ထိပ်သီးတာအိုဂိုဏ်း
Vol. 36 Ch. 499
မိုဝူကျီက ယခု မည်သူကိုမှ ရန်မစချင်သည့် အတွက် မုရုန်ရှန်းယွီနောက်မှ မည်သို့ အသာလေး လိုက်သွားနိုင်မည်နည်း။ သူက သက်ပြင်းချကာ ပြောလိုက်သည် “ မင်း အရင်ပြန်နှင့် ... ဒီမှာ လုပ်စရာတွေ ကျန်သေးတယ်။ အဲဒါတွေ ပြီးသွားမှ လာတွေ့လှည့်မယ် ”
ထိုသို့ ပြောပြီးနောက် ကျီယွဲ့ကို ပြောလိုက်သည်
“ ဂျုနီယာညီမလေး ယွဲ့ ... မင်းလည်း ပြန်သင့်ပြီ။ တျန်းယုနဲ့ ကျုပ် ပြောစရာတွေ ရှိသေးတယ် ”
မိုဝူကျီက အကြံကြီးကြီး တွေးထားခြင်း ဖြစ်၏။ ဤအမျိုးသမီး နှစ်ယောက်ကို ပြန်လွှတ်ပြီးသည်နှင့် သူက ကမ္ဘာအဆုံး တစ်ဖက်ထိ ပြေးတော့မည် ဖြစ်သည်။
သို့သော်လည်း ထိုအမျိုးသမီးများက ဖြေရှင်းဖို့ရာ လွယ်ကူမည့်ပုံ မပေါ်ပေ။ ကျီယွဲ့က လက်ရှိ ယန်းယဲ့မှာ အတိတ်တုန်းမှ လူနှင့် ခြားနားနေကြောင်း သတိပြုမိဟန် ရှိ၏။ သူမက အကယ်၍ ထွက်သွားလိုက်လျှင် ယန်းယဲ့ကို ထပ်မြင်ရတော့မည် မဟုတ်ကြောင်း အလိုလို ခံစားမိနေသည်။ သူမက ဤပြောင်းလဲမှုမှာ အဆိပ်ကြောင့် ဖြစ်မှန်း မှန်းဆမိသော်လည်း သူမ အနေဖြင့် သူ့အကူအညီကို လိုအပ်နေသေး၏။ အကယ်၍ ယန်းယဲ့သာ မကူညီနိုင်လျှင် သူမက ကျီမျိုးနွယ်စုမှ မည်သို့ ထွက်သွားရမည်နည်း။
ယန်းယဲ့ လက်ထဲ ရှိနေသည့် မျိုးနွယ်စု ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြွေး တစ်ခုတည်းကပင် သူမအား ကျီမျိုးနွယ်စုမှ လွတ်မြောက်စေလိမ့်မည်။ ယန်းယဲ့ အဆိပ်ခံရပြီးနောက် သူမအပေါ် ယန်းယဲ့၏ သဘောထားမှာ ရုတ်ခြည်း ပြောင်းလဲ သွားတော့သည်။ ယန်းယဲ့၏ ဇနီးဖြစ်သူက ပြဿနာ မရှာလျှင်ပင် သဘောထား ပြောင်းလဲသွားခြင်းက သူမ အကြံပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိစေ၏။
“ ဟင့်အင် .... ကျမ ပြန်မသွားချင်ဘူး ။ အစ်ကိုကြီးယဲ့ ကျမလေ .... ” ကျီယွဲ့ မျက်လုံးများ၌ ဝမ်းနည်းကြေကွဲသည့် အရိပ်အယောင်များ ကြီးစိုးနေကာ မိုဝူကျီအား မျှော်လင့်တကြီး ကြည့်နေသည်။
မိုဝူကျီက ကျီယွဲ့ မျက်နှာပေါ်မှ စိတ်ထိခိုက်နေသည့် အမူအရာကို အလွယ်လေး လျစ်လျူရှုလိုက်၏။
မင်းကို ယန်းမျိုးနွယ်စုဆီ ခေါ်သွားရမှာလား ... ကျုပ် မိုဝူကျီက နှစ်နည်းနည်းလောက် အသက်ဆက်ရှင် သေးချင်ပါ့ဗျာ ....
ကျုပ်ကို တွေ့ရာလူ တစ်ယောက်က တောက်လိုက်ရင်တောင် လွင့်ထွက်သွားမဲ့ ကျင်းရှန်းအဆင့် ကျင့်ကြံသူလေးပါ ... ဒီလိုမျိုး အရေးမပါတာတွေ လုပ်ဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ ....
“ ယန်းယဲ့ ... အခု ကျမ နောက် လိုက်မလာလည်း ရတယ်။ ဒါပေမဲ့ ကျမ ထွက်သွားပြီးရင် ရှင့်ကို လာခေါ်တာမျိုးလောက် ရိုးရှင်းတော့မှာတော့ မဟုတ်ဘူး ” မုရုန်ရှန်းယွီ၏ လေသံမှာ အေးစက်နေသည်။
မိုဝူကျီက ဒေါသူပုန်ထသွားပြီး
“ ဂိုဏ်းကြီးဖြစ်တဲ့ ယန်းမျိုးနွယ်စုဝင် ငါက မင်းကို ကြောက်နေရမှာလား။ မင်းက ငါ့ကို အစွန်းထိ ပို့ရင် ယန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဆီ တန်းသွားရုံပဲ ”
အကယ်၍ သူက မှန်မှန်ကန်ကန် မှတ်မိလျှင် လက်ရှိခေါင်းဆောင် ယန်းချီမှာ ယန်းယဲ့၏ အဘိုးဖြစ်နေလေသည်။
ဟားဟား .....
မုရုန်ရှန်းယွီက မိုဝူကျီ၏ ဒေါသစကားကို ကြားသောအခါ တိတ်ဆိတ် သွားလေ၏။ ယန်းတျန်းယုက မိုဝူကျီနား ကပ်ကာ တီးတိုးပြောလိုက်ရသည်
“ ခေါင်းဆောင်က အခု တံခါးပိတ် ကျင့်ကြံနေတာလေ၊ ရှေ့တက်လှမ်းပြီး အင်မော်တယ် အုပ်စိုးသူ တစ်ယောက် ဖြစ်ဖို့ ကြိုးစား နေတုန်းဆိုတော့ သူ့ဆီက သတင်းမရသေးဘူး။ ပြီးတော့ ဂျုနီယာညီမလေး ရှန်းယွီက ထိပ်သီးတာအို ဂိုဏ်းကလေ။
ပြောရရင် သူတို့ဂိုဏ်း အထွတ်အထိပ် တည်ရှိမှု ဖြစ်တုန်းက အင်မော်တယ် ဧကရာဇ်အဆင့် ကျင့်ကြံသူ အများကြီး ရှိတာဆိုတော့ အဲဒီအချိန်တုန်းက ဓားတစ်လက် ဂိုဏ်းတောင် ထိပ်သီးတာအို ဂိုဏ်းကို လေးလေးစားစား ဆက်ဆံကြရတယ်။ အခုတောင် ထိပ်သီးတာအိုဂိုဏ်းက ဓားတစ်လက် ဂိုဏ်းလောက် မဆိုးဘူး ”
မိုဝူကျီက ခဏတာ တိတ်ဆိတ်မိသွားသည်။ သူက ယန်းတျန်းယု စကားနောက်မှ အဓိပ္ပါယ်ကို နားလည်ပေ၏။ သူ့အဘိုး ယန်းချီမှာ ပါးမွှား တစ်ယောက်အပြင် မပိုပေ။ တစ်ချိန်တည်းတွင် အင်မော်တယ် ဘုရင်အဆင့် အထက်၌ အင်မော်တယ် အုပ်စိုးသူ နှင့် အင်မော်တယ် ဧကရာဇ်အဆင့်တို့ ရှိကြောင်း သိလိုက်ရသည်။
အင်မော်တယ်လောကမှာ အမှန် ကြောက်ဖို့ ကောင်းလေသည်။ သူက ပါးမွှားမျှသာ ဖြစ်၏။
“ ထိပ်သီးတာအိုဂိုဏ်းမှာ အခု အင်မော်တယ် ဧကရာဇ် အဆင့် ကျင့်ကြံသူ မရှိတော့ဘူးလား ” မိုဝူကျီက သိချင်စွာ မေးလိုက်သည်။
ယန်းတျန်းယုက မိုဝူကျီကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ သူက မိုဝူကျီသည် ဤသို့သော အချိန်မျိုး၌ အသုံးမဝင်သည့် မေးခွန်းများ အဘယ်ကြောင့် မေးနေခြင်းကို နားမလည်နိုင်ပေ။ သို့သော်လည်း သူက လေးလေးနက်နက် ဖြေကြား ပေးလိုက်သည်။
“အဲလိုတော့ ပြောကြပေမဲ့ တခြား ပြောကြတာတွေလည်း ရှိသေးတယ်။ အဲလို ပြိုင်ဖက်ကင်း ဂိုဏ်းမျိုးက အင်မော်တယ် ဧကရာဇ်အဆင့် ရှိ၊ မရှိကို ဘယ်သူက သိမှာလဲ
ပိုပြီး အရေးကြီးတာက ထိပ်သီးတာအိုဂိုဏ်းက သူတို့ခံစားချက်တွေကို ဘေးချိတ်ထားပြီးတော့ အပြင်းအထန် ကျင့်ကြံကြတာ။
ဂျုနီယာညီမလေး ရှန်းယွီက ဂိုဏ်းထဲ ဝင်ထားတာ မကြာသေးတော့ ခံစားချက်အချို့ ရှိနေတုန်းပဲ။ သူမက ကြယ်ခြောက်လုံး ပါရမီရှင်လေ။ တကယ်လို့ မင်းက ဂျုနီယာညီမလေး ရှန်းယွီရဲ့ ဆရာကို ရန်စမိရင် ဒါမှမဟုတ် ထိပ်သီးတာအိုဂိုဏ်းကို ရန်စမိရင် မင်းတစ်ယောက်တည်း ကပ်ဘေးနဲ့ ရင်ဆိုင်ရမှာ မဟုတ်ဘူး။
ငါတို့ ယန်းမျိုးနွယ်စု တစ်ခုလုံးလည်း လွတ်မှာ မဟုတ်ဘူး ”
ထိုသို့ ပြောပြရင်း ယန်းတျန်းယု၏ မျက်ဝန်း၌ စိုးရိမ်ကြောင့်ကြမှုကို မြင်တွေ့လိုက်ရသည်။ မုရုန်ရှန်းယွီက ယန်းယဲ့ကို ဖြစ်ဖြစ် ယန်းမျိုးနွယ်စုကို ဖြစ်ဖြစ် မလေးမစား ပြုမူ၍ အဆင်ပြေ သော်လည်း ယန်းယဲ့က မုရုန်ရှန်းယွီကို မလေးမစား ပြုမူဖို့ရာကျ အဆင်မပြေပေ။
မိုဝူကျီက ယန်းတျန်းယု စကားနောက်မှ အဓိပ္ပာယ်ကို နားလည်ပေ၏။ သူက မုရုန်ရှန်းယွီကို ရန်စမိပါက သူက ယန်းချီကို ဘာမှ ပြောနိုင်မည် မဟုတ်ပေ။ အကယ်၍ ယန်းချီကို အကုန် ပြောလိုက်လျှင်ပင် ယန်းချီက သူ့ခြေထောက် ရိုက်ချိုး၍ ထိပ်သီး တာအိုဂိုဏ်းကို ပြေလည်ပြေကြောင်းအဖြစ် ပို့လွှတ်လိုက်လိမ့်မည်။
မိုဝူကျီက သက်ပြင်းချလိုက်လေ၏။ သူက ယခု တကယ့်ပါးမွှား ဖြစ်နေကြောင်း သိလိုက်သည်။ သူက ကျီယွဲ့ ခံစားချက်များကို တုံ့ပြန်ဖို့ရာ စိတ်ထဲ မထားဘဲ မုရုန်ရှန်းယွီကိုသာ ပြောလိုက်သည်
“ ဒီလိုဆိုမှတော့ သွားကြတာပေါ့ ”
သူ့စိတ်ထဲ၌ ကြယ်ခြောက်လုံး ပါရမီရှင်မှာ မည်သည့်အရာ ဖြစ်ကြောင်း မေးလိုသည်။ သူက လခြမ်းကွေး အကျဉ်းထောင်တွင် ရှိစဉ်က ထိုအရာကို မြင်ဖူးပေ၏။ ထိုအချိန်အတွင်း လခြမ်းကွေး အကျဉ်းထောင်မှ ကျင့်ကြံသူ အားလုံးမှာ ကြယ်အဆင့် ပါရမီရှင်များ ဖြစ်ကြသည်။ သို့သော်လည်း မိုဝူကျီက ထိုသို့မျိုး မေးခွန်းကို မေးလိုက်လျှင် ထိုအရာမှာ သာမန်သိသင့်သည့် ဗဟုသုတ ဖြစ်နေ၍ သူဇာစ်မြစ်မှာ ယန်းယဲ့ မဟုတ်ကြောင်း ပေါ်ပေါက် သွားလိမ့်မည်။
မုရုန်ရှန်းယွီက မိုဝူကျီ စကားများ ကြားသောအခါ သူမက ရှင်းမပြဘဲ ဤအတိုင်း လှည့်ထွက် သွားလေ၏။
မိုဝူကျီက ဘာစကားမှ မဆိုဘဲ မုရုန်ရှန်းယွီနှင့် လှည့်ထွက်သွားသည်ကို မြင်သောအခါ ကျီယွဲ့က ခေါင်းငုံ့ ထားမိဆဲ ဖြစ်သည်။ သူမ မျက်လုံးမှာ မှုန်မှိုင်းနေပြီး သူမ စိတ်ထဲ၌ ဒေါသတရားနှင့် အတူ အမုန်းတရားတို့ ကြီးစိုးနေလေသည်။
ယန်းယဲ့က သူ့ကတိကို ဘာမှ မပြောသည်က အတော်သင့် ဖြစ်သော်လည်း သူက သူမကို လျစ်လျူရှု ထားလေ၏။
ဒီလူ ဘာလို့ အသက်မဲ့ လျှို့ဝှက်နယ်မြေကို ဝင်ခဲ့ရလဲဆိုတာ မေ့သွားပြီလား .. အားလုံး သူမ ကျီယွဲ့ ကြောင့်သာ ဖြစ်ပေ၏။
“ သခင်မလေး ” ကျီလီက ဘေးနားမှ ခေါ်လိုက်သည်။
ကျီယွဲ့က အသက်ပြင်းပြင်း ရှုလိုက်ပြီး နေရာမှ စည်ကား သက်ဝင်နေသည်ကို တစ်ချက် ကြည့်ပြီးနောက် မိုဝူကျီ ပျေက်ကွယ် သွားသည့်နေရာသို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ဒီလူကို မှီခိုနေလို့ မရတော့ဘူး။ ဒုတိယလမ်းကြောင်း ရွေးရမယ် ”
သူမကို လိမ်ညာရဲသည့် အမျိုးသား ယန်းယဲ့ကို မေ့မပစ်နိုင်ပေ။ သူမ ကျီယွဲ့က အလွယ်တကူ လိမ်ညာခံမည့်သူ မဟုတ်ပေ။ အထူးသဖြင့် သူမ ရိုးရိုးသားသား ယုံကြည်ချင်မိသည့် လူအပေါ်မှ ဖြစ်သည်။
သို့သော်လည်း ထိုအရာမှာ သူမ၏ သီးသန့်အမြင် တစ်ခုသာ ဖြစ်ပေသည်။ မိုဝူကျီ အမြင်အရ သူ့အနေဖြင့် သူမက သူ့အပေါ် အလေးအနက်ထား၍ ယုံကြည်ချင်၍ မဟုတ်ဘဲ အပြည့်အဝ အသုံးချ လိုသောကြောင့်သာ ဖြစ်နေလေသည်။ သူမ သဘောတရားအရ သူမ ကျီယွဲ့ဆီမှ အသုံးချခံရခြင်းသည် ယန်းယဲ့၏ ဂုဏ်ယူမှုနှင့် ကံကောင်းမှုသာ ဖြစ်၏။ သို့သော်လည်း ယန်းယဲ့က သူမ၏ ကြင်နာမှုကို မသိတတ်ဘဲ လျစ်လျူရှုရန် ရွေးချယ်ခဲ့သေး၏။
မိုဝူကျီက မုရုန် ရှန်းယွီနောက်မှ လိုက်သွားရင်း တစ်ပတ် လျှောက်လိုက်ရသည်။ ထိုအခါမှ ဂိုဏ်းအသေးလေးဟန် ပေါ်နေသည့် ယာယီနေရာရှေ့ဆီ ရောက်ရှိလာသည်။ သူမက ထိပ်သီး တာအိုဂိုဏ်း ဟု ပြသထားသည့် အရိပ်အယောင်ပင် မတွေ့ပေ။
မုရုန်ရှန်းယွီက လှည့်ကာ မိုဝူကျီကို ကြည့်လိုက်သည်။ ထို့နောက် သူမက ဆေးတစ်လုံး ပေးကာ ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်
“ ဒါက မျက်နှာမွမ်းမံ ဆေးလုံးပဲ ... သောက်ပြီးမှ ကျမ နောက်လိုက်ဝင်ခဲ့ .... ”
ထိုသို့ပြောပြီး သူမက တံခါး အသေးလေးထဲသို့ ဝင်သွားသည်။
မိုဝူကျီက ဆေးလုံးကို သူ့သိုလှောင် လက်စွပ်အတွင်း ပစ်ထည့်လိုက်သည်။ သူ့တွင် ထိုသို့မျိုး ဆေးလုံးမျိုး ရှိပေရာ ထိပ်သီးအဆင့်ပင် ဖြစ်၏။ သူ ... မိုဝူကျီက မျက်နှာသွင်ပြင်ကို ပြန်လည် မွမ်းမံလိုလျှင် ဆေးလုံး လိုအပ်နေမည်လား။
ထိုစဉ် သူက သူ့ရုပ်ရည်ကို အာရုံလုံးဝ မရှိဘဲ ဤနေရာမှာ ထိပ်သီးတာအိုဂိုဏ်း ဟုတ်၊ မဟုတ်သာ စိတ်ဝင်စား နေသည်။ ထိုအရာက ယန်းတျန်းယု ပြောဆိုချက်များနှင့် မကိုက်ညီပေ။ ထိပ်သီး တာအိုဂိုဏ်း၏ ယာယီနေရာက သူတို့ ယန်းမျိုးနွယ်စုထက်ပင် သေးငယ် နေရုံသာမက မထင်မရှား ဖြစ်နေသေး၏။
သူ့စိတ်ထဲ၌ သံသယများ ပြည့်နေသော်လည်း မိုဝူကျီက တံခါး အသေးလေးထဲသို့သာ ဝင်သွားလိုက်သည်။
သူ ဝင်လိုက်သည်နှင့် မိုဝူကျီက ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။ ထို့နောက် သူ့နောက်မှ တံခါးမှာ ရုတ်ခြည်း ပျောက်ကွယ် သွားသောကြောင့် မိုဝူကျီ၏ ပထမဆုံး တုံ့ပြန်မှုမှာ မြန်မြန် နောက်ဆုတ် လိုက်ခြင်း ဖြစ်ပေသည်။ ဤနေရာမှာ နေရာကောင်း တစ်ခု မဟုတ်ပေ။
သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ထားလိုက်ရသည်။ သူ့လက်ရှိ အနေအထားနှင့် ကျင့်ကြံဆင့်ကို ကောင်းကောင်း သိ၍ တစ်ယောက်ယောက်က သူ့ကို သတ်လိုလျှင် ကြီးကြီးမားမား ကြံစည်နေစရာ မလိုအပ်ပေ။ အကြောင်းပြချက် တစ်ခု ပေးပြီး သူ့အား အဆုံးသတ်ပစ်၍ ရပေသည်။ မုရုန်ရှန်းယွီ၏ ဆရာကို ဆိုမထားနှင့် မုရုန်ရှန်းယွီ ကိုယ်တိုင်ပင် သူ့ထက် များစွာ အားကောင်း ပေသည်။ မိုဝူကျီက သူမမှာ ရွမ်ရှန်းအလယ်အလတ်အဆင့် ဖြစ်လိမ့်မည်ဟု မှန်းဆမိထားသည်။ အကယ်၍ သူမနှင့်သာ ရင်ဆိုင်ရလျှင် သူ့၌ ရွေးချယ်စရာ တစ်ခုသာ ရှိပေသည်။
ထွက်ပြေးရမည် ....
သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းထားပြီးနောက် မိုဝူကျီက နေရာကို စစ်ဆေး ကြည့်လိုက်သည်။ မိုဝူကျီကို အံ့အားသင့် သွားစေသည်က ဤနေရာမှာ အင်မတန် ကျယ်ဝန်း နေရုံသာမက ဧရာမနန်းတော်ကြီးကဲ့သို့ ဖြစ်၏။ ထိုအရာမှာ တည်နေရာ မှော်ရတနာ အမျိုးအစား ဖြစ်ကြောင်း သိလိုက်သည်။
နန်းတော်နှင့် တစ်ခုတည်းသော ခြားနားချက်မှာ အတွင်းပိုင်း၌ ရိုးရှင်းနေပြီး နန်းတော်ကဲ့သို့ ထည်ဝါခမ်းနားမှုမျိုး မရှိပေ။
ခန်းမအကျယ်ကြီး အလယ်၌ ခရမ်းရောင် ဝတ်ရုံဖြင့် မိန်းမလှလေး တစ်ဦး ထိုင်နေသည်။ မိုဝူကျီ၏ အမြင်အရ ထိုအမျိုးသမီးမှာ သူ့ထက် နှစ်နှစ်၊ သုံးနှစ်သာ ကြီးပေလိမ့်မည်။ သို့သော်လည်း မိုဝူကျီက ထိုမျှ မကဘဲ အနည်းဆုံး နှစ်သောင်းချီ ကြီးသော အဖွားကြီး ဖြစ်လိမ့်မည်မှန်း သေချာ၏။
မုရုန်ရှန်းယွီက ခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးနောက်တွင် ရပ်နေသည်။ ထိုခရမ်းရောင် ဝတ်ရုံနှင့် အမျိုးသမီးဘေးတွင် ဘရိုကိတ်ဝတ်ရုံဖြင့် ထိုင်နေသော လူလတ်အမျိုးသား တစ်ဦး ရှိပေသည်။ ထိုအမျိုးသား နောက်တွင်လည်း နောက်ထပ် လူတစ်ယောက် ရပ်နေကြောင်း သိလိုက်သည်။ ထိုသူမှာ မြင့်မြတ်သည့် သွင်ပြင်ဖြင့် လူငယ်လေး ဖြစ်ပြီး သူ့ကြီးမြတ်မှုများက မိုးကြိုး အမာရွတ်များဖြင့် မိုဝူကျီထက် အပုံကြီးသာပေသည်။
မုရုန်ရှန်းယွီက မိုဝူကျီက သူမ ပေးသည့် ဆေးလုံးကို မသောက်ခဲ့ကြောင်း သိ၍ မျက်မှောင် အနည်းငယ် ကျုတ်မိလိုက်သည်။
“ ယန်းယဲ့ .... ရှန်းယွီက မင်းကို လက်ထပ်ထားတာ နှစ်တွေလည်း ကြာနေပြီ။ ဒီတစ်ခါတော့ ရှန်းယွီကို သူမဘာသာ လောကီရေးရာ ကိစ္စဆက်နွှယ်မှုတွေကနေ ဖယ်ရှားနိင်ဖို့ ကူညီပေးရမယ်။
အဲဒါကြောင့် မင်းဆီမှာတောင်းဆိုချင်တာ ရှိရင် စိတ်ကြိုက်ပြောပါ။ အားလုံး ဖြည့်ဆည့် ပေးမယ် ”
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မိုဝူကျီကို ကြည့်ကာ ပြောလိုက်သည်။ သူမ အသံမှာ တည်ငြိမ်နေပြီး ခံစားချက်များမှ လွတ်မြောက်သွားဟန် ရှိ၏။
ဖြည့်ဆည်း ပေးမယ်တဲ့လား ...
မိုဝူကျီက ရည်မှန်းချက် ကြီးမားသူ ဖြစ်၍ ထိုစကားလုံးကို ကြားသည့်အခါ မလိုလား အပ်သည့် အတွေးများ တွေးမိလိုက်သေး၏။ ထိုအတွေးများကို ဖယ်ရှား ပစ်လိုက်နိုင်သည်က ကံကောင်း လှပေသည်။ ထိုလူများမှာ မွန်းစတားများ ဖြစ်ကြ၍ သူ့အတွေးကိုသာ သိသွားပါက အုတ်ဂူမရှိဘဲ ရက်ရက်စက်စက် သေဆုံးရလိမ့်မည်။
သို့သော်လည်း သူက မုရုန်ရှန်းယွီနှင့် လက်ထပ်လိုက်ခြင်းက သူမကို ဖြည်းဖြည်းချင်း လောကီ အနှောင့်အဖွဲ့များမှ ဖယ်ရှားလိုက်ဖို့ ကူညီပေးသည့် ဆိုသော အချက်ကို လုံးဝ နားမလည်ပေ။ သဘောတရား အရဆိုရလျှင် ကွာရှင်းခြင်းက ထိုသို့လုပ်ဆောင်ပေးခြင်း ဖြစ်၏။
သူက ဘာကိုမျှ မတောင်းဆိုတော့ဘဲ လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်
“ ယန်းယဲ့က စီနီယာကို နှုတ်ဆက်ပါတယ်။ ကျတော်ဆီမှာ ဘာတောင်းဆိုစရာမှ မရှိပါဘူး။ ရှန်းယွီကို ကူညီပေးနိုင်တာကိုက ကျတော်တို့ ယန်းမျိုးနွယ်စုရဲ့ ဂုဏ်ယူစရာ ဖြစ်ပြီးတော့ ကျွန်တော်ရဲ့ အိပ်မက်ပါ .... ”
ဘာကိုများ တောင်းဆိုနေရဦးမှာလဲ ...
မိုဝူကျီအတွက် ယခုအချိန် ထွက်သွားနိုင်ခြင်းက အကြီးမားဆုံး တောင်းဆိုချက် ဖြစ်၏။ လောကီသံယောဇဉ်က ဘာလဲ .... ခံစားချက် ဖယ်ရှားတာရော ဘာလဲ ... နားထားစမ်းပါ ...
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မိုဝူကျီ၏ တောင်းဆိုချက် မရှိသည့် အကြောင်းကို ကြား၍ ကျေနပ်သွားလေ၏။ သူမက ခေါင်းညိတ်ကာ “ ဒီနေ့ မင်းကို ခေါ်လိုက်တာက မင်းကို လုပ်စေချင်တဲ့ တစ်ခု ရှိလို့ပဲ ”
“ စီနီယာ ... ညွှန်ပြပေးပါ။ တကယ်လို့ ကျတော် ကူညီနိုင်တာ ရှိရင် ကျတော် ယန်းယဲ့က မီးပင်လယ်ပဲ ဖြတ်ရ ဖြတ်ရ၊ ဆူးတောင်ကိုပဲ တက်ရ တက်ရ ကိစ္စမရှိပါဘူး။ အကုန်လုပ်ပေးပါ့မယ် ”
မိုဝူကျီက သူ့ရင်ဘတ်ကို ပုတ်ကာ ယန်းယဲ့၏ ဝန်ထုပ်ကြီးကို လွှတ်ချ လိုက်တော့သည်။ ယခု သူက ဤနေရာမှ မြန်မြန် ထွက်သွားဖို့ရာသာ ဆန္ဒရှိနေသည်။
“ ကောင်းတယ်။ ကျားကို ခေါင်းလောင် တပ်ပေးတဲ့သူကို တပ်ပေးတဲ့သူပဲ ပြန်ဖြေပေးရမယ်ဆိုတဲ့ စကားပုံ ရှိတယ်မလား။ ဒီနှစ်တွေမှာ မင်းက ရှန်းယွီကို လက်ထပ် ထားတယ်ဆိုပေမဲ့ ရှန်းယွီကို ဖြူဖြူစင်စင် ထားပေးခဲ့ပြီး ကူညီပေးခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဒီကံတရားကို ပြောင်းလဲချိန် တန်ပြီ ”
ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ပြောလိုက်သည်နှင့် မိုဝူကျီက နားလည်သွားပေသည်။ မုရုန်ရှန်းယွီနှင့် ယန်းယဲ့တို့က တစ်ယောက်နှင့် တစ်ယောက်ကို အကြီးအကဲများက စေ့စပ် စီစဉ်ပေးထားခြင်း ဖြစ်ရာ မုရုန်ရှန်းယွီက ထိပ်သီး တာအိုဂိုဏ်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့၍ ဤလက်ထပ်ပွဲမှာ မုရုန်ရှန်းယွီ၏ နှလုံးသား၌ အချုပ်အနှောင်သဖွယ် ဖြစ်လာခဲ့သည်။
အကယ်၍ သူသာ မမှားပါက သူ့ကို ခေါ်လိုက်သည့် အကြောင်းအရင်းမှာ သူတို့ နှစ်ယောက်ကြားမှ အိမ်ထောင်ကို အဆုံးသတ်လို၍ ဖြစ်လိမ့်မည်။ ဤနည်းလမ်းဖြင့် မုရုန်ရှန်းယွီ၏ တာအိုနှလုံးသားလည်း လွတ်လပ် သွားလိမ့်မည်။
***