍ ပို၍ အားနည်းလာသော အသံဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ဦးရီးတော် ဆက်တောင့်မခံနိုင်တော့ဘူး... အထဲ ဝင်လာခဲ့လိုက်... ဒီအခန်းရဲ့ ကြမ်းပြင်က ထောင့်လေးထောင့်မှာ ကြေးနီသံ လေးချောင်း စိုက်ထားတယ်... တူတော် လုပ်ရမှာက အဲဒီ သံလေးချောင်းကို နုတ်လိုက်ရုံပဲ... အဲဒီ ကြေးနီသံတွေက ဦးရီးတော်ရဲ့ နောက်ကျောကို စိုက်ထားတာ... အဲဒါတွေကို နုတ်လိုက်တာနဲ့ ဦးရီးတော် အသက် ကောင်းကောင်း ပြန်ရှုနိုင်ပြီး တူတော့်ကို ဒီလက်ဟန်မုဒြာ အပြည့်အစုံ သင်ပေးနိုင်လိမ့်မယ်...”
သူက နူးညံ့သိမ်မွေ့သော လေသံဖြင့် ဖျောင်းဖျလိုက်သည်။ “တူတော်က မဟာဉာဏ်ပညာ မုဒြာကို အပြည့်အစုံ မရလိုက်ဘူးမဟုတ်လား... မဟာဉာဏ်ပညာ မုဒြာက သိပ်ကို ရှုပ်ထွေးလွန်းပေမဲ့ သူ့ရဲ့ စွမ်းအားကတော့ အတော်လေး ကြီးမားတယ်... တူတော့်အနေနဲ့ အတိအကျ မမှတ်မိလိုက်ရင် စွမ်းအားအပြည့်အဝ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး... ဒါတင်မကသေးဘူး... စွမ်းအားအကြီးဆုံးက စတုတ္ထမုဒြာဖြစ်တဲ့ မဟာလွတ်မြောက်မှု မိစ္ဆာနတ်ဆိုး မုဒြာပဲ... တူတော် အဲဒီ ကြေးနီသံတွေကို ဆွဲနုတ်လိုက်တာနဲ့...”
“ဦးရီးတော်၊ တူတော့်အနေနဲ့ ဆက်မသင်သင့်တော့ဘူး ထင်ပါတယ်...” ချင်မူက ခေါင်းခါယမ်း၍ အခန်းထဲမှ သူ့ခြေတစ်ဖက်ကို ပြန်ရုပ်သိမ်းလိုက်၏။ “ဒါက သင်ရ သိပ်ခက်ပြီးတော့... ကျွန်တော့်လို ဉာဏ်နည်းပုံမျိုးနဲ့ ဆိုရင် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နိုင်မှာ မဟုတ်ပါဘူး...”
နံရံပေါ်မှ အရိပ်မှာ လှုပ်ခါသွားပြီး ချင်မူ့ကို သွေးဆောင်ရန် ကြိုးပမ်းလိုက်သည်။ “တူတော် အဲဒီ သံတွေကို နုတ်လိုက်တာနဲ့ နောက်တစ်ခေါက် ပြန်သင်ပေးလို့ ရပါတယ်...”
ချင်မူက ပို၍ အခက်တွေ့သွားဟန်ဖြင့် ခေါင်းခါယမ်းလိုက်၏။ “ဦးရီးတော်က ကျွန်တော့်ကို တစ်ခါပဲ သင်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်လား... ဦးရီးတော် နောက်တစ်ခေါက် သင်ရအောင် လုပ်လိုက်မိရင် ကျွန်တော်က ဦးရီးတော်ကို ကိုယ့်စကားကိုယ် မတည်အောင် လုပ်မိသလို ဖြစ်သွားမှာပေါ့... တူတော့်အနေနဲ့ ပိုပြီး အပြစ်ရှိသလို ခံစားရပါလိမ့်မယ်... တူတော့်ရဲ့ ဉာဏ်နည်းမှုကြောင့် ဦးရီးတော်ရဲ့ မျှော်လင့်ချက်တွေ ပျက်ပြားစေခဲ့တဲ့အတွက် တောင်းပန်ပါတယ်...”
“အဲလို မဟုတ်ပါဘူး... တူတော်က သိပ်ကို ဉာဏ်ကောင်းတဲ့ သူပါ...”
နံရံပေါ်မှအရိပ်၏ အသံမှာ စိတ်ရင်းကောင်းသည့် ဦးကြီးတစ်ယောက်က သူ၏ တူသားတစ်ယောက်ကို သင်ကြားပြသနေသကဲ့သို့ ပို၍ ညင်သာနူးညံ့လာသည်။ “တူတော်က မိစ္ဆာနတ်ဘုရားရဲ့ ကြီးမြတ်သောအားအင် မုဒြာနဲ့ မိစ္ဆာနတ်ဆိုးလွတ်မြောက် မုဒြာကို တစ်ခါတည်း မြင်ရုံနဲ့ သင်ယူတတ်မြောက်ခဲ့တယ်... မဟာဉာဏ်ပညာ မုဒြာကိုတောင် တစ်ခါမြင်ရုံနဲ့ တချို့တစ်ဝက် တတ်မြောက်သွားတယ်... တူတော်ရဲ့ အထုံပါရမီက သိပ်ကို ထက်မြက်လို့ မဟာဉာဏ်ပညာ မုဒြာကို နောက်တစ်ကြိမ် မြင်ရရင် သေချာပေါက် တတ်ကျွမ်းသွားမှာပဲ... ဦးရီးတော်အနေနဲ့ တူတော်ရဲ့ အထုံပါရမီနဲ့ ဉာဏ်ရည်ကို သဘောကျတယ်... တူတော့်ကို နောက်တစ်ခေါက် သင်ပေးဖို့အတွက် ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းလိုက်ရလည်း ကိစ္စမရှိဘူး...”
ထိုစကားအရောက်တွင် နံရံပေါ်မှအရိပ်၏ အသံက ရုတ်တရက် ရပ်တန့်၍ ရေခဲတမျှ အေးစက်သွား၏။ “မင်းက ငါ့ပညာတွေ လိမ်ပြီး သင်သွားတာပဲ...”
ချင်မူမှာ အံ့အားတကြီး ဖြစ်သွားသည်။ “ဦးရီးတော်က ဘာလို့ အဲဒီလို ပြောလိုက်တာပါလဲ...”
“မင်းက ငါ့ပညာတွေ လိမ်သင်သွားတယ်...”
နံရံပေါ်မှအရိပ်မှာ ဒေါသခြောင်းခြောင်း ထပြီး အရွယ်အစား ကြီးသည်ထက် ကြီးလာကာ နောက်တစ်ကြိမ် ထပ်၍ ခန်းမတစ်ခုလုံး ခြုံလွှမ်းဖုံးအုပ်သွား၏။ ထိုအရိပ်က အန္တရာယ် ပြုတော့မည့်ဟန်ဖြင့် တင်းမာစွာ အော်ဟစ်လိုက်သည်။ “မင်းက ငါ့ပညာတွေကို လိမ်ပြီး သင်ရဲတယ်ပေါ့... ခွေးကောင်လေး၊ ငါက မင်းကို စေတနာနဲ့ သင်ပေးတာ... မင်းကတော့ ငါ့ကို လိမ်တယ်...”
ချင်မူက အခန်းအပြင်ဘက်၌ ရပ်၍ မိစ္ဆာအရိပ်မည်းကြီး စိတ်ကြိုက် ပေါက်ကွဲ ပြောဆိုနေသည်ကို နားထောင်ပြီးမှ ခေါင်းခါယမ်းလိုက်၏။ “ဦးရီးတော်က ရယ်စရာတွေ ပြောနေတာပဲ... ခင်ဗျားကို လွှတ်ပေးအောင် ကျုပ်ကို အရင်လှည့်စားဖို့ ကြိုးစားခဲ့တာ မဟုတ်ဘူးလား...”
အခန်းငယ်လေး၏ တံခါးဝမှာ ဟင်းလင်း ပွင့်ဟသွားသည်။ ပြတင်းပေါက်များက မျက်လုံးများ၊ တံခါးမက ပါးစပ်ပေါက်အဖြစ် အသွင်ဆောင်ပြီး ရန်ပြုတော့မည့်ဟန်ဖြင့် ကြောက်ရွံ့ဖွယ်ရာ ကောင်းလာ၏။ “မင်း သိတယ်ပေါ့...”
“ကျုပ်တို့နှစ်ယောက်က မတူညီတဲ့ မျိုးနွယ်တွေ ဖြစ်ရဲ့သားနဲ့ ခင်ဗျားပဲ တစ်မျိုးနွယ်တည်းဆိုပြီး အရင်ဆုံး လိမ်ဖို့ ကြိုးစားခဲ့တယ်လေ... ပြီးတော့ မဟာလွတ်မြောက်မှု မုဒြာကို အသုံးချပြီး ရည်ရွယ်ချက် နှစ်ခုနဲ့ ကျုပ်ကို ခင်ဗျားနား ကပ်လာအောင် မျှားခေါ်ခဲ့တယ်...”
ချင်မူက ထော့ကျိုး၏ အပြုံးနှင့် ဆင်တူသည့် ဖြူစင်ရိုးသားသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ “ပထမရည်ရွယ်ချက်က ကျုပ်ကို အခန်းထဲဝင်ပြီး နံရံနား ကပ်အောင် မျှားခေါ်မယ်... ပြီးရင် ကျုပ်ကို ဖမ်းယူထိန်းချုပ်ပြီး အခန်းထောင့် လေးထောင့်က ကြေးနီသံတွေကို နုတ်ပစ်မယ်... ဒုတိယတစ်နည်းက မဟာလွတ်မြောက်မှု မုဒြာကို အပြည့်အစုံလိုချင်တဲ့ ကျုပ်ရဲ့ လိုချင်လောဘကို အသုံးချပြီး ကျုပ်စိတ်နဲ့ကျုပ် သံတွေကို နုတ်ခိုင်းမယ်... ကျုပ်သာ အဲဒီ သံတွေကို နုတ်လိုက်မိရင် အဖြစ်အပျက်တွေက အသက်ဝဝရှူနိုင်မယ် ဆိုတာလောက် ရိုးရှင်းမှာ မဟုတ်ဘူး... ခင်ဗျား လွတ်မြောက်သွားတာနဲ့ အရင်ဆုံးလုပ်မှာက ဟိုဒရယ်ပေါက်လေးကို လုပ်ခဲ့သလို ကျုပ်ကို ဝါးစားပစ်မှာပဲ... ဒါပေမဲ့...”
ချင်မူ၏ အပြုံးက ပို၍ ရိုးသားဖြူစင်လာ၏။ “ကျုပ်က မသိနားမလည်တဲ့ ဒရယ်ပေါက်လေး မဟုတ်ဘူး... အဲဒါကြောင့် ခင်ဗျားရဲ့ အလိမ်အညာ စကားတွေအတိုင်း မျှောလိုက်ပြီး မုဒြာလက်ဟန် နှစ်ခုနဲ့ တစ်ပိုင်းကို ရယူခဲ့တာပဲ...”
အခန်းငယ်လေးတစ်ခုလုံး သွက်သွက်ခါအောင် လှုပ်ခါသွားပြီး ကမ္ဘာမြေတစ်ပြင်လုံး ကွဲအက်လောက်သည့် အသံနက်ကြီး တံခါးဝမှ ထွက်ပေါ်လာသည်။ “ခွေးမသား၊ ငါ မင်းကို သတ်မယ်... ငါ လွတ်တာနဲ့ မင်းကို တတိတိ ညှဉ်းဆဲပြီး သတ်မယ်...”
ဒုက္ခိတဘိုးဘွားကျေးရွာမှ နွားကျောင်းသားလေးက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး လှည့်ထွက်သွား၏။ “ခင်ဗျားလို လှည့်ကွက်လေးတွေက ကျုပ်ကို ဘိုးဘိုးထော့ကျိုး အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လှည့်စားခဲ့ပြီးသား... ကျုပ်ငယ်ငယ်ကတည်းက တစ်ချိန်လုံး လှည့်စားခံခဲ့ရတာ... ဘွားဘွားဝယ်ပေးတဲ့ မုန့်တွေတောင် ခဏခဏ လိမ်ပြီး ယူသွားတာ အကြိမ်ပေါင်း မနည်းဘူး... ခင်ဗျားလောက်နဲ့ ကျုပ်ကို လှည့်စားနိုင်မယ် ထင်နေတာကတော့...”
“မင်းရဲ့ ဘိုးဘိုးထော့ကျိုးကို ငါ သတ်မယ်...” နံရံပေါ်မှ အရိပ်က ဒေါသတကြီး အော်ဟစ်လိုက်၏။
ချင်မူက နောက်ပြန်လှည့်ကြည့်၍ အလေးအနက် သတိပေးစကား ဆိုလိုက်သည်။ “သွားမလုပ်လိုက်နဲ့... သူက ခင်ဗျားရဲ့ အောက်ခံအဝတ်တောင် မကျန်အောင် လိမ်လွှတ်လိုက်လိမ့်မယ်...”
နံရံပေါ်မှအရိပ်က ရုတ်တရက် ငြိမ်ကျသွား၏။ ငြိမ်သက်လွန်းသဖြင့် ထူးဆန်းသကဲ့သို့ပင် ဖြစ်သွားသည်။ ထို့နောက် ရုတ်တရက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။ “မင်းပြောတာ ငါတို့က မတူညီတဲ့ မျိုးနွယ်တွေ ဟုတ်လား... ဟီး... ဟီး... ဘယ်လိုလုပ် မင်းနဲ့ ငါက မျိုးနွယ်တူ မဟုတ်ရမှာလဲ... ဟီး... ဟီး... ဟီး... ငါ့ရဲ့ မိစ္ဆာနတ်ဆိုးပေါက်လေး...”
ချင်မူ့ရင်ထဲတွင် စိမ့်တက်သွားပြီး သူ ဝိညာဉ်သန္ဓေသား နံရံချိုးဖျက်စဉ်အခါက ကြားခဲ့ရသော အထက်ကောင်းကင် ကိုးဆင့်မှ နတ်ဘုရားသံကို ရုတ်ခြည်း အမှတ်ရလိုက်မိသည်။ ထို့နောက် နတ်ဘုရားသံကို ရင်ဆိုင်ရန်အတွက် မိစ္ဆာသံ အသုံးပြုခဲ့ခြင်းကို သတိရလိုက်မိ၏။ နံရံပေါ်မှအရိပ်မည်း၏ စကားနှင့် ဆက်စပ်မိသောအခါ လက်မခံချင်ဖွယ်ရာ ဆက်နွှယ်မှုအချို့ကို ချိတ်ဆက်ကြည့်မိသွားသည်။
တစ်မဟုတ်ချင်းပင် သူ့စိတ်ထဲမှ ရှုပ်ထွေးနေသော အတွေးများကို ခေါင်းခါယမ်း၍ မောင်းထုတ်ပြီး လှည့်ထွက်သွားလိုက်၏။
“ဟီး... ဟီး... ဟီး... မင်းက ငါနဲ့ အတူတူပဲ... အတူတူ... အတူတူပဲ...” သူ့နောက်တွင်တော့ နံရံထက်မှအရိပ်မည်းက ထူးဆန်းစွာ ရယ်မော၍ ကျန်ခဲ့သည်။
ချင်မူ ကြမ္မာဆိုးနှိမ်နန်းတော်ထဲမှ မျက်မှောင်ကြုတ်၍ ထွက်လာခဲ့၏။
မိစ္ဆာမျောက်ဝံက သူ့ထံသို့ အလျင်အမြန် ပြေးလာပြီး အခန်းငယ်လေးထဲသို့ လှမ်းချောင်းကြည့်လိုက်သည်။ အရိပ်မည်းကြီးက အခန်းထဲသို့ ပြန်လည် ကျုံ့ဝင်သွားသည်ကို မြင်မှ စိတ်သက်သာရာ ရသွားပြီး ချင်မူ့ကို အလေးအနက် ပြောလိုက်၏။ “ယုံ... အရူး...”
ချင်မူက ခေါင်းညိတ်လိုက်ပြီး ထပ်တူ ခံစားမိသည်။ “မဟာမြို့ပျက်က သိပ်ကို အန္တရာယ် များလွန်းတယ်... ငါတို့လို ရိုးသားဖြူစင်တဲ့ သူတွေက လိမ္မာပါးနပ်မှု မရှိရင် သေချာပေါက် တစ်ပြားမကျန်အောင် အလိမ်ခံရမှာပဲ...”
မိစ္ဆာမျောက်ဝံက သူ့ကို တစ်ချက်ကြည့်၍ မဲ့ရွဲ့သွား၏။ “ယုံ... အရူး...”
ချင်မူ၏မျက်နှာ နီရဲသွားပြီး အကြောက်အကန် ငြင်းဆန်လိုက်သည်။ “ဟေး... ငါက လူလိမ် မဟုတ်ပါဘူးဟ... ငယ်ငယ်ကတည်းက ဆိုးဆိုးရွားရွား အလိမ်ခံခဲ့ရလို့ ဉာဏ်မကောင်းချင်ဘဲ ကောင်းလာရတာပါ... ဒါပေမဲ့ မင်း ဒီနေရာမှာ ဆက်နေဖို့ မကောင်းတော့ဘူး ထင်တယ်... ဒီကြမ္မာဆိုးနှိမ်နန်းတော်က အတော်လေး ဟောင်းနွမ်းဆွေးမြေ့နေတာ... ဘယ်အချိန် ပြိုကျမယ် မသိဘူး... ပြိုကျသွားတာနဲ့ အဲဒီ မိစ္ဆာအိုကြီးက မင်းအပေါ် ဒေါသအိုး ဖောက်ခွဲလိမ့်မယ်...”
မိစ္ဆာမျောက်ဝံက ခေါင်းခါယမ်း၍ သားရိုင်းကောင်ငယ်လေးများကို တိတ်တဆိတ် ကြည့်လိုက်သည်။
မဟာမြို့ပျက်တွင် ရှင်သန်နေထိုင်နိုင်သော နေရာများစွာ မရှိတော့ချေ။ လူသားများနှင့် အခြားဆန်းကြယ်သားရဲများက ကိုယ်စီ နေရာယူထားကြပြီးသား ဖြစ်၏။ မိစ္ဆာမျောက်ဝံအနေဖြင့် ဤသားရိုင်းတိရစ္ဆာန်ငယ်လေးများကို ခေါ်ယူ၍ နေရာပြောင်းရွှေ့လျှင် သင့်လျော်သည့်နေရာ ရှာမတွေ့ဘဲ အမှောင်ထု၏ ရန်ကြောင့် သေဆုံးသွားကြချေလိမ့်မည်။
ချင်မူ့တွင်လည်း အကြံမရှိချေ။ ဒုက္ခိတဘိုးဘွားကျေးရွာက ကျဉ်းကျပ်လှသဖြင့် ဤမျှ များပြားသော သားရဲတိရစ္ဆာန်များ နေ၍ ဆံ့လိမ့်မည် မဟုတ်။
“လာ... ကောင်လေး...”
မိစ္ဆာမျောက်ဝံက ရှေ့မှ ထွက်သွားသဖြင့် ချင်မူ နောက်မှ လိုက်သွားလိုက်သည်။ မိစ္ဆာမျောက်ဝံက တောင်စွန်းအခြေသို့ ခေါ်သွားပြီး တောင်စောင်းနံရံမှ လက်ဝါးရာကြီးကို ညွှန်ပြ၍ ငံ့လင့်သည့် အမူအရာဖြင့် ကြည့်လိုက်၏။
ဤလက်ဝါးရာကြီးက မိစ္ဆာမျောက်ဝံ အမှတ်အသား ပြုထားခြင်း ဖြစ်သည်။ ၎င်း၏ လက်ဖဝါးက ကြီးမားလှသည့်အတွက် တောင်စောင်းနံရံတွင် နက်ရှိုင်းသည့် လက်ဝါးရာကြီး စွဲထင်နေ၏။
ဤလက်ဝါးရာက ဤနေရာမှာ မိစ္ဆာမျောက်ဝံ၏ နယ်မြေ ဖြစ်ကြောင်း အမှတ်အသား ပြုထားခြင်း ဖြစ်သည်။ အခြားဆန်းကြယ်သားရဲများက ဤလက်ဝါးရာကို မြင်သည်နှင့် မိစ္ဆာမျောက်ဝံ၏ နယ်မြေ ဖြစ်ကြောင်း သိရှိပြီး ရှောင်ကွင်းသွားကြပေလိမ့်မည်။
အခြားဆန်းကြယ်သားရဲများအနေဖြင့် ဤနေရာကို ရယူလိုပါက စိန်ခေါ်တိုက်ခိုက်ရမည် ဖြစ်၏။ မိစ္ဆာမျောက်ဝံ ရှုံးနိမ့်ခဲ့လျှင် ပိုင်ရှင်အသစ်က ဤလက်ဝါးရာကို ဖျက်ဆီး၍ အမှတ်အသားအသစ် ပြုလုပ်ပေလိမ့်မည်။
“မင်း... မှတ်...” မိစ္ဆာမျောက်ဝံက မျှော်လင့်တကြီး ပြောလိုက်သည်။
ချင်မူမှာ ၎င်း၏ ပြောစကားကို နားမလည်သဖြင့် ဇဝေဇဝါ ဖြစ်သွား၏။
မိစ္ဆာမျောက်ဝံက သူ့လက်ကို ဆွဲယူ၍ ၎င်း၏ လက်ဝါးရာဘေးတွင် ကပ်ချကာ ပြောလိုက်သည်။ “မှတ်...”
ချင်မူမှာ ယခုမှ ဆိုလိုရင်းကို သဘောပေါက်သွားပြီး ရင်ထဲတွင် ခံစားမိသွား၏။ မိစ္ဆာမျောက်ဝံ၏ လက်ဝါးရာဘေးတွင် လက်ဝါးရိုက်ချက် ခပ်ပြင်းပြင်း တစ်ချက် ရိုက်ချလိုက်ရာ တောင်စောင်းနံရံ၌ သူ၏ လက်ဝါးရာ ပေါ်ထွက်လာသည်။
မိစ္ဆာမျောက်ဝံက ပြုံးပြပြီး တောင်ကြားချိုင့်ဝှမ်းကို ညွှန်ပြ၍ ဗလုံးဗထွေး ပြောလိုက်၏။”ငါ့ဟာ... မင့်ဟာ...”
ချင်မူ၏ ရင်ထဲတွင် နွေးထွေးသော ခံစားချက် တစ်ခု စီးဆင်းသွားပြီး တဟားဟား ရယ်မောလိုက်မိသည်။ မိစ္ဆာမျောက်ဝံကလည်း တခွီးခွီး လိုက်၍ ရယ်မောလိုက်၏။
ထိုအခိုက်၌ ကောင်းကင်ပေါ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ “ဆရာ... အောက်မှာ လူတွေ ရှိတယ်...”
ချင်မူ ရုတ်ခြည်း ခေါင်းမော့ကြည့်လိုက်သောအခါ စက္ကူလှေတစ်စီး လေထဲတွင် ပျံသန်းသွားသည်ကို မြင်ရ၏။ ထိုစက္ကူလှေက ပေပေါင်း ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ရှည်လျားသည်။ လှေပေါ်မှ နေရာမှာ အတော်လေး ကျယ်ဝန်းပြီး ဝတ်စုံစိမ်း ဝတ်ဆင်ထားသည့် ယောက်ျား၊ မိန်းမ များစွာ ရပ်၍ နေ၏။
ထို့နောက် ပို၍ထူးဆန်းသော အရာများကို မြင်လိုက်ရသည်။ စက္ကူကြိုးကြာအချို့က တောင်ပံ တဖျပ်ဖျပ်ခတ်၍ အခြားစက္ကူလှေတစ်စီး၏ ပတ်ပတ်လည်တွင် ဝဲပျံနေ၏။ ထိုစက္ကူကြိုးကြာများပေါ်တွင် ထူးဆန်းသည့် ယောက်ျား၊ မိန်းမများ မတ်တတ် ရပ်နေကြပြီး သူတို့၏ နောက်ကျော၌ ဓားရှည်များ ချိတ်ဆွဲထားကြသည်။
ဒုတိယလှေပေါ်၌ လူတစ်ယောက်သာ ပါပြီး မည်သည့်အရာမှန်း သဲသဲကွဲကွဲ မမြင်ရသည့် ကုန်ပစ္စည်းများ တင်ဆောင်ထား၏။
ထိုစက္ကူလှေက လေထဲတွင် ရပ်တန့်သွားပြီး လှေပေါ်မှ အကြီးအကဲက လှမ်းပြောလိုက်သည်။ “ချမ်ချိုး... လမ်းသွားမေးစမ်း...”
“ဟုတ်ကဲ့...”
စက္ကူကြိုးကြာတစ်ကောင်ပေါ်မှ လူငယ်တစ်ယောက်က အောက်သို့ ငုံ့ကြည့်၍ မေးလိုက်၏။ “ကောင်လေး၊ ဒုက္ခိတဘိုးဘွားကျေးရွာကို ဘယ်လို သွားရမလဲ သိလား...”
ချင်မူမှာ ဇဝေဇဝါ ဖြစ်သွားပြီး ဒုက္ခိတဘိုးဘွားကျေးရွာသို့ သွားရာလမ်းကို ညွှန်ပြလိုက်သည်။
ထိုလူငယ်က ယဉ်ကျေးသော အမူအရာဖြင့် ကျေးဇူးတင်ကြောင်း ဦးညွှတ်လိုက်၏။ စက္ကူကြိုးကြာပေါ်မှ ရွှေတုံး တစ်တုံး ပစ်ချလိုက်ပြီးနောက် စက္ကူလှေအနီးသို့ ပျံဝဲသွားသည်။
ချင်မူက ရွှေတုံးကို ဇဝေဇဝါ ကောက်ယူလိုက်၏။ “ဒီလူတွေက ငါတို့ ရွာကို ဘာလို့ သွားချင်တာလဲ... ဒီနားက ဖြတ်သွားတဲ့ ကုန်သည်တွေလား... ဒါပေမဲ့ ကုန်သည်တွေ ဆိုရင်လည်း နယ်စပ်နဂါးမြို့ကို သွားရမှာ မဟုတ်ဘူးလား...”