← Chapters

သွေးကြွေးလာဆပ်ခြင်း

Vol. 3 Ch. 30

သွေးကြွေးလာဆပ်ခြင်း

Vol. 3 Ch. 30

ချင်မူက ရွှေတုံးကို ကောက်ယူ သိမ်းဆည်းပြီး ပြောလိုက်သည်။ “အာရုံစိုက်ပြီး လေ့ကျင့်ထား ငါ့ကောင်ကြီး... မနက်ဖြန် လာခဲ့မယ်... ဟိုအခန်းလေးထဲကို မဝင်နဲ့နော်၊ အဲဒီမိစ္ဆာက ဉာဏ်များတယ်...”

မိစ္ဆာမျောက်ဝံက ခေါင်းညိတ်လိုက်၏။

ချင်မူ ရွာဘက်သို့ အလျင်အမြန် ပြန်ပြေးပြီး မကြာမီတွင် ရွာပြင်ဘက် အစပ်သို့ ရောက်လာသည်။ ရွာအဝင်ဝ အပြင်ဘက် ကောင်းကင်ယံ၌ စက္ကူလှေနှစ်စီး ကျောက်ချ ရပ်တန့်ထားသည်ကို သူ လှမ်းမြင်လိုက်ရ၏။ စက္ကူကြိုးကြာများက ရွာပြင်ရှိ သစ်ပင်ကြီးများအောက်တွင် သက်ဆင်း ခိုနားလျက် ရှိပြီး လူသူတစ်စုံတစ်ယောက်မျှ မတွေ့ရချေ။ ကြည့်ရသည်မှာ သူတို့အားလုံး ရွာထဲသို့ ဝင်သွားကြပြီနှင့် တူ၏။

သူ ရွာထဲသို့ ဝင်သွားသောအခါ လှေပေါ်မှ စကားလှမ်းပြောခဲ့သည့် အကြီးအကဲမှာ ရွာလူကြီးနှင့် မျက်နှာချင်းဆိုင် ရပ်၍ စကားပြောနေသည်။ “လူကြီးမင်းတို့ရွာရဲ့ အဘွားစစ်က လက်မှုပညာမှာ ထူးချွန်တယ်ကြားလို့ အဝတ်အထည်တချို့ အပ်ချင်တဲ့အတွက် ကျုပ်တို့ အရောက်လာခဲ့တာပါ...”

ရွာလူကြီးက မေးလိုက်၏။ “ဘယ်လို အဝတ်အထည်မျိုးနဲ့ ဘယ်လောက် အရွယ်အစား အလိုရှိသလဲဆိုတာ မေးခွင့်ရှိပါသလား...”

ထိုအကြီးအကဲက ပြန်ပြောလိုက်သည်။ “မသာဝတ်စုံ အပ်ချင်တာပါ... စုစုပေါင်းကိုးစုံ၊ အရွယ်အစားကတော့ ဒီကရွာသူရွာသားတွေရဲ့ ကိုယ်တိုင်းအတိုင်းပါပဲ... အဘိုးကြီးမာရဲ့ လက်သမားပညာကလည်း မဆိုးဘူးလို့ ကြားထားပါတယ်... အဲဒါကြောင့် အဘိုးကြီးမာကိုလည်း အခေါင်းကိုးလုံး လုပ်ပေးဖို့ အကူအညီ တောင်းချင်ပါတယ်... အရွယ်အစားကတော့ ဒီကရှိတဲ့ လူတွေရဲ့ အရွယ်အစား အတိုင်းပါပဲ...”

ရုတ်တရက် ထိုအကြီးအကဲက ချင်မူ ဝင်လာသည်ကို မြင်တွေ့ပြီး အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်သွား၏။ “ကျုပ် မှားပြောမိသွားပြီ... မသာအဝတ်ဆယ်စုံနဲ့ အခေါင်းဆယ်လုံး လိုပါလိမ့်မယ်... ချမ်ချိုး၊ စရံ ယူလာခဲ့...”

ချမ်ချိုးဟု အမည်ရသည့် လူငယ်က ရှေ့သို့ ထွက်လာပြီး လက်ဝှေ့ယမ်းလိုက်သည်။ ရွာအပြင်ဘက်မှ စက္ကူလှေတစ်စီးက လေထဲမှ မျောလွင့်လာပြီး ရွာလူကြီး၏ ဘေးတွင် ရပ်တန့်သွား၏။ ထိုလှေမှာ ရွှေစက္ကူ ငွေစက္ကူများ၊ ဖယောင်းတိုင်များ၊ အလံဖြူများ စသည့် အသုဘပစ္စည်းများနှင့် ပြည့်နေကြောင်း ချင်မူ လှမ်းမြင်လိုက်မိသည်။

အကြီးအကဲဖြစ်သူက လှေကို ရွာထဲ၌ ဆိုက်ကပ်ရန် ညွှန်ကြားပြီးနောက် ဆက်ပြောလိုက်၏။ “ဒါက မသာဝတ်စုံဆယ်စုံနဲ့ အခေါင်းဆယ်လုံးအတွက် စရန်ပါ... အဘွားစစ်နဲ့ အဘိုးကြီးမာက ဒီနေ့အပြီး လုပ်ပေးနိုင်မလား မသိဘူး... အမှန်အတိုင်းပြောရရင် အဲဒီပစ္စည်းတွေ အသုံးပြုဖို့ ကျုပ်တို့ အလျင်လိုနေပါတယ်...”

အလုပ်ကိုယ်စီ ရှုပ်နေကြသည့် ထော့ကျိုး၊ ရွှေအနှင့် ဆေးဆရာတို့အားလုံး ရုတ်တရက် ငြိမ်သက်သွားသည်။ အဘွားစစ်က ယိုင်ထိုးယိုင်ထိုးနှင့် လျှောက်လာပြီး ပြုံးလိုက်၏။ “မသာဝတ်စုံဆယ်စုံ နေ့ချင်းပြီး လိုချင်တာ... လောလှချည်လား... အဝယ်တော်ကြီးရဲ့...”

အဘိုးကြီးမာကလည်း အနားသို့ လျှောက်လာပြီး အေးစက်စက် ပြောလိုက်သည်။ “ကျုပ် အလုပ်လုပ်တာ မြန်ပါတယ်... အခေါင်းဆယ်လုံးတော့ ဒီနေ့ပဲ အပြီးရနိုင်ပါတယ်... လူကြီးမင်းအနေနဲ့ ခဏလောက် စောင့်ပေးနိုင်မလား...”

ထိုအကြီးအကဲက ပြုံးလိုက်၏။ “နည်းနည်း လောသလို ဖြစ်သွားတာ ဟုတ်ပါတယ်... ဒါပေမဲ့ ဒီကလူတွေက အရည်အချင်း ပြည့်ဝတဲ့သူတွေ ဆိုတော့ အမြန်ရနိုင်မယ် ထင်ပါတယ်...”

အဘွားစစ်က ရွှေစက္ကူ ငွေစက္ကူများ၊ ဖယောင်းတိုင်များကို ကြည့်၍ အေးစက်စက် ပြုံးလိုက်သည်။ “မသာဝတ်စုံတွေ ဝတ်ဖို့ အလျင်လိုနေတယ် ဆိုတော့လည်း အမြန် ချုပ်ပေးရတော့မှာပေါ့... တိုက်ဆိုင်ချင်တော့ ဒီရက်ပိုင်းမှ အထည်စတွေ ဝယ်ထားပြီးသား ရှိနေတယ်...”

ထိုအကြီးအကဲက ထိုင်ခုံမှ ခပ်ကိုင်းကိုင်း ထလိုက်၏။ “ဒုက္ခခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်... အဘွားစစ်...”

အဘွားစစ်က သူ့အိမ်ဘက်သို့ ပြန်လျှောက်သွားပြီး အထည်လိပ် အချို့ ထုတ်ယူလာသည်။ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါ အထည်လိပ်များ လေထဲတွင် ပြန့်ထွက်သွားပြီး ကတ်ကြေးတစ်လက်လည်း အလိုအလျောက် ပျံသန်းထွက်ပေါ်လာ၏။ ထိုကတ်ကြေးက လေထဲတွင် တရွှပ်ရွှပ် ဖြတ်ညှပ်နေပြီး တစ်ခဏအတွင်း၌ ဝတ်စုံပုံစံ ပေါ်လာသည်။

ထို့နောက် ခြင်းတောင်းအတွင်းမှ အပ်ချည်တန်းလန်းနှင့် ငွေအပ်များ ပျံသန်းထွက်ပေါ်လာ၏။ ထိုအပ်များက လူးလာလွန်းထိုးနေပြီး မကြာမီတွင် မသာဝတ်စုံများ ချုပ်လုပ် ပြီးစီးသွားသည်။

အခြားတစ်ဘက်တွင်တော့ အဘိုးကြီးမာက ကြီးမားသော မိုးမခပင်ကြီးများဆီသို့ လျှောက်လှမ်းသွားပြီး သူ၏ လက်ချောင်းများမှတစ်ဆင့် နဂါးစိမ်းချီများ ထုတ်လွှတ်လိုက်သည်။ နဂါးစိမ်းချီများက သစ်ပင်များကို ဝိုင်းပတ်လှုပ်ရှားနေပြီး လွှနှင့်တိုက်သကဲ့သို့ အသံများ ဆူဆူညံညံ ထွက်ပေါ်လာ၏။ များစွာမကြာလိုက်ဘဲ ကြီးမားသော သစ်လုံးကြီးများမှာ သစ်သားအခေါင်း ဖြူဖြူများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသစ်သားအခေါင်း ဖြူဖြူများမှာ လေထဲမှ ဝဲပျံ၍ ရွာလယ်သို့ အစီအရီ ကျဆင်းလာ၏။

အဘွားစစ်၏ အထည်ချုပ်ခြင်းကလည်း ပြီးစီးသွားပြီ ဖြစ်သည်။ သူ့လက်များကို အသာ ဝှေ့ယမ်းလိုက်သောအခါ မသာဝတ်စုံများက အခေါင်းများအပေါ်သို့ တစ်စုံပြီးတစ်စုံ သက်ဆင်းကျရောက်သွား၏။

အဘိုးကြီးမာက ခြေလှမ်းကြဲကြီးများဖြင့် လှမ်းလာပြီး အေးစက်စက် ပြောလိုက်သည်။ “လူကြီးမင်းတို့က အခကြေးငွေ အများကြီး ယူလာတာဆိုတော့ နောက်ထပ် အခေါင်းနှစ်လုံး အလကား ထပ်လုပ်ပေးလိုက်ပါတယ်... စုစုပေါင်း အခေါင်းဆယ့်နှစ်လုံး... လူကြီးမင်းတို့ အားလုံးရဲ့ အရပ်အမောင်း အရွယ်အစားအတိုင်း ကွက်တိ လုပ်ပေးထားတာမလို့ အထဲဝင်လှဲရင် တိုတာ ရှည်တာ မဖြစ်ဘဲ အံကျကွက်တိ ဖြစ်မှာပါ... လူကြီးမင်းအနေနဲ့ ကျုပ်ရဲ့ လက်ရာကို နှစ်သက် သဘောကျပါရဲ့လား...”

အဘွားစစ်ကလည်း ပြုံးလိုက်၏။ “ကျုပ်ကလည်း နောက်ထပ် မသာဝတ်စုံ အပိုနှစ်စုံ ထပ်ချုပ်ပေးထားပါတယ်... ကိုယ်တိုင်းနဲ့ ကွက်တိဖြစ်မယ်လို့ ထင်ပါတယ်...”

အကြီးအကဲဖြစ်သူက ဟက်ခနဲ ရယ်မောလိုက်သည်။ “သဘောကျပါတယ်၊ သိပ်ကို သဘောကျပါတယ်...”

နှစ်ဖက်အနေအထားက ပို၍ ပို၍ တစ်မျိုးတစ်မည် ဖြစ်လာကြောင်း ချင်မူ ခံစားလိုက်မိ၏။ သူ တိတ်တဆိတ် ရေတွက်ကြည့်လိုက်သောအခါ အကြီးအကဲဖြစ်သူအပါအဝင် အစိမ်းရောင်ဝတ်စုံဝတ် စုစုပေါင်း ဆယ့်နှစ်ယောက်တိတိ ရှိကြောင်း တွေ့လိုက်သည်။

ဆေးဆရာက ကြောက်မက်ဖွယ်ရာ မျက်နှာအမူအရာနှင့် လျှောက်လှမ်းလာ၏။ သို့သော်လည်း သူ၏ လေသံကတော့ လွန်စွာ ညင်သာသိမ်မွေ့လှသည်။ “လူကြီးမင်းရဲ့ လေသံကို ကြည့်ရတာ ဒီဘက်နယ်က မဟုတ်ဘူး ထင်တယ်... ကြည့်ရတာ တောင်ဘက်နယ်စပ်က လာတာများလား...”

အကြီးအကဲဖြစ်သူက ညင်သာနူးညံ့သော အပြုံးနှင့် ပြန်တုံ့ပြန်လိုက်၏။ “မှန်ပါတယ်... ကျုပ်တို့က တောင်ဘက်နယ်စပ်က လာတာပါ... အတိအကျ ပြောရရင် လီမြစ်ဝှမ်းကပါ...”

ထော့ကျိုးက အပြုံးပန်းလှိုင်လှိုင် ပွင့်နေသည့် မျက်နှာနှင့် လျှောက်လှမ်းလာသည်။ “လီမြစ်မှာ ပညာရှင်တွေ အများအပြားရှိတဲ့ လီမြစ်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်း ရှိတယ်ဆိုတာ ကြားဖူးတယ်... ဂိုဏ်းခေါင်းဆောင်ကတော့ မူပေဖုန်း ဆိုလားပဲ... သူ့ရဲ့ ကောင်းကင်နတ်သိုင်းက ပြီးပြည့်စုံတဲ့ အဆင့်ထိ ရောက်‌နေပြီးတော့ မြစ်ရေစီးကြောင်းကို လက်ဝါးတစ်ချက် ဆန့်ထုတ်ပြီး ဖြတ်တောက်တားဆီးနိုင်တယ်လို့ ကြားတယ်...”

ထိုအကြီးအကဲက ချက်ချင်း တုံ့ပြန်ပြောဆိုလိုက်၏။ “ချီးမြှောက်လွန်းနေပါပြီ၊ မခံယူဝံ့ပါဘူး... ကျုပ်က မူပေဖုန်းဆိုတာ မှန်ပါတယ်... ကျုပ်တို့ လီမြစ်ဂိုဏ်းက မြစ်ကြောင်းတစ်လျှောက် အသက်မွေးဝမ်းကြောင်းနေရတဲ့ ဂိုဏ်းငယ်လေး တစ်ဂိုဏ်းပါပဲ... ကျုပ်မှာ လီမြစ်အကြီးအကဲ ငါးယောက်လို့ လူသိများ ကျော်ကြားတဲ့ ညီငယ်ငါးယောက် ရှိပါတယ်...”

ချင်မူ၏ ရင်ထဲတွင် လှုပ်ခါ၍ အမူအရာ အနည်းငယ် ပျက်သွားသည်။ လီမြစ်အကြီးအကဲ ငါးယောက် ဆိုသည်မှာ ဘွားဘွားစစ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော အကြီးအကဲငါးယောက် မဟုတ်ပါလား။

ကြည့်ရသည်မှာ မူပေဖုန်းက သူ့လူများကို ခေါ်၍ လီမြစ်အကြီးအကဲ ငါးယောက်အတွက် လက်စားချေရန် ဤနေရာသို့ လာရောက်ခြင်းပေလား။

သူက အခေါင်းဆယ်လုံးနှင့် မသာဝတ်စုံဆယ်စုံ လိုချင်သည် ဆိုခြင်းမှာ ဒုက္ခိတဘိုးဘွားကျေးရွာမှ လူအားလုံးအတွက် ဖြစ်ကြောင်း ထင်ရှား၏။ ရွာသူရွာသားများကို သတ်ပြီးသည့်အခါ မသာဝတ်စုံများ ဝတ်ပေး၍ အခေါင်းထဲထည့်ကာ ချက်ချင်း မြေမြှုပ်ပြီး ဖယောင်းတိုင်များ ထွန်းညှိ၊ ရွှေစက္ကူ ငွေစက္ကူများ မီးရှို့ပေးကြပေလိမ့်မည်။

စက္ကူလှေများနှင့် စက္ကူကြိုးကြာများမှာလည်း ရွာသူရွာသားများ၏ တမလွန်ဘဝအတွက် ပြင်ဆင်လာခြင်း ဖြစ်၏။

မူပေဖုန်းက သူ၏ လက်မမှ ကျောက်စိမ်းလက်စွပ်ကို လှည့်၍ ဆော့ကစားရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက နန်းတွင်းအမိန့်နဲ့အတူ ဧကရာဇ်အတိုင်ပင်ခံကိုယ်တိုင် ကျုပ်တို့ဆီ ရောက်လာပြီး ကျုပ်နဲ့ တာအိုသဘောတရား ဆွေးနွေးခဲ့ကြတယ်... အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်အတွင်းမှာပဲ ကျုပ်ကို သူ အနိုင်ယူသွားနိုင်ခဲ့လို့ နန်းတွင်းအမိန့်စာကို ကျေကျေနပ်နပ် လက်ခံပြီး ဧကရာဇ်ရဲ့ လက်အောက်ကို ခိုလှုံခဲ့တယ်... ဧကရာဇ်နဲ့ အတိုင်ပင်ခံက ကျုပ်ကို မြှောက်စားပြီး တောင်ဘက်နယ်စပ်က ပင်ပျိုငါးသွယ်ပြည်နယ်ကို အုပ်ချုပ်ဖို့ အနိမ့်စံ ဒုတိယအဆင့် နန်းတွင်းအရာရှိအဖြစ် ခန့်အပ်ခဲ့တယ်... အဲဒီနောက်မှာ အတိုင်ပင်ခံက လီမြစ်အကြီးအကဲ ငါးယောက်ကို တွဲဖက်အုပ်ချုပ်သူ၊ အနိမ့်စံ တတိယအဆင့် နန်းတွင်းအရာရှိတွေအဖြစ် ခန့်အပ်ခဲ့တယ်... ဒါပေမဲ့ ကျုပ်တို့က သိုင်းလောကသားတွေ ဆိုတော့ နန်းတွင်းအရာရှိ ရာထူးကို ရယူထားပေမဲ့ လွတ်လွတ်လပ်လပ် နေရတာကို ပိုသဘောကျပါတယ်...”

ရွာလူကြီးက ပြုံးလိုက်၏။ “ထာဝရငြိမ်းချမ်းရေး အင်ပါယာဆိုတာ အင်ပါယာအယောင်ဆောင်ထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ... နတ်ဘုရားတွေအောက်က နံပါတ်တစ်လူသားကို ဧကရာဇ်ရဲ့ အတိုင်ပင်ခံအဖြစ် သိမ်းသွင်းထားနိုင်မှတော့ အင်ပါယာရဲ့ အနာဂတ်က ပိုပိုပြီး စည်ပင်ဝပြောလာတဲ့အတွက် သူတို့လက်အောက်ကို ဂိုဏ်းပေါင်းများစွာ ခိုဝင်သွားကြတာ မဆန်းပါဘူး... သူတို့က ဂိုဏ်းအသီးသီးရဲ့ ဂိုဏ်းသားတပည့်တွေကိုတောင် နန်းတွင်းတပ်ဖွဲ့ထဲ အဝင်ခံပြီး နယ်မြေချဲ့ထွင်ခဲ့ကြတာ... နောင်ကြီးမူက အချုပ်အနှောင်ကင်းကင်း လွတ်လွတ်လပ်လပ် နေရတာကို နေသားကျ‌ခဲ့ပြီးမှ နန်းတွင်းအရာရှိ ဖြစ်လာရတာဆိုတော့ နန်းတွင်းစည်းကမ်းတွေနဲ့ နေသားမကျတာကို နားလည်ပါတယ်...”

မူပေဖုန်းက ပြောလိုက်သည်။ “အဲဒါကြောင့်ပဲ ကျုပ်ရဲ့ ညီငယ် ငါးယောက်က လီမြစ်တပည့်သား ငါးယောက်ကို ခေါ်ပြီး မဟာမြို့ပျက်ကို စိတ်ပြေလက်ပျောက် ထွက်သွားခဲ့ကြတယ်... လီမြစ်တပည့်သား ငါးယောက်က ကျုပ်ညီငယ် ငါးယောက်ရဲ့ တပည့်တွေပဲ... သူတို့အားလုံးက ကိုယ်စီ ထူးချွန်ကြတဲ့အတွက် ကျုပ်ရဲ့ ညီငယ်ငါးယောက်က သူတို့ကို မဟာမြို့ပျက်ဆီ အတွေ့အကြုံ ရအောင် ခေါ်သွားခဲ့တယ်...”

မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို ထောက်၍ လှမ်းလာပြီး ဝင်ပြောလိုက်၏။ “လီမြစ်အကြီးအကဲ ငါးယောက်က သူတို့တပည့်တွေကို လေ့ကျင့်ပေးဖို့ မဟာမြို့ပျက်ကို ခေါ်လာတယ် ဟုတ်လား... မဟာမြို့ပျက်က သိပ်ကို အန္တရာယ်များတဲ့ နေရာပဲ... သူတို့အတွက် စိတ်ပူမိတယ်...”

မူပေဖုန်းက သက်ပြင်းချလိုက်သည်။ “ဟုတ်တယ်... မဟာမြို့ပျက်က သိပ်ကို အန္တရာယ်များလွန်းပြီး မကောင်းဆိုးဝါးလို လူတွေ နေရာတိုင်းမှာ ရှိနေတယ်... သူတို့ ထွက်သွားတာ နှစ်လ ရှိပြီ... ပြန်ရောက် မလာတဲ့အတွက် တစ်ခုခု ဖြစ်နေပြီလို့ ယူဆပြီး လာရှာခဲ့တာ... ကျုပ်ညီငါးယောက် သေဆုံးခဲ့ရတဲ့ နေရာကို ကံကောင်းထောက်မပြီး တွေ့ခဲ့ရတယ်... သူတို့ အကုန်လုံး အရိုးတွေ ကျိုးကြေပြီး ဆိုးဆိုးဝါးဝါး သေဆုံးခဲ့ကြရတာ... သူတို့ကို သတ်သွားတဲ့သူက ကောင်းကင်နတ်ဆိုးဂိုဏ်းကပဲ... ဟောဒီက အဘွားစစ်လို အရပ်ပုပုနဲ့ ဖြစ်မယ်...”

သူက ခေါင်းခါယမ်းပြီး စကားဆက်လိုက်သည်။ “အဲဒီနောက်မှာ သူတို့ရဲ့ တပည့်တွေ သေဆုံးခဲ့ရတဲ့ နေရာကိုလည်း တွေ့ခဲ့တယ်... တောင်ကြားချိုင့်ဝှမ်း တစ်ခုမှာပဲ... အလောင်းတွေကတော့ သားရိုင်းတိရစ္ဆာန်တွေ ကိုက်ဖဲ့ စားသောက်ထားလို့ အတော်လေး ရုပ်ပျက်နေပြီ... ဟင်း... တော်တော် ဆိုးဆိုးဝါးဝါးပါပဲ... ဒဏ်ရာတွေအရ ဆိုရင် သူတို့ကို သတ်သွားတာ ဒီက တူမောင့်အရွယ်လောက် လူငယ်ပဲ ဖြစ်လိမ့်မယ်... လူကြီးမင်းတို့ ရွာမှာ အပ်ချုပ်သမားနဲ့ လက်သမားကောင်းကောင်း ရှိတယ် ကြားလို့ ကျုပ်ရဲ့ ညီငယ်တွေနဲ့ သူတို့တပည့်တွေကို သတ်သွားတဲ့ လူသတ်သမားတွေအတွက် မသာဝတ်စုံနဲ့ အခေါင်း အပ်ဖို့ ရောက်လာတာပါ... အခု ကျန်တာတော့ သူတို့ကို အခေါင်းထဲ ထည့်ဖို့ပဲ ရှိပါတော့တယ်...”

သူ့အမူအရာက အနည်းငယ် ဝင့်ကြွားသည့် ဟန်ပန်သို့ ပြောင်းသွား၏။ “ကျုပ်က နန်းတွင်းအရာရှိ တစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ်... ဒါပေမဲ့ အရိုင်းဆန်ဆန် နေရတာကို အသားကျနေပြီ... ဝေ့ဝိုက်နေတဲ့ နန်းတွင်းစည်းမျဉ်းတွေနဲ့ အကျွမ်းတဝင် မရှိဘူး... အဲဒါကြောင့် သိုင်းလောက ထုံးစံအတိုင်း ဖြေရှင်းခွင့် ပေးပါ... အခုက ကျုပ်ရဲ့ ညီငယ်တွေနဲ့ သူတို့ရဲ့ တပည့်တွေအတွက် လက်စားချေဖို့ ရောက်လာတာပဲ... ချမ်ချိုး...”

စကားဆုံးသည်နှင့် ထိုအကြီးအကဲက ပါးစပ်ပိတ်၍ ရပ်တန့်သွားသည်။

သူ့နောက်မှ လူငယ်သိုင်းသမားတစ်ယောက် ရှေ့ထွက်လာပြီး ချင်မူ့ကို ကြည့်လိုက်၏။ ထိုသူက ချင်မူ့ကို ရွှေတုံးတစ်တုံး ပစ်ပေးခဲ့သည့် လူငယ် ဖြစ်သည်။ “ငါ့ရဲ့ ဂိုဏ်းတူညီလေးချွီက တုတ်တစ်ချောင်းနဲ့ အသုံးပြုသွားတဲ့ ဓားမသိုင်းကြောင့် သေဆုံးခဲ့ရတာ... ဒီကညီလေးရဲ့ နောက်ကျောမှာ ဓားမတစ်ချောင်း ချိတ်ဆွဲထားတာ ဆိုတော့ ဓားမသိုင်း စွမ်းရည်လေးများ ထုတ်ပြနိုင်မလား...”

ချင်မူက ချီတုံချတုံ ဖြစ်သွားပြီး အဘွားစစ်၊ ရွာလူကြီးနှင့် ကျန်သူများကို ကြည့်လိုက်သည်။

အဘွားစစ်က မနေနိုင်ဘဲ ဝင်ပြောလိုက်၏။ “မူအာ၊ တောင်ဘက်နယ်စပ်ဒေသက တောရိုင်းဓလေ့ ရှိတယ်... သူတို့ရဲ့ သိုင်းကွက်တွေက ရက်စက်ကြမ်းကြုတ်ပြီး အညှာအတာ မရှိဘူး... သူက မင်းကို ဓားမသိုင်းစွမ်းရည် ထုတ်ပြဖို့ ပြောလာတာဆိုတော့... မင်းအနေနဲ့...”

“ပါးစပ်ပိတ်ထား... အဘွားကြီးစစ်...”

ရွာလူကြီးက အဘွားစစ်ကို ဆက်မပြောရန် အော်ဟစ်တားမြစ်ပြီး တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ “သူတို့က နန်းတွင်းအင်အားနဲ့ ဧကရာဇ်အတိုင်ပင်ခံရဲ့ အကူအညီကို ရယူဖိအားမပေးဘဲ သိုင်းလောကထုံးစံအတိုင်း လာခဲ့တာ... ငါတို့ကလည်း သိုင်းလောကထုံးစံကို မဖောက်ရဘူး... ချင်မူ့ကို ဘယ်သူမှ အကြံလည်း မပေးရဘူး... ကူလည်း မကူညီရဘူး...”

ရွာလူကြီးက ခန့်ညားထည်ဝါသည့် အကြည့်ဖြင့် ချင်မူ့ကို ကြည့်၍ အေးစက်စက် ပြောလိုက်၏။ “ချင်မူ၊ အခေါင်းတွေနဲ့ မသာဝတ်စုံတွေက ဒီနေရာမှာပဲ... မင်း ပျော့ညံ့ရင် ဒီထဲက အခေါင်းတစ်လုံးက မင့်အတွက်ပဲ... မင်း သေမလား၊ သူ သေမလား တစ်ခုပဲ... သူက မင်းကို တိုက်ခိုက်ဖို့ စိန်ခေါ်ပြီးသွားပြီ... ဘာကိစ္စ အဲဒီနေရာမှာတင် ရပ်ပြီး ကြောင်ကြောင်ကြီး ကြည့်နေသေးတာလဲ...”

All Chapters