← Chapters

ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်

Vol. 3 Ch. 39

ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်

Vol. 3 Ch. 39

ဘုန်းကြီးအိုကြီး၏ မျက်ခုံးမွေးဖြူဖြူများ တွန့်ခနဲ ဖြစ်သွားပြီး အဘိုးကြီးမာပြောသည့် ဟာကွက်ကို ချက်ချင်း သိလိုက်သည်။ သူ စာသင်သားဘဝက တထာဂတ၏ သင်ခန်းစာချိန်တစ်ချိန်တွင် အိပ်ပျော်သွားခဲ့မိ၏။ ထိုသင်ခန်းစာက လက်တစ်ထောင်ဗုဒ္ဓ သိုင်းကွက်အကြောင်း ဖြစ်သည်။

ဗုဒ္ဓဝါဒက ကံ၊ ကံ၏အကျိုး ဖြစ်၏။ ဤဘုန်းကြီးအိုကြီးက ထိုကံကို လွဲချော်ခဲ့၍ တထာဂတကို လက်တစ်ထောင်ဗုဒ္ဓသိုင်း၏ အနှစ်သာရအကြောင်း မေးမြန်းနိုင်ခြင်း မရှိခဲ့ချေ။ သူ့အနေဖြင့် ဂိုဏ်းတူအစ်ကို၊ ညီငယ်များကိုသာ မေးမြန်း၍ လက်တစ်ထောင်ဗုဒ္ဓသိုင်း တတ်မြောက်ခဲ့ရသည်။ သို့သော်လည်း ထိုသည်က တထာဂတကိုယ်တိုင် သင်ကြားပြသသည်နှင့်တော့ နှိုင်းယှဉ်၍ မရပြီ မဟုတ်လား။

သူ၏ လက်တစ်ထောင်ဗုဒ္ဓသိုင်းတွင် အမှန်တကယ်ပင် မမြင်သာသည့် ဟာကွက်သေးသေးလေးတစ်ခု ရှိနေခဲ့သည်။ ထိုဟာကွက်ကို သတိပြုမိပြီးနောက် ပြုပြင်ရန် ကြိုးစားသော်လည်း ထိုသို့ ပြုပြင်ရန် ကြိုးစားလေလေ ဟာကွက်က ပိုကြီးလာလေလေ ဖြစ်၏။

ပြဿနာတစ်ခုကို ဖြေရှင်းရန်အတွက် ထိုပြဿနာ၏ အရင်းအမြစ်ကို ရှာဖွေရမည် ဖြစ်သည်။ လက်တစ်ထောင်ဗုဒ္ဓသိုင်းက အလွန်တရာ ရှုပ်ထွေးပြီး သင်ယူမှတ်သားရာ၌ အာရုံအလုံးစုံ စူးစိုက်ထားရန် လိုအပ်သည့်အပြင် အကွက်အလှည့်အပြောင်းလည်း များပြားလွန်းလှ၏။ အမှားသေးသေးလေးတစ်ခုမှာ အကြောင်းရင်းခံ တစ်ခုတည်းကြောင့် ဖြစ်လာခြင်း မဟုတ်ချေ။ ထိုအမှားနှင့် မသက်ဆိုင်သလို ထင်ရသည့် အကြောင်းရင်းခံ များစွာကြောင့် ပေါ်ပေါက်လာခြင်းပင် ဖြစ်၏။

ဤဘုန်းကြီးအိုကြီးမှာ ထိုဟာကွက်၏ အရင်းအမြစ်ကို ငယ်စဉ်ကတည်းက စရှာခဲ့သော်လည်း ယခုအချိန်ထိ မတွေ့ရှိသေးပေ။ သို့ဖြစ်ရာ သူ၏ လက်တစ်ထောင်ဗုဒ္ဓသိုင်းမှ ဟာကွက်က တပည့်ဖြစ်သူ မင်ရှင်းထံ အလိုလို သင်ကြား ပို့ချပေးမိလျက်သား ဖြစ်သွားခဲ့သည်။

ဤဟာကွက်က များစွာ မသိသာလှဘဲ အလွန်တရာ မြန်ဆန်သော တိုက်ကွက်များအောက်တွင်မှ ပေါ်လာနိုင်၏။ သူ၏ လက်များက လည်မျိုအောက် တစ်လက်မအကွာမှ ဖြတ်သွားသောအခါ ချီစွမ်းအင်က အနည်းငယ် အားပျော့သွားခြင်း ဖြစ်သည်။

ရန်သူ၏ မြန်နှုန်းမြင့် တိုက်ခိုက်မှုအောက်တွင် အားပျော့သည့် ချီစွမ်းအင်ကြောင့် သူ့လက်ကို မြှောက်ပင့်ကာကွယ်နိုင်သည့် အရှိန်နှုန်းမှာ အနည်းငယ် နှေးကျသွားပေလိမ့်မည်။ ထိုတစ်ခဏ၌ လည်မျိုတွင် ဟာကွက်တစ်ခု ဖျတ်ခနဲ ပေါ်လာနိုင်၏။ ဘုန်းကြီးအိုကြီးက မြင့်မားသည့် ကျင့်စဉ်စွမ်းအင် ရှိသည့်အတွက် သူ့ကို ဟာကွက်ပေါ်လာအောင် ဖိအားပေးနိုင်သူ များများစားစား မရှိပေ။ သို့သော်လည်း မင်ရှင်းကတော့ သူနှင့် မတူသည် မဟုတ်လား။

ကျင့်စဉ်စွမ်းအင်အရဆိုလျှင် ချင်မူက မင်ရှင်းထက် ပိုသာပြီး သူ၏ လက်ဝါးစောင်းကို ဓားမအဖြစ် အသုံးပြုသဖြင့် ပုံမှန်နှင့် မတူအောင် လျင်မြန်လှသည်။ မျက်စိတစ်မှိတ် အချိန်တိုအတွင်း၌ မင်ရှင်း၏ လည်မျိုပေါ်သို့ သူ့ဓားချက်တစ်ရာခန့် ကျရောက်သွားပြီ ဖြစ်၏။

ခြောက်ဆယ့်ရှစ်ချက်မြောက် ဓားချက်အရောက်၌ မင်ရှင်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှ ရွှေရောင် အလင်းဖျော့ဖျော့ ပြိုကွဲပျက်စီးသွားသည်။ မင်ရှင်းက သူ၏ ချီစွမ်းအင်ကို စုစည်း၍ နောက်တစ်ကြိမ် ရွှေခေါင်းလောင်းအသွင် ဖွဲ့တည်လိုက်သော်လည်း ချင်မူ၏ ဓားမက သူ့လည်မျိုသို့ ခုတ်ပိုင်းချသွားပြီ ဖြစ်၏။

မင်ရှင်း၏ လည်မျိုမှ သွေးများ ပန်းထွက်လာပြီး အဖြူရောင် သင်္ကန်း တစ်ခုလုံး နီစွေးသွားသည်။

ဘုန်းကြီးအိုကြီးက သက်ပြင်းချလိုက်၏။ “မိုက်လိုက်တဲ့ ကလေး... လက်တစ်ထောင်ဗုဒ္ဓနဲ့ သူ့ဓားမကို မကာနိုင်ရင် တခြားသိုင်းကွက်တွေ မသိတော့ဘူးလား...”

မင်ရှင်းမှာ ရုတ်တရက် သူ့အမှားသူ သတိပြုမိသွားသည်။ ချင်မူ၏ ဓားမခုတ်ချက်များကို ခံယူရာတွင် ခုခံမှုသက်သက်သာ ဆက်သွားနေပါက သူ့ကို ဆက်၍ ဆက်၍ ထိမည်ဆိုခြင်းကို မေ့လျော့ခဲ့၏။ ရွှေခေါင်းလောင်းအကာအကွယ်ဖြင့် ချင်မူ၏ ဓားမများကို ခုခံပြီး ထိုအချိန်ခဏကို အခွင့်ကောင်းယူ၍ တစ်ဘက်လူကို ပြန်တိုက်ခဲ့လျှင် အနိုင်ယူနိုင်မည့် အခွင့်အရေး ရကောင်းရနိုင်မည် မဟုတ်လား။

ချင်မူ၏ ရူးသွပ်မှုကြောင့် ထိတ်လန့်တုန်လှုပ်သွားသဖြင့် သူ့အားသာချက်သူ မေ့လျော့နေခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် သိုင်းကွက်ပြောင်း၍ ဖြန့်ထားသော သူ့လက်ဝါးကို လက်သီးဆုပ်လိုက်ရာ အနီးအနားမှ လေထုမှာ တုန်ခါသွား၏။ သူ၏ လက်သီးချက်က အလွန်တရာ တောက်ပထွန်းလင်းသည့် ရွှေရောင်နေလုံးကြီးကဲ့သို့ ဖြစ်လာသည်။

ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်...။

ထိုတစ်ခဏ၌ သူ၏ လက်ဟန်မုဒြာမှ သာယာနာပျော်ဖွယ်ဗုဒ္ဓသံ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ကို ချေမှုန်းဖျက်ဆီးပစ်နိုင်သည့် မိုးခြိမ်းသံကျယ်ကြီး အုန်းခနဲ မြည်ဟည်းလာ၏။

သူ၏ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်က ချင်မူနှင့် ကွာခြားသည်။ သူ့သိုင်းကွက်၏ အားအင်က ချင်မူ့ထက် အဆများစွာ ပြင်းထန်၏။

ဤသိုင်းကွက် ထိမှန်ခံလိုက်ရသည်တွင် ချင်မူ တစ်မုဟုတ်ချင်း မူးဝေသွားပြီး သူ၏ ယန်ဝိညာဉ်သုံးခု တစ်ပြိုင်နက် လှုပ်ရှား၍ ယင်ဝိညာဉ် ခုနစ်ခုစလုံး တုန်ခါလာ၏။

ဒုတ်... ဒုတ်... ဒုတ်...။

ချင်မူ၏ လက်ချောင်းများက လျှပ်ပြက်သလို လှုပ်ရှားသွားပြီး သူ၏ နဖူး၊ မြီးညှောင့်ရိုး၊ ချက်၊ ဦးခေါင်း၊ လည်စလုတ်၊ ရင်ညွန့်၊ စအိုဝ၊ အဆုတ်နေရာများသို့ တဒုတ်ဒုတ် ထိုးစိုက်ကာ ယန်ဝိညာဉ်သုံးခုနှင့် ယင်ဝိညာဉ်ခုနစ်ခုကို ချုပ်နှောင်လိုက်သည်။

ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာ...။

အဘွားစစ် သူ့ကို ကောင်းကင်နတ်ဆိုးဖန်ဆင်းပညာ သင်ပေးခဲ့သည်မှာ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များကို ချုပ်နှောင်၍ စွမ်းအင်၊ အဆီအနှစ်၊ သွေးများ ပိတ်လှောင်ကာ အရေခွံခွာပြီး ဝတ်ချုပ်ရန်သာ ဖြစ်၏။ ယခု ချင်မူက ထိုသိုင်းကွက်ကို အသုံးပြု၍ မင်ရှင်း၏ တိုက်ကွက်ဖြင့် သူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များ ဆွဲထုတ် ဖျက်ဆီးမခံရအောင် ချုပ်နှောင်ထားလိုက်သည်။

“စာ မို ယဲ့...”

မိစ္ဆာသံတစ်သံ ထွက်ပေါ်လာပြီး ချင်မူ၏ လက်မှာ ပန်းခူးသည့်ဟန် ဖြစ်သွား၏။ သူ့လက်ဖဝါးက ဆတ်ခနဲ လှုပ်ခါ၍ မိစ္ဆာလွတ်မြောက်မုဒြာဖြင့် မင်ရှင်း၏ စိတ်ဝိညာဉ်ကို တုန်ခါစေလိုက်သည်။ မင်ရှင်း၏ စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ လွတ်ထွက်လုနီးနီး ဖြစ်သွား၏။ သို့သော်လည်း ထိုအခိုက်အတန့်၌ ချင်မူက သူ၏ တိုက်ကွက်ကို ဗုဒ္ဓလမ်းစဉ်၏ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်သို့ ရုတ်တရက် ပြောင်းလဲလိုက်သည်။

မင်ရှင်း၏ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်က လက်သီးကို နေမင်းအဖြစ် ပြောင်းလဲ၍ မိုးခြိမ်းသံဖြင့် စိတ်ဝိညာဉ်ဖြိုခွဲကာ ရွှေရောင်အလင်းဖြင့် ဖျက်ဆီးခြင်း ဖြစ်၏။ ချင်မူ၏ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်ကတော့ လက်သီးကို နေမင်းအဖြစ် ပြောင်းလဲ၍ သံမဏိပင် အရည်ပျော်နိုင်သည့် မီးငှက်ချီများ တရှိန်ရှိန် ​လောင်ကျွမ်းစေခြင်း ဖြစ်သည်။

ချင်မူက သူ၏ လက်သီးဆုပ်ကို ဖွင့်ဟလိုက်၏။ လက်ဖဝါးထဲမှ လေထုက တစ်မဟုတ်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး တစ်ဘက်လူ၏ မျက်နှာသို့ အားလှိုင်းရိုက်ခတ်ကာ စိတ်ဝိညာဉ်ကို ဖရိုဖရဲ ဖြစ်သွားစေသည်။

အဘိုးကြီးမာ၏ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်နှင့် ဘုန်းကြီးအိုကြီး၏ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်သိုင်းကွက်က ကွဲပြားခြားနား၏။ ဘုန်းကြီးအိုကြီး၏ သိုင်းကွက်က ရှေးရိုးအစစ်အမှန်အတိုင်း ဖြစ်ပြီး အဘိုးကြီးမာ၏ သိုင်းကွက်က အဆင့်မြင့်အောင် ပြုပြင်ပြောင်းလဲ၍ အားအင်ပြင်းထန်မှုအပိုင်းတွင် ပိုအားစိုက်ထားသည်။

ချင်မူ့တွင် တထာဂတ၏ မဟာယာနသုတ္တန်ကျင့်စဉ် မရှိ၍သာ စွမ်းအားအပြည့်အဝ မထုတ်ဖော်နိုင်ခြင်း ဖြစ်၏။

မင်ရှင်း၏ စိတ်ဝိညာဉ်က ထိုအားလှိုင်းရိုက်ခတ်မှုကြောင့် ခန္ဓာကိုယ်မှ ထွက်သွားတော့မည့်ဆဲဆဲတွင် နောက်ထပ် ခပ်အုပ်အုပ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြန်သည်။ “စာ မို ယဲ့...”

ချင်မူက သူ၏ တိုက်ကွက်ကို နောက်တစ်ကြိမ် ထပ်ပြောင်းပြီး ပန်းပွင့်ခူးသည့် လက်ဟန်ဖြင့် မိစ္ဆာလွတ်မြောက်မုဒြာကို အသုံးပြုလိုက်၏။ အဘွားစစ်၊ ဘုန်းကြီးအိုကြီးနှင့် ကျန်သူများအားလုံးမှာ ဗုဒ္ဓလက်ဟန်မုဒြာနှင့် မိစ္ဆာလက်ဟန်မုဒြာကို အဆီးအတားမရှိ ချောချောမွေ့မွေ့ ပြောင်းလဲ ထုတ်ဖော်နိုင်သော ချင်မူ့ကို ကြည့်၍ ကြက်သေသေသွားကြ၏။

ဗုဒ္ဓနှင့် မိစ္ဆာမှာ ဆန့်ကျင်ဘက်များ ဖြစ်သည်။ မိစ္ဆာပညာရပ် အသုံးပြုပြီးနောက် ဗုဒ္ဓသိုင်းကွက်ကို ဆက်တိုက် ထုတ်ဖော်ရန်မှာ အကြွင်းမဲ့ ခဲယဉ်းလှပြီး မည်သူမျှ ချင်မူကဲ့သို့ ချောမွေ့အောင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။

“ဒါ လောကသခင်ခန္ဓာ ချီစွမ်းအင်ပဲ...” နားကန်းက ပြုံး၍ တီးတိုး ရေရွတ်လိုက်၏။

အဘွားစစ်မှာ ထိုစကားကို ကြားပြီး ရင်ထဲတွင် လှုပ်ခါသွားသည်။ “နားကန်းပြောတာ မှန်တယ်... ဘာဓာတ်သတ္တိမှ မရှိတဲ့ လောကသခင်ခန္ဓာ ချီစွမ်းအင်ကပဲ ဗုဒ္ဓသိုင်းနဲ့ မိစ္ဆာသိုင်းကို ချောချောမွေ့မွေ့ ပြောင်းလဲအသုံးပြုနိုင်လိမ့်မယ်... မူအာက တကယ့်လောကသခင်ခန္ဓာပဲ... ရွာလူကြီးပြောတာ မှန်တယ်...”

ဘုန်းကြီးအိုကြီးက ရုတ်တရက် ထရပ်လိုက်ပြီး ဗုဒ္ဓတရားစာများ ရွတ်ဖတ်လိုက်၏။ ချင်မူ၏ မိစ္ဆာလွတ်မြောက်မုဒြာက တစ်မုဟုတ်ချင်း စွမ်းအားပျောက်ကွယ်သွားပြီး မမြင်ရသော အားအင်တစ်ရပ်က သူနှင့် မင်ရှင်းကို ပိုင်းခြားလိုက်သကဲ့သို့ ရှိသည်။ မင်ရှင်းမှာ သူ၏ စိတ်ဝိညာဉ်ကို ပြန်လည်ထိန်းညှိ၍ ချင်မူ့ကို ထပ်တိုက်ရန် ပြင်လိုက်သော်လည်း အမှောင်ထုက သူ့မျက်ဝန်းထဲ ဖုံးလွှမ်းလာပြီး တစ်ကိုယ်လုံး ယိမ်းယိုင်သွား၏။

သူ့၏ လည်မျိုက နှစ်ခြမ်းကွဲလုနီးပါး ဖြစ်ပြီး သွေးထွက်လွန်နေချေပြီ။

“ငါ ရှုံးပြီ...”

ဘုန်းကြီးအိုကြီးက အဘိုးကြီးမာကို တစ်ချက်ကြည့်၍ မင်ရှင်းကို လက်ယပ်ခေါ်လိုက်သည်။ “ညီတော်၊ ဒီတစ်ခါ ငါ ရှုံးပြီ၊ နောက်တစ်ခါတော့ ဒီလို ဖြစ်လိမ့်မယ်မထင်နဲ့... မင်ရှင်း၊ ငါတို့ နေရာအနှံ့ လျှောက်သွားပြီး မနားရသေးဘူး... ဒီနားက ရွာတစ်ရွာမှာ နားစရာရှာပြီး သီတင်းသုံးကြတာပေါ့...”

မင်ရှင်း၏ လည်မျိုက သွေးထွက်နေဆဲ ရှိပြီး ဘုန်းကြီးအိုကြီးက ဆေးလိမ်း၍ ပတ်တီးစည်းပေးလိုက်၏။ ထို့နောက် သူက အဘိုးကြီးမာကို လျှို့ဝှက်နက်နဲသော အမူအရာဖြင့် ပြောလိုက်သည်။ “ညီတော်၊ တောင်ဝှေးဆိုတာ ဆုံးရှုံးသွားရင် နောက်တစ်ချောင်း ပြန်လုပ်လို့ ရတယ်... ဒါပေမဲ့ ခေါင်းကတော့ တစ်ခါပဲ အပြတ်ခံလို့ ရမယ်... မင်း တစ်ခါရှုံးတာနဲ့ အကုန်လုံး ရှုံးပြီပဲ... ပြီးတော့ ဒီကဒကာလေး၊ မိစ္ဆာပညာရပ်ကို လေ့ကျင့်ရင် ဒကာလေးမှာ သတ်ချင်ဖြတ်ချင်စိတ်တွေ တိုးပွားပြီး အန္တရာယ်ရှိလာလိမ့်မယ်... မိစ္ဆာလမ်းစဉ်လိုက်ရင် ဟိုးအောက်ငရဲကျပြီး ပြန်မမွေးဖွားလာနိုင်တော့မှာကို သတိထားပါ...” စကားဆုံးသည်နှင့် ဘုန်းကြီးအိုကြီးက မင်ရှင်းကို ဆွဲခေါ်၍ ခြေထောက်နှင့် မြေကြီး မထိဘဲ လွင့်မျော ထွက်ခွာသွားတော့၏။

ချင်မူက သိုင်းပြိုင်ပွဲ စင်မြင့်ပေါ်မှ ခုန်ဆင်းလာပြီး ဘုန်းကြီးအိုကြီးနှင့် သူ့တပည့်ကို အကြည့်နှင့် နှုတ်ဆက်လိုက်သည်။ အဘိုးကြီးမာက တည်တည်ကြီး ဖြစ်နေ၏။ သူက ဘုန်းကြီးအိုကြီး၏ စကားကြောင့် စိတ်မအေးနိုင် ဖြစ်နေမှန်း သိသာသည်။ “ဘိုးဘိုးမာ၊ ဘွားဘွား... သူတို့က အခွင့်အရေးရရင် ကျွန်တော်တို့ကို သတ်မှာလား...”

အဘွားစစ်က အေးစက်စက် ရယ်မောလိုက်၏။ “မိစ္ဆာနဲ့ နတ်ဆိုး နှိမ်နင်းတာက အဲခေါင်းတုံးအိုကြီး အသက်မွေးတဲ့ အလုပ်ပဲ... အဲတော့ သူတို့မှာ အခွင့်အရေးရရင် ငါတို့ရဲ့ အဆုံးသတ်က မိန်းမကြီးဝူထက် သာမှာမဟုတ်ဘူး... အဘိုးကြီးမာကတော့...” သူ ခေါင်းကို ခါယမ်းလိုက်သည်။

အပြင်လူအား မိုးကြိုးရှစ်ချက် လက်သီးသိုင်း သင်ပေးသည့်အတွက် အဘိုးကြီးမာက မဟာမိုးခြိမ်းသံကျောင်းတော်၏ တားမြစ်ချက်ကို ချိုးဖောက်လိုက်ပြီ မဟုတ်လား။

ချင်မူက နားမလည်နိုင်စွာ မေးလိုက်၏။ “အဲဒါဆို ကျွန်တော်တို့ ဒုက္ခမရောက်အောင် သူတို့ကို သတ်လိုက်ရုံပဲ မဟုတ်ဘူးလား... ဘာလို့ ပြန်လာပြီး ဒုက္ခပေးတာကို စောင့်နေဦးမှာလဲ...”

အဘွားစစ်၏ မျက်လုံးများက အရောင်တောက်သွားပြီး ချင်မူ၏ စကားကို ထောက်ခံလိုက်သည်။ “ငါတို့မူအာက လောကသခင်ခန္ဓာရဲ့ အရှိန်အဝါအမူအကျင့်တွေ စရှိလာပြီ... ဆေးဆရာ၊ ရွှေအ၊ မျက်ကန်း... ငါတို့ ဒီခေါင်းတုံးကြီးနဲ့ ခေါင်းတုံးလေးကို နှုတ်ပိတ်ပစ်လိုက်ရင် မကောင်းဘူးလား...”

ဘုန်းကြီးအိုကြီးက ခပ်ဝေးဝေးသို့ ရောက်သွားပြီ ဖြစ်သော်လည်း ထိုစကားများကို ကြားသောအခါ ခြေလှမ်းများ အလိုလို မြှင့်တင်ပြီး ဒုက္ခိတဘိုးဘွားကျေးရွာအနီးတွင် အနားယူရန် စိတ်မကူးတော့ဘဲ မင်ရှင်းကို ခေါ်၍ ပျံသန်း ထွက်ခွာသွားတော့၏။

အဘွားစစ်နှင့် ကျန်သူများမှာ သူတို့နောက်မှလိုက်ရန် စိတ်ကူးမရှိဘဲ ကိုယ့်အလုပ်ကိုယ်သာ ပြန်လုပ်လိုက်ကြသည်။ နားကန်းက ရုတ်တရက် ကြေကွဲစွာ သက်ပြင်းချလိုက်၏။ “မဟာမြို့ပျက်က ပိုပိုပြီး မလုံမခြုံ ဖြစ်လာပြီ... မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေ ဝင်လာပြီး ပြဿနာတွေ ဖန်တီးနေကြတယ်....”

မျက်ကန်းက ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။ “ငါတို့လို ရိုးသားတဲ့ လူတွေကို ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်အောင် လုပ်နေကြတာပဲ... အဘိုးကြီးမာ၊ ဒီအတိုင်း ပုန်းနေစရာ အကြောင်းမရှိဘူး... မဟာမိုးခြိမ်းသံကျောင်းတော်ကို ပြန်သွားချင်တဲ့တစ်နေ့ ငါတို့အရိုးရင့်တွေ မင်းနောက်က လိုက်လာခဲ့မယ်...”

အဘိုးကြီးမာ၏ ရင်ထဲတွင် ထိခိုက်လှုပ်ရှားသွား၏။ သို့သော်လည်း သူ့မျက်နှာပေါ်တွင်တော့ မည်သည့်အမူအရာမျှ မပြဘဲ စားပွဲပေါ်မှ တောင်ဝှေးကို မ,ယူလိုက်သည်။ “ငါက မဟာမိုးခြိမ်းသံကျောင်းတော်ကနေ  ငါ့လက်နဲ့ငါ တိုက်ခိုက်ဖောက်ထွက်ခဲ့တာ... အဲဒီတော့ ပြန်ဝင်ရင်လည်း မင်းတို့ရဲ့ အကူအညီ မပါဘဲ ငါ့ဖာသာ တိုက်ခိုက်သတ်ဖြတ်ပြီး ပြန်ဝင်မယ်... မူအာ၊ ဒါက မင်းကြောင့် နိုင်တာဆိုတော့ မင်းနဲ့ သက်ဆိုင်တယ်... ရော့...”

ချင်မူက ဘုန်းကြီးအိုကြီး၏ တောင်ဝှေးကို လှမ်းယူလိုက်၏။ ထိုတောင်ဝှေးက သူထင်ထားသကဲ့သို့ လေးလံခြင်း မရှိချေ။ အစောက စားပွဲခုံခြေထောက်များ ကျွံဝင်သွားခဲ့သည်မှာ အသိသာကြီး ဖြစ်သော်လည်း သူ့လက်ထဲတွင်တော့ အတော်လေး ပေါ့ပါးလှသဖြင့် တအံ့တဩ မေးလိုက်မိ၏။ “ဒီဘုန်းကြီးတောင်ဝှေးက အတော်လေး တန်ကြေးရှိတာလား... ဘာလို့ ဘိုးဘိုးမာက သူ့ခေါင်းနဲ့ လောင်းကြေး ထပ်ခဲ့ရတာလဲ...”

“တန်ကြေးလား... အဲလောက် တန်ကြေးမရှိပါဘူး...”

အဘွားစစ်က တောင်ဝှေးကို ယူ၍ စစ်ဆေးကြည့်ရှုပြီး သွားဖြဲ၍ ရယ်လိုက်သည်။ “နယ်စပ်နဂါးမြို့တော်ကို မင်းသိလား... ဒီဘုန်းကြီးတောင်ဝှေးက အလွန်ဆုံးမှ အဲဒီနယ်စပ်နဂါး မြို့တော်လောက်ပဲ ဝယ်လို့ရမယ်...”

All Chapters