← Chapters

နောက်ထပ် ဇနီး ရှိနေသေးတာလား

Vol. 36 Ch. 498

နောက်ထပ် ဇနီး ရှိနေသေးတာလား

Vol. 36 Ch. 498

မိုဝူကျီက ထိုစကားများကို ကြားသည့်အခါ  အလျှင်အမြန် တုံ့ပြန်လိုက်သည်။ ကျီယီကို ကျီယွဲ့က လွတ်လိုက်မှန်း ခန့်မှန်းမိပေ၏။ မျှော်မှန်းထားသည့် အတိုင်း သူက ယန်းတျန်းယု၏ မျက်နှာအမူအရာမှာ  အေးစက်သွား၍ ကျီယီကို မကြိုဆိုကြောင်း သိသာသည်။

“ မင်း အရင်သွားနှင့်လိုက်  ... ကျုပ် တျန်းယုနဲ့ ပြောစရာ ရှိသေးတယ် ” မိုဝူကျီက ကျီယီကို သာမာန်ကာလျှံကာ ပြောလိုက်သည်။ သူက ကျီယွဲ့နှင့် တွေ့ဆုံရန် စိတ်မဝင်စားပေ။

သူ့ မူလအကြံအစည်အရ သူက ယန်းယီကို တွေ့ဆုံပြီးသည်နှင့် ချက်ချင်း ထွက်သွားမည် ဖြစ်ကာ သူက ကျီယွဲ့နှင့် မပတ်သက်လိုပေ။ ထို့ကြောင့် သူမကို မတွေ့ချင်ခြင်း ဖြစ်ပေ၏။ ယခု သူက ယန်းတျန်းယုနှင့် တွေ့သောကြောင့်  ယန်းယီကို ကိုယ်တိုင်ရှာရန်ပင် မလိုတော့ပေ။

သူမက မိုဝူကျီ စကားကို ကြားသည့်အခါ ကျီယီ မျက်ဝန်း၌ အံ့ဩသွားသည့် အရိပ်အယောင်များ ဖြတ်ပြေး သွားလေ၏။

ယန်းယဲ့က ဘာဖြစ်နေတာလဲ ....

ယခင်က  သူက အားလုံးကို ပစ်ထားပြီး သူမနောက် ချက်ချင်း လိုက်လာမည် ဖြစ်သော်လည်း ယခုလက်ရှိ သူ့အပြုအမူများက အဘယ်ကြောင့် ထူးဆန်းနေသနည်း။

မိုဝူကျီက ကျီယီ မျက်လုံးကို ဖျတ်ခနဲ ကြည့်လိုက်သည့် အခါ သူ့အပြုအမူမှာ မသင့်တော်ကြောင်း သိ၍ မြန်မြန် ပြောလိုက်ရသည်

“ ကျုပ်က တျန်းယုနဲ့ အရေးတကြီး ဆွေးနွေးစရာ ရှိနေလို့  ....   မင်းအရင် သွားနှင့်လိုက် ”

ကျီယီက မရေရာစွာ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်သွားလေ၏။

“ ယန်းယဲ့ ...  မင်း ပြောင်းလဲသွားတဲ့ပုံပဲ ...” ကျီယီ ထွက်သွားပြီးနောက် ယန်တျန်းယုက မိုဝူကျီကို သတိထား ကြည့်လိုက်ပြီး  ပြောင်းလဲမှုကို ရိပ်စားမိဟန်ဖြင့် ပြောလိုက်သည်။

မိုဝူကျီက ပူဆွေးသောက ရောက်ဟန်ဖြင့် ယန်းယဲ့ ပြောသကဲ့သို့ အသံခပ်ဩဩဖြင့် ပြောဖို့ရာ ကြိုးစားလိုက်ရင်း

“ဒီတစ်ခါ ငါ  သေလုနီးပါးပဲ။ လျှပ်စီးရေကန်ထဲမှာ အဆိပ်ဖြေဖို့ အင်မော်တယ် ဆေးပင်ကိုသာ မတွေ့ခဲ့ဖူးဆိုရင် သေနေလောက်ပြီ ”

သူက ပြောလိုက်ရင်း သူ့ကို စိုက်ကြည့်နေသည့် ကုန်းရှင်းဟောက်ကို ကြည့်ကာ  ယန်းတျန်းယု ပခုံးကို ပုတ်လိုက်ရင်း ပြောလိုက်သည်

“ တျန်းယု  ... တခြားနေရာ သွားပြောကြတာပေါ့။ ဒီနေရာမှာ စိတ်ကသိကအောက် ပေးနေတဲ့ ပိုးမွှားတွေ ရှိနေတယ် ”

မိုဝူကျီက ယန်းတျန်းယုနှင့် ထွက်သွားတာကို ကြည့်ပြီး ကုန်းရှင်းဟောက်၏ မျက်နှာ အမူအရာမှာ မှုန်မှိုင်းသွားလေ၏။ သူက မိုဝူကျီကို မတားရဲပေ။ မိုဝူကျီ နောက်တွင် ရှိနေသော  ယန်းမျိုးနွယ်စုမှာ  အင်အားစု အသေးလေး မဟုတ်ချေ။ သူ့အဖေ ရောက်မလာသရွေ့ သူက မိုဝူကျီကို အနိုင်ကျင့်နိုင်မည် မဟုတ်ပေ။

“ကောင်းပြီလေ” ယန်းတျန်းယုက ခေါင်းညိတ်ပြကာ ယန်းယဲ့နောက် လိုက်လာလိုက်သည်။

မိုဝူကျီ၏ စိတ်စွမ်းအားမှာ ကျီယီနောက်မှ ကျီမျိုးနွယ်စုနေရာအထိ လိုက်ပါသွားသည်။ မကြာခင် ယန်းမျိုးနွယ်စုမှာ ကျီမျိုးနွယ်စုနှင့် အလှမ်းမကွာကြောင်း သိရှိသွားသည်။ မိုဝူကျီက ယန်းမျိုးနွယ်စုနေရာကို တန်းမသွားဘဲ တခြားနေရာကို ရွေးချယ်လိုက်သည်။

မိုဝူကျီက ယန်းမျိုးနွယ်စု အဝေးကို ရွေးချယ်လိုက်ကြောင်း မြင်သောအခါ ယန်းတျန်းယုက သက်ပြင်းချလိုက်ပြီး

“ ယန်းယဲ့ .... ယန်းမျိုးနွယ်စုထဲမှာ ဘဝင်ကိုင်တဲ့သူတွေ အများကြီး ရှိနေပေမဲ့ သူတို့က ငါတို့ မိသားစုပဲလေကွာ။ မင်း တွေးနေတာတွေကို ငါသိပါတယ်။ ဒါပေမဲ့  မင်းက ငါတို့ရဲ့  အကြီးအကဲတွေကို လေးစားရင် မင်းအတွက်လည်း ပိုကောင်းတယ်လေ။

ပြီးတော့ ဒီတစ်ခါ မင်းဘက်က တော်တော်လွန်တယ်။ လျှို့ဝှက်နယ်မြေက အင်မော်တယ် ဆေးပင်တွေ အတွက် မင်းက ပြန်မပေးလည်း ကိစ္စမရှိပါဘူး .... ”

မိုဝူကျီက စိတ်ထဲတွင် အခြေအနေကို နားလည် သဘောပေါက် သွားသည်။ ယန်းမျိုးနွယ်စု အတွင်းမှ ယန်းယဲ့၏ အနေအထားမှာ သိပ်မမြင့်မားချေ။ ကြည့်ရသည်မှာ သူက ယန်းမျိုးနွယ်စုကို စိုးရိမ်စေမိဟန် ပေါ်သည်။ သို့သော်လည်း ယန်းမျိုးနွယ်စုက သူ့အား အတော်လေး သည်းခံပေးထားပုံ ပေါ်၏။ သူ လုပ်လိုက်သည့် အရာမှာလည်း အတော်လွန်လွန်း နေပေသည်။ ယန်းတျန်းယုက များများစားစား မပြောသော်လည်း သူ့လေသံအရ မိုဝူကျီမှာ ယန်းယဲ့နှင့် ယန်းတျန်းယုတို့၏ ဆက်ဆံရေးက သိပ်မဆိုးသေးကြောင်း ပြောနိုင်သည်။

ဘေးပတ်လည်တွင် တစ်ယောက်မှ မရှိတော့သည်ကို မြင်မှ မိုဝူကျီက ရပ်လိုက်သည်။

မိုဝူကျီက မပြောခင် ယန်းတျန်းယုက ဆက်ပြောလိုက်ပြန်သည်

“ မင်းကို တစ်ခါပြောပြဖူးတယ်လေ။ အဲဒီကျီယွဲ့က မင်းကို တကယ်မကြိုက်ပါဘူးဆို ... ပြီးတော့ မင်းမှာ ဇနီးလည်း ရှိနေပြီးသားကိုကွာ ... သူမက .... ”

မိုဝူကျီက နောက်ဆုံးစကားကို ကြားသည့်အခါ သွေးအန်လုမတတ် ဖြစ်သွားမိသည်။ အကယ်၍ သူက ယန်းယဲ့အဖြစ် ဟန်ဆောင်နေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူက ထော်လော်ကန့်လန့် ပြန်ပြောမိလောက်သည်။ ထိုယန်းယဲ့က သူ့အား ဇနီးရှိနေပြီးသား အချက်ကို ထည့်မပြောခဲ့ပေ။

ထိုလူက သူ့အား လာရှုပ်နေခြင်း ဖြစ်၏။

ထိုလူက တကယ်ကို အရှက်မဲ့တာပဲ .... ဇနီးနဲ့ ညီမ ရှိရက်သားနဲ့  ကျီမျိုးနွယ်စုရဲ့ ကျေးဇူးကြွေးကို အသုံးချပြီး တစ်ခြားမိန်းမကို လက်ထပ်ရန် တွေးတောနေသေးတယ် မဟုတ်လား

ယန်းတျန်းယုက တစ်ခုခု အမှတ်ရဟန်ဖြင့် ချက်ချင်း ခေါင်းစဉ် ပြောင်းပြောလိုက်သည်

“ ငါ့ကို ဘာမှ ပြောနေဖို့ မလိုဘူး။ အခု မင်းထဲက အဆိပ်က ကျီမျိုးနွယ်စုနဲ့ ပတ်သက်နေပြီ ဆိုတာ သိပြီမလား။ ကျေးဇူးကန်းတဲ့ မိသားစုတွေပဲ ...

သူတို့က  ကျီယွဲ့အပေါ် ရှိတဲ့ မင်း ခံစားချက်တွေကို အသုံးချနေကြတာ။  ပြောရရင် ကျီယွဲ့က လှတာ‌လေးပဲ ရှိတာပါကွာ  ... အဲဒါက လွဲရင်  .... ”

ထိုနေရာ ရောက်သည့်အခါ သူက ဆက်မပြောတော့ပေ။ အတိတ်တုန်းက သူ ကျီယွဲ့အပေါ် တစ်ခုခု မကောင်းသည့် အချက်ကို ပြောမိသည့်အခါတိုင်း ယန်းယဲ့က ဒေါသူပုန် ထလာလေ့ ရှိသည်။ သို့သော်လည်း သူ့ကို အံ့ဩသွားစေသည်က သူက ကျီယွဲ့ကို ပြောဆိုနေသော်လည်း ယန်းယဲ့က ငြိမ်နေခြင်း ဖြစ်သည်။ သူ့မျက်နှာ၌ အမူအရာ ပျက်ယွင်းနေရုံမျှသာ ရှိ၏။

ယန်းတျန်းယု အမြင်အရ ယန်းယဲ့မှာ အမှန်တကယ် ပြောင်းလဲသွားချေပြီ။

မိုဝူကျီက စိတ်အားငယ်စွာ သက်ပြင်းချလိုက်ပြီး

“ တျန်းယု  ... ငါ အဲဒါတွေအားလုံးကို သိပြီးသွားပြီ။ အရှင်းဆုံးပြောရရင်  ကံကောင်းလို့သာ မဟုတ်ရင် အဆိပ်ကြောင့် သေနေလောက်ပြီ။

ငါ့မျက်နှာနဲ့လည်ပင်းက လျှပ်စီးချက်တွေကို မြင်တယ်မလား။ အခု အဲဒီအမာရွတ်တွေကို ဖယ်ဖို့  ဆေးလုံးရှာဖို့တောင် စိတ်ကူးမရှိဘူး။ သေမင်းနဲ့ နီးကပ်ပြီး သွားတော့ ကိစ္စတော်တော် များများကို နားလည်လာတယ်။

ငါ ယန်းမျိုးနွယ်စုကို ပြန်လာပြီးတော့ မျက်နှာ မပြရဲတော့ဘူး။ ဒီပစ္စည်းတွေကို ယန်းယီနဲ့ ငါ့ဇနီးကို ပေးဖို့ ကူညီပေးပါဦး .... ”

မိုဝူကျီက  သိုလှောင်လက်စွပ် နှစ်ကွင်း ထုတ်ကာ ယန်းတျန်းယုကို ပေးလိုက်သည်။

မိုဝူကျီက အတော်လေး ကူကယ်ရာမဲ့‌ နေလေ၏။ ယန်းယဲ့က သူ့ဇနီးအကြောင်း မပြောပြခဲ့သည်မှာ ကျီယွဲ့ကို မွှန်နေ၍သာ ဖြစ်၏။ ယခု  သူက အရူးအမူး ချစ်မနေတော့ သောကြောင့်  မျက်နှာပျက်မည့်အရေးကို စဉ်းစားကြည့်ရမည်။ ထို့ကြောင့် အကယ်၍ သူ ထွက်သွားလျှင်ပင် သူ့ဇနီးအတွက် မဟုတ်ဘဲ ညီမအတွက် လက်စွပ် ချန်ပေးခဲ့ခြင်းမှာ သံသယ ဝင်သွားနိုင်ပေသည်။

“ ယန်းယဲ့ .... မင်းက ဂျုနီယာညီမလေး ရှန်းယွီကို မုန်းနေတာ မဟုတ်ဘူးလား ” ယန်းတျန်းယုက  မိုဝူကျီကို  နားမလည်စွာ ကြည့်ရင်း မေးလိုက်သည်။

မိုဝူကျီက  စိတ်ထဲ၌ တွေးမိနေသည်။

သူ့အနေနှင့်  ဂျုနီယာညီမလေး ရှန်းယွီမှာ ပိန်လား၊ ဝလားပင် မသိဘဲ ဘယ်လိုလုပ် မုန်းရမှာလဲ ....

သို့ပေမဲ့လည်း ထိုစကားမှာ ယန်းယဲ့နှင့် ရှန်းယွီတို့မှာ ရင်းနှီးကြောင်း ဆိုလိုနေခြင်း ဖြစ်၏။ သူက သူမ မျိုးရိုးနာမည်ကို မသိသေးပေ။ တစ်ချိန်တည်းတွင် သူက ယန်းတျန်းယု၏ စကားအရ ယန်းတျန်းယုမှာ ယန်းယဲ့ထက် အသက်ကြီးကြောင်း ညွှန်းဆိုနေလေသည်။ မဟုတ်လျှင် ယန်းယဲ့၏ ဇနီးဖြစ်သူကို  “ ဂျုနီယာညီမလေး ရှန်းယွီ” ဟု ခေါ်ဆိုမည် မဟုတ်ပေ။

မိုဝူကျီက တမင် သက်ပြင်းရှည်ကြီးချကာ

“ငါက သေမင်းဂိတ်ဝထိ ဖြတ်လာပြီးပြီလေ။ မုန်းနေစရာ ဘာကျန်ဦးမှာလဲ။ အခု သွားရင် ပြန်လာဖို့ အခွင့်အရေး မရှိလောက်တော့ဘူး  .... ယန်းယီ ...   ”

မူလက မိုဝူကျီက ယန်းတျန်းယုကို ယန်းယီကို စောင့်ရှောက်ပေးဖို့ မှာကြားချင်သော်လည်း သူ့စကားများကို အချိန်မီ ရပ်လိုက်နိုင်သည်။ သူက စကားများများ  ပြောလေလေ ဟာကွက်များက ပိုပေါ်လာလေလေ ဖြစ်၏။

“ဂျူနီယာ ညီမလေးရှန်းယွီဆီ ပေးမဲ့  လက်စွပ်ကို   ပြန်သိမ်း ထားသင့်တယ်။ မင်း ပစ္စည်းတွေက သူမ အာရုံကို ဖမ်းစားနိုင်မှာ မဟုတ်ဘူး။ သူမ ဂိုဏ်းက ပုံမှန် လက်ဆောင်တွေကတောင်  မင်း ပေးတာထက် ပိုသာနေပြီလေ”

မိုဝူကျီ၏ နှလုံးသားမှာ တင်းကျပ်လာလေ၏။ သူက အလောကြီးမိသွားကြောင်း ချက်ချင်း သိလိုက်သည်။ အကြည့်နှင့်တင် သူ့ဇနီးဖြစ်သူ ရှန်းယွီမှာ ရိုးရှင်းသည့်သူ မဟုတ်နိုင်ချေ။  နိုင်ငံရေး သဘောတရာများ ပါဝင်ပတ်သက်နေပေ၏။ သူက လက်စွပ်ကို မြန်မြန် သိမ်းကာ

“ တျန်းယု ... ငါ အိမ်ပြန်လာမှာ မဟုတ်ဘူး။ တကယ်လို့ ကံဆုံရင်တော့ နောက် ပြန်ဆုံကြတာပေါ့ ... ”

သူက နည်းနည်း ပြောလေလေ  အမှား နည်းလေလေ ဖြစ်၏။

“ အစ်ကိုကြီးယဲ့ ... ” နူးနူးညံ့ညံ့ သိမ်သိမ် မွေ့မွေ့ အသံလေးကို ကြားလိုက်ရသည်။

မိုဝူကျီက လှည့်ကြည့်လိုက်သည့် အခါ ခရမ်းဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးဘေးတွင် ရပ်နေသော ကျီယီကို မြင်လိုက်ရသည်။ တစ်ချက်တည်း ကြည့်ရုံဖြင့်  ထိုအမျိုးသမီးမှာ ကျီယွဲ့ ဖြစ်ကြောင်း ပြောနိုင်သည်။

ထိုအမျိုးသမီးမှာ အမှန်တကယ် လှပလွန်းပေသည်။ ကြော့ရှင်း လှပမှုအရ  ယှဉ်လိုက်လျှင် ဟန်ချင်းရုပင် ထိုအမျိုးသမီးကို တပန်း ရှုံးသွားနိုင်ပေသည်။

သူမ၌ ပြီးပြည့်စုံသည့် ဘဲဥ သဏ္ဌာန်မျက်နှာ ရှိပြီး  လင်းလက်နေသည့် သူမ မျက်ဝန်းအစုံမှာ ကြည့်လိုက်မိသည်နှင့် ပုံပြင် ဇာတ်ကြောင်းများကို ပြောပြနေသည့်အလား ဖြစ်၏။ သူမ၏ လှပကြော့ရှင်းသော သွင်ပြင်များနှင့် ပေါင်းစပ်လိုက်သည့်အခါ တိမ်တွေကြားမှ ဖြာကျနေသည့် နေရောင်အလား ဖြစ်ပြီး ထိုသို့သော အလှတရားမျိုးမှာ စကားလုံးဖြင့် ရိုးရိုးရှင်းရှင်း ဖော်ပြ၍ မရပေ။

အောက်ကို ဆင်းကြည့် လိုက်သည့်အခါ သူမ ကျောက်စိမ်းဖြူ လည်ပင်းလေးမှာ သွေးကြောမျှင်လေးများမှာ အတွေးနယ်ချဲ့ သွားစေနိုင်သည်။ ပုံမှန်အားဖြင့် သူမ ရင်ဘတ်အပိုင်းမှာ အဝတ်အစားဖြင့် ကာထားသော်လည်း လျစ်လျူရှု ထားနိုင်သည့် အနေအထားတော့ မဟုတ်ချေ။ အကြည့် တစ်ချက်တည်းဖြင့် မိုဝူကျီအား ထိုအဝတ်များ အောက်ကို မတွေးကြည့်မိဘဲ မနေနိုင် လောက်အောင် ဖြစ်သွားစေသည်။

ယန်းယဲ့က ဤအမျိုးသမီးကို စိတ်အားထက်သန်စွာ နှစ်သက်နေသည့် အကြောင်းမှာ အံ့ဩစရာ မရှိတော့ပေ။ ကျီယွဲ့က သူမ၏ မှိန်ဖျဖျ အသက်ရှူသံနှင့်အတူ သူမ မျက်ဝန်းမှ ချစ်မြတ်နိုးများကို ထည့်ပေါင်းလိုက်လျှင် အမျိုးသမီး တစ်ယောက် ရှိသင့်သည့် အလှတရားအားလုံး ပိုင်ဆိုင်ထားပေသည်။

မိုဝူကျီက စိတ်ထဲမှ သက်ပြင်းသာ ချလိုက်တော့သည်။ ဤမိန်းကလေးမှာ အမှန်တကယ် မဆိုးလှပေ။ သူက ယန်းယဲ့ မဟုတ်ဘဲ မိုဝူကျီ ဖြစ်နေသည်မှာ ကံဆိုးလှပေသည်။

“ အစ်ကိုကြီးယဲ့  .... ရှင့်မျက်နှာက ...”

ကျီယွဲ့က ယန်းယဲ့ကို “ အစ်ကိုကြီးယဲ့” ဟု ခေါ်ဆိုသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ပေသည်။ သူမ မျက်ဝန်း၌ စိုးရိမ်ပူပင်သည့် အရိပ်အယောင်များ အထင်းသား ဖြစ်နေပြီး  သူမ၏ လှပကြော့ရှင်းသော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သည့်အခါ နှလုံးခုန် တစ်ချက်တော့ မြန်သွားစေလိမ့်မည်။

အစ်ကိုကြီးယဲ့ တဲ့လား .....

မိုဝူကျီက သူ့ခေါင်းကိုပင် ကုတ်မိချင်သွားသည်။ ဘာလို့ ထူးဆန်းနေပါ့လိမ့် .....

(ယန်းယဲ့ထဲမှ ယဲ့မှာ  ရိုင်းစိုင်း / ကြမ်းတမ်း။ အထိန်းအကွပ်မဲ့ ဟု အဓိပ္ပာယ် ရပေသည်။  ကျီယွဲ့က  အစ်ကိုကြီးဟု ခေါ်ဆိုနေသော်လည်း  ယန်းယဲ့မှာ အိပ်ရာအတွင်း၌ အထိန်းအကွပ်မဲ့ ကြမ်းတမ်းကြောင်း အဓိပ္ပါယ် သက်ရောက်နေသည်  )

သူက ချက်ချင်း ထွက်သွားချင်သော်လည်း မိုဝူကျီက လက်ကိုသာ ယမ်းပြလိုက်ရသည်

“ ဂျုနီယာညီမလေးယွဲ့ ... စိုးရိမ်နေဖို့ မလိုပါဘူး။ ကျုပ်က ဒီလျှို့ဝှက်နယ်မြေအတွင်းမှ လုပ်ကြံခံခဲ့ရပြီးတော့ သေလုနီးပါး ဖြစ်ခဲ့လို့ ကျုပ်စိတ်က အဆင်မပြေ ဖြစ်နေတာပါ။ နောက်ရက်နည်းနည်း ကြာရင် ကောင်းသွားမှာပါ  ”

မိုဝူကျီ စိတ်ထဲ၌  တွေးတောနေမိသည်။ ရက်နည်းနည်းကြာလျှင် အဆင်ပြေသွားမည် ဖြစ်၏။

ထိုအခါကျ သူက ဘယ်နေရာ ရောက်နေပြီကို မည်သူ သိမည်နည်း။

“ အစ်ကိုကြီးယဲ့  ... ကျမ တောင်းပန်ပါတယ်။ အစ်ကိုကြီးကို ဝင်ပါစေမိပြီ ... ဒီတစ်ခါတော့ အစ်ကိုကြီးနဲ့ အတူတူ ထွက်သွားချင်တယ်။ တကယ်လို့ သူတို့က  အစ်ကိုကြီး ကို တစ်ခုခု လုပ်ရဲမှတော့ ကျမကိုလည်း လုပ်လိမ့်မယ် ”

ကျီယွဲ့ စကားများက သူ့အား ချွေးအေးများ ထွက်သွားစေသည်။

သူနှင့် အတူတူ ထွက်သွားမည်တဲ့လား ... အဲဆို သူက ဘယ်လိုလုပ် ထွက်သွားနိုင်တော့မှာလဲ ....

“ အာ ” သူက  လည်ပင်းပင် ခြောက်ကပ်လာသလို ခံစားလိုက်ရပြီး စကားတစ်လုံးမှ ထွက်မလာတော့ပေ။ အချိန်အတော်ကြာမှ  မိုဝူကျီက အတင်းကြိုးစားကာ ပြောလိုက်ရသည်

“ ဂျုနီယာညီမလေးယွဲ့  .... ကျုပ်တို့တွေ အဲလိုလုပ်ရင်  ... လုပ်ရင် ...  ”

သူက ဘာဆက်ပြောရမည်ကို မသိတော့ပေ။ အကယ်၍ နဂိုယန်းယဲ့ အတိုင်း ပြောရမည်ဆိုလျှင်   “ ကောင်းတာပေါ့ ... မြန်မြန် ကျုပ်နဲ့ အတူတူ ထွက်သွားရအောင်  ” ဟုသာ ဖြစ်လိမ့်မည်။ သို့သော် လက်ရှိ မိုဝူကျီအတွက် သူက ကိုယ်ပိုင်အချိန်ပင် မလုံမလောက် ဖြစ်နေသည့်ကြားထဲ လင်မယားအတိုင်း ပြုမူပြီး ကျီယွဲ့ကို စောင့်ရှောက်ရန် မည်သို့ အချိန်ရမည်နည်း။

“အခုခေတ် မိန်းမတွေအားလုံး ဒီလို အရှက်မဲ့ကြတာပဲလား ” အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာကာ မိုဝူကျီကို အကျဉ်းအကြပ်ကြားမှ လွတ်မြောက်စေသွားသည်။

“ မုရုန်ရှန်းယွီက အစ်ကိုကြီး တျန်းယုကို နှုတ်ဆက်ပါတယ် ” အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက လျှောက်လှမ်းလာသည်။ ကျီယွဲ့ကို မထီမဲ့မြင် ရှုံချပြီးနောက် ယန်းတျန်းယုကို နှုတ်ဆက် လိုက်သည်။

ထိုအမျိုးသမီးမှာ ရေခဲတမျှ အေးစက်စက် နိုင်လှသည်။ သူမ ရောက်လာသည်နှင့် ဘေးနားမှ အပူချိန်ပင် ဒီဂရီ အတော်ကျသွားပြီး ရေခဲနယ်မြေ ဖြစ်သွားသည့်အလား ဖြစ်သည်။ သူမ မျက်နှာသွင်ပြင်မှာ ကျီယွဲ့နှင့် မယှဉ်နိုင်သော်လည်း  သူမတွင် စင်ရော်မျက်ခုံးနှင့် နှာတံမြင့်မြင့်တို့ ပါရှိ၏။ သူမ အလှတရားမှာ ပန်းချီကားတစ်ချပ်နှင့် တူပေရာ နောက်ထပ် တုနှိုင်းမဲ့ အလှလေး ဖြစ်ပေသည်။

ထိုအမျိုးသမီးက သူမ နာမည် ထုတ်ဖော် ပြောလိုက်သည့် အတွက် ထိုအမျိုးသမီးမှာ သူ့ဇနီးဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း မိုဝူကျီက ထိုအတွဲကြားမှ ပြဿနာကို မသိသည့်အတွက် သူတို့နှစ်ဦး မည်သို့ ဆက်ဆံကြမှန်းပင် မသိပေ။ မုရုန်ရှန်းယွီက သူ့အား လျစ်လျူရှု ထားသည်ကို မြင်သောအခါ သူလည်း ဘာမှ ဝင်ပြောမနေတော့ပေ။ ဤမုရုန်ရှန်းယွီက ရေခဲ့မုန့်ကဲ့သို့ အေးစက်စက် နိုင်သော်လည်း သူမ အပေါ် မိုဝူကျီ၏  အမြင်မှာ   ကျီယွဲ့ထက် အနည်းငယ် ပိုကောင်းပေသည်။

မုရုန်ရှန်းယွီ၏ စကားကို ကြား၍ ကျီယွဲ့မှာ စတင်၍ တုန်ယင်လာသည်။ သူမ မျက်နှာ၌  မျက်ရည်များမှာ စမ်းချောင်းသဖွယ် စီးဆင်းလာပေ၏။

သူမက ခေါင်းကို ငုံ့ထားပြီး မိုဝူကျီကိုပင် မကြည့်ပေ။

မိုဝူကျီက ယန်းယဲ့ကဲ့သို့  တုံးအအ မဟုတ်သည့်အတွက် ကျီယွဲ့အနေဖြင့် ခေါင်းကို ငုံ့ထားခြင်းမှာ အကောင်းဆုံး အပြုအမူ ဖြစ်ကြောင်း သိပေသည်။ အကယ်၍ သူမသာ ခေါင်းမော့ထားလျှင် သူ့အတွက် ကိစ္စများက ပိုရှုပ်ထွေး လာလိမ့်မည်။

မိုဝူကျီက ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်။ သူက ယန်းယဲ့အဖြစ် ဟန်ဆောင်ခဲ့သည်ကို စတင်၍ နောင်တရလာမိသည်။

ထိုလူက ဘာတွေများ လုပ်ခဲ့လို့ အလှပဂေလေးတွေနဲ့ ဆက်တိုက် တွေ့နေရတာလဲ .....

သူ့မှာ ကျက်သရေရှိသော ဇနီး ရှိသော်လည်း နောက်အမျိုးသမီး တစ်ယောက်ကို တွေးနေသေး၏။ သူ့ဇနီးဖြစ်သူမှာ ရိုးရှင်းသည့်ပုံ မပေါ်ပေ။ သူတို့နှစ်ယောက်က   မရင်းနှီးကြောင်း သိသာလှသည်။

“ ယန်းယဲ့ ....   ကျမ နောက်လိုက်ခဲ့  ...” ထိုသို့ ပြောပြီး မုရုန်ရှန်းယွီက လှည့်ထွက် သွားလေ၏။ သူမက ကျီယွဲ့၏ စိတ်ထိခိုက်နေသော မျက်နှာကို စိတ်ထဲ ထားဟန် မပေါ်ပေ။

***

All Chapters