ဘုရားပွဲ
Vol. 3 Ch. 35
“စား... သန်မာမယ်...”
တောင်ကြားချိုင့်ဝှမ်းထဲမှ ကြမ္မာဆိုးနှိမ်နန်းတော်တွင် ချင်မူက သူဖော်စပ်လာသည့် စွမ်းအင်ဆေးလုံးများကို ထုတ်ပေးလိုက်သည်။ လက်သီးဆုပ်ခန့် ဆေးလုံးများကို မိစ္ဆာမျောက်ဝံ၏ ရှေ့တွင် လှုပ်ယမ်းပြ၍ ပြောလိုက်၏။ “စား... ပိုသန်မာမယ်...”
မိစ္ဆာမျောက်ဝံက ခေါင်းကုတ်၍ စွမ်းအင်ဆေးလုံး တစ်လုံးကို လှမ်းယူလိုက်သည်။ မျိုချလိုက်ပြီးနောက် မည်သည့် တုံ့ပြန်မှုမျှ ပေါ်မလာသဖြင့် သူ ဇဝေဇဝါ ဖြစ်သွား၏။ “သန်မာမယ်... ဟုတ်လား...”
ရုတ်တရက် မိစ္ဆာမျောက်ဝံက စိတ်ဖောက်ပြန်သွားပြီး သူ့တစ်ကိုယ်လုံးမှ အမွေးအမှင်များ လျင်မြန်စွာ ရှည်ထွက်လာသည်။ ခေါင်းပေါ်တွင်လည်း သစ်ပင်တစ်ပင် ပေါက်လာပြီး အပင်ကြီး တစ်ပင်အဖြစ် ကြီးထွားသွား၏။ ၎င်းက မိစ္ဆာမျောက်ဝံ၏ အမွေးအမှင်များကြားထဲ ကျနေသော သစ်စေ့တစ်စေ့ ဖြစ်ပြီး စွမ်းအင်ဆေးလုံး၏ လှုံ့ဆော်မှုကြောင့် ထိုသို့ အပင်ပေါက်လာခြင်း ဖြစ်မည်။
သူ၏ ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ ကြီးထွားလာပြီး ကြွက်သားများ ဖောင်းကားလာ၏။ အရိုးများလည်း တုတ်ခိုင်လာပြီး မိစ္ဆာမျောက်ဝံမှာ နာကျင်မှုကြောင့် အော်ဟစ်နေရသည်။ သူက ဘေးနား ရှိသမျှ အရာအားလုံးကို ထုရိုက်ပစ်နေသဖြင့် ချင်မူ တားဆီးရန် ပြင်လိုက်သော်လည်း မြေကြီးထဲ ကျွံဝင်သွားအောင် ထုရိုက်ခံလိုက်ရ၏။ မိစ္ဆာမျောက်ဝံ၏ ဒုတိယလက်သီးချက်ကြောင့် ချင်မူမှာ ဖုန်ကြားထဲမှ ပြန်၍ လွင့်ထွက်လာပြီး နောက်ထပ်တစ်ချက် အထိုးခံလိုက်ရပြန်သည်။
မိစ္ဆာမျောက်ဝံ၏ အော်ဟစ်သံများနှင့်အတူ ချင်မူက ပြန်လည် တိုက်ခိုက်လိုက်ပြီး နှစ်ယောက်သား အပြန်အလှန် တိုက်ခိုက်မှုများကြောင့် ဘေးနားပတ်လည်ရှိ ကျောက်တုံးကျောက်ခဲများ အားလုံး မွမွကြေသွား၏။
ချင်မူ ဖော်စပ်ထားသည့် စွမ်းအင်ဆေးလုံးကို သောက်ပြီးနောက် မိစ္ဆာမျောက်ဝံ၏ ခန္ဓာကိုယ်မှာ ပို၍ ကြီးထွား သန်မာလာသည်။ ၎င်း၏ ခွန်အားကလည်း များစွာ ထိုးတက်လာ၍ ချင်မူ အရေးနိမ့်ပြီး ပြန်လှန် တိုက်ခိုက်နိုင်ခြင်း မရှိ ဖြစ်လာ၏။
ချင်မူမှာ သူ၏ ချီစွမ်းအင်ကို မီးဓာတ်ချီစွမ်းအင်သို့ ပြောင်းလိုက်သည်။ ဆူပွက်နေသော ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်၍ ကြီးမားသော နဂါးပုံအမှတ်အသားတစ်ခု သူ့နောက်ကျောတွင် ပေါ်ထွက်လာ၏။ ထိုနဂါး၏ ခြေလက်များက သူ၏ ခြေလက်များနှင့် ချိတ်ဆက်သွားပြီး နဂါးလက်သည်းများက သူ့လက်ချောင်းများနှင့် ပေါင်းစည်းသွားသည်။
မီးလျှံနဂါးလက်သည်း...။
မီးဓာတ်ချီစွမ်းအင်ကို မီးငှက်ချီစွမ်းအင်အဖြစ် သတ်မှတ်ထားသည်။ သို့သော်လည်း ချင်မူ့တွင် မီးငှက် ဝိညာဉ်သန္ဓေသား မရှိဘဲ လူသားပုံ ဝိညာဉ်သန္ဓေသားသာ ရှိ၏။ သူ့နောက်ကျောမှ နဂါးပုံ အမှတ်အသားမှာ သူ၏ ချီစွမ်းအင်ကြောင့် မဟုတ်ဘဲ အဘိုးကြီးမာ သင်ပေးထားသည့် မိုးကြိုးရှစ်ချက် လက်သီးသိုင်းကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။
မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ ချီစွမ်းအင် လှည့်ပတ်မှုမှာ အလွန်တရာ နက်ရှိုင်းလှပြီး ၎င်း၏ လှည့်ပတ်မှု လမ်းကြောင်းကြောင့် တစ်ကိုယ်လုံးတွင် နဂါးပုံ အမှတ်အသားများ ပေါ်လာခြင်း ဖြစ်၏။ မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို နဂါးစိမ်းဝိညာဉ်ခန္ဓာနှင့် အဘိုးကြီးမာသာ ထုတ်ဖော်လိုက်လျှင် သစ်သားဓာတ်နှင့် လျှပ်စီးဓာတ် ချီစွမ်းအင်က လျှပ်စီးတန်းများ ရောယှက်နေသည့် အစိမ်းရောင် နဂါးပုံ အမှတ်အသားအဖြစ် ပေါ်ထွက်လာပေလိမ့်မည်။
သို့သော်လည်း ချင်မူက နဂါးစိမ်းချီကို လေ့ကျင့်ရခြင်း မရှိသေးဘဲ မီးငှက်ချီကိုသာ အသုံးပြုနိုင်သဖြင့် သူ့နောက်ကျောမှ နဂါးပုံ အမှတ်အသားမှာ မီးလျှံများ ဖုံးအုပ်နေသည်။
မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို ထုတ်ဖော် တိုက်ခိုက်သောအခါမှသာ ထိုမီးလျှံများက ပေါ်ထွက်လာ၏။ မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို ရပ်တန့်လိုက်သည်နှင့် ထိုအမှတ်အသားများက တဖြည်းဖြည်း မှိန်ဖျော့ ပျောက်ကွယ်သွားပေလိမ့်မည်။
ချင်မူ၏ ချီစွမ်းအင် လှည့်ပတ်မှုက သူ့ခွန်အားကို များစွာ တိုးမြင့်လာစေပြီး မိစ္ဆာမျောက်ဝံကို ပြန်၍ ယှဉ်တိုက်လာနိုင်၏။ သို့သော်လည်း မိစ္ဆာမျောက်ဝံက စိတ်ဖောက်ပြန်နေသဖြင့် သူ၏ တိုက်ခိုက်မှုများက ဆင်ခြင်ဉာဏ် ကင်းမဲ့နေသည်။ သူ နာကျင်ရလျှင်ပင် ချင်မူကို ရအောင်လိုက်ထိုး၏။ သူတို့ နှစ်ယောက်စလုံး အညိုအမည်းများ ဖုံးလွှမ်း၍ အသက်လုရှူရပြီး မြေပြင်ပေါ် မလှုပ်မယှက် လဲကျသွားသောအခါမှ တိုက်ခိုက်မှုက ရပ်တန့်သွားသည်။
မိစ္ဆာမျောက်ဝံ၏ ခေါင်းပေါ်မှ သစ်ပင်မှာ ရေစည်ပိုင်း တစ်လုံးခန့် လုံးပတ် ရှိနေပြီ ဖြစ်ပြီး အနီရောင် အသီးများ သီးလာ၏။ စွမ်းအင်ဆေးလုံး၏ အာနိသင် ကုန်သွားသောအခါ ထိုသစ်ပင်က ဆက်ကြီးမလာတော့ချေ။
ချင်မူ ဖော်စပ်ထားသည့် စွမ်းအင်ဆေးတွင် ပြဿနာတစ်ခု ရှိနေသည်။ ဆေးစွမ်းအာနိသင်က ညင်သာပျော့ပျောင်းရမည့်အစား ကြမ်းတမ်းပြင်းထန်လွန်းနေ၏။ မိစ္ဆာမျောက်ဝံမှာ သူ၏ ကြီးမား သန်စွမ်းသည့် ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကြောင့်သာ အသက်ရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အခြား ဝိညာဉ်သန္ဓေသားအဆင့် သိုင်းပညာရှင်များသာဆိုလျှင် ခန္ဓာကိုယ် ပေါက်ကွဲ၍ သေဆုံးသွားမည် ဖြစ်၏။
ယခု ဆေးစွမ်း အာနိသင် ကုန်ဆုံးသွားပြီ ဖြစ်၍ မိစ္ဆာမျောက်ဝံ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်လည် ကျုံ့ဝင်သွားသော်လည်း ယခင်ကထက် အရပ် ပိုရှည်၍ ပိုသန်မာလာသည်။ ချင်မူမှာ သူ့စွမ်းအင်ဆေးလုံးများ၌ လွဲချော်မှု တစ်ခုခု ရှိနေသည်ဟု ခံစားလိုက်မိ၏။
သို့သော်လည်း မိစ္ဆာမျောက်ဝံ၏ အနေအထားအရ ထိုလွဲချော်မှုက သိပ်ကြီးကြီးမားမား ဖြစ်လိမ့်မည် မဟုတ်ချေ။ လွဲချော်မှု ရှိသည် ဆိုလျှင်ပင် ကောင်းသည့်ဘက်မှသာ ဖြစ်ချေလိမ့်မည်။
သူက မိစ္ဆာမျောက်ဝံ၏ ခေါင်းပေါ်ရှိ သစ်ပင်မှ သစ်သီးတစ်လုံး ခူးယူ၍ အခွံခွာစားလိုက်သည်။ ထိုသစ်သီးက ဆေးနံ့သင်းသင်းနှင့် ချိုမြိန် လတ်ဆတ်လှ၏။
မိစ္ဆာမျောက်ဝံကလည်း ဖင်ထိုင်ချ၍ သူ့ခေါင်းပေါ်မှ သစ်ပင်ကို ဆွဲနုတ်လိုက်သည်။ သစ်မြစ်များက သူ့မျက်နှာ တစ်ပြင်လုံး ဖုံးလွှမ်းနေ၏။ ထို့နောက် သစ်ပင်မှ သစ်ရွက်များနှင့် သစ်သီးများကို ခြွေ၍ ပါးစပ်ထဲထည့်ကာ တမြုံ့မြုံ့ ဝါးစားလိုက်သည်။
ချင်မူက ကျန်သည့် စွမ်းအင်ဆေးလုံးများကို ပေး၍ သတိပေးလိုက်သည်။ “တစ်ခါစား တစ်လုံးပဲ စား၊ ပိုမစားနဲ့... ပြီးတော့ မင်း တိုက်ခိုက်ချင်ရင် တခြား ဆန်းကြယ် သားရဲတွေကို သွားရှာတိုက်... ကြမ္မာဆိုးနှိမ် နန်းတော်ကို မဖျက်ဆီးမိစေနဲ့...”
မိစ္ဆာမျောက်ဝံ၏ မျက်လုံးများက အရောင်တောက်လာပြီး စွမ်းအင်ဆေးလုံးများကို သိမ်းဆည်း၍ ခေါင်းညိတ်လိုက်၏။
ချင်မူ ဖော်စပ်ထားသည့် စွမ်းအင်ဆေးလုံးက ကြီးမားလွန်းလှသည်။ ဆေးဆရာ ဖော်စပ်သည့် ဆေးလုံးများက လက်သည်းခွံလောက်သာ ရှိ၍ သူ့ဆေးလုံးများကတော့ သူ၏ အတွေ့အကြုံ နည်းပါးမှုကြောင့် လက်သီးဆုပ်အရွယ် ဖြစ်နေ၏။ ထို့ကြောင့် ဤတစ်ခေါက်၌ ဆေးလုံး အလုံး နှစ်ဆယ်သာ ရခဲ့သည်။
ချင်မူ စိတ်အေးလက်အေးဖြင့် ထွက်လာခဲ့၏။ မိစ္ဆာမျောက်ဝံက သူထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက် မယုံနိုင်လောက်အောင် ကြီးမားသည့် စွမ်းအင်ဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်ရင်း အနီးအနားရှိ ဆန်းကြယ်သားရဲ၏ နယ်မြေထဲသို့ လက်စားချေရန် ဝမ်းသာအားရ ပြေးဝင်သွားသည်။
ဘေးချင်းကပ်လျက်တွင် နေထိုင်သည့် ဆန်းကြယ်သားရဲမှာ မိစ္ဆာမျောက်ဝံ၏ ရန်သူ ဖြစ်၏။ ၎င်းက မိစ္ဆာမျောက်ဝံ၏ နယ်မြေထဲသို့ မကြာခဏ ဝင်ရောက်၍ သားရဲငယ်များကို ဖမ်းယူ စားသောက်လေ့ ရှိသည်။ မိစ္ဆာမျောက်ဝံ၏ အကြိမ်ပေါင်း များစွာ ရိုက်ထုတ်ခံရပြီး တောင်စောင်းတွင် ချင်မူ၏ လက်ဝါးရာကို မြင်တွေ့၍ ပိုင်ရှင်တစ်ယောက် ထပ်တိုးလာကြောင်း သိသွားသောအခါမှ မိစ္ဆာမျောက်ဝံ၏ နယ်မြေထဲသို့ ထပ်ဝင်မလာရဲတော့ခြင်း ဖြစ်၏။
မိစ္ဆာမျောက်ဝံက စွမ်းအင်ဆေးလုံးကို မျိုချ၍ သူ့ရန်သူ၏ နယ်မြေထဲသို့ အော်ဟစ် ပြေးဝင်သွားသည်။
နှစ်ရက် ကြာပြီးနောက် ဘုရားပွဲတော်နေ့ ရောက်လာ၏။ အဘွားစစ်က အထည်လိပ်များကို ယူလာသည်။ အဘိုးကြီးမာက သူပြုလုပ်ထားသည့် ပရိဘောဂများကို ယူလာ၏။ ဆေးဆရာက သူ၏ ဆေးခြင်းတောင်းကို သယ်လာပြီး သားသတ်သမားက ထော့ကျိုး ယမန်နေ့က ဖမ်းလာသည့် ဆန်းကြယ်သားရဲ တစ်ကောင်ကို လှည်းပေါ်သို့ တင်လာသည်။ သားသတ်သမားက အသားလှီးဖြတ် ရောင်းချ၍ ထော့ကျိုးက ငွေသိမ်းကာ တာဝန်ကိုယ်စီ ခွဲယူထားကြ၏။
ရွှေအကလည်း သူ၏ မီးဖိုနှင့် ပန်းပဲပစ္စည်းများကို ယူလာပြီး နားကန်းက စုတ်တံ၊ မင်နှင့် စက္ကူချပ်များ ယူလာသည်။ ချင်မူကို လှမ်းခေါ်ပြီးနောက် အားလုံး နွားလှည်းပေါ် တက်၍ ဘွားဘွားကြီးဘုရားကျောင်းဆီသို့ ထွက်လာခဲ့ကြ၏။
နွားလှည်းက ပစ္စည်းများဖြင့် ပြည့်ညှပ်သိပ်နေပြီး ဘွားဘွားကြီးဘုရားကျောင်းဆီသို့ ယိုင်ထိုး ယိုင်ထိုးနှင့် ရွေ့လျားလာနေသည်။ ချင်မူက နွားလှည်း မောင်းနေရသော်လည်း စိတ်မကြည်ချေ။ ဘုရားပွဲသို့ လိုက်ရန်မှာ သူ ငယ်ငယ်ကဆိုလျှင် ပျော်စရာ ဖြစ်သော်လည်း ယခု သူက အတွေ့အကြုံ ဗဟုသုတ စုံလာသဖြင့် ယခင်ကလောက် စိတ်မဝင်စားတော့ချေ။
သို့သော်လည်း ဘွားဘွားကြီးဘုရားကျောင်းသို့ ရောက်သောအခါ ချင်မူ အံ့အားသင့်သွားသည်။ ဘုရားပွဲက သူထင်ထားသည်ထက် များစွာ ပိုစည်ကား၏။ ဘွားဘွားကြီးဘုရားကျောင်း ပတ်လည်ရှိ အပျက်အစီးပုံများကြားတွင် ဈေးတန်းကြီးက သုံးမိုင်ခန့် ရှည်လျား၍ ဈေးဆိုင်တန်းများ မျက်စိတစ်ဆုံး ဖြစ်ကာ ပျားပန်းခပ်မျှ လှုပ်ရှား သွားလာနေသော လူများဖြင့် စည်ကားနေသည်။
ဤလူများက သုံးမိုင်အတွင်းရှိ ရွာများမှတင် မဟုတ်။ မိုင်တစ်ရာ ပတ်လည်အတွင်းရှိ ရွာများမှ ဖြစ်သည်။ ထိုရွာများမှ ရွာသူရွာသား တစ်ဝက်ကျော်မှာ ဤဘုရားပွဲသို့ ရောက်ရှိနေကြ၏။
“ကြမ္မာဆိုးနှိမ်နန်းတော်ကမြေပုံမှာ ဒီနေရာကို အဒရကြယ်နန်းတော်လို့ ခေါ်တာ... ဘွားဘွားကြီးဘုရားကျောင်း မဟုတ်ဘူး...” ချင်မူမှာ ဤနေရာကို အဘယ်ကြောင့် ဘွားဘွားကြီးဘုရားကျောင်းဟု ခေါ်မှန်း စဉ်းစားမရချေ။
ဈေးထဲသို့ နွားလှည်း မောင်းဝင်လာသောအခါ ဈေးဆိုင်ငယ်လေးများတွင် ရှားပါး၍ ထူးဆန်းသော ပစ္စည်းမျိုးစုံ ချိတ်ဆွဲရောင်းချနေကြသည်ကို ချင်မူ မြင်လိုက်ရ၏။ မုန့်လုပ်နေကြသူများ၊ ချက်ပြုတ်နေကြသူများ၊ ပါးစပ်မှမီးမှုတ်ပြသည့် မြေစိုက်ပွဲငယ်လေးများပင် ရှိသည်။ ဆန်းကြယ်သားရဲများ၊ သတ္ထုရိုင်းတုံးများ၊ ကျောက်မျက်ရတနာများ၊ သမီးပျိုများ အစရှိသည့် ပစ္စည်းအမျိုးမျိုး ရောင်းချနေသူများလည်း ရှိ၏။
“ကျွန်တော်နဲ့ ကျွန်တော့်သမီးက နွားမိသားစုရွာက လာတာပါ... ကျွန်တော်တို့က ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ငွေကြေးတွေ မလိုချင်ပါဘူး... ကျွန်တော့်သမီးက ထိန်းမြားလက်ထပ်ဖို့ အရွယ်ရောက်ပြီး ရည်စူးထားတဲ့သူ မရှိသေးတာကြောင့် သိုင်းပြိုင်ပွဲ ကျင်းပပြီး သားမက်ရှာချင်တာပါ... ထူးချွန်တဲ့ သိုင်းစွမ်းရည်နဲ့ လူကောင်းသူကောင်းတစ်ယောက် တွေ့မယ်လို့ မျှော်လင့်ပါတယ်...”
ချင်မူက ရှေ့တွင် အတော်လေး လူစည်ကားနေသည်ကို တွေ့သဖြင့် လှည်းရပ်၍ ကြည့်လိုက်၏။ ၎င်းက သိုင်းပြိုင်ပွဲများ ကျင်းပ၍ အိမ်ထောင်ဖက် ရှာနေကြခြင်း ဖြစ်သည်။ ယောက်ျားလေးများနှင့် မိန်းကလေးများက သိုင်းပြိုင်ကွင်းထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ ချင်မူ တစ်ခဏမျှ ကြည့်ပြီးနောက် ပျင်းလာသဖြင့် ရှေ့ဆက်မောင်းသွားရာ ဘွားဘွားကြီးဘုရားကျောင်းတွင် ထိုသို့သော သိုင်းပြိုင်ပွဲများ ပေါများလှကြောင်း တွေ့ရသည်။
သိုင်းပြိုင်ကွင်းများက ရွှံ့စေးမြေပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ပြီး ရွာအသီးသီးမှ လူငယ်သိုင်းပညာရှင်များ ဝင်ရောက် တိုက်ခိုက်နေကြ၏။ ဆံပင်မွေးဖြူနေပြီ ဖြစ်သော အဘိုးကြီးများ သိုင်းပြိုင်ကွင်း အတွင်းသို့ ဝင်လာတတ်ကြသော်လည်း ပွဲကြည့်ပရိသတ်များက အော်ဟစ်လှောင်ပြောင် မောင်းထုတ်ကြသည်။
“တချို့ ရွာတွေက ယောကျ်ားလေး နည်းပါးတာကြောင့် ဒီလို သိုင်းပြိုင်ပွဲတွေ လုပ်ပြီး သူတို့နဲ့ နေမဲ့ သားမက် ရှာကြတာ...”
အဘွားစစ်က ချင်မူ့ကို သတိပေးလိုက်၏။ “သူတို့ရဲ့ သားမက် ဖြစ်သွားရင် သူတို့နဲ့ လိုက်နေရမှာ... မင်း အဲစင်တွေပေါ် မတက်ရဘူး ကြားလား...”
ချင်မူ ခေါင်းညိတ်လိုက်သော်လည်း တိုက်ချင်ခိုက်ချင်၍ လက်ယားနေသည်။ မျက်ကန်းက ရယ်မောလိုက်၏။ “ချင်မူ တက်သွားလည်း အဆင်ပြေပါတယ်... ဒီက သိုင်းပြိုင်ပွဲအကုန်လုံးကို အနိုင်ယူပြီး မိန်းမတွေ အများကြီး ယူလိုက်ရင် ပြီးရောလေ...”
အဘွားစစ်က သူ့ကို မျက်ထောင့်နီဖြင့် ကြည့်လာသောကြောင့် မျက်ကန်း ပါးစပ်ပိတ်ပြီး ရှေ့ဆက် မပြောရဲတော့ချေ။
ဒုက္ခိတဘိုးဘွားကျေးရွာသည်လည်း ဘွားဘွားကြီးဘုရားကျောင်းတွင် ဈေးဆိုင်ခန်းနေရာ သတ်သတ်မှတ်မှတ် ရှိသည်။ များစွာမကြာဘဲ နွားလှည်းက ထိုနေရာသို့ ဆိုက်သွား၏။ ချင်မူက သားသတ်သမားကို ကူညီ၍ ဆိုင်ခင်းပေးပြီး အဘိုးကြီးမာကို ပရိဘောဂ ပစ္စည်းများ ချပေးလိုက်သည်။ ထို့နောက် ရွှေအကို သံမီးဖိုကြီး ကူချပေးပြီး အဘွားစစ်ကို အထည်ချုပ် စားပွဲ ပြင်ဆင်ပေးကာ မျက်ကန်းကို မင်သွေးပေး၍ သူ၏ နှစ်ကြောင်းကဗျာ စာရွက်များ လိုက်လံချိတ်ဆွဲပေး၏။
အားလုံး ခင်းကျင်း ပြင်ဆင်ပြီးသောအခါ မျက်ကန်းက သူ၏ ဝါးတောင်ဝှေးတွင် အလံတစ်ခု လွှင့်၍ စားပွဲတစ်လုံး ရှေ့၌ ထိုင်နေသည်ကို ချင်မူ မြင်လိုက်ရ၏။ အလံပေါ်တွင်တော့ စာလုံးအချို့ ရေးထားသည်။ “ရှေ့ဖြစ်ဟော ပါကွဗေဒင်၊ ကံကြမ္မာဆိုးတွေကို ဗေဒင်နဲ့ ကျော်လွှားပါ...” ချင်မူ စိတ်ထဲမှ တွေးလိုက်မိ၏။ “ဘိုးဘိုးမျက်ကန်းက ဗေဒင်လည်း ဟောတတ်တာလား...”
ဆေးဆရာကလည်း သူ၏ ဆေးဆိုင်ကို ပြင်ဆင်နေသည်။ သားသတ်သမားကတော့ ဆန်းကြယ်သားရဲကြီး၏ ဗိုက်ကို လှီးဖြတ်ကာ အသားတုံးများ ချိတ်ဆွဲနေ၏။ ဤရွာသူရွာသားများက သာမန်လူများကဲ့သို့ အော်ဟစ်၍ ဈေးရောင်းချနေကြသည်။
“မူအာ ဟိုဘက်ဘေးမှာ သိုင်းပြိုင်ကွင်း ကွက်လပ်တစ်ခု ရှိတယ်... ဒီဟာ သွားချိတ်လိုက်...”
မျက်ကန်းက ချင်မူ့အတွက် စာလုံးအချို့ ခပ်သွက်သွက် ရေးခြစ်၍ ပြောလိုက်၏။ “ချိတ်ပြီးတာနဲ့ ပြန်ဆင်းမလာဘဲ အဲဒီ သိုင်းပြိုင်ကွင်းထဲမှာပဲ ရပ်နေ... အဲဒါ ဒီနေ့အတွက် မင့်အလုပ်ပဲ... နေဝင်တဲ့အထိ သိုင်းပြိုင်ကွင်းထဲမှာ ဆက်ရပ်နေနိုင်ရင် စမ်းသပ်မှု အောင်မြင်တယ်လို့ သတ်မှတ်မယ်...”
ချင်မူက သူ့လက်ထဲမှ စာရွက်ကို ဖတ်ကြည့်လိုက်သည်။ “မြစ်ပြင်ကို နှစ်ခြမ်းခွဲ၊ မဟာမြို့ပျက်က ရွာပေါင်းရှစ်ရာစလုံးကို အမြစ်ဖြုတ်မဲ့ ပြိုင်ဘက်ကင်းလူသား...” ထိုစာလိပ်အပြင် အခြားစာလိပ် တစ်ခုလည်း ရှိသေး၏။ “ဝိညာဉ်သန္ဓေသားအဆင့်မှာ နံပါတ်တစ်...”
ချင်မူ သိုင်းပြိုင်ကွင်းကို လှမ်းကြည့်လိုက်သောအခါ သစ်သားတိုင်နှစ်တိုင် တွေ့လိုက်သည်။ ထိုတိုင်များ၏ အလယ်တွင် အလျားလိုက် ဘုတ်ပြားတစ်ခု ရှိပြီး မည်သည့် စာမျှ ကပ်မထားပေ။ ထိုနေရာက သူ ဤစာရွက်များကို ကပ်ရမည့် နေရာ ဖြစ်ချေလိမ့်မည်။
“ဘိုးဘိုးနားကန်း... ကျွန်တော် သေတဲ့အထိ အရိုက်ခံရမှာလားဟင်...” ချင်မူက နားကန်းကို လှည့်မေးလိုက်သည်။
ထိုအခိုက်၌ နားကန်းက အခြား စာရွက်တစ်ရွက် ရေးနေသည်ကို တွေ့လိုက်ရ၏။ “ချမ်းသာချင်ရင် ဒီမှာ လာလောင်း၊ လောင်းပြီးငွေ ပြန်မအမ်းပါ...” ကြည့်ရသည်မှာ မျက်ကန်းက သူ၏ တိုက်ပွဲများမှ အမြတ်ထုတ်ရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်။
ထိုအခိုက်၌ အဘွားစစ်က မျက်ကန်း၏ လောင်းကစားခုံတွင် လောင်းကြေး တင်ပြီးသွားပြီ ဖြစ်သည်။ ဆေးဆရာလည်း လေလေးတချွန်ချွန်နှင့်၊ သိုင်းပြိုင်ပွဲမှ ဒဏ်ရာရလာမည့် သိုင်းသမားများအတွက် ဆေးများ ပြင်ဆင်နေ၏။ အဘိုးကြီးမာက ချိုင်းထောက်နှင့် ထမ်းစင်များ လုပ်၍ သားသတ်သမားက ခန္ဓာကိုယ်သန်စွမ်းစေသော ကောင်းကင်နတ်ဆေးတစ်မျိုး ဖြစ်သည့် ရေနဂါးသွေးကို ရောင်းချနေသည်။
ချင်မူ၏ မျက်နှာ တစ်မုဟုတ်ချင်း မည်းမှောင်သွား၏။ ဤမြေခွေးအိုကြီးများက စီးပွားရှာ ကောင်းလွန်းလှသည်။
“မျက်ကန်း... နောက်ထပ် သတိပေးစာ တစ်ခု ရေးစမ်း... ဝိညာဉ်သန္ဓေသားအဆင့် သိုင်းသမားတွေပဲ တက်ခွင့်ပြုတယ် ဆိုတာ...”
အဘွားစစ်က တစ်ချက်တွေး၍ ပြောလိုက်၏။ “ကောင်းကင်နတ်သိုင်းအဆင့် သိုင်းသမားတွေ တက်လာပြီး ချင်မူ့ကို ရိုက်သတ်သွားရင် ဘယ်လိုလုပ်မလဲ...”