နားကန်းပင် ကြားနိုင်အောင် ကျယ်လောင်သည့် အသံ
Vol. 3 Ch. 37
အဘိုးကြီးမာ၏ ရင်အုံက နိမ့်လိုက်မြင့်လိုက် ဖြစ်သွားသည်။ သိသိသာသာပင် စိတ်တည်ငြိမ်အောင် မထားနိုင်ဘဲ အေးစက်စက် အော်ဟစ်လိုက်၏။ “မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကောင်းကင်နတ်သိုင်းကို ပြန်အပ်ဖို့ ငါ့လက်ဖြတ်ပြီး ပို့ခဲ့ပေမဲ့ ကျောင်းတော်က ငါ့မိသားစု အသိုက်အမြုံကို အလွတ်မပေးဘဲ ဖျက်ဆီးပစ်လိုက်တယ်... မင်းတို့ကျောင်းတော်က ငါ့ကို သတ်ဖို့ စိတ်အားထက်သန်နေမှတော့ ဘာကိစ္စ ငါက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကောင်းကင်နတ်သိုင်းကို သင်ပေးမပစ်ဘဲ နေရမှာလဲ...”
ဘုန်းကြီးအိုကြီးက ခေါင်းခါယမ်းလိုက်သည်။ “ညီတော်... လက်တစ်ဖက်က ကောင်းကင်နတ်သိုင်းရဲ့ အလုံးစုံကို ကိုယ်စားမပြုနိုင်ဘူး...”
အဘိုးကြီးမာက ဟက်ခနဲ ခပ်တိုးတိုး ရယ်လိုက်၏။ “ငါ တတ်ထားတဲ့ ကောင်းကင်နတ်သိုင်းတွေ အကုန်လုံးက မဟာမိုးခြိမ်းသံကျောင်းတော်ကပဲ သင်ခဲ့တာ မဟုတ်ဘူး... မင်းတို့က ငါ့ရဲ့ တခြားကောင်းကင်နတ်သိုင်းတွေကိုပါ ဖျက်ဆီးပစ်ချင်တာလား... ငါက မဟာမိုးခြိမ်းသံကျောင်းတော်ကလူ ဆိုပေမဲ့ ငါ့လက်ငါ အားကိုးပြီး တိုက်ခိုက် ဖောက်ထွက်သွားခဲ့တာ... အဲဒီအချိန်တုန်းက မင်းတို့ ဘယ်သူမှ ငါ့ကို မတားရဲခဲ့ကြဘူး... ငါ မိန်းမနဲ့ကလေး ရတဲ့အထိ စောင့်ပြီးမှ ငါ့ကို လာရှာခဲ့ကြတာ... ငါ့မိန်းမနဲ့ သားအတွက် ငါ့လက်တစ်ဖက်ကို စတေးပြီး မင်းတို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကောင်းကင်နတ်သိုင်းကို ငါ ပြန်အပ်ခဲ့တယ်...”
အဘိုးကြီးမာ၏ မျက်နှာက မည်းတက်လာသည်။ “ဒါပေမဲ့ အဲဒါပြီးတော့ ဘာဆက်ဖြစ်ခဲ့လဲ... မင်းတို့အကုန်လုံး ငါ့နောက်ကို တကောက်ကောက် လိုက်ပြီး ငါ့မိသားစု အသိုက်အမြုံကို ဖျက်ဆီးပစ်ခဲ့တာပဲ မဟုတ်ဘူးလား...”
ဘုန်းကြီးအိုကြီး၏ မျက်ခုံးမွေးဖြူဖြူများ လှုပ်ခနဲ ဖြစ်သွား၏။ “စည်းမျဉ်းက စည်းမျဉ်းပဲ၊ လိုသလို ပြောင်းလဲလို့ရရင် စည်းမျဉ်းလို့ ဘယ်ခေါ်ပါတော့မလဲ... သေမျိုးတွေရဲ့ ယုတ်ညံ့တဲ့ လောကက မင်းရဲ့ ကျင့်ကြံအားထုတ်မှုကို ပျက်ယွင်းစေခဲ့တာပဲ... ညီတော်၊ ငါတို့ရဲ့ ရည်ရွယ်ချက်က မင်းကို သတ်ဖို့ မဟုတ်ဘူး၊ လောကီဒုက္ခချောက်နက်ထဲကနေ ကယ်တင်ပြီး မဟာမိုးခြိမ်းသံကျောင်းတော်ဆီ ပြန်ခေါ်ဖို့ပဲ... အဲဒါမှ မင်းရဲ့ ကျင့်ကြံအားထုတ်မှုကို ရှေ့ဆက်နိုင်မှာ၊ မင်းရဲ့ ကြိုးစားအားထုတ်မှု၊ ထိုးထွင်းသိမြင်ဉာဏ်နဲ့ဆိုရင် ဗုဒ္ဓဘဝကို ရနိုင်မှာပဲ... မင်းရဲ့ လောကီနှလုံးသားသာ မယိမ်းယိုင်ဘဲ၊ မဟာမိုးခြိမ်းသံကျောင်းတော်ကနေ တိုက်ခိုက်ဖောက်ထွက် မသွားခဲ့ရင် မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တထာဂတနေရာက မင့်အတွက်ပဲ ဖြစ်လိမ့်မယ်... မင်းသာ ငါနဲ့ ပြန်လိုက်ခဲ့ရင် မြတ်စွာအရှင် တထာဂတက သေချာပေါက် ကျေနပ်သွားမှာ... နောက်လာမဲ့ တထာဂတ နေရာကလည်း မင့်အတွက်ပဲ ဆက်ရှိနေလိမ့်မယ်...”
(တထာဂတဆိုတာ သံသရာမှ လွတ်မြောက်သူ၊ အလုံးစုံကို ထိုးထွင်းသိမြင်သူလို့ အဓိပ္ပာယ်ရပါတယ်။ မြတ်ဗုဒ္ဓဘုရားရှင်ကို ရည်ညွှန်းတဲ့ နေရာမှာ သုံးပေမဲ့ ဒီနေရာမှာတော့ တထာဂတ ဆိုပြီးပဲ သုံးနှုန်းသွားပါမယ်)
“ပြန်လိုက်ခဲ့ရမယ် ဟုတ်လား...”
အဘိုးကြီးမာက ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ “ငါ ထွက်လာတုန်းက သွေးလမ်းခင်းပြီး ထွက်ခဲ့တာဆိုတော့ ပြင်ဝင်ရင်လည်း သွေးလမ်းခင်းပြီး ပြန်ဝင်ရလိမ့်မယ်...”
ဘုန်းကြီးအိုကြီး၏ အမူအရာ ပျက်ယွင်းသွားပြီး သက်ပြင်းချလိုက်၏။ “တထာဂတကတော့ အတော်လေး စိတ်ပျက်သွားမှာပဲ... စင်မြင့်ပေါ်က လူငယ်လေးက မင့်တပည့်လား... မင်းက သူ့ကို မိုးကြိုးရှစ်ချက် လက်သီးသိုင်း သင်ပေးထားပေမဲ့ တထာဂတရဲ့ မဟာယာနသုတ္တန်ကိုတော့ သင်ပေးမထားပါလား...”
သိုင်းပြိုင်ပွဲ စင်မြင့်ပေါ်တွင် အခြားလူငယ်တစ်ယောက်နှင့် တိုက်ခိုက်နေသော ချင်မူ့ကို ကြည့်၍ ဆက်ပြောလိုက်သည်။ “တထာဂတရဲ့ မဟာယာနသုတ္တန်က မိစ္ဆာနတ်ဆိုးတွေကို နှိမ်နင်းနိုင်တဲ့ ကျင့်စဉ်ပဲ... ဒီစွမ်းအင်ကျင့်စဉ်ကို လေ့ကျင့်မထားရင် မိုးကြိုးရှစ်ချက် လက်သီးသိုင်းက ဘယ်လောက်ပဲ စွမ်းအားကြီးကြီး အမြင်ပဲလှပြီး အသုံးကျမှာ မဟုတ်ဘူး... ဒီနေ့ ငါ့တပည့်ကို ရှေ့ထွက်ခိုင်းရတော့မှာပေါ့... မင်ရှင်း၊ မင်းရဲ့ ဂိုဏ်းတူဦးလေးနဲ့ လာတွေ့ဦး...”
သူ၏ နောက်ကွယ်မှ ပိန်ပိန်ရှည်ရှည် ကိုယ်တော်တစ်ပါးက ပုတီးကို လက်တွင် ကိုင်လျက် ရှေ့ထွက်လာပြီး လက်အုပ်ချီ နှုတ်ဆက်လိုက်၏။ “ဂိုဏ်းတူဦးလေး...”
ဘုန်းကြီးအိုကြီး၏ မျက်ခုံးမွေးဖြူဖြူများက လေထဲသို့ လွင့်တက်သွားပြီး စကားဆက်လိုက်သည်။ “မင်ရှင်းကလည်း ဝိညာဉ်သန္ဓေသားအဆင့် သိုင်းသမားတစ်ယောက်ပဲ... ငါ့ရဲ့ တောင်ဝှေးကို လောင်းကြေးအနေနဲ့ ထပ်ရင် ညီတော် လက်ခံနိုင်မလား...”
အဘွားစစ်က မျက်ခုံးပင့်၍ တစ်စုံတစ်ခု ဝင်ပြောလိုက်မည် ဟန်ပြင်စဉ်မှာပင် အဘိုးကြီးမာက ခံစားချက်ကင်းမဲ့သည့် မျက်နှာနှင့် တုံ့ပြန်လိုက်၏။ “ကျောင်းတော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အကုန်လုံးက သေက်သုံးမကျတဲ့ဟာတွေပဲ... မင်းနဲ့ ငါ လောင်းကြေး ထပ်မယ်... ငါ့ခေါင်းနဲ့ မင်းရဲ့ ခက္ခရာတောင်ဝှေးဆို ဘယ်လိုလဲ...”
ဘုန်းကြီးအိုကြီးက ခေါင်းညိတ်လိုက်သည်။ “တန်ဖိုး ညီမျှပါတယ်...”
မျက်ကန်း၊ အဘွားစစ်နှင့် ဆေးဆရာတို့က မျက်မှောင်ကြုတ်၍ ဖျောင်းဖျရန် ပြင်လိုက်သော်လည်း အဘိုးကြီးမာက ပြတ်သား၏။ “မူအာရှုံးရင် ငါ့ခေါင်းကို မဟာမိုးခြိမ်းသံကျောင်းတော်ဆီ ပြန်ယူသွား... မူအာနိုင်ရင်တော့ မင့်ရဲ့ တောင်ဝှေးကို ဒီမှာ ထားခဲ့ပြီး ဝေးနိုင်သမျှ ဝေးဝေး ထွက်သွား...”
“ကောင်းတယ်...”
ဘုန်းကြီးအိုကြီးက မင်ရှင်းဘက် လှည့်၍ ပြောလိုက်သည်။ “ဒီနေ့ မင်းရဲ့ဆရာ၊ ငါက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကောင်းကင်နတ်သိုင်းကို သစ္စာဖောက်ဆီကနေ ပြန်ယူရလိမ့်မယ်... မင်းနိုင်ရင် ဒါ မင်းရဲ့ ကောင်းမှုကုသိုလ်ပဲ...”
မင်ရှင်းက ခေါင်းညိတ်၍ သိုင်းပြိုင်ကွင်းဆီသို့ လျှောက်သွား၏။
စင်မြင့်ထက်တွင်တော့ ချင်မူနှင့် တိုက်ခိုက်နေသည့် လူငယ်မှာ ဓားသိုင်းကျွမ်းကျင်သူတစ်ယောက် ဖြစ်ပြီး လီမြစ်တပည့်သားငါးယောက်မှ အစ်ကိုကြီးချွီနှင့် လမ်းစဉ်တူသူ ဖြစ်သည်။ သူ၏ ရတနာဓားက သူ့ခန္ဓာကိုယ်မှ သုံးပေထက် ပို၍ ဝေးကွာသွားခြင်း မရှိချေ။ သို့သော်လည်း မတူသည်ကတော့ သူ၏ ဓားက ကြီးမားခြင်း မရှိ။ ရှစ်လက်မခန့်သာ ရှည်ပြီး ဓားမြှောင် တစ်ချောင်းနှင့် ပိုတူ၏။ သို့သော်လည်း ပို၍ အန္တရာယ် များလှသည်။
ဤဓားတိုလေးက ချိုင်းအောက်၊ ပေါင်ခွကြားအောက် စသည့် ကိုးရိုးကားရား နေရာများမှ ထွက်ထွက်လာ၏။ တစ်ခါတစ်ရံတွင် အင်္ကျီထဲသို့ပင် ဝင်ရောက်၍ အင်္ကျီလက်အိုးမှ ပြန်ထွက်လာတတ်သေးသည်။
သူ၏ ဓားပျံထိန်းချုပ်ပညာက ဤမျှ မြင့်မားသည့် အဆင့်သို့ ရောက်နေပြီဖြစ်ရာ အစ်ကိုကြီးချွီထက် များစွာ မြင့်မားပြီး ချမ်ချိုးအောက် မနိမ့်ကျချေ။
ထို့ပြင် ဤတစ်ယောက်က သိုင်းကွက်အသားပေး ပညာရပ်များလည်း အဆင့်မြင့်မြင့် တတ်မြောက်ထား၏။ သူ့လက်ဝါးသိုင်းကွက်များက လွန်စွာ ရှုပ်ထွေးပြီး သူ၏ အရှိန်အဝါ အငွေ့အသက်ကလည်း တောင်ကြီးတစ်လုံးပမာ ဖြစ်သည်။ သူ့လက်ဖဝါးမှ အားလှိုင်းများက တောင်တန်းကြီးများကဲ့သို့ တစ်ဟုန်ထိုး ထွက်ပေါ်လာ၏။
သို့သော်လည်း အရှုံးအနိုင်က အဖြေပေါ်သွားပြီ ဖြစ်သည်။ ချင်မူ၏ ကြီးမားသော ခွန်အားနှင့် သွက်လက်သော ခြေကွက်များကြောင့် ထိုလူငယ်မှာ ပထမအကြိမ် ထိပ်တိုက်တွေ့ကတည်းက အရေးနိမ့်ခဲ့ရ၏။ ချင်မူ၏ သိပ်သည်းသော ချီစွမ်းအင်က သူ၏ ချီစွမ်းအင်ကို တစ်မုဟုတ်ချင်း ဖျက်ဆီးသွားခဲ့သည်။
ချင်မူက နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်ကို ထုတ်ဖော်ပြီး အားလှိုင်းသုံးဆင့်ကိုသာ ဖောက်ခွဲ တိုက်ခိုက်ရသေးသော်လည်း တစ်ဘက်လူ၏ ရင်ဝအောက်ခြေကို ထိအောင် တိုက်ခိုက်နိုင်ခဲ့သည်။ တစ်ဘက်လူ၏ ဓားသိုင်းက မည်မျှ လျှို့ဝှက်နက်နဲ၍ လှပဆန်းကြယ်သည် ဖြစ်စေ၊ ပွဲသိမ်းအဖြေကို ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။
ချင်မူက ထောင်ချီသောမြွေများ မြက်တောထဲတွင် ဦးတည်ရာမဲ့ ပြေးသွားသကဲ့သို့ ခန့်မှန်း၍ မရအောင် ပြေးလွှားနေ၏။ ရုတ်တရက် အရှေ့ဘက် ရောက်သွားလိုက်၊ ရုတ်တရက် အနောက်ဘက် ရောက်သွားလိုက်၊ တစ်ခါတစ်ရံတွင် ရှေ့ရောက်သွားလိုက်၊ တစ်ခါတစ်ရံတွင် နောက်ရောက်သွားလိုက်နှင့် ထိုလူငယ်မှာ မည်သည့်နေရာမှ တိုက်ချက်ဝင်လာမည်ကို ဝေခွဲမရ ဖြစ်လာသည်။ ထိုတစ်ခဏ၌ သူ၏ နောက်ကျောတစ်ပြင်လုံး အောင့်မျက်၍ အဝေးသို့ လွင့်ထွက်သွား၏။
ထိုလူငယ်က မြေပြင်ပေါ်သို့ ပြုတ်ကျ၍ ကျောက်ရုပ်သဖွယ် ဖြစ်နေပြီးမှ စင်မြင့်ပေါ်မှ ချင်မူ့ကို ဦးညွှတ်ကာ ကျေးဇူးတင်သည့် အမူအရာ ပြလိုက်သည်။ “သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ညီငယ်လေး...”
ချင်မူ၏ လက်ဝါးရိုက်ချက်က သူ့နောက်ကျောပေါ်သို့ ပြင်းထန်စွာ ကျရောက်ခဲ့သော်လည်း သူ့နှလုံးကို မထိခိုက်စေခဲ့ပေ။ ချင်မူ၏ ခွန်အားနှင့်ဆိုလျှင် သူ၏ ကိုယ်တွင်းအင်္ဂါများ အားလုံးကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည် မဟုတ်လား။
“ညီတော့်အနေနဲ့ အနားယူဖို့ လိုပါသေးသလား...” ငြိမ်သက်စွာ စောင့်ဆိုင်းနေသည့် မင်ရှင်းက ချင်မူ ထိုလူငယ်ကို အနိုင်ယူပြီးသွားချိန်တွင် မေးမြန်းလိုက်၏။
ချင်မူ၏ အကြည့်က သူ့ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဤကိုယ်တော်က အတော်လေး ငယ်ရွယ်သေးပြီး အညစ်အကြေး မြူတစ်မှုန်မျှ စွန်းထင်းခြင်း မရှိသည့် အဖြူရောင်သင်္ကန်းကို ဝတ်ဆင်ထား၏။ သူ့ခြေထောက်မှ ဖိနပ်များကပင် အဖြူရောင် ဖြစ်ပြီး လူကိုယ်တိုင်ကလည်း လွန်စွာ သန့်ရှင်းစင်ကြယ်လှသည်။ ဆံပင်များကို ရိပ်ပယ်ထားသော်လည်း အတော်လေး ခံ့ညားချောမောသည့် ပုံပေါက်၍ မြင်မိသည့်သူတိုင်း နှစ်လိုသည့် ခံစားချက် ဖြစ်စေနိုင်၏။
အနားယူစရာ မလိုကြောင်း ပြန်ပြောတော့မည်ပြင်စဉ် အဘွားစစ်၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ “နား... သေချာပေါက် မင်း နားရမယ်...”
ချင်မူမှာ အဘွားစစ် အဘယ်ကြောင့် အနားယူခိုင်းသည်ကို နားမလည်သော်လည်း ပြောသည့်အတိုင်း လိုက်နာ၍ ထိုင်ချပြီး အနားယူ အားဖြည့်လိုက်၏။ သူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က ပြေးလွှားရင်း လေ့ကျင့်၍ ရသဖြင့် ပြိုင်ဘက်တစ်ဒါဇင်ခန့်နှင့် တိုက်ခိုက်ပြီးသော်လည်း ချီစွမ်းအင် များစွာကုန်ဆုံးခြင်း မရှိဘဲ အထွတ်အထိပ် အခြေအနေတွင်ပင် ရှိနေသေးသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ကတော့ အနည်းငယ် ပင်ပန်းနွမ်းနယ်သလို ရှိ၏။
အဘွားစစ်က ရေတစ်ခွက် ယူလာ၍ ချင်မူ့ထံ ကမ်းပေးရင်း တီးတိုး ပြောလိုက်သည်။ “မူအာ... ဘာ နည်းလမ်းပဲ သုံးသုံး၊ မင်းနိုင်ရမယ်... ဘယ်လိုနည်းနဲ့မှ ရှုံးလို့ မဖြစ်ဘူး... မင်းရဲ့ ဘိုးဘိုးမာက သူ့အသက်နဲ့ ရင်းပြီး အဲဒီ ခေါင်းတုံးအိုကြီးနဲ့ လောင်းထားတာ...”
ချင်မူ့ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး အဘိုးကြီးမာထံ ကမန်းကတန်း လှမ်းကြည့်လိုက်၏။ အဘိုးကြီးမာက မထုံတက်သေး မျက်နှာနှင့်သာ ရှိနေပြီး သူ့အသံ လွင့်ပျံ့လာသည်။ “မူအာ... ပြိုင်ဘက်ကင်း လောကသခင်ခန္ဓာက ဘယ်တော့မှ မရှုံးဘူး... ငါ မင်းကို ယုံတယ်...”
အဘိုးကြီးမာက ထိုသို့ ပြောလိုက်သော်လည်း ချင်မူ့အနေဖြင့် စိတ်လှုပ်ရှားနေဆဲ ရှိ၏။ ရွာမှလူအားလုံးက သူ၏ မိသားစုဝင်များ ဖြစ်သည်။ ဘိုးဘိုးမာက ဘွားဘွားစစ်ပြီးလျှင် သူနှင့် အရင်းနှီးဆုံး ဖြစ်၏။ ဘိုးဘိုးမာက တစ်ဖက်တည်းသောလက်ဖြင့် ကျောက်ရုပ်တုတစ်ခု ထမ်းကာ ဘွားဘွားစစ်နှင့်အတူ သူ့ကို မြစ်ကမ်းဘေးမှ ကောက်ယူ ကယ်တင်ခဲ့သည် မဟုတ်လား။
သူသာ ရှုံးနိမ့်ခဲ့လျှင် ဘိုးဘိုးမာကို သေအောင် လုပ်သူမှာ သူဖြစ်သွားပေလိမ့်မည်။
ထိုအခိုက်၌ ဆေးဆရာမှာ မျက်မှောင်ကြုတ်လိုက်မိသည်။ အဘိုးကြီးမာက ချင်မူ့တွင် ပြိုင်ဘက်ကင်း လောကသခင်ခန္ဓာ ရှိသည်ဟု ယုံကြည်သဖြင့် ပုံအပ်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း ချင်မူက လောကသခင်ခန္ဓာ မဟုတ်။
ယခုမှ သူ ရွာလူကြီး၏ အလိမ်အညာကို ဖုံးဖိပေးမိခဲ့သည့်အတွက် နောင်တရလာမိသည်။ အစောကတည်းကသာ အမှန်အတိုင်း ပြောခဲ့လျှင် အဘိုးကြီးမာက သူ့အသက်နှင့် ရင်း၍ လောင်းကြေးထပ်လိမ့်မည် မဟုတ်ချေ။
အဘိုးကြီးမာက ချင်မူ့ကို ယုံကြည်၍သာ ထိုဘုန်းကြီးအိုကြီးနှင့် အသက်ကို ရင်း၍ လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်၏။
ရုတ်တရက် ဆေးဆရာက ကြောက်မက်ဖွယ်ရာ အပြုံးတစ်ခု ပြုံးလိုက်သည်။ “မူအာ ရှုံးခဲ့ရင် ငါတို့ အဲဒီခေါင်းတုံးကြီးနဲ့ ခေါင်းတုံးလေးကို သတ်ပစ်လိုက်ရုံပေါ့... အဘိုးကြီးမာကို ဒီအတိုင်း အသေခံလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ...”
သိုင်းစင်မြင့်ထက်တွင်တော့ ချင်မူက သူ့စိတ်သူ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေ၏။ သို့သော်လည်း ဤတိုက်ပွဲက သူနှင့် အရင်းနှီးဆုံးလူ၏ အသက်နှင့် သက်ဆိုင်နေရာ အဘယ်သို့ သူ့စိတ်ခံစားချက်များကို ငြိမ်သက်အောင် ထိန်းချုပ်နိုင်ပါမည်နည်း။
ရွှေအက လက်ဟန်ခြေဟန်အချို့ ပြုလုပ်၍ အိအိအအ ပြောနေသဖြင့် မျက်ကန်းက တောင်ဝှေးကို အမှီပြုရပ်နေရာမှ ဝင်ပြောလိုက်သည်။ “သူ့ကို သတိပေးစရာ မလိုဘူး... ဒီဘုရားပွဲက သူ့အတွက် စမ်းသပ်ချက် တစ်ခုပဲ... ဒီပွဲပြီးတာနဲ့ သူ အရွယ်ရောက် ရင့်ကျက်လာလိမ့်မယ်... ဒီစမ်းသပ်မှုကို မကျော်ဖြတ်နိုင်ဘူးဆိုရင် ကလေးပေါက်စ ဆက်ဖြစ်နေမှာပဲ...”
တစ်ခဏမျှ ကြာပြီးနောက် ချင်မူ ဖြည်းညင်းစွာ ထရပ်ပြီး သူ့ရှေ့မှ ပိန်ပိန်ရှည်ရှည် ကိုယ်တော်ကို စိုက်ကြည့်လိုက်၏။ “ကိုယ်တော်... ကိုယ်တော့်ရဲ့ ရင်ထဲမှာ ဗုဒ္ဓ ရှိရဲ့လား...”
မင်ရှင်းက လက်အုပ်ချီ၍ တည်ကြည်လေးနက်စွာ တုံ့ပြန်လိုက်သည်။ “ဗုဒ္ဓက ကိုယ်တော့်ရင်ထဲမှာ အမြဲ ရှိပါတယ်...
ဟူး...။
ချင်မူက လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။ သူ၏ ချီစွမ်းအင်က ပြင်းထန်စွာ ရုန်းကြွ၍ သူ့ခန္ဓာကိုယ် သေးသေးလေးမှ အထိန်းအကွပ်မဲ့ လှုပ်ရှားရုန်းကန်နေသော စိတ်ဝိညာဉ် ထွက်ပေါ်လာသည်။
“ငါ့ရင်ထဲမှာ...”
သူ ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်၏။ သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်က စီးမျော ထွက်ပေါ်လာပြီး မြင်ရသူအပေါင်းမှာ နတ်ဘုရားတစ်ပါးကဲ့သို့ သူရဲကောင်း အရှိန်အဝါအငွေ့အသက်ကို ခံစားလိုက်မိကြသည်။ “နတ်ဘုရား မရှိဘူး… ဗုဒ္ဓ မရှိဘူး… မိစ္ဆာ မရှိဘူး... ငါကိုယ်တိုင် နတ်ဘုရား၊ ငါကိုယ်တိုင် ဗုဒ္ဓ၊ ငါကိုယ်တိုင် မိစ္ဆာနတ်ဆိုးပဲ...”
ထိုစကားကို ကြားသောအခါ အဘိုးကြီးမာ၏ ရှေ့တွင် ထိုင်နေသော ဘုန်းကြီးအိုကြီးက အံ့အားသင့်သော အမူအရာ ဖြစ်သွားပြီး ချင်မူ့ကို ခေါင်းလှည့်ကြည့်လိုက်သည်။