လီမြစ်ဓားသိုင်း
Vol. 3 Ch. 31
ချင်မူ၏ ရင်ထဲတွင် တဒိုင်းဒိုင်း ခုန်သွားပြီး သူ့နောက်ကျောမှ ဝက်ခုတ်ဓားကို ဖြုတ်ယူလိုက်၏။ ဤသို့သော အနေအထားမျိုးကို သူ ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။
မူပေဖုန်း၏ အရှိန်အဝါအဟန့်က သူ့အပေါ်တွင် မမြင်ရသည့် ဖိအားတစ်ခု သက်ရောက်နေသကဲ့သို့ ရှိ၏။
ဤအကြီးအကဲ ရွာထဲသို့ ဝင်လာကတည်းက ပြောသမျှ စကားတိုင်း၊ လုပ်သမျှ အပြုအမူတိုင်းမှာ အားလုံးသော သူများအပေါ် ဖိအား ကြီးစွာ ဖြစ်စေခဲ့သည်။
သူနှင့် အစ်ကိုကြီးချွီ တိုက်ခိုက်ခဲ့ကြသည်မှာ မလွှဲသာ မရှောင်သာ ပြန်တိုက်ခိုက်ခဲ့ရခြင်း ဖြစ်၏။ သို့သော်လည်း ယခုအခြေအနေကတော့ သူ့အတွက် အနည်းငယ် တုန်လှုပ်ချောက်ချားဖွယ်ရာ ဖြစ်သည်။
“ရွာထဲက ကျောက်ရုပ်တုတွေပေါ် သေးနဲ့ ပန်းခဲ့တုန်းကတောင် ငါ ကြောက်ခဲ့လို့လား... မိန်းမကြီးဝူလို မကောင်းဆိုးဝါးသတ္တဝါမျိုးနဲ့ ကြမ္မာဆိုးနှိမ်နန်းတော်ထဲက မိစ္ဆာနတ်ဆိုးကို တွေ့ခဲ့ဖူးတာပဲ... သူတို့ကိုတောင် မကြောက်ခဲ့ရင် အခုမှ ဘာကိစ္စ ကြောက်နေရမှာလဲ... မူပေဖုန်းက ဘယ်လောက်ပဲ ခွန်အားကြီးကြီး နတ်ဘုရားနဲ့ မိစ္ဆာနတ်ဆိုးတွေလောက် အင်အားကြီးနိုင်ပါ့မလား...”
ချင်မူ သူ့စိတ်သူ ပြန်ထိန်း၍ တုန်လှုပ်ချောက်ချားနေသော ခံစားချက်များကို တည်ငြိမ်အောင် ပြုလုပ်လိုက်၏။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ဒုက္ခိတဘိုးဘွားကျေးရွာက များစွာ မကျယ်လှချေ။ သူအပါအဝင် စုစုပေါင်း လူနှစ်ဆယ့်နှစ်ယောက် ရှိပြီး ထိုသူများက သစ်တုံးများကဲ့သို့ မလှုပ်မယှက် ရပ်နေကြသည်။ အားလုံးသောသူများ နေရာယူထားသည်က တစ်ယောက်တစ်နေရာစီ ပြန့်ကြဲနေပြီး ရွာထဲ၌ နေရာလပ် မရှိအောင်ပင် ဖြစ်၏။
ရွာလူကြီးက သူ၏ ထမ်းစင်ပေါ်တွင် လဲလျောင်းနေပြီး ဆေးဆရာက ဘေးနားတွင် ရပ်နေသည်။ သားသတ်သမားက သစ်တုံးတစ်တုံးပေါ်တွင် မားမားမတ်မတ် ရှိနေပြီး အဘိုးကြီးမာက အခြားသစ်တုံးတစ်တုံးကို မှီ၍ ရပ်နေ၏။ အဘွားစစ်က သူ၏ ခြင်းတောင်းကို လက်တွင် ချိတ်ထားပြီး ရွှေအက သူ့ပန်းပဲရုံရှေ့၌ မတ်တတ်ရပ်နေသည်။ နားကန်းက မင်စက်လက် ကျနေသည့် စုတ်တံကို ကိုင်ထားပြီး ထော့ကျိုးက ချိုင်းထောက်ကို မှီ၍ ရပ်နေ၏။
မူပေဖုန်း ခေါ်ဆောင်လာသည့် လူများလည်း ထူးဆန်းစွာ နေရာယူထားကြသည်။ သူတို့ နေရာယူထားပုံက တိုက်ခိုက်ရန် မဆိုထားနှင့် ရွာထဲ၌ လွတ်လွတ်လပ်လပ် လှုပ်ရှား ပြေးလွှားရန်ပင် ခက်လှ၏။
ဤသို့သော အနေအထားမျိုး၌ ချီစွမ်းအင် အသုံးပြု၍ ဓားပျံထိန်းချုပ်ရန်မှာ အလွန်တရာ တိကျသေသပ်သော ကျွမ်းကျင်ပိုင်နိုင်မှု လိုအပ်ပေသည်။
ချီစွမ်းအင်ကို အသုံးပြု၍ ဓားပျံထိန်းချုပ်သောအခါ အခြားသူများနှင့် တိုက်မိပြီး သိုင်းကွက် မပျက်ရအောင် ဂရုတစိုက် ထိန်းချုပ်အသုံးပြုရန် လို၏။ သိုင်းကွက်အသားပေးလမ်းစဉ်မှ ဓားမသိုင်းမှာ ထိုသို့ မစွမ်းဆောင်နိုင်သဖြင့် သားသတ်သမား၏ ဝက်ခုတ်ဓားသိုင်း လေ့ကျင့်ထားသော ချင်မူ့တွင်လည်း ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုး မရှိချေ။
“ဒီနေရာမှာလား...” ချင်မူက မေးလိုက်သည်။
ချမ်ချိုးက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်...”
ချင်မူက သူ၏ ဝက်ခုတ်ဓားကို ဓားအိမ်ထဲ ပြန်ထည့်ပြီး လက်သီးဆုပ်လိုက်၏။
ချင်မူ သူ့ဝက်ခုတ်ဓား ပြန်ထည့်လိုက်သည်ကို မြင်သောအခါ ချမ်ချိုး၏ မျက်ဝန်းထဲ၌ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ ချင်မူက သူ့ကို လက်ဗလာနှင့် တိုက်ခိုက်မည်ဟု မျှော်လင့်မထားမိချေ။
မူပေဖုန်းက သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်း မပြုမီ တောင်ကြားချိုင့်ဝှမ်းအတွင်းရှိ မြို့ပျက်တွင် စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။ အစ်ကိုကြီးချွီ၏ ကြွင်းကျန်သော အရိုးများမှတစ်ဆင့် ဓားမသိုင်းကွက်ဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ကောက်ချက်ချခဲ့၏။
ထိုအချိန်က ချင်မူမှာ တုတ်တိုတစ်ချောင်းကို ဓားမအဖြစ် အသုံးပြု၍ အစ်ကိုကြီးချွီကို ရိုက်သတ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အရိုးများပေါ်၌ ပြင်းထန်စွာ ရိုက်နှက်ခံရခြင်း၏ သက်သေအဖြစ် ဆံခြည်မျှင်ခန့် အက်ကွဲကြောင်းများစွာ ကျန်ရစ်ခဲ့၏။
ဤသည်ကို ကြည့်၍ ချင်မူ၏ ဓားမသိုင်းမှာ လွန်စွာ အကွက်စေ့ ရှုပ်ထွေးလှကြောင်း မူပေဖုန်း ကောက်ချက်ချခဲ့သည်။ ထို့ပြင် ချင်မူ၏ ခြေလှမ်းကွက်များကလည်း လွန်စွာ လျင်မြန်မည်ဟု တွက်ဆထားခဲ့၏။ သို့မှသာ အစ်ကိုကြီးချွီကို နေရာအနှံ့မှ ရိုက်နှက်နိုင်အောင် အဆက်မပြတ် ရွေ့လျားနေနိုင်မည် မဟုတ်လား။
မူပေဖုန်းမှာ ထူးချွန်သည့် စွမ်းဆောင်ရည်ရှိသော တစ်မိုးအောက်တစ်ယောက်ဖွား ပညာရှင်တစ်ယောက် ဖြစ်သည့်အားလျော်စွာ ချင်မူ ချန်ထားရစ်သည့် သဲလွန်စများမှတစ်ဆင့် သိုင်းကွက်အသားပေး ပညာရှင် တစ်ယောက် ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။
သိုင်းကွက်အသားပေးလမ်းစဉ် ပညာရှင်များက အနီးကပ်တိုက်ခိုက်မှုများကို အထူးပြု ကျွမ်းကျင်ပြီး ချီစွမ်းအင်ကို အသုံးပြု၍ ဓားပျံထိန်းချုပ်ရာတွင် အတွေ့အကြုံ နည်းပါးလေ့ ရှိ၏။
ထို့နောက်တွင်တော့ မူပေဖုန်းက ချင်မူ့ကို သတ်ရန်အတွက် အတိအကျ အကွက်ဆင်လာခဲ့သည်။ သူတို့အားလုံး ရွာထဲသို့ ရောက်သည်နှင့် လီမြစ်ရေနဂါးဝင်္ကပါကို ခင်းကျင်း၍ နေရာယူလိုက်ကြ၏။ ဝင်္ကပါ၏ ဗဟိုချက်ကိုးနေရာကို တမင်ချန်လှပ်၍ မူပေဖုန်းက နဂါးခေါင်းနေရာတွင် နင်းရပ်ထားသည်။
ချမ်ချိုးမှလွဲ၍ ကျန်သူများအားလုံးက လီမြစ်ဂိုဏ်းမှ အဆင့်မြင့်ပညာရှင်များ ဖြစ်ကြ၏။ လီမြစ်ရေနဂါးဝင်္ကပါ အသက်ဝင်လာခြင်း မရှိစေရန်အတွက် ဒုက္ခိတဘိုးဘွားကျေးရွာမှ ရွာသူရွာသားများက ဝင်္ကပါ၏ ဗဟိုချက်များကို ပိတ်ဆို့ထားရသည်။ ရွာလူကြီးနှင့် ဆေးဆရာက နဂါးမျက်လုံးနေရာတွင် ပိတ်ဆို့၍ မျက်ကန်းက နှလုံးနေရာကို ပိတ်ဆို့ထား၏။ ထော့ကျိုး၊ အဘွားစစ်၊ အဘိုးကြီးမာနှင့် သားသတ်သမားတို့က ရေနဂါးဝင်္ကပါ၏ ခြေဆစ်၊ လက်ဆစ် နေရာများတွင် ရပ်၍ နေသည်။ ပန်းပဲဆရာရွှေအက နဂါးကိုယ်လုံးကို ဖိနှိပ်၍ နားကန်းက နဂါးအမြီးကို ဖိနှိပ်ထား၏။
သို့အတွက်ကြောင့် ရွာထဲ၌ လက်ရှိအနေအထားအတိုင်း ဖြစ်ပေါ်လာရသည်။ အားလုံးက ပြန့်ကြဲ၍ နေရာယူထားသည့်အတွက် လျင်မြန်စွာ ရွေ့လျားရန် ခက်ခဲသကဲ့သို့ မြင့်မားသည့် ကျွမ်းကျင်မှု မရှိဘဲ ဓားပျံထိန်းချုပ်ရန် ခက်ခဲ၏။
ချင်မူက သိသာထင်ရှားစွာပင် ထိုသို့ စွမ်းဆောင်နိုင်စွမ်း ရှိသူ မဟုတ်။
သူ့တပည့် ချမ်ချိုးကတော့ ထိုသို့သောသူမျိုး ဖြစ်သည်။
ချမ်ချိုးက ဝိညာဉ်သန္ဓေသားအဆင့်သာ ရှိသေးသော်လည်း ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်ရာတွင် အလွန်တရာ မြင့်မားသည့် ကျွမ်းကျင်မှုရှိ၏။ သူ၏ ချီစွမ်းအင်ကြိုးမျှင်ကို အလွန်တရာ သေးမျှင်အောင် ဖွဲ့စည်း၍ အံ့အားသင့်ဖွယ်ကောင်းသည့် စွမ်းဆောင်မှုများ ထုတ်ပြနိုင်သည်။ တစ်ခါကဆိုလျှင် သူ၏ ချီစွမ်းအင်ကို အသုံးပြု၍ ကိုက်တစ်ရာအကွာမှ စုတ်တံကို ထိန်းချုပ်ပြီး မိန်းမလှတစ်ယောက်ပုံ ပန်းချီကား ရေးဆွဲခဲ့ဖူး၏။ ထိုပန်းချီက အမျိုးသမီး၏ ဆံခြည်မျှင် တစ်မျှင်ချင်းစီအထိ သေသပ်တိကျစွာ ရေးဆွဲထားပြီး အနည်းငယ်မျှပင် ရောထွေးရှုပ်ပွခြင်း မရှိချေ။
ချင်မူသာ ဓားမကို အသုံးပြု၍ သူ့ကို တိုက်ခိုက်ခဲ့လျှင် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
ချမ်ချိုး မမျှော်လင့်ထားသည်မှာ ချင်မူက သူ့ဓားမကို ပြန်သိမ်း၍ လက်ဗလာနှင့် စိန်ခေါ်လာခြင်း ဖြစ်၏။ သို့သော်လည်း မည်သို့ပင်ကြည့်ကြည့်၊ ဗလာချီလက်သီးချက်များက ရတနာဓားနှင့် ယှဉ်လျှင် တစ်ပန်းရှုံးနေသည် မဟုတ်လား။ ထို့ပြင် ဤတစ်ခေါက် သူ ယူဆောင်လာသည်က သာမန်ဓား မဟုတ်။ ကောင်းကင်နတ်သိုင်းပညာရှင် တစ်ယောက်၏ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာထဲတွင် ဖန်တီးမွေးဖွား ပျိုးထောင်ခဲ့သည့် ဝိညာဉ်ဓားတစ်လက် ဖြစ်သည်။
ထက်ရှမှု၊ မာကြောမှု၊ အားမာန်ပါမှုနှင့် စွမ်းအင်ကိန်းဝပ်ပါဝင်မှု မည်သည့်နေရာတွင် ဖြစ်စေ ဝိညာဉ်ဓားတစ်လက်က သာမန်ဓားတစ်လက်ထက် များစွာ သာလွန်၏။
ချင်မူက ဦးညွှတ် အရိုအသေပြုလိုက်သည်။ “စလို့ ရပါပြီ... နောင်တော်...”
ချမ်ချိုးကလည်း ပြန်၍ အရိုအသေပြုလိုက်၏။ သူ့နောက်မှ ရတနာဓားက ဝှမ်ခနဲ ထွက်ပေါ်လာသည်။ “စပါ... ညီတော်...”
ချင်မူ သူ့ခြေထောက်ကို မြှောက်လိုက်သည့် အခိုက်တွင်ပင် ချမ်ချိုး၏ နောက်ကျောမှ ရတနာဓားက ဓားအိတ်ထဲမှ ပျံဝဲထွက်လာ၏။ ချီစွမ်းအင်ဖြင့် ထိန်းချုပ်ထားသဖြင့် ရတနာဓားက လွတ်လပ်စွာ ပျံသန်းလှုပ်ရှားရင်း ချင်မူ့ကို အေးစက်စက်အငွေ့အသက်များ လွှမ်းခြုံထိုးနှက် တိုက်ခိုက်လာသည်။
ချီစွမ်းအင်ကြိုးမျှင်က သေးငယ်လှသည့်အတွက် သာမန်မျက်စိဖြင့် သဲသဲကွဲကွဲ မမြင်ရချေ။ ခပ်သာသာ တုန်ခါသွားမှုနှင့်အတူ ဓားချက်ပေါင်းများစွာက မထင်မှတ်သည့် ထောင့်ပေါင်းစုံမှ ချင်မူ့ထံ ပြိုးခနဲ ပြက်ခနဲ ထိုးစိုက် တိုးဝင်လာ၏။
သိုင်းပညာရှင် တစ်ယောက်အနေဖြင့် ဤမျှအဆင့်ထိ ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်နိုင်သည်မှာ တန်ဖိုးကြီးမားလှသည့် အောင်မြင်မှု ဖြစ်သည်။
ချင်မူ၏ ခြေလှမ်းများက အလွန်တရာ ပေါ့ပါးသွက်လက်လှပြီး ငြိမ်သက်စွာ ရပ်နေကြသည့် လူများကြားတွင် လူးလာပျံဝဲနေ၏။ သို့သော်လည်း ချမ်ချိုး၏ ဓားက သူ့ထက် ပိုမြန်သည်။ သေသပ်တိကျသည့် ဓားပျံထိန်းချုပ်မှုက မြင်ရသူအပေါင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်၏။ သူ၏ ဓားပျံက မလှုပ်မယှက် ရပ်နေကြသူများကို မည်သို့မျှ ထိခိုက်စေခြင်း မရှိသော်လည်း ချင်မူ့အတွက်တော့ ဓားချက်တစ်ချက်ချင်းစီက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည်။
ချင်မူက ထော့ကျိုး၏ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို ထုတ်သုံးသည့်တိုင် ဓားရိပ်ကို ရှောင်ရှားနိုင်ခြင်း မရှိချေ။ အဟန့်အတား များပြားလွန်းလှပြီး ဤနေရာ၌ ရပ်နေကြသည့်သူ အားလုံးက သူ၏ ပြေးလမ်းတွင် ပိတ်ဆို့နေသဖြင့် အမြန်နှုန်းကို အပြည့်အဝ ထုတ်မသုံးနိုင်ပေ။
ဝုန်း...။
ချင်မူ စိတ်ထဲမှ မီးကသိုဏ်း ရှုလိုက်ရာ သူ၏ ချီစွမ်းအင်များ ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲ လှုပ်ရှား၍ နဂါးတွန်သံ ခပ်သဲ့သဲ့ မြည်ဟည်းသွား၏။ သူ့လက်မောင်းထက်၌ မီးနဂါးတစ်ကောင် ဝိုးတဝါး ပေါ်ထွက်၍ ရစ်ခွေလာသည်။
ဤမီးနဂါးက မှုန်ဝါးဝါးသာ ဖြစ်၏။ တစ်ခါတစ်ရံတွင် နဂါးဦးခေါင်းက သူ့လက်သီးနှင့် ပေါင်းစည်းသွားလိုက်၊ တစ်ခါတစ်ရံတွင် နဂါးလက်သည်းများက သူ့လက်ဝါးနှင့် ပေါင်းစည်းသွားလိုက်ဖြင့် အမြဲမပြတ် ပြောင်းလဲနေသည်။
ဓားရိပ်များ သူ့အပေါ် ကျရောက်လာသည်တွင် လက်သီးတစ်ချက်ဖြင့် ဆီးကြိုလိုက်၏။ သူ့လက်သီးချက်က ဝိညာဉ်ဓားနှင့် ထိပ်တိုက် တွေ့တော့မည့်ဆဲဆဲတွင် လက်ချောင်းများ ရုတ်တရက် ဖြန့်ကားလိုက်သည်။ လက်ဖဝါးထဲမှ လေထုက ပေါက်ကွဲထွက်၍ သူ့ထံ ဦးတည်လာသော ဓားထိပ်ဦးကို လမ်းကြောင်းလွဲအောင် ပြုလုပ်လိုက်၏။
ဒန်... ဒန်... ဒန်... ဒန်... ဒန်...။
ချင်မူ၏ လက်ချောင်းငါးချောင်းစလုံး ဆန့်ထွက်၍ ဓားရွက်ပေါ်သို့ တစ်ချောင်းပြီးတစ်ချောင်း ကျရောက်သွားသည်။ လက်ချောင်းတောက်ချက် တစ်ချက်စီတိုင်းက ကြီးမားသည့် တူကြီးတစ်လက်ဖြင့် အညှာတာကင်းမဲ့စွာ ထုနှက်လိုက်သကဲ့သို့ ရတနာဓားပေါ် ဘုန်းခနဲ ဘုန်းခနဲ ပေါက်ကွဲထိမှန်သွား၏။
ပဉ္စမမြောက်လက်ချောင်းကို တောက်ထုတ်ပြီးချိန်တွင် ဝိညာဉ်ဓားမှာ အဝေးသို့ လွင့်ထွက်သွားပြီး ချမ်ချိုး၏ ချီစွမ်းအင်ကြိုးမျှင်သည်လည်း အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွား၏။
ချင်မူက သူ၏ အမြန်နှုန်းကို တင်၍ လူအုပ်ထဲမှ ကွေ့ဝိုက်ပြီး ချမ်ချိုးထံ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ထိုအခိုက်၌ ချမ်ချိုးက ကျောက်ရုပ်သဖွယ် ဖြစ်နေသေးသော်လည်း ဒုတိယ ဝိညာဉ်ဓားတစ်ချောင်းက ဓားအိတ်ထဲမှ ဝှမ်ခနဲ မြည်ဟည်း ထွက်ပေါ်၍ ချင်မူ့ထံ ပျံဝဲသွား၏။
ချင်မူမှာ အံ့အားသင့်သွားပြီး ကမန်းကတန်း ပြန်ဆုတ်လိုက်သည်။ ထို့နောက် တတိယ ဝိညာဉ်ဓားတစ်ချောင်း ပျံဝဲထွက်ပေါ်လာ၏။ ထို့နောက် စတုတ္ထ...၊ ပဉ္စမ...၊ ဆဋ္ဌမ...၊ သတ္တမ...။
ဝိညာဉ်ဓားဆယ်ချောင်းကျော်က မျဉ်းတစ်ပြေးတည်း တန်းစီထွက်ပေါ်လာပြီး ချမ်ချိုး၏ ချီကြိုးမျှင်က ဓားလက်ကိုင်ရိုးမှ ဓားထိပ်ဦးချွန်များအထိ သွယ်တန်းနေသည်။ အားလုံးသော ဝိညာဉ်ဓားများက ထိပ်ဦးနှင့် လက်ကိုင်ရိုး ချိတ်ဆက်သွယ်တန်းနေပြီး အရှည်အားဖြင့် ကိုက်နှစ်ဆယ်ခန့် ရှိချေလိမ့်မည်။ ထိုဝိညာဉ်ဓားများက လီမြစ်ရေပြင်မှ ကောင်းကင်ယံသို့ လူးလာခုန်ပျံနေသည့် သက်ရှိငွေနဂါးများသဖွယ် ဖြစ်လာ၏။
လီမြစ်ဓားသိုင်း...။
တောင်ဘက်နယ်စပ်ဒေသ၏ ပြိုင်ဘက်ကင်းဓားသိုင်း...။
ချမ်ချိုး၏ ပထမဓားက အလွန်တရာ ပေါ့ပါးသွက်လက်ပြီး ဦးတည်ချက်မျိုးစုံ ပြောင်းလဲနေသည်။ ၎င်း၏နောက်မှ အခြားဓားများ လိုက်ပါလာပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်မိခြင်း မရှိဘဲ လူအုပ်ကြားမှ ပျံဝဲဖြတ်သန်းလာ၏။ ချင်မူ၏ မြင်ကွင်းထဲတွင်တော့ ပထမဓား၏ ထိပ်ဦးကိုသာ မြင်တွေ့ရပြီး ကျန်သည့် ဓားများကို မမြင်ရချေ။
သူ့ရင်ထဲတွင် အန္တရာယ်၏ အငွေ့အသက်ကို ပြင်းထန်စွာ ရလိုက်သည်။ သူမမြင်ရ ဆိုသည်မှာ သူမသိဟု အဓိပ္ပာယ်ရ၏။ ထိုဓားများ မည်သည့်နေရာမှ တိုးဝင်လာမည်ကို မခန့်မှန်းနိုင်လျှင် သူ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ချေ။
လီမြစ်ဓားသိုင်းက အမှန်တကယ်ပင် လှည့်ကွက်များလှ၏။
ထိုအခိုက်၌ ပထမဓားပျံက တဆတ်ဆတ် တုန်ခါ၍ ချင်မူ့ကို ဓားချက်ပေါင်းများစွာ ထိုးစိုက်ချလိုက်သည်။
ထိုဓားရိပ်များ၏ နောက်ကွယ်မှ ဒုတိယဓားပျံက အတန်းလိုက် လမ်းကြောင်းမှ သွေဖည်၍ ချင်မူ၏ လည်ပင်းဆီသို့ တိုးဝင်လာ၏။ ၎င်းဓားပျံကို သီးခြား ချီစွမ်းအင်ကြိုးမျှင် တစ်ချောင်းဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်သည်။