လှံနတ်ဘုရားနှင့် ဆုံတွေ့ခြင်း
Vol. 3 Ch. 32
ချင်မူ ခေါင်းမွေးများ ထောင်ထသွားပြီး တစ်မုဟုတ်ချင်း တုံ့ပြန်လှုပ်ရှား၍ ထိုဝိညာဉ်ဓားပျံကို လက်ဖြင့် ဖမ်းဆုပ်လိုက်၏။ သူ့လက်ဖဝါးဆီမှ စူးအောင့်သည့် နာကျင်မှုကို ရလိုက်သည်။
“မူ...”
အဘွားစစ်က မအောင့်အီးနိုင်ဘဲ အော်ဟစ်လိုက်မိသော်လည်း ရွာလူကြီး၏ စိုက်ကြည့်ခြင်း ခံလိုက်ရသဖြင့် ရှေ့မဆက်နိုင်ချေ။
ဝိညာဉ်ဓားပျံက ချင်မူ၏ လက်တွင်းမှ ရုန်းကန် လှုပ်ရှားနေသဖြင့် သူ့လက်ဖဝါး တစ်ခုလုံး ဒဏ်ရာ ပိုများလာပြီး သွေးခြင်းခြင်းနီသွား၏။ သူ၏ သိပ်သည်းသည့် ချီစွမ်းအင်ဖြင့် လက်ဖဝါးကို ကာကွယ်ထားသောကြောင့်သာ ဝိညာဉ်ဓားပျံက သူ့လက်ကို လှီးဖြတ်မသွားခြင်း ဖြစ်သည်။
သို့သော်လည်း ထိုတစ်ခဏ၌ တတိယဓားပျံက မူလလမ်းကြောင်းမှ သွေဖည်ထွက်လာပြီး ၎င်း၏ နောက်တွင် စတုတ္ထဓားပျံနှင့် ပဉ္စမဓားပျံ ကပ်လိုက်လာ၏။
ချမ်ချိုး၏ မျက်ဝန်းထဲတွင် လှုပ်ရှားသွားသည်။ အနိုင်အရှုံးက အဖြေပေါ်ပြီ ဖြစ်၏။ ချင်မူ၏ အသက်အရွယ်မျှဖြင့် ဤအဆင့်ထိ ကျင့်ကြံထားနိုင်သည်မှာ လွယ်ကူသော အလုပ် မဟုတ်ချေ။ သို့သော်လည်း ချင်မူ့တွင် လက်နှစ်ဖက်သာ ရှိသည်မဟုတ်လား။ အဘယ်သို့ပြု၍ ဓားပျံအားလုံးကို ဖမ်းယူနိုင်လိမ့်မည်နည်း။
ရုတ်တရက် ချမ်ချိုး၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ ချင်မူက ဒါဇင်ချီသော လက်များ ပေါက်လာသကဲ့သို့ ဓားပျံအားလုံးကို သူ့လက်အတွင်း တစ်လက်ပြီး တစ်လက် ဖမ်းယူဆုပ်ကိုင်လိုက်သည်။
ဓားပျံများမှာ ချင်မူ့ကို မထိုးစိုက်နိုင်မီ လက်ကိုင်ရိုးများမှ ဖမ်းဆုပ်ခံလိုက်ရ၏။
မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ အဋ္ဌမသိုင်းကွက်၊ လက်တစ်ထောင် ဗုဒ္ဓ...။
ချမ်ချိုး အမူအရာ ပြောင်းသွားသည်။ သူ၏ ချီစွမ်းအင်ကြိုးမျှင်ကို တုန်ခါလှုပ်ယမ်းလိုက်ရာ ချင်မူ၏ လက်ထဲမှ ဝိညာဉ်ဓားပျံများအားလုံး တဆတ်ဆတ် ခါယမ်း၍ ထွက်ပြေးလွတ်မြောက်ရန် ရုန်းကန်လာကြ၏။ တစ်ချိန်တည်းမှာပင် အခြားဓားပျံများကလည်း ချင်မူ၏ မျက်လုံးနှင့် လည်မျိုဆီသို့ တိုးဝင်လာသည်။
ချင်မူက ဓားပျံငါးချောင်း၏ လက်ကိုင်ရိုးများကို တစ်မုဟုတ်ချင်း ဆုပ်ကိုင်လိုက်၏။ သူထံသို့ တိုးဝင်လာသည့် ဓားပျံများက စုစုပေါင်း ခုနစ်ချောင်း ရှိသည်။ ထိုဓားပျံများက ဝှမ်ခနဲ မြည်ဟည်း၍ တဝှီးဝှီးလည်ပတ်ကာ သူ့ဦးခေါင်းမှ လည်မျိုအထိ ထိုးပေါက်ဖောက်ရန် ကြိုးစားလာ၏။
အဘွားစစ်မှာ ချင်မူ ထိခိုက်နာကျင်ရမည်ကို မမြင်ရက်တော့ချေ။ ရုတ်တရက် ချင်မူက ကျယ်လောင်စွာ အော်ဟစ်မာန်သွင်းလိုက်၏။ တုတ်ခိုင်သော ချီစွမ်းအင်လက်မောင်းတစ်ခု သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နောက်ကျောမှ ဝက်ခုတ်ဓားကို ဆွဲထုတ်၍ ခုတ်ပိုင်းချလိုက်သည်။
ချွမ်...။
ဓားပျံခုနစ်ချောင်းမှာ တစ်ပြိုင်နက် ထက်ပိုင်းပြတ်ပြီး မြေပေါ်သို့ ပြုတ်ကျသွား၏။
“ဘယ်လောက်တောင် တုတ်ခိုင်လိုက်တဲ့ ချီစွမ်းအင်ကြိုးမျှင်လဲ...”
ချမ်ချိုး အံ့အားသင့်သွား၏။ ချင်မူ၏ ခုတ်ပိုင်းချက်က ရုတ်တရက် ဖြစ်သဖြင့် သူ အငိုက်မိသွားသည်။ ထို့ပြင် ချင်မူ၏ ချီကြိုးမျှင်က မဖြစ်နိုင်လောက်အောင် ထူထဲတုတ်ခိုင်ပြီး သူ့ဓားမ၏ စွမ်းအားကလည်း မယုံနိုင်ဖွယ်ရာ ဖြစ်၏။
ဝက်ခုတ်ဓားမက အလွန်တရာ ထက်ရှလှသည်။ ဝိညာဉ်လက်နက်များထက်ပင် ပို၍ ထက်ရှမာကျော၏။
ချင်မူ၏ ကြီးမားသောခွန်အားနှင့် ဝက်ခုတ်ဓားမ၏ ထက်ရှမှုတို့ ပေါင်းစည်းလိုက်သောအခါ ချမ်ချိုး၏ ဓားပျံခုနစ်ချောင်းကို ခုတ်ပိုင်းချိုးဖျက်ပစ်ရန်မှာ လွန်စွာ လွယ်ကူသော ကိစ္စ ဖြစ်သွားသည်။
ချမ်ချိုး၏ ရင်ထဲမှ အံ့ဩတုန်လှုပ်မှု မပြယ်မီမှာပင် ချင်မူက သူ့လက်ကောက်ဝတ်ကို ရုတ်တရက် ဆန့်ထုတ်၍ လက်ထဲမှ ဓားပျံငါးချောင်းကို ပြန်၍ ပစ်လွှတ်လိုက်၏။ ဓားပျံငါးချောင်းက လေထုကို ထိုးခွင်း၍ မယုံနိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် ပြေးဝင်လာသည်။
သို့သော်လည်း ချမ်ချိုး၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး သူ့လက်ကို ပင့်မြှောက်၍ ချီစွမ်းအင်ကြိုးမျှင်ကို ထိုဝိညာဉ်ဓားပျံငါးချောင်းထံ ပစ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် နောက်ထပ် ဝိညာဉ်ဓားပျံအချို့က သူ၏ ဓားအိတ်ထဲမှ ပျံသန်းထွက်ပေါ်လာသည်။
သူ့ဓားအိတ်က ကြီးမားခြင်း မရှိသဖြင့် များစွာ ဆန့်ဝင်သည်ဟု မထင်ရသော်လည်း ထူးဆန်းစွာပင် ဝိညာဉ်ဓားပျံများ တစ်ချောင်းပြီးတစ်ချောင်း ပျံဝဲ ထွက်ပေါ်လာနေ၏။
ချမ်ချိုး၏ ချီစွမ်းအင်ကြိုးမျှင်က တိုးဝင်လာသည့် ဓားပျံငါးချောင်းကို ရစ်ပတ်သွားခိုက်တွင် သူ့အမူအရာ သိသိသာသာ ပျက်ယွင်းသွားသည်။ ချင်မူ၏ ချီစွမ်းအင်က ထိုဓားပျံများထဲတွင် ကိန်းအောင်းပါဝင်လာပြီး သူ၏ ချီစွမ်းအင်ကြိုးမျှင် ထိုဓားပျံများအပေါ် ရစ်ပတ်ချိတ်တွယ်နိုင်ခြင်း မရှိမီ တစ်ဟုန်ထိုး ဖျက်ဆီးပစ်လိုက်၏။
ချမ်ချိုးမှာလည်း တုံ့ပြန်မှု မြန်ဆန်လှသည်။ သူ့ဓားအိတ်ထဲမှ ထွက်လာသော ဓားပျံများကို အသုံးပြု၍ ထိုဓားပျံငါးချောင်းကို ခုခံကာကွယ်လိုက်၏။
ထိုအခိုက်၌ ချင်မူက ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ ချမ်ချိုး၏ လက်ချောင်းတစ်ချောင်းက တစ်မုဟုတ်ချင်း လှုပ်ရှားသွားပြီး နောက်ကျောဘက်သို့ ထိုးညွှန်လိုက်၏။ နောက်ထပ်ဓားပျံ တစ်ချောင်းက ချင်မူ့ထံသို့ ပြေးဝင်သွားသည်။
ထိုအခိုက်၌ ချင်မူ၏ ပါးစပ်ဖျားမှ ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက လွန်စွာ တိုတောင်းလှသော်လည်း ဖော်မပြနိုင်သည့် အားအင်တစ်မျိုး ပါဝင်နေသကဲ့သို့ ရှိသည်။ ထူးဆန်း၍ မိစ္ဆာဆန်သည့် အသံနှင့်အတူ ထိုလူငယ်လေး၏ ကရဏမုဒြာက ချမ်ချိုးကို ကိုက်ပေါင်းများစွာအကွာမှ လှမ်း၍ ရိုက်ချလိုက်၏။ (ကရဏမုဒြာ - မိစ္ဆာနှင်သည့် လက်ဟန်မုဒြာ)
“စာ မို ယဲ့...”
ချမ်ချိုးမှာ ချင်မူ၏ လက်ဝါးချက်မှ လေလှိုင်းရိုက်ခတ်မှုသာ ခံစားရသဖြင့် မည်သည့်အားအင်မျှ မပါဝင်ကြောင်း သိလိုက်သည်။ သူ့ထံ တိုးဝင်လာသည့် ဓားပျံငါးချောင်းကိုသာ အာရုံစိုက် ခုခံကာကွယ်ရန် ပြင်လိုက်မိစဉ် သူ၏ ယန်ဝိညာဉ်က ချင်မူ၏ လက်ဝါးဆီသို့ ဆွဲငင်စုပ်ယူခြင်း ခံရပြီး ရုတ်တရက် ကိုယ်တွင်းမှ ထွက်ခွာသွားသဖြင့် အသက်ထွက်လုမတတ် ထိတ်လန့်သွား၏။
ဒုတ်...၊ ဒုတ်...၊ ဒုတ်...၊ ဒုတ်...၊ ဒုတ်...။
ခုခံကာကွယ်ရန် ရည်ရွယ်ထားသည့် ဓားပျံများက ထိန်းချုပ်မှု ကင်းမဲ့သွားသဖြင့် ချင်မူ့ထံမှ ဓားပျံငါးချောင်းက သူ့ခန္ဓာကိုယ်ပေါ်သို့ တဒုတ်ဒုတ် စိုက်ဝင်သွားသည်။ ထိုဓားပျံငါးချောင်း၏ အရှိန်နှင့် သူ့တစ်ကိုယ်လုံး လေထဲသို့ လွင့်တက်၍ နောက်နားဆီသို့ ပြုတ်ကျသွား၏။
ဘုန်း...။
သားသတ်သမား၏ တဲ၌ အလံလွှင့်ထူထားသော တိုင်လုံးကြီးမှာ ချမ်ချိုး၏ ရုပ်အလောင်း ဦးစိုက်ဂျွမ်းပြန် ဝင်တိုက်မှုကြောင့် တဆတ်ဆတ် တုန်ခါသွားသည်။
ချင်မူ၏ လက်ဖဝါးမှာ သွေးများ ယိုစီးလျက် ရှိ၏။ သူ့လက်ကို အားစိုက် ဖျစ်ညှစ်လိုက်ရာ သွေးများ ပိုစီးကျလာပြီး ချမ်ချိုး၏ ဝိညာဉ် အပိုင်းပိုင်းအစစ ကြေမွသွားသည်။
မိစ္ဆာလွတ်မြောက် မုဒြာမှာ ဝိညာဉ်များကို ဖျက်ဆီးရာ၌ အသင့်လျော်ဆုံး ပညာရပ် ဖြစ်၏။
ချင်မူက ပြန်လှည့်လာပြီး ပြုံးပြလိုက်သည်။ “ဘွားဘွား၊ ကျွန်တော် နိုင်ပြီ...”
အဘွားစစ်မှာ ယခုမှ သက်ပြင်းချနိုင်၏။ သို့သော်လည်း ဒေါသအိုးပေါက်ကွဲစွာ အော်ဟစ်လိုက်သည်။ “ခွေးကောင်လေး၊ နင့်လက် ဒဏ်ရာရသွားပြီမလား... ပြီးမှ ရိုက်ဦးမယ်... သွေးတွေကို လူပေါ် မသုတ်နဲ့... အဝတ်သစ်တွေ ပေကုန်ပြီး အစွန်းတွေ လျှော်လို့မရရင် နင့်ကို သေအောင် ရိုက်သတ်မယ်...”
ရွာလူကြီး၏ အကြည့်က သူ့ရှေ့တွင် ထိုင်နေသော မူပေဖုန်းအပေါ် ကျရောက်သွား၏။ “နောင်ကြီးမူ၊ ခင်ဗျားတပည့် ရှုံးသွားပြီ... သူ့ကို ဖြုတ်ချပြီး မသာဝတ်စုံနဲ့ အခေါင်းထဲ ထည့်ဦးမလား...”
မူပေဖုန်းက တိုင်လုံးထိပ်တွင် တွဲလောင်းဖြစ်နေသော ချမ်ချိုး၏ ရုပ်အလောင်းကို မော့ကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။ “ကျုပ် သူ့အလောင်းကို ပြန်သယ်သွားပြီး ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်လိုက်ပါ့မယ်... ဒီကတူမောင်က သိပ်သည်းနက်ရှိုင်းတဲ့ ကျင့်စဉ်စွမ်းအင် ရှိပေမဲ့ မိစ္ဆာလမ်းစဉ်ရဲ့ မိစ္ဆာသံကို အသုံးပြုတာပဲ... ဒီလို ရက်စက်ယုတ်မာတဲ့ နည်းလမ်းမျိုးကို ကျုပ် ရှုံ့ချတယ်...”
သူပြောသည်က ချမ်ချိုး၏ အသက်ကို နုတ်ယူသွားသည့် မိစ္ဆာလွတ်မြောက် မုဒြာကို ဆိုလိုခြင်း ဖြစ်၏။ ထိုသို့သော လက်ဟန်မုဒြာမျိုးကို တစ်ခါမျှ မမြင်ဖူးသော်လည်း ချင်မူ၏ ပါးစပ်မှ ထွက်လာသည်က သေချာပေါက် မိစ္ဆာသံ ဖြစ်သည်။ သို့ဖြစ်၍ ချင်မူ အသုံးပြုခဲ့သည်မှာ အောက်လမ်းမိစ္ဆာပညာရပ် ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။
ချင်မူ၏ ကျင့်စဉ်စွမ်းအင်က ချွမ်ချိုးထက် ပိုမို သိပ်သည်းသော်လည်း အသက်လုပွဲ အတွေ့အကြုံ များစွာရှိဟန် မတူသဖြင့် သူ၏ ခွန်အားကို အပြည့်အဝ ထုတ်မသုံးနိုင်ကြောင်း မြင်တွေ့ခဲ့သည်။
အနိုင်ရရန်အတွက် အောက်လမ်းမိစ္ဆာပညာကို အသုံးပြုခြင်းမှာ အောက်တန်းကျ၍ အပေါစား ဆန်လှ၏။ သို့အတွက်ကြောင့် သူ ရှုံ့ချခြင်း ဖြစ်သည်။
ရွာလူကြီး၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ ချင်မူ မည်သည့်နေရာမှ အောက်လမ်းမိစ္ဆာပညာ တတ်မြောက်၍ မည်သို့ပြုပြီး ဝိညာဉ်ဆွဲထုတ် သတ်ဖြတ်နိုင်သည်ကို သူ ကောင်းစွာ မသိချေ။
မိစ္ဆာလမ်းစဉ်စစ်စစ်ကို လျှောက်လှမ်းသူမှာ အဘွားစစ် တစ်ယောက်သာ ရှိ၏။ ထိုပညာရပ်ကို အဘွားစစ်က သင်ပေးခဲ့သည်များလား။
ရွာလူကြီးက ခပ်တိုးတိုး ပြောလိုက်၏။ “မူအာ၊ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အပြီးအပိုင် ဖျက်ဆီးပစ်တာမျိုးက မလုပ်သင့်တဲ့အရာလို့ သတ်မှတ်ထားကြတယ်... ဒီလိုနည်းလမ်းမျိုး တတ်နိုင်သမျှ မသုံးနဲ့...”
ချင်မူက ချက်ချင်း ခေါင်းညိတ်နာခံလိုက်သည်။
ရွာလူကြီးက မူပေဖုန်းကို ကြည့်လိုက်၏။ “ဒီမှာ နောက်ထပ် အခေါင်းဆယ့်တစ်လုံး ကျန်နေသေးတယ်...”
မူပေဖုန်း၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ “အခေါင်းနဲ့ မသာဝတ်စုံတွေက အသင့်ဖြစ်နေပြီဆိုတော့ အသုံးပြုမှ ဖြစ်မှာပေါ့...”
ရွာလူကြီးက ဖိတ်ခေါ်လိုက်၏။ “စနိုင်ပါပြီ...”
မူပေဖုန်းက ထရပ်လိုက်သည်။ “စပါ...”
လီမြစ်ရေနဂါး ဝင်္ကပါက ဝုန်းခနဲ အသက်ဝင်လာပြီး သူ့နောက်ရှိ ပညာရှင်ဆယ်ယောက်ထံမှ ထည်ဝါခမ်းနားသည့် အရှိန်အဝါအငွေ့အသက် တစ်ခု ပေါ်ထွက်လာ၏။ သူတို့၏ အရှိန်အဝါအငွေ့အသက်များက မူပေဖုန်း၏ အရှိန်အဝါအငွေ့အသက်နှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။
ဝုန်း...။
ရေခိုးရေငွေ့များက လေထုထဲသို့ ပျံနှံ့စိမ့်ဝင်သွားပြီး မြစ်ရေများ တရှိန်ထိုး ထွက်ပေါ်လာ၏။ ခပ်ကျဉ်းကျဉ်း ဒုက္ခိတဘိုးဘွားကျေးရွာလေးထဲတွင် မြစ်ပြင်ကျယ်ကြီးတစ်စင်း ရုတ်တရက် ပေါ်ထွက်လာပြီး ရေလှိုင်းများက ကောင်းကင်ယံထိ လူးလာရိုက်ခတ်နေသည်။
ဤရွေ့လျားနေသော မြစ်ပြင်ကျယ်ကြီးက တောင်ဘက်နယ်စပ်ဒေသမှ လီမြစ်နှင့် တစ်ထေရာတည်း ဖြစ်၏။
မူပေဖုန်းနှင့် လီမြစ်ဂိုဏ်းသား ဆယ်ယောက်က ဤလီမြစ်အငယ်စားလေးပေါ်တွင် ရပ်၍ နေသည်။ မရေမတွက်နိုင်သော ဓားပျံများက မြစ်ပြင်ထဲတွင် ငွေရောင် ငါးသေးသေးလေးများသဖွယ် ရှေ့နောက် လူးလာပျံသန်းနေ၏။
လီမြစ်ဂိုဏ်းမှာ ဓားသိုင်းကြောင့် နာမည်ကျော်ကြားပြီး သူတို့၏ ဓားသိုင်းက တောင်ဘက်နယ်စပ် ဒေသတစ်ကြောတွင် ပြိုင်ဘက်ကင်း ဖြစ်သည်ဟု ဆိုကြ၏။ ယခု လီမြစ်ဂိုဏ်း၏ ထိပ်တန်းသိုင်းပညာရှင် ဆယ်ယောက်နှင့် ဂိုဏ်းချုပ်ဖြစ်သူ မူပေဖုန်းကိုယ်တိုင် လီမြစ်ရေနဂါး ဝင်္ကပါကို ခင်းကျင်း ထုတ်ဖော်ထားသည်ဖြစ်၍ အသုံးပြုထားသော ဓားပျံအရေအတွက်က မမှန်းဆနိုင်လောက်အောင်ပင် ဖြစ်သည်။
အဘွားစစ် လီမြစ်အကြီးအကဲငါးယောက်နှင့် တိုက်ခိုက်စဉ်အခါက ခေါင်းဆောင်ဖြစ်သူ ချီယန်ပင်းမှာ ဓားပျံပေါင်း ခြောက်ထောင့်ရှစ်ရာ လေးဆယ့်နှစ်ချောင်းကို ဓားစက်လုံးလေးထဲတွင် သိုဝှက်ထည့်သွင်းထားခဲ့၏။ ထိုမျှအရေအတွက်ကပင် အတော်လေး ကြောက်ဖို့ကောင်းနေပြီ ဖြစ်သည်။
ယခု လီမြစ်ရေနဂါး ဝင်္ကပါထဲမှ ဓားပျံများက ချီယန်ပင်း၏ ဓားစက်လုံးထဲတွင် သိုဝှက်ထားသည့် ဓားပျံများထက် ဆယ်ဆ ပိုများ၏။
ဓားပျံပေါင်းတစ်သောင်းက မြစ်ရေထဲ၌ ငွေရောင်နဂါးတစ်ကောင်အသွင် ဆောင်လာသည်။ မြောက်မြားစွာသော ဓားရိပ်များက ထိုငွေနဂါး၏အတွင်း၌ တဖျတ်ဖျတ်လက်နေပြီး တစ်လောကလုံးကို ဗြောင်းဆန်အောင် လုပ်ပစ်ရန် အသင့်ရှိနေသကဲ့သို့ ဖြစ်လာ၏။
ချင်မူ့အနေဖြင့် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းလှသော ဓားဝင်္ကပါမျိုးကို ပထမဦးဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ဤဓားဝင်္ကပါ၏ စွမ်းအားကိုသာ ထုတ်လွှတ်လိုက်ပါက တစ်ရွာလုံး အမှုန့်ဖြစ်သွားချေလိမ့်မည်။
ရွာလူကြီးက သူ၏ ထမ်းစင်ပေါ်တွင် လဲလျောင်းလျက်သာ ရှိနေ၏။ သူ့ရှေ့မှ ကြောက်မက်ဖွယ်ရာ ဓားဝင်္ကပါကို မြင်တွေ့နေရသည့်တိုင် အမူအရာပျက်ယွင်းခြင်း အလျဉ်းမရှိဘဲ ခပ်တိုးတိုး ပြောလိုက်သည်။ “မျက်ကန်း...”
မျက်ကန်းက ခေါင်းမော့လာပြီး လီမြစ်ရေနဂါး ဝင်္ကပါ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အတိုင်းသား မြင်တွေ့နေရသကဲ့သို့ ကြည့်ရှုလိုက်၏။ သို့သော်လည်း သူ၏ မျက်လုံးဟောက်ပက်နှင့် မည်သည်ကိုများ မြင်တွေ့ရပါမည်နည်း။
မရေမတွက်နိုင်သော ဓားပျံများက ဒေါသအမျက်ခြောင်းခြောင်းထနေသည့် နဂါးတစ်ကောင် ဝုန်းဒိုင်းကြဲ ပေါက်ကွဲနေသကဲ့သို့ တရွှီရွှီ မြည်ဟည်းနေပြီး ကမ္ဘာမြေ ကွဲအက်နိုင်လောက်သည့် ဖိအားဖြင့် လေထုကို ထိုးခွင်း၍ ဒုက္ခိတဘိုးဘွားကျေးရွာပေါ်သို့ ပိကျလာ၏။
မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို မရေမတွက်နိုင်သော ဓားရိပ်များထံ ဆန့်ထုတ်ရင်း စာသားအလင်္ကာတစ်ပိုဒ် တီးတိုးရေရွတ်လိုက်သည်။ “ငါ့ရဲ့ နဂါးသတ်သိုင်းနဲ့ ဒီနေ့... လီမြစ်ကို အပိုင်းပိုင်း ဖြတ်မယ်...”
ဒင်...။
တရွှီရွှီ အော်မြည်နေသော ဓားပျံများထံမှ ဒင်ခနဲ အသံတစ်သံ ပေါ်ထွက်လာ၏။ ကောင်းကင်ယံ၌ ပျံဝဲ၍ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ကဲ့သို့ ရှိနေသော ငွေရောင်နဂါးကြီးမှာ ရုတ်တရက် တုန့်ခနဲ ရပ်သွားသည်။ မြောက်မြားစွာသော ဓားပျံများ တချွင်ချွင်ပြုတ်ကျ၍ မြေပြင်ပေါ်သို့ ထိုးစိုက်သွား၏။
မျက်ကန်းက သူ၏ ဝါးတောင်ဝှေးကို ခပ်သာသာ ပင့်မြှောက်လိုက်ခြင်းသာ ရှိသည်။ ကြီးမားသော လှိုင်းလုံးများဖြင့် ဖွဲ့စည်းထားသည့် လီမြစ်အငယ်စားလေးမှာ လေထဲသို့ မြောက်တက်၍ ပြန်ပြုတ်ကျလာ၏။ မြစ်တစ်စင်းကဲ့သို့ ဆက်လက် ဖွဲ့တည်နိုင်ခြင်း မရှိတော့ဘဲ ရေလုံးရေဖွားများ တဖွဲဖွဲ ရွာကျလာသည်။
မျက်ကန်း ရေထဲသို့ ဖြတ်လျှောက်သွားသည့် အချိန်တွင် သူ၏ အလင်္ကာစာသားရှည်ကို ရွတ်ဆိုဆဲ ရှိသေး၏။ သူ့ဖိနပ်များက ရေမျက်နှာပြင်နှင့် ထိတွေ့ခြင်းမရှိဘဲ လက်ထဲမှ ဝါးတောင်ဝှေးနှင့် ဟိုမှသည် လှမ်းထိုးသွားသည်။ ခပ်သာသာ ထိခတ်ချက်တစ်ခုနှင့်အတူ နဂါးမျက်ခုံးအလယ်နေရာမှ လီမြစ်ဂိုဏ်းသား၏ ဦးခေါင်း ပွင့်ထွက်သွား၏။
အခြားဂိုဏ်းသား တစ်ယောက်က ခုခံကာကွယ်ရန် လက်မြှောက်လိုက်သော်လည်း ဝါးတောင်ဝှေးက သူ့လက်ကို ထွင်းဖောက်၍ ရင်ဝသို့ ထိုးစိုက်သွားသည်။
မျက်ကန်း မြစ်စမြစ်ဆုံး ဖြတ်လျှောက်အသွားတွင် လီမြစ်ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် လွင့်စင်ပျံဝဲကျန်ခဲ့၏။ နောက်ဆုံး၌ မူပေဖုန်းနှင့် မျက်နှာချင်းဆိုင်မိသွားသည်။ သူတို့နှစ်ဦး အကြိမ်ပေါင်းမည်မျှ ထိပ်တိုက်တွေ့၍ သိုင်းကွက်မည်မျှ ထုတ်သုံးခဲ့သည်ကို ချင်မူ မီအောင် မကြည့်နိုင်လိုက်ချေ။
မူပေဖုန်းက မြေပေါ်သို့ ပြန်ကျလာပြီး ရှေ့သို့ ခြေနှစ်လှမ်း ဆက်လှမ်းသွား၏။
ထိုအခိုက်၌ မျက်ကန်းက သူ၏ “ငါ့ရဲ့ နဂါးသတ်သိုင်းနဲ့ ဒီနေ့... လီမြစ်ကို အပိုင်းပိုင်း ဖြတ်မယ်...” စာသားမှ “အပိုင်းပိုင်း ဖြတ်မယ်” ဟူသော စကားလုံးတွင်သာ ရှိနေသေးသည်။
“မင်းဘယ်သူလဲဆိုတာ ငါသိပြီ... မျက်ကန်း၊ မင်းကို ဒီနေရာမှာ ပုန်းနေလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး... မင့်မျက်လုံးတွေ ဖျက်ဆီးခံလိုက်ရတာတောင် ဒီလိုစွမ်းအားမျိုး ရှိနေသေးတာလား...”
စကားအဆုံးတွင် မူပေဖုန်း၏ မျက်နှာတစ်ပြင်လုံး စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖျော့၍ ရွာလူကြီး၏ ရှေ့တွင် ဒူးထောက်ကျသွားပြီး လေသံပျော့ပျော့နှင့် တောင်းဆိုလိုက်၏။ “ကျုပ်တို့ လီမြစ်ဂိုဏ်းက မြစ်ပြင်ကို မှီပြီး အသက်မွေးဝမ်းကြောင်းတာပါ... ကျုပ်တို့ရဲ့ထုံးစံအရ ရေထဲမှာပဲ သင်္ဂြိုလ်ပြီး မြေကြီးနဲ့ အထိတွေ့ မခံပါဘူး... ကျုပ်အနေနဲ့ ခင်ဗျားတို့ရဲ့ သက်ညှာမှုကို ရနိုင်မလား...”
ရွာလူကြီးက ခေါင်းညိတ်လိုက်သည်။ “စိတ်ချပါ... မြစ်ရေက ရွာအပြင်ဘက်တင် ရှိပါတယ်...”
“လှံနတ်ဘုရားနဲ့ တွေ့ခဲ့ရတဲ့အတွက် ကျုပ် နောင်တကင်းကင်း မျက်လုံးမှိတ်နိုင်ပါပြီ...”
မူပေဖုန်းက အပြုံးတစ်ချက်နှင့် နောက်ဆုံး ထွက်သက်ကို ရှူထုတ်သွား၏။
ချင်မူမှာ မူပေဖုန်း၏ နောက်ကျောဘက်သို့ လျှောက်သွားကြည့်ပြီး အလန့်တကြား ထခုန်လိုက်မိသည်။ မူပေဖုန်း၏ နောက်စေ့တွင် အပေါက်ကြီးတစ်ပေါက် ပေါက်နေကြောင်း သူ မြင်တွေ့လိုက်ရသည် မဟုတ်လား။