တထာဂတ၏ မဟာယာနသုတ္တန်
Vol. 3 Ch. 38
ကိုရင်ငယ်မင်ရှင်းမှာ ထိုစကားကို ကြားသောအခါ ဒေါသအိုး ပေါက်ကွဲသွားပြီး ချင်မူ့ကို အော်ဟစ်လိုက်၏။ “ပုန်ကန်တဲ့ကောင်... ဘယ်လိုလုပ်ပြီး ဗုဒ္ဓကို စော်ကားရဲရတာလဲ...”
ချင်မူ တစ်ချက် ပြုံးလိုက်ပြီး သူ့ရင်ထဲတွင် တည်ငြိမ်သွားသည်။ သူ့မျက်ဝန်းထဲတွင် ပိုင်နိုင်သေချာသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။ ဤကိုရင်လေးက မည်မျှ ခွန်အားကြီးကြီး၊ မည်သည့် ကျင့်စဉ်နည်းလမ်းကို အသုံးပြုပြု စိတ်ဓာတ်ရေးရာတွင် သူ့ကို ရှုံးနိမ့်နေပြီ ဖြစ်သည်။
အဘိုးကြီးမာ၏ ရှေ့တွင် ထိုင်နေသော ဘုန်းကြီးအိုကြီးမှာ တွေဝေသွား၏။ ချင်မူပြောသည့် စကားများက ဗုဒ္ဓကိုသာ မဟုတ်၊ နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးများကိုပါ မထီမဲ့မြင် စော်ကားခဲ့၍ တော်လှန်ပုန်ကန်သကဲ့သို့ ထင်ရသော်လည်း သူ၏ နားထဲတွင်တော့ ဤသည်က တော်လှန်ပုန်ကန်ခြင်း မဟုတ်၊ အသိဉာဏ်ပညာ ရင့်သန်ခြင်း၏ စကားလုံးများ ဖြစ်သည်။
ရင်ထဲတွင် ဗုဒ္ဓမရှိလျှင် ကိုယ်တိုင် ဗုဒ္ဓဖြစ်လာနိုင်၏။
ရင်ထဲတွင် ဗုဒ္ဓရှိလျှင် မည်သည့်အခါမျှ ဗုဒ္ဓ ဖြစ်နိုင်တော့မည်မဟုတ်။
ရင်ထဲတွင် မိစ္ဆာနတ်ဆိုးမရှိလျှင် ကိုယ်တိုင် မိစ္ဆာနတ်ဆိုးဖြစ်လာနိုင်၏။
ရင်ထဲတွင် မိစ္ဆာနတ်ဆိုးရှိလျှင် မည်သည့်အခါမျှ မိစ္ဆာနတ်ဆိုး ဖြစ်နိုင်တော့မည်မဟုတ်။
မင်ရှင်း၏ စိတ်အခြေအနေက ထိုအဆင့်ထိ မရောက်သေးသဖြင့် ဤစကားများ၏ အနက်အဓိပ္ပာယ်ကို နားမလည်နိုင်သော်လည်း သူကတော့ နားလည်၏။ ဤစကားလုံးများ၏ အနှစ်သာရကို နတ်အသွင်အဆင့်ရောက်မှ သူ နားလည်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခု သေခြင်းရှင်ခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည့်တိုင် သူ့ရင်ထဲမှ ဗုဒ္ဓကို ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။ ကျင့်စဉ်အဆင့် မြင့်လာလေလေ နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများ၏ စွမ်းအားနှင့် ဗုဒ္ဓ၏ မြင့်မြတ်စင်ကြယ်မှုကို ပိုနားလည် သဘောပေါက်လာလေလေ ဖြစ်သည်။
အပြောလွယ်သလောက် အလုပ်ခက်လှ၏။
ဤကောင်လေး၏ ပါးစပ်မှ တူညီသော သဘောတရားများ ထွက်လာခြင်းက အလွန်တရာ ထူးဆန်းလှသည်။ ပို၍ ထူးဆန်းသည်မှာ ဤကောင်လေးက သူ့ရင်ထဲမှ နတ်ဘုရားနှင့် ဗုဒ္ဓကို ဖျက်ဆီးပြီးပြီဟု ဆိုခဲ့ခြင်း ဖြစ်၏။
ချင်မူ၏ အသက်က ငယ်ရွယ်လွန်းသေးပြီး ဤစကား၏ အစစ်အမှန် အနှစ်သာရကို ထိတွေ့နိုင်ခြင်း ရှိဦးမည် မဟုတ်။ အစစ်အမှန် အနှစ်သာရနှင့် ထိတွေ့နိုင်ခြင်း မရှိမှတော့ အဘယ်သို့ သူ့ရင်ထဲမှ နတ်ဘုရားနှင့် ဗုဒ္ဓကို ဖျက်ဆီးနိုင်လိမ့်မည်နည်း။
ရင်ထဲမှ နတ်ဘုရားနှင့် ဗုဒ္ဓကို ဖျက်ဆီးရန်မှာ ခက်ခက်ခဲခဲ ကျင့်ကြံ အားထုတ်၍ ဉာဏ်အလင်း ပွင့်ပြီးမှသာ ဖြစ်နိုင်သည်။ မဟုတ်လျှင် ရင်ထဲမှ ဗုဒ္ဓက ဗုဒ္ဓအဖြစ်သာ ဆက်ရှိ၍ နတ်ဘုရားက နတ်ဘုရားအဖြစ်သာ ဆက်ရှိနေပေလိမ့်မည်။
“ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက ငါတို့ မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကြီးမြတ်တဲ့ ကျင့်စဉ်ကို မတတ်မြောက်သေးတော့... သူ့စိတ်အခြေအနေ ဘယ်လောက်ပဲ မြင့်မြင့်၊ မင်ရှင်းကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး...”
ဘုန်းကြီးအိုကြီးက မျက်လွှာချ၍ စိတ်တည်ငြိမ်သွားဟန် ရှိပြီး ဖြစ်လာနိုင်သည့် ရလဒ်ကို မစဉ်းစားတော့ချေ။
စင်မြင်ထက်တွင်တော့ မင်ရှင်း၏ ပိန်ပိန်ရှည်ရှည် ခန္ဓာကိုယ်က ရွှေရောင်အလင်း ခပ်ဖျော့ဖျော့ တောက်ပလာသည်။ အားလုံးသောသူများမှာ စင်ကြယ်မြင့်မြတ်သည့် မဟာဗုဒ္ဓတစ်ပါး ကြွရောက်လာသကဲ့သို့ ခံစားမိပြီး သူတို့၏ စိတ်ဝိညာဉ်များအပေါ် အနှိုင်းအဆမဲ့ ဖိအားကြီးတစ်ခု ပိကျလာ၏။
သိုင်းပြိုင်ပွဲစင်မြင့်အောက်တွင် အနီးအနားရွာအသီးသီးမှ လူများ စုဝေးနေကြသည်။ သူတို့အားလုံးက စိတ်ဝင်စားဖွယ် တိုက်ပွဲများကြောင့် စုရုံးရောက်ရှိ၍ ဆူဆူညံညံ ဖြစ်နေခဲ့ကြသော်လည်း မင်ရှင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်တောက်ပလာသောအခါ အသံများ တိခနဲ ပြတ်ကျပြီး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။
သူတို့အားလုံး၏ ရှေ့တည့်တည့်မှ နားကွဲလောက်သည့် အော်ဟစ်သံကြီး ကြားလိုက်ရသကဲ့သို့ ပါးစပ်ပေါက်အားလုံး တစ်ပြိုင်နက်လိုလို ပိတ်သွားကြသည်။
ဤသည်က ဗုဒ္ဓဂိုဏ်း၏ စွမ်းအင်ကျင့်စဉ်ဖြစ်သည့် တထာဂတ၏ မဟာယာနသုတ္တန် ဖြစ်၏။
ဤစွမ်းအင်ကျင့်စဉ်က အခြားဂိုဏ်းများ၏ စွမ်းအင်ကျင့်စဉ်နှင့် ကွဲပြားခြားနားသည်။ သူတို့ လျှောက်လှမ်းသည့် လမ်းစဉ်မှာ အပြင်မှ အတွင်းသို့သွားသည့် လမ်းစဉ် ဖြစ်၏။ အပြင်ဆိုသည်မှာ ခန္ဓာကိုယ်အပြင်ဘက် ဖြစ်ပြီး ခန္ဓာကိုယ်က ပကတိအစစ်အမှန် ဖြစ်ရမည်။ အတွင်းဆိုသည်မှာ စိတ်နှလုံး ဖြစ်ပြီး စိတ်နှလုံးက ပကတိအစစ်အမှန် ဖြစ်ရမည်။ ဗုဒ္ဓဂိုဏ်းက ဤသည်ကို ပကတိခန္ဓာနှင့် ပကတိနှလုံးသား ဟူ၍ ရည်ညွှန်းကြ၏။
မင်ရှင်းက ပကတိခန္ဓာအဆင့်အထိသာ ကျင့်ကြံနိုင်သေးသော်လည်း ဗုဒ္ဓပုံရိပ် ထွက်ပေါ်လာခြင်းကြောင့် သူတို့၏ မျက်နှာတည့်တည့်သို့ နားကွဲလောက်အောင် အော်ဟစ်ခံလိုက်ရသည့်နှယ် တိတ်ကျသွားကြခြင်း ဖြစ်သည်။
အဘွားစစ်နှင့် ကျန်သူများမှာ ပြန်၍ စိတ်လှုပ်ရှား စိုးရိမ်လာမိ၏။ မင်ရှင်းက တိုက်ခိုက်ရခြင်း မရှိသေးသော်လည်း အရှိန်အဝါအဟန့်ဖြင့် သူ့ခွန်အားအတိမ်အနက်ကို ထုတ်ပြ၍ ချင်မူ့ကို စိတ်ဓာတ်ပျက်ပြားအောင် ပြုလုပ်လိုက်သည် မဟုတ်လား။
မည်သူကများ ဗုဒ္ဓကို တိုက်ခိုက်ရဲပါမည်နည်း။
ချင်မူ တိုက်ခိုက်ရဲ၏။
ချင်မူ၏ ခန္ဓာကိုယ်နှင့် နှလုံးသားက တစ်သားတည်း ဖြစ်သွားသည်။ ထို့နောက် နှလုံးသားနှင့်စိတ်၊ စိတ်နှင့်လက်သီး၊ လက်သီးနှင့်ချီ၊ ချီနှင့်ခန္ဓာကိုယ်...။ အရာအားလုံး တစ်သားတည်း ဖြစ်သွားပြီး သူ၏ ဝိညာဉ်သန္ဓေသားကလည်း ခန္ဓာကိုယ်နှင့်အတူ လိုက်ပါ လှုပ်ရှားလာ၏။ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် တစ်သားတည်း ဖြစ်သွားသည်နှင့် နဂါးကိုးကောင်မုန်တိုင်း တိုက်ကွက်ကို ထုတ်ဖော်တိုက်ခိုက်လိုက်သည်။
ချင်မူ၏ ခြေလှမ်းကွက်များက ထော့ကျိုး၏ ကောင်းကင်ခိုးယူခြေလှမ်းသိုင်း ဖြစ်သဖြင့် အလွန်တရာ လျင်မြန်လှ၏။ မင်ရှင်း မျက်တောင်မခတ်နိုင်မီမှာပင် သူ့ရှေ့သို့ ရောက်ရှိသွားပြီး အားပြင်းသော လက်သီးချက်များဖြင့် အဆီးအတားမရှိ ထိုးချလိုက်သည်။
နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်က လက်သီးချက်တစ်ချက်တွင် အားလှိုင်းကိုးဆင့် ကိန်းအောင်း ပါဝင်၏။ ပထမအားလှိုင်းက ချင်မူ၏ လက်သီးမှ မီးလျှံနဂါးတစ်ကောင် တိုးထွက်လာသကဲ့သို့ မင်ရှင်း၏ ရင်ဝကို ထိမှန်သွားပြီး ဒေါင်ခနဲ အသံကြီး ထွက်ပေါ်လာသည်။
မင်ရှင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းဖျော့ဖျော့က ရုတ်တရက် လင်းတောက်လာပြီး ကြီးမားသော ရွှေခေါင်းလောင်းကြီးသဏ္ဌာန် ခပ်ဝါးဝါး ပေါ်ထွက်လာ၏။
ချင်မူ၏ ဒုတိယအားလှိုင်းက ပထမအားလှိုင်းအပြီးတွင် ရောက်ရှိလာသည်။ ဒုတိယအားလှိုင်းက အမြွှာနဂါးရစ်ခွေ ဖြစ်၏။ နဂါးနှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် ရစ်ခွေ၍ မင်ရှင်း၏ ရင်ဝသို့ တိုးဝင်သွားသည်။
ဒေါင်...။
နောက်ထပ် ခေါင်းလောင်းသံတစ်သံ ထွက်ပေါ်လာ၏။ အားလှိုင်းနှစ်ခုက လျင်မြန်စွာ ကျရောက်လာသဖြင့် ခေါင်းလောင်းသံနှစ်ချက် တစ်ပြိုက်နက်လိုလို ထွက်ပေါ်လာပြီး နားကွဲလောက်အောင် ဆူညံသွားသည်။
ထို့နောက်တွင် နဂါးကိုးကောင် မုန်တိုင်း၏ တတိယအားလှိုင်းဖြစ်သည့် နဂါးသုံးကောင် ကျောက်တောင်ခွဲ၊ ထို့နောက် နဂါးလေးကောင် သားကောင်ဖမ်း၊ နဂါးငါးကောင် မိစ္ဆာရှင်း၊ နဂါးခြောက်ကောင် ပြန်မွေးဖွား၊ နဂါးခုနစ်ကောင် ပင်လယ်မှောက်...။
အားလှိုင်းခုနစ်ဆင့် တစ်ဆင့်ပြီးတစ်ဆင့် ပေါက်ကွဲ ထွက်ပေါ်လာခြင်းနှင့်အတူ ခေါင်းလောင်းသံခုနစ်ချက် ဆက်တိုက်ထွက်ပေါ်လာပြီး မင်ရှင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းဖျော့ဖျော့ မှိန်ကျသွားသည်။ ပိန်ပိန်ရှည်ရှည် ကိုရင်လေးမှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရ၏။
ဆက်လက်၍ အဋ္ဌမအားလှိုင်းဖြစ်သည့် ကောင်းကင်နဂါးရှစ်ကိုယ်ခွဲ တိုးဝင်လာသဖြင့် မင်ရှင်း ထပ်ဆုတ်ရပြန်သည်။ ထို့နောက် နဝမအားလှိုင်း၊ နဂါးကိုးကောင်မုန်တိုင်း ထွက်ပေါ်လာသည်တွင် မင်ရှင်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းမှာ ပြိုကွဲပျက်စီးသွားတော့၏။
ချင်မူ အံ့အားသင့်သွားသည်။ မိစ္ဆာမျောက်ဝံပင် နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်၏ အားလှိုင်းကို အပြည့်အဝ မခံနိုင်ချေ။ သူတို့နှစ်ယောက် တိုက်ခိုက်သည့်အခါတိုင်း မိစ္ဆာမျောက်ဝံကို ပြင်းထန်စွာ ထိခိုက်မိမည် စိုး၍ ဆဋ္ဌမအားလှိုင်း သို့မဟုတ် သတ္တမအားလှိုင်းအရောက်တွင် ရပ်ရပ်ထားရ၏။ သို့သော်လည်း မင်ရှင်းက တစ်ချက်ကလေးမျှ ရှောင်ရှားခြင်း မပြုဘဲ အားလှိုင်းကိုးဆင့်စလုံးကို ထိပ်တိုက်ရင်ဆိုင် ခုခံသွားသည်။
အဘွားစစ်၏ သတိပေးချက်အတိုင်း သူ့ခွန်အားကို တစ်စက်ကလေးမျှ မချန်ဘဲ စွမ်းအားပြည့် အသုံးပြုလိုက်ခြင်း ဖြစ်၏။ ဝိညာဉ်သန္ဓေသား၏ စွမ်းအားကိုပင် ထုတ်သုံးခဲ့သော်လည်း မင်ရှင်းကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရရုံသာ ဖိအားပေးနိုင်ခဲ့သည်။
“ဒကာလေးက မိုးကြိုးရှစ်ချက် လက်သီးသိုင်းရဲ့ စစ်မှန်တဲ့ သင်ကြားမှုကို မခံယူခဲ့ရဘူးပဲ...”
မင်ရှင်းက လှုပ်ရှားလာပြီး သူ့ခြေဝါးအောက်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ လျင်မြန်သော လှုပ်ရှားမှုနှင့်အတူ သူ့လက်ဖဝါးကို ပင့်မြှောက်လိုက်သည်တွင် မိုးခြိမ်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်ပေါ်လာ၏။ လက်သီးချက် တစ်ချက်မျှနှင့် နဂါးတွန်သံများပင် ကြားလာရသည်။
ဘုန်း...။
ထိုလက်သီးချက် ချင်မူ့ထံ မရောက်မီ မင်ရှင်း၏ ချီစွမ်းအင်က နဂါးစိမ်းတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားကြောင်း မြင်တွေ့လိုက်၏။ ထိုနဂါးက ဝိုးတဝါးသာ ဖြစ်သော်လည်း အလွန်တရာ အရှိန်အဝါ ကြီးမား၍ အန္တရာယ်များသည့်ပုံ ပေါက်သည်။
နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်မှ ပထမအားလှိုင်းက မင်ရှင်း၏ ချီစွမ်းအင်မှ ပုံသဏ္ဌာန် ဖွဲ့တည်လာ၏။ ဤအခြင်းအရာကို ကြည့်လျှင် သူ၏ ချီစွမ်းအင်မှာ လွန်စွာ သိပ်သည်းလှကြောင်း သိနိုင်သည်။ အဓိကအကျဆုံးအချက်မှာ သူ့တွင် မိုးကြိုးရှစ်ချက်လက်သီးသိုင်းနှင့် အလိုက်ဖက်ဆုံး စွမ်းအင်ကျင့်စဉ်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်၏။ ဤသည်မှာ ချင်မူ့တွင် လိုအပ်နေသောအရာပင် မဟုတ်ပါလား။
ချင်မူ ထိုလက်သီးချက်ကို ထိပ်တိုက်ခံယူလိုက်သည်တွင် ပထမအဆင့်အားလှိုင်းကပင် ထင်မှတ်မထားလောက်အောင် အားအင်ပြင်းထန်လှကြောင်း ခံစားမိ၏။ ပထမအားလှိုင်းဒဏ် အပြည့်အဝ ခံယူရခြင်း မရှိမီမှာပင် အမြွှာနဂါးရစ်ခွေက ထပ်မံ ရောက်ရှိလာသည်။ မင်ရှင်း၏ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော နဂါးနှစ်ကောင်က ချင်မူ၏ လက်မောင်းနှစ်ဖက်ကို ရစ်ပတ်သွား၏။ ထို့နောက် တတိယအားလှိုင်းပါ တစ်ဆက်တည်း တိုးဝင်လာပြီး သူ့လက်မာင်းနှစ်ဖက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
ချင်မူ၏ လက်မောင်းမှ သွေးများ ဖြာထွက်သွားပြီး ခြေလှမ်းများ ယိမ်းယိုင်ကာ အဆက်မပြတ် နောက်ဆုတ်လိုက်ရ၏။ သိုင်းပြိုင်ကွင်းတစ်ခုလုံး သူ့ခြေထောက် ယက်ကန်မှုကြောင့် ကျောက်တုံး ကျောက်ခဲများ နေရာအနှံ့ လွင့်ပျံသွားသည်။
ချီစွမ်းအင်နဂါးလေးကောင် ဆက်၍ ခုန်ဝင်လာသည်ကို မြင်ရသောအခါ ချင်မူ အံတင်းတင်းတစ်ချက် ကြိတ်လိုက်၏။ သူ၏ ချီစွမ်းအင်များ မျက်လုံးဆီသို့ တစ်ဟုန်ထိုး စီးဝင်သွားပြီး တစ်မုဟုတ်ချင်းပင် ကောင်းကင်မျက်လုံး ပွင့်လာသည်။ သူ့လက်ထဲမှ ချီစွမ်းအင်က လှံရှည်တစ်လက်အသွင် ပြောင်းလဲ၍ ချီစွမ်းအင်နဂါးလေးကောင်ကို ထွင်းဖောက်ပြီး မင်ရှင်း၏ လက်ဝါးသို့ ချွင်ခနဲ ထိုးစိုက်သွား၏။ မင်ရှင်း၏ ပဉ္စမမြောက်အားလှိုင်း နဂါးငါးကောင်မိစ္ဆာရှင်း ထွက်ပေါ်လာနိုင်ခြင်း မရှိမီမှာပင် ဤလှံချက်ကြောင့် သူ၏ ချီစွမ်းအင်များ ပြိုကွဲပျက်စီးသွားတော့သည်။
ချင်မူ၏ ချီစွမ်းအင် လှံရှည်မှာလည်း ပြိုကွဲပျက်စီးသွား၏။
ချင်မူ မျက်ခုံးပင့်လိုက်မိပြီး မင်ရှင်း၏ လက်ဖဝါးဆီသို့ လှမ်းကြည့်လိုက်သည်။ မင်ရှင်း၏ လက်ဖဝါးက လှံဖြင့် ထိုးစိုက်မိထားသဖြင့် သွေးတစ်စက်စက် ကျနေ၏။
ချင်မူ၏ လက်များတွင်လည်း ဒဏ်ရာပြင်းထန်စွာ ရထားပြီး မင်ရှင်းထက် အခြေအနေ ပိုဆိုးသည်။
ချင်မူ အသက်ပြင်းပြင်းတစ်ချက် ရှိုက်၍ ရှုလိုက်၏။ သူ၏ ချီစွမ်းအင်များ ရုတ်တရက် တရှိန်ရှိန် တောက်လောင်လာပြီး မင်ရှင်းထံ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။
အထီးကျန် အရှေ့ပင်လယ်ပေါ်မှ နွေဦးမိုးကြိုး...။
ဤတစ်ကြိမ်တွင် သူ ရေဓာတ်ကို အသုံးမပြုဘဲ မီးဓာတ်သို့ ပြောင်းလိုက်၏။ တရှိန်ရှိန် တောက်လောင်နေသော မီးလျှံမြစ်ကြီးတစ်စင်းက ကောင်းကင်ယံမှ ပင်လယ်ထဲသို့ စီးဝင်၍ ပင်လယ်ပြင်တစ်ခွင်လုံးကို လောင်တိုက်သွင်းရန် ကြိုးစားနေသည်နှင့် အလားသဏ္ဌာန် တူလာသည်။
မင်ရှင်းက မလှုပ်မယှက်သာ ရှိနေပြီး သူ့လက်ကို ပင့်မြှောက်၍ ဆီးကြိုလိုက်၏။ သူ၏ မျက်လုံးများက အလွန်တရာ ကြည်လင်နေသည်။ “စွမ်းအင်ကျင့်စဉ်နည်းလမ်း မသိဘဲနဲ့တော့ အရာအားလုံးက လုပ်ယူဖန်တီးသလို ဖြစ်ပြီး အမြင်လှရုံပဲ ရှိလိမ့်မယ်...”
မင်ရှင်းကလည်း အထီးကျန် အရှေ့ပင်လယ်ပေါ်မှ နွေဦးမိုးကြိုး သိုင်းကွက်ကို ထုတ်ဖော်လိုက်ပြီး သူ့လက်ဖဝါးမှ မိုးကြိုးလျှပ်စီးများ ပေါက်ကွဲထွက်ပေါ်ကာ တစ်ဘက်ရန်သူ၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်တော့မည်ကဲ့သို့ ရှိလာ၏။ ချင်မူ၏ အလျှံတညီးညီး တောက်လောင်နေသော မီးလျှံများမှာ တစ်မုဟုတ်ချင်း ပျက်စီးပြယ်လွင့်သွားသည်။
ထိုအခိုက်အတန့်၌ ချင်မူက သူ၏ လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်၏။ သူ့လက်များက မီးစွဲလောင်လျက်ရှိပြီး ထိုလက်ဝါးစောင်းနှစ်ဖက်ကို ဓားမသဖွယ် အသုံးပြု၍ စိတ်ဖောက်ပြန်နေသည့် နတ်ဆိုးတစ်ကောင်ပမာ အဆက်မပြတ် ခုတ်ပိုင်းချလိုက်သည်။
ဝက်ခုတ်ဓားသိုင်း၊ အရှေ့ပင်လယ် လှိုင်းလုံးတစ်ထောင်ပေါ်မှ နေမင်း...။
ဤသည်က အလွန်တရာ ရူးသွပ်ဖွယ်ကောင်းသည့် သိုင်းကွက် ဖြစ်၏။ သားသတ်သမား၏ ဓားမသိုင်းကွက်များက ရူးသွပ်ခြင်းမရှိဘဲ အထွတ်အထိပ်စွမ်းအားကို ထုတ်ဖော်နိုင်ရန် ခက်ခဲလှသည်။ ဤသိုင်းကွက်၌ တစ်ခုနှင့်တစ်ခု အလွှာလွှာအထပ်ထပ် ရှိနေသည့် ပင်လယ်လှိုင်းလုံးများပေါ်မှ နေလုံးကြီး၏ အရှိန်အဝါအဟန့်အထည်မျိုး ပါရှိပြီး လမ်းတစ်လျှောက် အရာအားလုံးကို ပြိုင်ဘက်ကင်း ဓားမစွမ်းအားဖြင့် ဖြတ်တောက်ဖျက်ဆီးသွား၏။
ရွှပ်... ရွှပ်... ရွှပ်... ရွှပ်... ရွှပ်...။
ပင်လယ်လှိုင်းတစ်ထောင်နှင့် ဓားရိပ်တစ်ထောင်...။ မဖြတ်တောက်နိုင်သည့်အရာ မရှိ၊ မဖျက်ဆီးနိုင်သည့်အရာ မရှိ...။
မင်ရှင်း၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားသည်။ သို့သော်လည်း မျက်မှောင်ကြုတ်လိုက်ရသူက ချင်မူ ဖြစ်၏။ မင်ရှင်းက မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ အဋ္ဌမသိုင်းကွက် ဖြစ်သည့် လက်တစ်ထောင်ဗုဒ္ဓ သိုင်းကွက်ကို ထုတ်ဖော်လာသည် မဟုတ်လား။
ဤကိုရင်လေး၏ လက်ဖဝါးက သူ့လက်ဝါးစောင်းနှင့် ထိပ်တိုက်တွေ့သွားပြီး သူရူးတစ်ယောက်အဖွယ် ခုတ်ချလာသည့် ဓားမများကို ဗုဒ္ဓလက်ဝါးတစ်ထောင်နှင့် ပိတ်ဆို့ကာကွယ်ထားသည့်နှယ် ဖြစ်လာ၏။
ချင်မူ၏ ရင်ထဲတွင် လေးလံသွားသည်။ သူ့လက်များက တကယ့် ဓားမများ မဟုတ်။ မင်ရှင်း၏ ခုခံကာကွယ်မှုက လွန်စွာ အားကောင်းလှ၏။ သူ့လက်များကို ခုတ်ဖြတ်ပစ်ရန် ခဲယဉ်းလှသည်။
“အဲလိုဆိုမှတော့ ငါ ပိုမြန်အောင် ခုတ်ချမယ်... ပိုမြန်ရမယ်... ပိုမြန်ရမယ်... ငါ့ဓားမတွေကို လိုက်မဖမ်းနိုင်တဲ့အထိ မြန်မယ်... မုန်တိုင်းထန်မြို့ပြတွေပေါ်က သန်းခေါင်ယံတိုက်ပွဲ...”
ချင်မူက ရူးသွပ်နေသော နတ်မိစ္ဆာတစ်ကောင်ပမာ အဆက်မပြတ် လိုက်လံခုတ်ထစ်လိုက်၏။ သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။ “မြန်ရမယ်... မြန်ရမယ်... ပိုမြန်ရမယ်... ဗုဒ္ဓကို ခေါင်းဖြတ်နိုင်တဲ့အထိ မြန်ရမယ်...”
“ဒီလောကကြီးမှာ ဝက်ခုတ်ဓားက မခုတ်ဖြတ်နိုင်တဲ့ ဝက် မရှိဘူး...” ချင်မူက ကြမ်းတမ်းစွာ အော်ဟစ်လိုက်ပြီး သူ၏ ချီစွမ်းအင်များ ထိန်းမရသိမ်းမရ ပေါက်ကွဲထွက်ပေါ်လာ၏။
ဒေါင်... ဒေါင်... ဒေါင်... ဒေါင်... ဒေါင်...။
မင်ရှင်းက လက်တစ်ထောင်ဗုဒ္ဓသိုင်း အသုံးပြု၍ ခုခံကာကွယ်နေသော်လည်း ရုတ်တရက် ချင်မူ၏ လက်ဝါးစောင်း ဓားမတစ်ချက် လွတ်ထွက်ပြီး သူ၏ လည်မျိုပေါ်သို့ ကျရောက်လာသည်။ သူ့ခန္ဓာကိုယ်ကို အကာအကွယ် ပြုနေသည့် ခေါင်းလောင်းကြီးက ဒေါင်ခနဲ မြည်ဟည်းသွား၏။ ထို့နောက် ဒုတိယဓားမက သူ့ခုခံကာကွယ်မှုမှ လွတ်ထွက်ပြီး လည်မျိုပေါ်သို့ပင် ကျရောက်ကာ နောက်ထပ် ဒေါင်ခနဲ မြည်သွားပြန်သည်။
တတိယ...၊ စတုတ္ထ…၊ ပဉ္စမ…၊ ဆဋ္ဌမ...။
ချင်မူ၏ ဓားမခုတ်ချက်များက မြန်သည်ထက် မြန်လာပြီး မင်ရှင်း၏ လည်မျိုတစ်နေရာတည်းသို့ ထပ်ခါ ထပ်ခါ ကျရောက်သွား၏။
“အစ်ကိုတော်... မင်းနဲ့ငါက အတူတူ သိုင်းသင်ခဲ့တာဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်း သိပြီးသားပဲ… မင်းရဲ့ လက်တစ်ထောင်ဗုဒ္ဓသိုင်းမှာ ဟာကွက်တစ်ကွက် ရှိတယ်မဟုတ်လား...”
အဘိုးကြီးမာက ဘုန်းကြီးအိုကြီး၏ ရှေ့တွင် ထိုင်နေရာမှ ခပ်အေးအေး ပြောလိုက်သည်။ “ကြည့်ရတာ အဲဒီ ဟာကွက်ကို မင့်တပည့်က အမွေဆက်ခံခဲ့တယ်နဲ့ တူတယ်...”