ဘွားဘွားကြီးဘုရားကျောင်း
Vol. 3 Ch. 34
ထော့ကျိုး၏ ရင်ထဲတွင် လှုပ်ခါသွား၏။
ဧကရာဇ်အတိုင်ပင်ခံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ရဲတင်းလွန်းလှပြီး မဟာမြို့ပျက်ကဲ့သို့ ဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းသည့် နေရာမျိုး၌ ခြေချလိုခြင်းမှာ အမှန်ပင် ဖြစ်လေသည်လား။
အဘိုးကြီးမာ ပြောသည့်အထဲမှ တချို့တစ်ဝက်က မှန်နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အမှန်တကယ်ပင် အင်ပါယာအယောင်ဆောင်ထားသည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်၏။
ထာဝရငြိမ်းချမ်းအင်ပါယာက သိုင်းပညာဖြင့် အင်ပါယာထူထောင်၍ သိုင်းပညာဖြင့် အုပ်စိုးထားခြင်း ဖြစ်သည်။ နန်းတွင်းအရာရှိများကို အဆင့်ကြီးကိုးဆင့်၊ အဆင့်ခွဲဆယ့်ရှစ်ဆင့် ခွဲခြားထား၏။ အမြင့်စံပထမအဆင့် ဧကရာဇ်အတိုင်ပင်ခံမှသည် အနိမ့်စံနဝမအဆင့် တရားရေးအရာရှိအထိ အားလုံးက သိုင်းပညာရှင်များ ဖြစ်ကြသည်။ သိုင်းဂိုဏ်းချုပ်များ၊ မျိုးနွယ်စုခေါင်းဆောင်များ၊ အဖွဲ့အစည်းခေါင်းဆောင်များ ပါဝင်၏။
ဤအင်ပါယာ၏ စစ်သည်များမှာလည်း တိုက်ခိုက်ရေး ကျွမ်းကျင်သည့် သိုင်းသမားများသာ ဖြစ်သည်။ ပြည်ခြား မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်နိုင်သကဲ့သို့ အတွင်းရန် ပုန်ကန်ထကြွမှုများကိုလည်း နှိမ်နင်းနိုင်စွမ်း ရှိ၏။ မည်သည့်နည်းနှင့်မျှ ထိပ်တိုက် မတွေ့သင့်သော အင်အားစုတစ်ခု ဖြစ်သည်။
သိုင်းဂိုဏ်းတစ်ဂိုဏ်းက အင်ပါယာကဲ့သို့ ပြုကျင့်၍ ၎င်းတို့ပိုင်နယ်မြေများကို စီမံခန့်ခွဲသောအခါ သယံဇာတအထောက်အပံ့များကို တစ်စုတစ်စည်းတည်း ခွဲဝေအသုံးပြုနိုင်သည့်အပြင် လက်အောက်သို့ ခိုဝင်လာသော အခြားသိုင်းဂိုဏ်းများ၊ သိုင်းသမားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များကိုလည်း ကောင်းစွာ စေခိုင်းအသုံးချနိုင်၏။ ထိုသို့သော အင်ပါယာတစ်ခုက မည်မျှ အင်အားကြီးထွား၍ မည်မျှ ကြောက်ဖို့ကောင်းလိုက်လိမ့်မည်နည်း။
ပြီးခဲ့သည့် နှစ်များအတွင်း၌ ထာဝရငြိမ်းချမ်းရေးအင်ပါယာက နယ်မြချဲ့ထွင်ရင်း အင်အားကြီးသည်ထက် ကြီးမားလာသည်။ လီမြစ်ဂိုဏ်းကဲ့သို့ ဂိုဏ်းငယ်လေးများနှင့် နိုင်ငံငယ်လေးများကို သူတို့၏ လက်အောက်ခံအဖြစ် သိမ်းသွင်းခဲ့ကြ၏။
ယခုအခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နယ်မြေမှာ မဟာမြို့ပျက်၏ နယ်စပ်အထိ ရောက်ရှိလာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်ထားရသည်။
ဤအင်ပါယာကို ဟန့်တားထားသည်မှာ မဟာမြို့ပျက်၏ ထူးဆန်းသည့် အမှောင်ထုကြီး ဖြစ်၏။ ညရောက်လာသည့် အခါတိုင်း ထူးဆန်းသည့် အမှောင်ထုကြီးက ထိုးဖောက် ဝင်ရောက်လာပြီး အပြင်ထွက်မိသူတိုင်း သေဆုံးရသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာက မဟာမြို့ပျက်သို့ ဝင်မလာရဲခြင်း ဖြစ်သည်။
ထို့ပြင် မဟာမြို့ပျက်၌ အန္တရာယ်က ထိုတစ်ခုတည်း မဟုတ်။ အလွန်တရာ များပြားလှသည့် ဆန်းကြယ်သားရဲများနှင့် ထူးဆန်းသည့် အဖြစ်အပျက်များက နေရာအနှံ့ ရှိနေသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် သူတို့၏ တပ်ဖွဲ့များကို မဟာမြို့ပျက်သို့ စေလွှတ်လိုလျှင် လွယ်ကူ ရိုးရှင်းလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မဟာမြို့ပျက်မှ အန္တရာယ်များက ဧကရာဇ်အတိုင်ပင်ခံကို နောက်တွန့်စေမည် မဟုတ်။ သူ၏ အကျင့်စရိုက်ကို ထော့ကျိုး ကောင်းကောင်း သိသည်။ ထိုသူက သူ့ခြေထောက်ကို ခုတ်ဖြတ်ခဲ့သူ မဟုတ်လား။
သူ့ကို ကြောက်အောင် ခြောက်နိုင်မည့်အရာ၊ နောက်တွန့်အောင် တားဆီးနိုင်မည့်အရာ မရှိ။
သေချာပေါက် မဟာမြို့ပျက်သို့ ဝင်လာလိမ့်မည်။
ကြည့်ရသည်မှာ ဧကရာဇ်အတိုင်ပင်ခံက အပြောကျယ်၍ မာယာများလှသည့် မဟာမြို့ပျက်ကို မျက်စိကျပြီး ဖြစ်ကောင်းဖြစ်နိုင်၏။
မကြာမီ အချိန်အတွင်း၌ ရွာကလေးက ပြန်လည် တည်ငြိမ်အေးဆေးသွားသည်။ လီမြစ်အငယ်စားလေးမှ ရေများမှာလည်း မြေကြီးထဲသို့ စိမ့်ဝင်သွားပြီ ဖြစ်၏။ နောက်တစ်နေ့၌ မြေပြင်က တရှိန်ရှိန်တောက်နေသည့် နေမင်းကြီးကြောင့် သွေ့ခြောက် မာကြောသွားသည်။
ဤတစ်ကြိမ်တွင်တော့ လီမြစ်ဂိုဏ်း၏ ဂိုဏ်းသားတပည့်ဖြစ်သည့် ချမ်ချိုး၏ ဓားအိတ်ကို ချင်မူ ရလိုက်သည်။ ထိုဓားအိတ်က ခြောက်ပေခန့် ရှည်ပြီး များစွာ မကြီးလှချေ။ မိကျောင်းပေါက်တစ်ကောင်၏ သားရေနှင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ခါးတွင်ချည်ရန် ကြိုးတစ်ချောင်း ပါ၏။ ကျော၌ သိုင်းချည်ရန်လည်း ပခုံးကြိုးနှစ်ချောင်း ပါသေးသည်။
ချီစွမ်းအင်ကို ထိုဓားအိတ်ထဲသို့ ပို့လွှတ်လိုက်သည်နှင့် မိကျောင်းပါးစပ်က ပွင့်ဟလာပြီး ဓားအိမ်နှင့် ဓားလက်ကိုင်ရိုး ထွက်ပေါ်လာ၏။
ထို့နောက် ချီစွမ်းအင်ကြိုးမျှင်ဖွဲ့၍ ဓားလက်ကိုင်ရိုးကို ရစ်ပတ်ကာ ဓားအိမ်မှ ဆွဲထုတ်ပြီး ထိန်းချုပ် အသုံးပြုနိုင်သည်။
ပထမဓားကို ဆွဲထုတ်ပြီးသည်နှင့် ဒုတိယဓားက ဓားအိမ်ထဲတွင် ပေါ်ထွက်လာ၏။ ဒုတိယဓားကို ဆွဲထုတ်ပြီးသောအခါ တတိယဓား ပေါ်ထွက်လာပေလိမ့်မည်။ သို့အတွက် ၎င်းကို ဓားအိတ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
လီမြစ်ဂိုဏ်းက တောင်ဘက်နယ်စပ်ဒေသ၏ ဓားသိုင်းဂိုဏ်း ဖြစ်ပြီး တစ်မူထူးခြားသော ဓားသွန်းလုပ်သည့် နည်းပညာ ရှိ၏။ အမေဓားကို ဓားအိတ်ထဲတွင် သိုဝှက်ထားပြီး မိကျောင်းသားရေနှင့် အသေပေါင်းစည်းပစ်သဖြင့် အသုံးပြု၍ မရချေ။
ဓားအိတ်ထဲမှ ဆွဲထုတ်လိုက်သော ဓားများက ကလေးဓားများ ဖြစ်သည်။ ချင်မူ စမ်းသပ်ကြည့်လိုက်ရာ ကလေးဓား နှစ်ဆယ့်ရှစ်ချောင်း ထွက်လာ၏။ သူဖျက်ဆီးပစ်ခဲ့သော ဓားခုနစ်ချောင်း အပါအဝင်ဆိုလျှင် စုစုပေါင်း သုံးဆယ့်ငါးချောင်း ရှိပေလိမ့်မည်။
လီမြစ်ဂိုဏ်းက မည်သို့သော ပညာရပ်မျိုး အသုံးပြု၍ ဤဓားအိတ် သေးသေးလေးတွင် ဓားပျံသုံးဆယ့်ငါးချောင်းဆံ့အောင် ထည့်သွင်းထားသည်ကိုတော့ သူ စဉ်းစား မရချေ။
ဓားနှစ်ဆယ့်ရှစ်ချောင်းဆိုသည်မှာ ချင်မူ့အတွက် များစွာ မလေးလှ။ သူ့ကိုယ်ပေါ်တွင် သံတုံးအလေးများစွာ ရှိ၏။ ရင်ဘတ်နှင့် ခါးတွင်ပင် ပတ်ထားရသည်။ ခြေထောက်မှ သံဖိနပ်များကိုပါ ပေါင်းလိုက်လျှင် ပေါင်တစ်ရာခန့် လေးပေလိမ့်မည်။ ဤဓားအိတ်ကလည်း ထိုမျှလောက် လေး၏။
ချင်မူ ဤဓားအိတ်သယ်ပိုးခြင်းကို လေ့ကျင့်ခန်းတစ်ခုအသွင် သဘောထားလိုက်သဖြင့် သံတုံးအလေးများ ပတ်ထားရခြင်း ဒုက္ခမှ ကင်းဝေးပြီး သွားရလာရ ပိုမိုလွယ်ကူသွားသည်။ သို့သော်လည်း သူ့အနေဖြင့် ချီစွမ်းအင် အသုံးပြု၍ ဓားပျံထိန်းချုပ်နိုင်ခြင်း မရှိသေးချေ။ လီမြစ်ဓားသိုင်းက အသေးစိတ် တိကျလှပြီး သူ၏ ဓားပျံထိန်းချုပ်မှုက ထိုအဆင့်ထိ မရောက်သေးသည် မဟုတ်လား။
“ငါသာ လီမြစ် ဓားသိုင်းကို သင်နိုင်ခဲ့ရင်...”
ချင်မူ သက်ပြင်း ကျိတ်ချလိုက်၏။ လီမြစ်ဓားသိုင်းက လွန်စွာ ရှုပ်ထွေးနက်နဲလှသည်။ အထူးသဖြင့် သူတို့၏ ဓားပျံ အတွဲလိုက် ထိန်းချုပ်သည့် နည်းလမ်းက အံ့အားသင့်စရာ ကောင်းလွန်းလှ၏။ အဘိုးကြီးမာ၊ သားသတ်သမား၊ ထော့ကျိုး၊ ဆေးဆရာနှင့် မျက်ကန်းတို့က ဓားသိုင်းအကြောင်း နကန်းတစ်လုံးမျှ မသိချေ။ ရွှေအတွင် ငွေရောင်အလုံးလေးများ သေတ္တာလိုက် ရှိပြီး အဘွားစစ်တွင်လည်း ထိုသို့ ငွေရောင်အလုံးလေးများ ရှိသည်။ ထိုငွေရောင်အလုံးလေးများသာ ဓားစက်လုံးများ ဖြစ်လျှင် သူတို့က ဓားသိုင်းအရာတွင် ကျွမ်းကျင်သူများ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ချင်မူ အဘွားစစ်ကို သွားတောင်းဆိုသောအခါ မသင်ပေးနိုင်ကြောင်း ငြင်းဆိုခံရ၏။ ရွှေအကလည်း အထိတ်တလန့် ဖြစ်စရာ တွေ့သည့်နှယ့် အကြောက်အကန် လက်ခါယမ်းပြသည်။ ရွှေအက သူ့ကို လက်ဟန်ခြေဟန်ဖြင့် တိတ်တဆိတ် ပြော၏။ ယခုအချိန်တွင် ဓားသိုင်း သင်ပေးဖို့အတွက် မည်သူ့ကိုမျှ သွားမတောင်းဆိုရန်နှင့် အနာဂတ်တွင် သူတို့ထက် ပိုတော်သော ဓားသမား တစ်ယောက်က သူ့ကို သင်ပေးရန် စောင့်ဆိုင်းနေကြောင်း ပြော၏။ သူသာ ယခု ဓားသိုင်း သင်လိုက်လျှင် ထိုသူက သူ့ကို သင်ပေးတော့မည် မဟုတ်ချေ။
ထိုသူက မည်သူမှန်း မသိသဖြင့် ချင်မူ ဤကိစ္စကို အသာထားလိုက်ရသည်။
ထို့ပြင် သူက ချီစွမ်းအင် လှည့်ပတ်ခြင်းကို ပြီးပြည့်စုံအောင် မကျွမ်းကျင်သေးချေ။ ဥပမာအားဖြင့် အဘိုးကြီးမာ၏ လက်သီးသိုင်း ဖြစ်သည်။ ထို လက်သီးသိုင်းဖြင့် တိုက်ခိုက်ရာတွင် သူ၏ ချီစွမ်းအင်ကို တစ်ကိုယ်လုံးအနှံ့ တစ်ပတ်ပြည့်အောင် လှည့်ပတ်နိုင်ခြင်း မရှိပေ။
ချီစွမ်းအင်ကို တစ်ကိုယ်လုံးနှံ့အောင် လှည့်ပတ်ခြင်းက ခန္ဓာကိုယ်၏ အကန့်အသတ်ကို အဆုံးစွန်အထိ မြှင့်တင်ပေးနိုင်ပြီး ခွန်အား၊ သွက်လက်ပေါ့ပါးမှုနှင့် တုံ့ပြန်မှုကို များစွာ တိုးတက်စေနိုင်၏။
မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို အထွတ်အထိပ်ထိ လေ့ကျင့်ထားနိုင်လျှင် လက်သီးချက်၊ လက်ဝါးချက်တိုင်းတွင် မိုးခြိမ်းသံနှင့် မိုးကြိုးလျှပ်စီး၏ စွမ်းအားကို ထုတ်သုံးနိုင်စွမ်း ရှိပေလိမ့်မည်။ သူကတော့ လက်ဖဝါးထဲတွင် မိုးကြိုးဖန်တီးနိုင်ရန် မိုးကြိုးရှစ်ချက် လက်သီးသိုင်းနှင့် မလုပ်နိုင်သေးဘဲ မိစ္ဆာ နတ်ဘုရား၏ ကြီးမြတ်သော အားအင် မုဒြာ အပေါ်သာ မှီခိုနေရဆဲ ရှိသည်။
သူသာ ဤအဆင့်သို့ ရောက်နိုင်လျှင် နောင်တစ်ချိန်တွင် ချမ်ချိုးကဲ့သို့ သိုင်းသမားများနှင့် ရင်ဆိုင်ရာ၌ သူ့ဖဝါးကို ဒဏ်ရာ မရစေဘဲ ဓားပျံများကို လက်ဗလာနှင့် ဖမ်းယူနိုင်ပေလိမ့်မည်။
“မင်းက လက်တွေ့ တိုက်ပွဲ အတွေ့အကြုံ နည်းနေတာ...”
အဘိုးကြီးမာက ချင်မူ၏ ဘေးသို့ ရောက်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “မင်းရဲ့ ကျင့်စဉ် စွမ်းအားက လီမြစ်က ဂိုဏ်းသားတပည့်ထက် အများကြီး ပိုသာတယ်... မင်းရဲ့ လက်သီးသိုင်း၊ ခြေသိုင်း၊ ဓားမသိုင်း၊ တောင်ဝှေးသိုင်း... အကုန်လုံးက သူ့ရဲ့ လီမြစ်ဓားသိုင်းထက် ပိုသာတယ်... ဒါပေမဲ့ သူနဲ့ တိုက်တုန်းက မင်း ကောင်းကောင်း လှုပ်ရှားမရလို့ သိုင်းကွက် ကောင်းကောင်း ထုတ်မသုံးနိုင်တာ...”
ချင်မူ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ သူသည်လည်း ချမ်ချိုး၏ ဓားသိုင်းကွက်များက ရှုပ်ထွေးလှပြီး မမျှော်လင့်ထားသည့် နေရာမှ ထွက်ပေါ်လာတတ်သည်ဟု ခံစားခဲ့မိ၏။ အခြားတစ်ဘက်တွင်တော့ သူ၏ တုံ့ပြန်မှုက ဓားကို ဖမ်းမိခဲ့ပြီး ဟုတ်လှပြီ ဆိုရုံမျှသာ ရှိသည်။
ယခု သေချာ ပြန်တွေးကြည့်သောအခါ ချမ်ချိုးက သူ မူလတွေးမိသကဲ့သို့ သိုင်းစွမ်းရည် မြင့်မားလှသည် မဟုတ်ပေ။ ဓားပျံခုနစ်ချောင်းကို ဓားမဖြင့် ပိုင်းဖြတ်နိုင်ခြင်းနှင့် မိစ္ဆာလွတ်မြာက် မုဒြာကို အသုံးပြု၍ သူ့ဝိညာဉ် ဆွဲထုတ်နိုင်ခြင်းကို ထောက်ရှုလျှင် ချင်မူ၏ ချီစွမ်းအင် ကျင့်စဉ်က ချမ်ချိုးထက် များစွာ သာလွန်ကြောင်း ထင်ရှားသည်။
အဘိုးကြီးမာက ဆက်ပြောလိုက်၏။ “လက်တွေ့တိုက်ပွဲ အတွေ့အကြုံ မရှိရင် မင်းရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ဖို့ ခက်လိမ့်မယ်... အဲဒါကြောင့် လီမြစ်အကြီးအကဲငါးယောက်က သူတို့တပည့်တွေကို မဟာမြို့ပျက်ဆီ လေ့ကျင့်ဖို့ ခေါ်လာတာ... အခန်းပိတ်ပြီး အပတ်တကုပ် လေ့ကျင့်နေရုံနဲ့ ပညာရှင် တစ်ယောက် ဘယ်တော့မှ မဖြစ်နိုင်ဘူး... အဲဒါကြောင့်...”
ချင်မူ၏ မျက်နှာတွင် မျှော်လင့်ချက် အရိပ်အယောင်များ ထင်ဟပ်လာ၏။ သူတစ်ယောက်တည်း အပြင်ထွက်၍ အမဲလိုက်ခွင့်ရရန် အဘိုးကြီးမာနှင့် အဘွားစစ်၏ ခွင့်ပြုချက် စောင့်နေခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး ယခု အခွင့်အရေးက ပေါ်လာခဲ့ချေပြီ။
“အဲဒါကြောင့်... ငါ၊ အဘွားစစ်၊ မျက်ကန်းနဲ့ ကျန်တဲ့သူတွေ တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချခဲ့ကြတယ်...”
အဘိုးကြီးမာက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “မင်းကို ငါတို့နဲ့အတူ ဘုရားပွဲ လိုက်ခွင့်ပြုလိုက်ပြီ...”
“ဘုရားပွဲ လိုက်ရမယ်...”
ချင်မူ စိတ်ပျက်လက်ပျက် အမူအရာ ပေါ်လာပြီး ဗလုံးဗထွေး ရေရွတ်လိုက်သည်။ “ကျွန်တော် အမဲလိုက်သွားလို့ မရဘူးလား...”
အဘိုးကြီးမာက သူ့ကို ပြုံးပြ၍ ပုခုံးတစ်ချက် ပုတ်လိုက်၏။ “ဘုရားပွဲကို သွားတာလည်း စမ်းသပ်မှု တစ်ခုပဲ... ဒီစမ်းသပ်မှုကို မင်း ကျော်ဖြတ်နိုင်ရင် မင့်ဖာသာ အမဲလိုက်ခွင့် ပြုမယ်... အဲဒါကြောင့် သေချာလုပ်...”
ချင်မူ ငိုရမည်လား၊ ရယ်ရမည်လား မသိတော့ချေ။ ဘုရားပွဲက အနီးအနားရွာများ စုဝေးတွေ့ဆုံကြသည့် ပွဲတော်ကြီး ဖြစ်သည်။ အဘွားစစ် ယခင်က ပြောသည်ကို သူ ကြားဖူး၏။ ဘုရားပွဲက လစဉ်လတိုင်း တစ်ရက်နေ့နှင့် ဆယ့်ငါးရက်နေ့တွင် အမြဲ ကျင်းပသည်။ မိုင်တစ်ရာ ပတ်လည်အတွင်းမှ ရွာများအားလုံး ဘုရားပွဲသို့ လာရောက် စုရုံးကြပြီး ကုန်ပစ္စည်းများ ဖလှယ်ကြလေ့ ရှိ၏။
ဘုရားပွဲနေ့ ရောက်သည့်အခါတိုင်း အဘိုးကြီးမာ၊ သားသတ်သမား၊ မျက်ကန်း၊ ရွှေအ၊ အဘွားစစ်၊ နားကန်းနှင့် ဆေးဆရာတို့က သူတို့ရွာနှင့် ခုနစ်မိုင်ခန့်အကွာမှ ဘွားဘွားကြီးဘုရားကျောင်းသို့ သွားရောက်လေ့ ရှိကြသည်။ သို့သော်လည်း သူတို့က ချင်မူ့ကို ထိုဘုရားပွဲသို့ တစ်ခါမျှ ခေါ်မသွားခဲ့ဖူးဘဲ ရွာလူကြီးနှင့် ထော့ကျိုးကိုသာ အဖော်ပြု ကျန်ရစ်နေခဲ့စေသည်။
ထော့ကျိုးက သူ့ထက်ပင် အဖြစ်ဆိုး၏။ အဘွားစစ်က ထော့ကျိုးမှာ သူခိုးလက် ရှိသူ ဖြစ်ပြီး ပွဲတော်တစ်ခုလုံး အပြောင်ရှင်း ခါးပိုက်နှိုက် ခံလိုက်ရမည် စိုး၍ သူ့ကို ဘုရားပွဲသို့ အတက်မခံဟု ပြောသည်။
တကယ်တမ်းတွင် သူ့အနေဖြင့် ဘုရားပွဲသို့ သွားရမည်ထက် အမဲလိုက်ရသည်ကို ပိုသဘောကျ၏။
ဘုရားပွဲနေ့ ရောက်ရန် နှစ်ရက် လိုသေးသဖြင့် ချင်မူ ဆက်လက် လေ့ကျင့်ပြီး တစ်ခါတစ်ရံတွင် ကြမ္မာဆိုးနှိမ်နန်းတော်သို့ သွားရောက်၍ မိစ္ဆာမျောက်ဝံနှင့် တိုက်ခိုက်သည်။ သူ အားလပ်သည့်အခါ ဆေးဆရာကို ကူညီ၍ စွမ်းအင်ဆေးလုံးများ မည်သို့ ဖော်စပ်ရသည်ကို သင်ယူ၏။ ဆေးဆရာကလည်း မီးငှက်အချို့ ထုတ်လွှတ်ပေး၍ ဆေးကျိုရာတွင် ကူညီသည်။
စွမ်းအင်ဆေး တစ်ဒါဇင်ခန့် ဖျက်ဆီးပြီးသွားသောအခါ ဆေးဆရာ၏ မျက်နှာမှာ စတင် စိမ်းပုပ်လာ၏။ ကံကောင်းထောက်မ၍ ချင်မူ စွမ်းဆေးတစ်အိုး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သဖြင့် ဆေးဆရာ၏ အမူအရာ ပြေလျော့သွားသည်။
ချင်မူက နဂါးစိမ်းချီစွမ်းအင်ကို တိုးမြှင့်စေနိုင်သည့် စွမ်းအင်ဆေးအိုးကို ယူ၍ ကြမ္မာဆိုးနှိမ်နန်းတော်သို့ ဝမ်းသာအားရ ပြေးသွား၏။ ဆေးဆရာက ထိုစွမ်းအင်ဆေးလုံးကို မသောက်သုံးမီ အန္တရာယ် ကင်း၊ မကင်း အရင် စစ်ဆေးရန် သတိပေးမည် ပြုသော်လည်း တစ်ခဏမျှ စဉ်းစားပြီးနောက် မည်သည်မျှ မပြောတော့ချေ။
“ငါလည်း သူ့အတွက် ဆေးစွမ်းအင် ဘေးကင်း၊ မကင်း စမ်းသပ်ဖို့ မေ့သွားခဲ့တာပဲ...”
ဆေးဆရာက သူ့ဖာသာ တွေးလိုက်၏။ “မိစ္ဆာမျောက်ဝံက အကောင်ကြီးကြီးနဲ့ ဆိုတော့ ဒီဆေးတွေ စားရုံနဲ့ သေမှာ မဟုတ်ပါဘူး... အဆင်ပြေလောက်မှာပါ... ထားလိုက်တော့မယ်... ဒါပေမဲ့ ချင်မူ့ရဲ့ ဆေးက လက်သီးဆုပ်လောက် ကြီးတာ၊ မိစ္ဆာမျောက်ဝံက တကယ် မသေဘဲ နေနိုင်ပါ့မလား...”