← Chapters

လေလှိုင်းထိပ်ဖျား

Vol. 3 Ch. 40

လေလှိုင်းထိပ်ဖျား

Vol. 3 Ch. 40

ချင်မူ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဤရိုးရိုးရှင်းရှင်းပုံစံနှင့် ဘုန်းကြီးတောင်ဝှေးက နယ်စပ်နဂါးမြို့တော် တစ်ခုလုံးကို ဝယ်ယူနိုင်သည်တဲ့လား။

“ဒီတောင်ဝှေးကို ခက္ခရာတောင်ဝှေးလို့ ခေါ်တယ်... တောင်ဝှေးထိပ်မှာ အကန့်လေးကန့်နဲ့ ရွှေကွင်းဆယ့်နှစ်ကွင်း ပါတယ်... မဟာမိုးခြိမ်းသံကျောင်းတော်က တထာဂတကိုယ်တိုင် ဖန်တီးထားတာ... လူရိုက်ဖို့လည်း သုံးလို့ရတယ်... နယ်စပ်နဂါးမြို့လောက်တော့ တန်မှာပါ...”

အဘိုးကြီးမာက ရှင်းပြလိုက်သည်။ “ဒါပေမဲ့ ဒီတောင်ဝှေးကို စွမ်းအင်ကျင့်ကြံတဲ့ နေရာမှာ ပိုသုံးတယ်... သူ့ကို ကိုင်ထားရင် အလိုဆန္ဒတွေ၊ စိတ်ခံစားချက်တွေ ထကြွသောင်းကျန်းလာတာနဲ့ ရွှေကွင်းတွေ တချွင်ချွင် မြည်လာလိမ့်မယ်... အဲကွင်းတွေ မြည်လာတာနဲ့ အနှောက်အယှက် ပြုနေတဲ့အတွေးတွေ အကုန်ပပျောက်သွားနိုင်လို့ ဒီတောင်ဝှေးကို စိတ်နှလုံးမိစ္ဆာ ဖယ်ရှားနိုင်တဲ့ ရတနာအဖြစ် သတ်မှတ်ကြတယ်... ဒီရွှေကွင်းဆယ့်နှစ်ကွင်းက အနှောင့်အယှက် ဆယ့်နှစ်မျိုးကို ဖျက်ဆီးပြီး ကိုယ်တွင်းမိစ္ဆာ ဆယ့်နှစ်ပါးကို ဖယ်ရှားနိုင်တယ်၊ မင့်နှလုံးသားထဲမှာ မိစ္ဆာစိတ်ရိုင်း ထကြွတာနဲ့ ဒီကွင်းတွေ တချွင်ချွင် မြည်လာပြီး အဲဒီမိစ္ဆာစိတ်ရိုင်းကို အမှုန့် ဖြစ်သွားစေလိမ့်မယ်... ဒီတောင်ဝှေးထိပ်မှာ အကန့်လေးကန့် ပိုင်းခြားထားတာက လောကီအလိုဆန္ဒတွေ ဖယ်ခွာပြီး သစ္စာလေးပါးတရားမြတ်ကို ကျင့်ကြံဖို့၊ စိတ်အလျဉ် တည်ငြိမ်ပြီး ဈာန်ရဖို့အတွက် ရည်ရွယ်ထားတာပဲ... ဒီတောင်ဝှေးနဲ့ ဆိုရင် စွမ်းအင်ကျင့်ကြံတာ နှစ်ဆမြန်လာလိမ့်မယ်...”

အဘွားစစ်၏ မျက်လုံးများ တစ်မုဟုတ်ချင်း တောက်ပလာပြီး ချင်မူ၏ လက်ထဲမှ ဘုန်းကြီးတောင်ဝှေးကို စိုက်ကြည့်လိုက်၏။ “မူအာ၊ ဘွားဘွားကို အဲဒီတောင်ဝှေး ခဏငှားစမ်းပါ... ဘွားဘွားရဲ့ ရင်ထဲမှာ မိစ္ဆာနတ်ဆိုးကြီးတစ်ကောင် ဝင်ပုန်းပြီး အနှောင့်အယှက် ပေးနေတာ အတော်ကြာပြီ...”

ချင်မူက အဘွားစစ်ကို ခက္ခရာတောင်ဝှေး ကမ်းပေးရင်း စူးစမ်းမေးမြန်းလိုက်သည်။ “ဘွားဘွားရင်ထဲမှာ ဘယ်လိုမိစ္ဆာနတ်ဆိုးမျိုး ရှိနေတာလဲ...”

“အဘိုးကြီးတစ်ယောက်ပါ...”

အဘွားစစ် သက်ပြင်းချလိုက်၏။ သူ့မျက်နှာမှ အရေးအကြောင်းများ ပိုထင်းလာသည်။ “ငါဘယ်လိုလုပ်လုပ် အဲဒီအဘိုးကြီးက မသေနိုင်ဘူး... သူ့ကို အခါတစ်ထောင်ထက် မနည်းဘူး သတ်ခဲ့တာ၊ အခုထက်ထိ အသက်ရှင်ပြီး ငါ့ရင်ထဲမှာ သောင်းကျန်းနေတုန်းပဲ... ဒီဘုန်းကြီးတောင်ဝှေးနဲ့သာ သူ့ကို သတ်နိုင်ခဲ့ရင် အေးအေးချမ်းချမ်း နေနိုင်ပြီ...”

ချင်မူအနေဖြင့် အဘွားစစ်၏ ရင်ထဲမှ မိစ္ဆာနတ်ဆိုးဆိုသည်ကို ကောင်းစွာ သဘောမပေါက်သေးသော်လည်း အဘွားစစ်က ထပ်၍ မရှင်းပြတော့ချေ။ ခက္ခရာတောင်ဝှေးက အဘွားစစ်၏ လက်ထဲသို့ ရောက်သွားသည်နှင့် တစ်မုဟုတ်ချင်း ရွှေကွင်းဆယ့်နှစ်ကွင်းစလုံး ပြင်းထန်စွာ လှုပ်ယမ်းပြီး နားကွဲလောက်အောင် တချွင်ချွင် မြည်လာ၏။

အဘွားစစ်၏ မိစ္ဆာဆန်သည့် ပုံစံက ဟုန်းခနဲ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါ အငွေ့အသက်များ စိမ့်ဖြာလာသည်။ ထိုအရှိန်အဝါ အငွေ့အသက်က သူနှင့် သက်ဆိုင်ပုံမရ။ သူ့ကိုကြည့်ရသည်မှာ အခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင် ထင်ရ၏။

ချင်မူ ခေါင်းမွေးများ ထောင်ထသွားသည်။ အဘွားစစ်၏ ကိုယ်တွင်းတွင် အခြားလူတစ်ယောက် ရှိနေ၏။

မျက်ကန်း၊ အဘိုးကြီးမာ၊ ထော့ကျိုး၊ ဆေးဆရာ၊ ရွှေအတို့မှာလည်း ခေါင်းမွေးများ ထောင်ထသွားသည်။ ဤကြောက်မက်ဖွယ်ရာ အနေအထားကြောင့် သူတို့ပါ ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိကြ၏။

တစ်ခဏမျှ ကြာပြီးနောက် အဘွားစစ်က စိတ်ပျက်သည့်ဟန်ဖြင့် ဘုန်းကြီးတောင်ဝှေးကို ချင်မူ့အား ပြန်ပေးလိုက်သည်။ “ဒီဟာလည်း အဲဒီမိစ္ဆာအိုကြီးကို ဘာမှ မလုပ်နိုင်ဘူး... သောက်ချီးပဲ... ဘာလို့ သူ့ကို သတ်လို့ မရတာလဲ...”

ချင်မူက ဘုန်းကြီးတောင်ဝှေးကို ပြန်ယူပြီး သူ့နောက်ကျောတွင် ဝါးတောင်ဝှေးနှင့်အတူ တွဲချည်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း ဤတောင်ဝှေးက ရှည်လျားလွန်းသဖြင့် လမ်းလျှောက်ရန် အဆင်မပြေချေ။ သို့ဖြစ်၍ လက်ထဲတွင်သာ ကိုင်ထားရတော့၏။

“မင်းက ဘုန်းကြီးမှ မဟုတ်ပဲ... အဲတောင်ဝှေးကို နွားလှည်းပေါ် ပစ်တင်ထားလိုက်...”

အဘိုးကြီးမာက တစ်ဆက်တည်း ကြေညာလိုက်သည်။ “ဒီနေ့ဘုရားပွဲအတွက် စမ်းသပ်မှုကို မင်း အောင်မြင်သွားပြီ... ဆက်တိုက်စရာ မလိုတော့ဘူး... မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ တပည့်ဂိုဏ်းသားကို နိုင်အောင် တိုက်နိုင်တာက ကြီးကျယ်တဲ့ အောင်မြင်မှုတစ်ခုပဲ... ဒါပေမဲ့ မင်ရှင်းက တထာဂတရဲ့ တပည့် မဟုတ်ဘူး၊ သူ့ရဲ့ သိုင်းစွမ်းရည်ကလည်း တထာဂတရဲ့ တပည့်ရင်းအောက် အများကြီး နိမ့်ကျတယ်... ငါပြောချင်တာကို မင်း သဘောပေါက်လား...”

ချင်မူက အလွန်တရာ တန်ဖိုးကြီးလှသည့် ဘုန်းကြီးတောင်ဝှေးကို နွားလှည်းပေါ်သို့ ခပ်ပေါ့ပေါ့ ပစ်တင်ရင်း မေးလိုက်၏။ “တထာဂတရဲ့ တပည့်က ဘယ်လောက် စွမ်းအားကြီးတာလဲ...”

အဘိုးကြီးမာက မျက်နှာသေနှင့် ပြန်ဖြေလိုက်သည်။ “ငါက အရင်တုန်းက တထာဂတရဲ့ တပည့်ပဲ... ငါ့ကို အနိုင်ယူနိုင်ရင် မင်းကိုယ်မင်း အစစ်အမှန် လောကသခင်ခန္ဓာလို့ သတ်မှတ်နိုင်ပြီ...”

ချင်မူ့ရင်ထဲတွင် တုန်လှုပ်သွား၏။ သူတို့နှစ်ယောက် လေ့ကျင့်တိုက်ခိုက်သည့်အခါတိုင်း အဘိုးကြီးမာက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်စဉ်စွမ်းအားကိုသာ အသုံးပြုခဲ့သည်။ သို့တိုင်အောင် အဘိုးကြီးမာ၏ လက်သီးချက်ကြောင့် သူ အညိုအမည်း မစွဲရသည့်နေ့ ဟူ၍ မရှိခဲ့ပေ။

အဘိုးကြီးမာက လက်တစ်ဖက်တည်းသာ ရှိတော့သည့်သူ ဖြစ်၏။ သူ့တွင်သာ လက်နှစ်ဖက်စလုံး ရှိလျှင် မည်မျှ ကြောက်ဖို့ ကောင်းလိုက်လိမ့်မည်နည်း။

သူ့အတွက် ရှေ့ဆက်ရန် လမ်းကြောင်းက အလွန်တရာ ရှည်လျားလှကြောင်း ချင်မူ သိလိုက်သည်။

ဘွားဘွားကြီးဘုရားကျောင်း၏ ဘုရားပွဲမှာ နှစ်ရက်ကြာပြီး ညနေရောက်သောအခါ အတော်များများက ဆိုင်ခန်းများ သိမ်း၍ ဘုရားကျောင်းထဲသို့ နေရာရွှေ့ကြ၏။ ဤဘုရားကျောင်းက အတော်လေး ကျယ်ဝန်းပြီး အစောင့်အရှောက် ကျောက်ရုပ်တုများလည်း ရှိသည်။ ဤသည်က အမှောင်ထု ထိုးဖောက် ဝင်ရောက်လာမည့် ရန်မှ ပုန်းခိုရန် လုံခြုံစိတ်ချရသည့် နေရာတစ်ခုပင် ဖြစ်၏။

ချင်မူ ဘွားဘွားကြီးဘုရားကျောင်းထဲသို့ နွားလှည်းမောင်းဝင်ရင်း ခေါင်းမော့ကြည့်လိုက်သောအခါ အဒရကြယ်နန်းတော်တစ်ခုလုံး ဆည်းဆာနေရောင် ထွန်းလင်းတောက်ပနေသည်ကို မြင်တွေ့ရ၏။

ဘွားဘွားကြီးဘုရားကျောင်းအတွင်းသို့ ရောက်လာသောအခါမှ အဘယ်ကြောင့် အဒရကြယ်နန်းတော်ကို ဘွားဘွားကြီးဘုရားကျောင်းဟု ခေါ်ဆိုကြောင်း သဘောပေါက်သွားသည်။ ဘုရားကျောင်း၏ ပင်မခန်းမရှေ့တွင် ကြင်နာတတ်သော အဘွားအိုတစ်ယောက်ပုံ ရုပ်တုတစ်ခု ထုလုပ်၍ ကိုးကွယ်ထား၏။

ရင်းနှီးနှစ်လိုဖွယ် ပုံပန်းသဏ္ဌာန်ရှိသည့် ဤအဘွားကြီးရုပ်တုမှာ အနီးအနားရွာများမှ အဘွားကြီးအိုများနှင့် ဆင်တူပြီး ဉာဏ်များလှည့်စားတတ်သော မျက်ဝန်းများရှိကာ လွန်စွာပီပြင်၍ အသက်ဝင်လှသည်။

အဘွားစစ်နှင့် တူလှသည်ဟု ခံစားရသဖြင့် ချင်မူ ဤရုပ်တုကို ထပ်ကြည့်လိုက်မိ၏။ ကောင်းကင်မျက်လုံးဖြင့် ကြည့်မိချိန်တွင်တော့ သူ အလန့်တကြား ထခုန်မိသွားသည်။

ရင်းနှီးနှစ်လိုဖွယ်ကောင်းပုံရှိသော ဤအဘွားကြီးမှာ အမှန်တကယ်တမ်းတွင် မီးလျှံကဲ့သို့ ထိန်ထိန်တောက်နေသော အရှိန်အဝါအငွေ့အသက်များ ပြည့်လျှံနေ၏။ သူ၏ ရောင်ဝါအလင်းတန်းများက အလွန်တရာ ကြီးထွားမြင့်မားသော ဝံပုလွေကြီးတစ်ကောင် ကောင်းကင်ဘုံကို ကိုက်ယူဝါးမျိုပစ်တော့မည်ကဲ့သို့ မိုးပေါ်မော့၍ အူနေသည့်အသွင် ဖွဲ့တည်နေသည်။

ပင်မခန်းမအပြင် ဤနေရာ၌ အရှေ့နန်းတော်ခန်းမ၊ ခန်းမငယ်နှစ်ခု၊ အတော်လေး ကျယ်ဝန်းသည့် ပန်းခြံလွတ်တစ်ခုတို့လည်း ရှိ၏။ ပန်းခြံထဲတွင်တော့ ရေမရှိသည့် ရေကန်တစ်ကန် ရှိပြီး ထိုရေကန်ထဲတွင် အရိုးစုများ ရှိနေသည်။

ချင်မူ အနီးကပ် သွားကြည့်သောအခါ ထိုအရိုးစုများက ငါးရိုးများ ဖြစ်မည်ဟု မှတ်ချက်ချမိ၏။ သို့သော်လည်း ဤငါးရိုးက ကြီးမားလှပြီး အရှည်အားဖြင့် ကိုက်နှစ်ဆယ်ခန့် ရှိသည်။ ပို၍ ထူးဆန်းသည်မှာ ဤငါးရိုးက နဂါး တစ်ကောင်၏ ဝိသေသလက္ခဏာများ ပါရှိနေခြင်း ဖြစ်၏။

ထိုသို့ ကြည့်ရှုနေခိုက်တွင် ဆေးဆရာက ဒဏ်ရာများ ဆေးထည့်ပေးရန် လှမ်းခေါ်သဖြင့် သူ သွားလိုက်၏။ ဘေးနားတွင်တော့ ရွှေအနှင့် မျက်ကန်းတို့ ကြက်ဥကြော်နေကြသည်။ ကြက်နဂါးက အုန်းသီးအရွယ်ခန့် ဥတစ်လုံးဥပြီး ဆူဆူညံညံ အော်ဟစ်ပြေးထွက်သွား၏။

ဘွားဘွားကြီးဘုရားကျောင်းထဲတွင် အခြားရွာမှလူများလည်း ညစာချက်ပြုတ်ရန်အတွက် မီးမွှေးနေကြပေပြီ။ နေဝင်မိုးချုပ်၍ ညစာစားပြီးလျှင် အိပ်စက်ရုံသာ ရှိတော့၏။

ထိုအခိုက်၌ ဘုရားကျောင်းအပြင်ဘက်မှ လူရွယ်တစ်ယောက် အမောတကော ပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။ “လက်သည်... ဒီနေရာမှာ လက်သည်တစ်ယောက်လောက် ရှိကြလား... ကျွန်တော့်မိန်းမ မွေးတော့မှာ မို့လို့ပါ...”

ဘုရားကျောင်းထဲရှိ လူအားလုံး သူ့ကို လှမ်းကြည့်လိုက်သော်လည်း မည်သူမျှ အသံမထွက်ကြချေ။

အဘွားစစ်က ထရပ်၍ တုန်တုန်ရီရီနှင့် ပြောလိုက်၏။ “ဟောဒီအဘွားကြီးက ခဏခဏ ကလေးမွေးပေးဖူးလို့ အဲဘက်မှာ အတော်လေး ကျွမ်းကျင်ပါတယ်... မင့်မိန်းမက အောင့်နိုင်လောက်သေးလား… ကောင်းကင်က မှောင်တော့မယ်ကွဲ့... သူသာ မနက်ဖြန် အရုဏ်တက်ချိန်ထိ အောင့်ထားနိုင်ရင် ငါ လိုက်ခဲ့လို့ရပါတယ်...”

ထိုလူရွယ်က ဒူးထောက်ချ၍ ကြမ်းပြင်နှင့် အကြိမ်ကြိမ် ဦးတိုက်လိုက်သည်။ “သူ ထပ်မစောင့်နိုင်တော့ဘူး... ကျွန်တော့်မိန်းမနဲ့ ကလေးကို ကယ်ပေးပါဦးဗျာ၊ ရှိကြီးခိုးပါတယ်... ကျွန်တော့်မိန်းမ မွေးရခက်နေလို့ပါ၊ ရွာမှာရှိတဲ့ လက်သည်ကလည်း မွေးမပေးနိုင်ဘူး ဖြစ်နေတယ်...”

အဘွားစစ်က ဝင်လုဆဲဆဲ နေမင်းကို အခက်တွေ့ဟန်ဖြင့် ကြည့်လိုက်၏။

“ကျွန်တော့်ကို ကူညီပါဦး... တောင်းပန်ပါတယ်ဗျာ...”

ထိုလူရွယ်က နဖူးမှ သွေးစို့လာသည်အထိ ကြမ်းပြင်နှင့် ဦးတိုက်ရင်း အော်ဟစ်ငိုကြွေးလိုက်၏။ “ကျွန်တော့်မိန်းမရဲ့ အရင်ကိုယ်ဝန်တွေတုန်းကလည်း အသေလေးတွေပဲ မွေးခဲ့တာ... ဒီကလေးပါ သေသွားရင် ကျွန်တော့်မျိုးဆက် ပြတ်ရတော့မယ်...”

အဘွားစစ် အံ့အားသင့်သွားသည်။ “အကုန်လုံး အသေလေးတွေပဲ မွေးလာတာလား...”

ထိုလူရွယ်က ခေါင်းကို အဆက်မပြတ် ညိတ်လိုက်၏။ အဘွားစစ်က သံသယနှင့် မေးလိုက်သည်။ “မွေးရခက်တယ်ဆိုရင် သေချာပေါက် အသေမွေး မဟုတ်ဘူး... တစ်ခုခု ထူးဆန်းတာ ရှိနေပြီ... မင်းတို့ရွာက ဒီကနေ တော်တော် ဝေးလား...”

“မဝေးပါဘူး... ဒီဘွားဘွားကြီးဘုရားကျောင်းကနေ ခုနစ်မိုင်ပဲ ရှိပါတယ်...”

အဘွားစစ်က ဝင်လုဆဲဆဲနေမင်းကို တစ်ချက်ကြည့်၍ သက်ပြင်းချလိုက်၏။ “ခုနစ်မိုင်... ဒီနားက ကျန်းစံအိမ်လား... အဲဒါဆို ညမရောက်ခင် အမီသွားနိုင်ပါလိမ့်မယ်... မျက်ကန်း၊ မူအာ... ငါနဲ့ လိုက်ခဲ့... အဲဒီမှာ သံသယဖြစ်စရာ တစ်ခုခု ရှိနေပြီ...”

ချင်မူ အံ့အားသင့်မိသွားသည်။ အဘွားစစ်က ပုံမှန်အားဖြင့် ဒေါသကြီး၍ ကြမ်းတမ်းသူတစ်ဦး ဖြစ်ပြီး ဤသို့ စိတ်ရင်းကောင်းသည့်သူတစ်ယောက် ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့မိချေ။

လူရွယ်က ကမန်းကတန်း ထရပ်ပြီး ကျန်းစံအိမ်ရှိရာသို့ ခြေကုန်သုတ် ပြေးသွားတော့သည်။ သူက သိုင်းသမားတစ်ယောက် ဖြစ်သဖြင့် အတော်လေး လျင်မြန်စွာ ပြေးနိုင်၏။ ရွာအရောက် နောက်ကျမည်စိုးသဖြင့် ပြန်လှည့်အကြည့်တွင် အဘွားစစ်၊ မျက်ကန်းတို့သာမက ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကောင်လေးကပင် သူ့ကို အမီလိုက်လာနိုင်ကြောင်း တွေ့ရသည်။

“မင်းက အတော် နှေးတာပဲ...” အဘိုးကြီးမျက်ကန်းက ပြောလိုက်၏။ “မူအာ... သူ့ကို ကျောပိုးပြီး နေမဝင်ခင် အမီရောက်အောင် ပြေးစမ်း...”

ချင်မူက တစ်မုဟုတ်ချင်း ရှေ့သို့ ကျော်တက်၍ ထိုသူ့ကို ကျောကောက်ပိုးပြီး သတိပေးလိုက်သည်။ “ကျွန်တော့်နောက်ကျောက ဓားမကို သတိထားဦးနော်... ရှမယ်...”

ထိုသူက ကမန်းကတန်း ပြောလိုက်၏။ “ငါ့ကို ချပေး... ငါ့ကို ကျောပိုးထားရင် မင်း မြန်မြန် ပြေးနိုင်မှာ မဟုတ်ဘူး...”

သူ့စကား မဆုံးမီပင် ချင်မူက တောအုပ်ထဲမှ ခုန်ထွက်၍ သစ်ပင်ထိပ်ဖျားများပေါ်မှ ပြေးလွှားလိုက်သဖြင့် နားထဲတွင် လေတိုးသံတဝှီးဝှီး မြည်ဟည်းသွားတော့သည်။

လေတိုးသံတဝှီးဝှီးက ကျယ်သည်ထက် ကျယ်လာသဖြင့် ထိုလူရွယ်မှာ အံ့ဩတုန်လှုပ်သွား၏။ သူ့ကို ထမ်းပိုးထားသည့် ကောင်လေး ပြေးလွှားနေသည်ကလည်း မြန်သည်ထက် မြန်လာသဖြင့် သူ့စိတ်ထဲမှ တွေးလိုက်မိသည်။ “ဒီညီလေးက ဘယ်လိုများ ကျင့်ကြံ အားထုတ်ခဲ့သလဲ မသိဘူး... ငါ့ထက် အများကြီး သန်မာတာပဲ...”

ချင်မူက ပြေးရင်းလွှားရင်းနှင့် လေပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခံစားရလာပြီး စိတ်ထဲမှ တွေးလိုက်မိ၏။ “ဘိုးဘိုးထော့ကျိုးပြောဖူးတာ သူ ဝိညာဉ်သန္ဓေသားအဆင့်မှာ ခန္ဓာကိုယ်သန့်စင်တုန်းက လေလှိုင်းထိပ်ဖျားပေါ်မှာ လမ်းလျှောက်နေခဲ့တာတဲ့... ငါလည်း လေလှိုင်းထိပ်ဖျားကို ရှာနိုင်ရင် လေပေါ်မှာ လမ်းလျှောက်နိုင်မလား မသိဘူး... ဒါပေမဲ့ လေလှိုင်း ထိပ်ဖျားဆိုတာ ဘယ်လိုမျိုးကြီးလဲ...”

ယခု သူက ပြေးလွှားရင်းတန်းလန်း ဖြစ်သဖြင့် ထိုကိစ္စကို စဉ်းစားနေရန် အချိန်မရှိပေ။ သူ့နောက်ကျောပေါ်မှ လူရွယ်မှာ အဘွားစစ်နှင့် မျက်ကန်းတို့ လိုက်မမီမည် စိုးရိမ်သဖြင့် နောက်လှည့်ကြည့်လိုက်ရာ ထိုအဘိုးကြီး၊ အဘွားကြီး နှစ်ယောက်စလုံးက ချင်မူ့နောက်မှ တင်ပျဉ်ခွေ ထိုင်လျက်သား လိုက်ပါလာကြကြောင်း တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်စလုံးက ချင်မူပြေးလွှားရာမှ ဖြစ်ပေါ်လာသော လေပွေလှိုင်း၏ ခေါ်ဆောင်ရာအတိုင်း လိုက်ပါလာခြင်း ဖြစ်ပြီး ချင်မူ့နောက် ခြေတစ်လှမ်းမျှ ပြတ်မကျန်ခဲ့ကြချေ။

“ဒါ ဘယ်လို ကျင့်စဉ်မျိုးလဲ...”

သူ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ နေလုံးကြီးက ဝင်သွားပြီ ဖြစ်ပြီး အမှောင်ထုက အနောက်ဘက်အရပ်ဆီမှ အုံဖွဲ့တက်လာကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို လွှမ်းခြုံ ဝါးမျိုသွား၏။

ချင်မူ၏ ပြေးနှုန်းနှင့် ကျန်းစံအိမ်ကို ခပ်ဝေးဝေးမှ လှမ်းမြင်လာရပြီး အမှောင်ထု ရောက်မလာမီ ထိုနေရာသို့ ရောက်အောင် တစ်မုဟုတ်ချင်း အားကုန်ထုတ် ပြေးလိုက်သည်။

ဝှစ်...။

သူ့ကိုယ်သူ ကိုယ်ရှိန်သတ်လိုက်နိုင်သော်လည်း သူ့နောက်မှ အားကောင်းသည့် လေလှိုင်းအဟုန်က ရှေ့သို့ ဆက်လက်တိုက်ခတ်သွား၏။ လေလှိုင်းပေါ်မှ ထိုင်လျက် လိုက်ပါလာသော အဘွားစစ်နှင့် မျက်ကန်းမှာ ရှေ့သို့ ကိုက်ပေါင်းများစွာ လွင့်မျောပါသွားပြီးမှ မြေပေါ်သို့ ခြေချ၍ မတ်တတ်ရပ်လိုက်ကြသည်။

ချင်မူမှာ တစ်ခဏမျှ မှင်တက်နေပြီးမှ အားရပျော်မြူးသွား၏။ “လေလှိုင်းထိပ်ဖျား... ဒါ လေလှိုင်းထိပ်ဖျားပဲ...”

All Chapters