← Chapters

ဓားမကို ဖိတွန်းခြင်း

Vol. 3 Ch. 41

ဓားမကို ဖိတွန်းခြင်း

Vol. 3 Ch. 41

ချင်မူ အသည်းအသန် ခြေကုန်သုတ် ပြေးသောအခါ သူ့နောက်တွင် လေလှိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ အဘွားစစ်နှင့် မျက်ကန်းက ထိုလေလှိုင်း၏ ထိပ်ဖျားတွင် တက်ထိုင်၍ ခရီးနှင်လာခြင်း ဖြစ်၏။ လေလှိုင်းထိပ်ဖျားဆိုသည်မှာ လှိုင်းလုံးထိပ်ဖျားနှင့် ဆင်တူသည်။ လှိုင်းလုံးများက ရေ၏ လှုပ်ရှားရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာပြီး လေလှိုင်းထိပ်ဖျားကတော့ ချင်မူ၏ ပြေးလွှားမှုကြောင့် ဖြစ်ပေါ်လာ၏။

ချင်မူ၏ နောက်ကျောမှ လူရွယ်မှာ ကမန်းကတန်း အောက်ခုန်ဆင်း၍ သူ့အိမ်သို့ လောဆော် ခေါ်ယူသွားသည်။ “မြန်မြန်လာ... မြန်မြန်လာ...”

ချင်မူ သူ့ခေါင်းထဲမှ လေလှိုင်းထိပ်ဖျားကို ခဏဘေးဖယ်၍ ခြံဝင်းထဲသို့ လှမ်းဝင်ရင်း လှည့်ပတ် ကြည့်ရှုလိုက်၏။ ဤရွာက ဒုက္ခိတဘိုးဘွားကျေးရွာထက် များစွာ ကျယ်ဝန်းပြီး အိမ်ခြေတစ်ရာခန့် ရှိသည်။ အိမ်များကတော့ ရိုးရိုးရှင်းရှင်းနှင့် အကြမ်းထည်သာ ဖြစ်၏။

ခြံဝင်းထဲတွင်တော့ သစ်ပင်ကြီးတစ်ပင် ရှိပြီး ၎င်း၏ ပင်စည်အကိုင်းအခက် တစ်ဝက်ခန့်က အိမ်ပေါ်တွင် အုပ်မိုးကျနေသည်။ ကလေးမွေးမည့် အမျိုးသမီးက ထိုသစ်ပင်ကြီးအောက်မှ အိမ်ကလေးထဲတွင် ရှိနေ၏။

ရွာသူမကြီးတစ်ယောက်က အခန်းထဲမှ ခေါင်းပြူထွက်လာပြီး အော်ဟစ်လိုက်သည်။ “ရေမြွှာပေါက်ပြီဟေ့... ရေနွေး မြန်မြန်ယူခဲ့... အိုး... ကောင်းသွားပြီ... ဒုက္ခိတဘိုးဘွားကျေးရွာက လက်သည်ကြီး ရောက်လာပြီ... အမေနဲ့ ကလေးအတွက် သေချာပေါက် စိတ်ချရပြီဟေ့...”

အဘွားစစ်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုပြီး တစ်စုံတစ်ခုကို ရိပ်စားမိသွား၏။ “မူအာ၊ မင်းရဲ့ ကောင်းကင်မျက်လုံးကို ဖွင့်ပြီး မူမမှန်တာ တစ်ခုခုရှိလား ကြည့်ထား... မူမမှန်တာ တွေ့ရင် မင်းဖာသာ ဖြေရှင်းလိုက်... ငါ ကလေးသွားမွေးပေးဦးမယ်... မျက်ကန်း၊ အကွက်ဆင် မခံရအောင် သတိထား...”

“ကောင်းကင်မျက်လုံး၊ နိုးထ...”

ချင်မူ ကောင်းကင်မျက်လုံး ဖွင့်လှစ်၍ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ ရုတ်တရက် ထူထဲကြီးမားသည့် သစ်ပင်ကြီးပေါ်သို့ အကြည့်အရောက်တွင် တစ်ကိုယ်လုံးရှိ သွေးများ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး အသံထွက်၍ အော်ဟစ်မိမတတ် ဖြစ်သွား၏။

ထိုသစ်ပင်ပေါ်မှ ကြီးမားတုတ်ခိုင်သော သစ်ကိုင်းတစ်ကိုင်းမှာ သစ်ကိုင်းအစစ်မဟုတ်ဘဲ ရေစည်ပိုင်းခန့် အရွယ်ရှိသော မြွေကြီးတစ်ကောင် ဖြစ်၍ နေသည်။

ထိုမြွေကြီးက သစ်ပင်ပင်စည်ထဲတွင် ကိုယ်တစ်ပိုင်း ဝင်၍ ပုန်းအောင်းနေပြီး ပင်စည်မှ ထိုးထွက်လာသည့် သစ်ကိုင်းတုတ်တုတ်မှာ အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည့် ကိုယ်တစ်ပိုင်း ဖြစ်၏။

အရွယ်အစားကို ကြည့်၍ သူ တစ်ခါမျှ မမြင်ဖူးလောက်အောင် ရှည်လျားသည့် မြွေကြီး ဖြစ်မည်ဟု ချင်မူ မှန်းဆကြည့်မိသည်။ ၎င်း၏ ကိုယ်တစ်ပိုင်းက သစ်မြစ်များနှင့်အတူ မြေကြီးထဲတွင် နစ်မြုပ်နေ၏။ ဤမြွေကြီးက ဘိုးဘိုးမာတို့ ဖမ်းလာတတ်သည့် နဂါးစိမ်းမြွေထက်ပင် ပိုကြီးသေးသည်။

သစ်ပင်တစ်အုံလုံးမှ အနက်ရောင် အခိုးအငွေ့များလည်း ထူထဲစွာ ထွက်ပေါ်နေပြီး အောက်ဘက်ရှိ အိမ်ငယ်လေးကို အုပ်မိုးလွှမ်းခြုံထား၏။

ထိုအခိုက်၌ မြွေကြီးက သူ၏ လျှာနီနီရဲရဲကြီးကို တစ်လစ်တစ်လစ် လုပ်၍ ကလေးမွေးနေသည့် အမျိုးသမီးရှိရာ အခန်းဆီသို့ ​ခေါင်းထိုးလျှောဆင်းသွားသည်။ မည်သည့်အတွက် ထိုသို့ လျှောဆင်းသွားမှန်း ချင်မူ သေချာမသိချေ။

အမှားအယွင်း လုပ်မိမည် စိုးသဖြင့် သူ၏ ကောင်းကင်မျက်လုံးကို ရုပ်သိမ်း၍ ရိုးရိုးမျက်လုံးဖြင့် ပြန်ကြည့်လိုက်၏။ ထိုသစ်ပင်ကြီးက သစ်ပင်သက်သက်သာ ဖြစ်၍ မြွေ မဟုတ်ချေ။ သို့သော်လည်း ကောင်းကင်မျက်လုံးကို ထပ်ဖွင့်လိုက်သောအခါ ထိုမြွေကြီးက သစ်ပင်ပင်စည်ထဲတွင် ရှိနေဆဲ ဖြစ်ပြီး မွေးဖွားလာတော့မည့် ကလေးငယ်၏ ဝိညာဉ်ကို စားသုံးရန် စောင့်ဆိုင်းနေကြောင်း တွေ့ရသည်။

လွန်ခဲ့သော နှစ်များအတွင်း အမျိုးသမီးငယ် မွေးဖွားခဲ့သည့် ကလေးများ၏ ဝိညာဉ်ကို စားသောက်ပစ်သည်မှာ ဤမြွေကြီးဖြစ်ကြောင်း ထင်ရှား၏။

သူ့ရင်ထဲတွင် ဒေါသမီးလျှံများ အလျှံတညီးညီး တောက်လောင်လာသည်။ “ဘိုးဘိုးမျက်ကန်း...”

သူ့ဘေးမှ မျက်ကန်းက ခပ်အေးအေး ပြန်ပြောလိုက်၏။ “မင့်ဘွားဘွားက မင့်ကို အပ်ထားခဲ့တာပဲ... လုပ်စရာရှိတာလုပ်... ဒါက မင်းရဲ့ ပထမဆုံး အမဲလိုက်တာ ဖြစ်လိမ့်မယ်... မြန်မြန်လုပ်... ကလေး ထွက်လာတော့မယ်...”

ချင်မူ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်း၍ ထိုသစ်ပင်ကြီး၏ အခြေနားသို့ လျှောက်သွားကာ ခပ်ဖွဖွ ရှူသွင်းရှူထုတ် လုပ်လိုက်သည်။

သူ၏ ချီစွမ်းအင်က ငြိမ်သက်နေရာမှ လှုပ်ရှားလာပြီး ရင်ထဲမှ ဒေါသလှိုင်းများနှင့်အတူ ပို၍ ပို၍ လျင်မြန်စွာ လှည့်ပတ်ကာ အတိုင်းအဆမဲ့ ပွားများလာ၏။

သူ့ကိုယ်ထဲမှ ချီစွမ်းအင်များ ဟုန်းခနဲ ထိုးထွက်လာပြီး ဒေါသလှိုင်းများလည်း အလျှံတညီးညီး ပေါက်ကွဲထွက်သွားသည်။

ချွင်...။

ရုတ်တရက် နောက်ကျောဘက်မှ ဝက်ခုတ်ဓားမက သူ့ကိုယ်ထဲမှ ချီစွမ်းအင်နှင့် တစ်သားတည်း ချိတ်ဆက်သွားပြီး လေပေါ်သို့ ဝှမ်ခနဲ မြောက်တက်လာ၏။

သူ့လက်များကို ဆန့်မြှောက်၍ ဝက်ခုတ်ဓားမကို ဖမ်းယူပြီး တကြွကြွ လှုပ်ရှား ရုန်းကန်နေသည့် ချီစွမ်းအင်များကို ဝက်ခုတ်ဓားမထဲသို့ အလုံးလိုက်အရင်းလိုက် ပို့လွှတ်ကာ လွှဲယမ်း ခုတ်ပိုင်းချလိုက်သည်။

သူ၏ ဓားမကို ရှိသမျှ ခွန်အား အကုန်သုံး၍ လွှဲယမ်း ခုတ်ပိုင်းလိုက်ခြင်း ဖြစ်၏။

သူ၏ ချီစွမ်းအင်နှင့် ဒေါသအရှိန်အားလုံးကို ထိုအတားအဆီးမဲ့ ခုတ်ချက်ထဲတွင် ထည့်သွင်းထားခဲ့သည်။

ရွှပ်...။

သူ့လက်ထဲမှ ဝက်ခုတ်ဓားမက လေကို ထိုးခွဲ၍ တရွှီရွှီ မြည်ဟည်းကာ ရှေ့တူရူမှ သစ်ပင်ကြီး၏ ပင်စည်ကို ပြင်းထန်စွာ ခုတ်ပိုင်းချသွား၏။

ဒလန်...။

အသံကျယ်ကြီး ထွက်ပေါ်လာပြီး ချင်မူ၏ ဝက်ခုတ်ဓားမက သစ်ပင်ထဲတွင် ပုန်းအောင်းနေသည့် မြွေကြီး၏ ကိုယ်လုံးထဲသို့ နစ်ဝင်သွားသည်။ ထိုမြွေကြီး၏ အရေခွံနှင့် အသားက အလွန်တရာ ထူထဲမာကြောလှသဖြင့် သာမန်ဝိညာဉ်လက်နက်များထက် သာလွန်ပြီး ရွှေအကိုယ်တိုင် သွန်းလုပ်ခဲ့သည့် ဝက်ခုတ်ဓားမပင် ထိုမြွေကြီးကို နှစ်ခြမ်းကွဲအောင် ခုတ်ဖြတ်နိုင်ခြင်း မရှိပေ။

သူ့လက်ကို ဓားနှောင့်ပေါ်သို့ တင်၍ ထော့ကျိုး၏ ခြေသိုင်းကို ထုတ်ဖော်လိုက်သည်။

ဘိုးဘိုးထော့ကျိုး ပြောဖူးသည်မှာ ခြေထောက်များက လေ၊ မြေကြီး၊ အားအင်အားလုံး၏ အရင်းအမြစ် ဖြစ်သည် ဟူ၏။

သူ့ခြေထောက်များကို မြေပေါ်တွင် ထိုးစိုက်၍ ခြေကုပ်ယူလိုက်သည်။ ခြေထောက်အောက်မှ မြေကြီးမှာ အောက်သို့ နိမ့်ဆင်းသွား၏။ ထို့နောက် အားအင်အရှိန်အဟုန်အားလုံး စုစည်း၍ လက်တစ်ဖက်ဖြင့် ဓားရိုးကို ကိုင်ကာ အခြားလက်တစ်ဖက်ဖြင့် ဓားနှောင့်နေရာမှ တွန်းပြီး ဝက်ခုတ်ဓားမကို အားကုန် ဖိချလိုက်သည်။

တဂျစ်ဂျစ် အသံတစ်သံ ထွက်ပေါ်လာ၏။ မြွေကြီး၏ ခန္ဓာကိုယ်က သစ်ပင်နှင့်အတူ နှစ်ပိုင်း ပြတ်သွားသည်။

ချင်မူ သူ၏ ခြေကုပ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး ဝက်ခုတ်ဓားမကို သူ့ရှေ့တွင် လွှဲယမ်းလိုက်၏။ ဓားမပေါ်မှ သွေးစက်များက တစ်စက်စက် ကျနေဆဲ ရှိပြီး သူ့နောက်ကျောကြွက်သားများက တောင့်တင်း၍ ထိန်းမရအောင် တဆတ်ဆတ် တုန်ခါနေသည်။

သူ၏ အနောက်တွင်တော့ မိုးထိုးနေသည့် သစ်ပင်ကြီးက တအိအိ လျှောကျ၍ ပြိုလဲသွား၏။

ဝုန်း...။

ထိုသစ်ပင်ကြီးက ခြံဝင်းထဲသို့ လဲကျပြီး ဖုန်မှုန့်၊ သဲမှုန့်များ လွင့်ပျံသွားသည်။ ရုတ်တရက် မြေပေါ်သို့ လဲကျသွားသည့် သစ်ပင်ကြီးက အသက်ဝင်လာ၏။

နှစ်ပိုင်းဖြတ်ခံလိုက်ရသော မြွေကြီးမှာ သေဆုံးခြင်း မရှိသေးချေ။ ၎င်း၏ ခေါင်းပိုင်းအခြမ်းက မြေပြင်ပေါ်တွင် တဘုန်းဘုန်း တွန့်လိမ် ရိုက်ပုတ်နေပြီး ကိုယ်ပေါ်မှ သစ်ပင်ပင်စည်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်၍ သစ်ခေါက်များ အရပ်မျက်နှာအနှံ့ လွင့်ပျံထွက်သွားသည်။ အချို့ သစ်ခေါက်အပိုင်းအစများက အိမ်နံရံတွင်ပင် ထိုးစိုက်သွား၏။

ထိုသို့ လွင့်စင်ထွက်သွားသည့် သစ်စအပိုင်းများ၊ သစ်ခေါက်များက လေထုကို ပြင်းထန်သော အားအင်ဖြင့် ထိုးခွဲသွားပြီး လှံတံလှံသွားများထက်ပင် ပိုကြောက်ဖို့ ကောင်းလှသည်။

မုန်တိုင်းထန် မြို့ပြများပေါ်မှ သန်းခေါင်ယံ တိုက်ပွဲ...။

ချင်မူ၏ လက်ထဲမှ ဝက်ခုတ်ဓားမက လျှပ်ပြက်သကဲ့သို့ လှုပ်ရှားသွား၏။ အစောက တိုက်ကွက်မှာ သူ၏ အားအင်အားလုံးကို ဝက်ခုတ်ဓားမထဲ စုစည်းထည့်သွင်းထားသဖြင့် အလွန်တရာ လေးလံ ပြင်းထန်လှသည်။ သို့သော်လည်း ယခု ဓားချက်များကတော့ ထူးကဲစွာ မြန်ဆန်၏။

သားသတ်သမား၏ ဓားမသိုင်းတွင် လျှို့ဝှက်ချက် တစ်ခုသာ ရှိသည်။ ၎င်းက မြန်ရမည်၊ ပိုမြန်ရမည်၊ ပို၍ ပို၍ မြန်ရမည်။

ဒန်... ဒန်... ဒန်... ဒန်...။

များပြားလွန်းသည့် သစ်ခေါက်၊ သစ်သားစများက ချင်မူ၏ ဝက်ခုတ်ဓားမပေါ်သို့ မိုးသီးမိုးပေါက်ပမာ ပြင်းထန်စွာ ကျရောက်သွားပြီး သူ့လက်များပင် အောင့်မျက်လာ၏။

ဤမြွေကြီး၏ စွမ်းအားက သူ့ထက် သာလွန်သည်။ သို့သော်လည်း ၎င်းက ကလေးထွက်လာသည်နှင့် ကလေး၏ ဝိညာဉ်ကို ချက်ချင်း စုပ်ယူစားသုံးပစ်ချင်သဖြင့် ကလေးမွေးနေသည့် အမျိုးသမီးအပေါ်တွင်သာ အာရုံစိုက်နေခဲ့၏။

ကလေးငယ်များ မွေးဖွားလာသည့်အခါ ချက်ကြိုးက အမေဖြစ်သူ၏ အချင်းနှင့် ဆက်သွယ်နေဆဲ ရှိသဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ်၊ စွမ်းအင်၊ အသွေးအသားက ဖြစ်တည်ခြင်းမတိုင်မီ အဆင့်တွင် ရှိနေသေးပြီး ချက်ကြိုးဖြတ် မွေးဖွားပြီးသောအခါ ၎င်း၏ စိတ်ဝိညာဉ်၊ စွမ်းအင်၊ အသွေးအသားက ဖြစ်တည်ခြင်းပြီးသည့် အဆင့်သို့ ရောက်ရှိသွားသည်။ အမေ့ဗိုက်ထဲ၌ ရှိနေဆဲ အခါတွင်တော့ ၎င်းတို့၏ စိတ်ဝိညာဉ်၊ စွမ်းအင်၊ အသွေးအသားက ပြီးပြည့်စုံခြင်း မရှိသေးသဖြင့် ဤမြွေကြီးက ကလေးငယ် စတင်မွေးဖွားလာသည့် အခိုက်အတန့်တွင်မှ ဝိညာဉ်ကို နုတ်ယူ စားသုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။

၎င်းက ရွာထဲသို့ မည်သည့်နည်းဖြင့် ခိုးဝင်၍ မည်သူမျှ မသိအောင် အဘယ်သို့ ပုန်းအောင်း နေထိုင်နေခဲ့မှန်း မသိချေ။ ဤသစ်ပင်ကြီးထဲတွင် နှစ်ပေါင်းများစွာ ခိုအောင်း၍ မည်သူမျှ မရိပ်မိအောင် ကလေးငယ်များ၏ ဝိညာဉ်ကို စားသုံးပြီး စွမ်းအင်အဆင့်ကို မြှင့်တင်နေခဲ့ခြင်း ဖြစ်၏။ ဤတစ်ခေါက်တွင်လည်း ယခင်အခါများကဲ့သို့ အဆင်ပြေပြေ ချောချောမွေ့မွေ့ စားသုံးနိုင်မည်ထင်ပြီး ချင်မူ့ကို သတိမထားမိသဖြင့် ကိုယ်နှစ်ပိုင်း ပြတ်အောင် အခုတ်ခံလိုက်ရခြင်း ဖြစ်သည်။

သို့သော်လည်း ဤမြွေကြီးက ကိုယ်နှစ်ပိုင်း ပြတ်နေသည့်တိုင် သေဆုံးခြင်း မရှိသေးပေ။

သူ့ခန္ဓာကိုယ် နှစ်ပိုင်းအဖြတ်ခံရကြောင်း သိသည်နှင့် ဒေါသအိုး ပေါက်ကွဲသွားပြီး တစ်မုဟုတ်ချင်း ပါးစပ်ဖြဲဟ၍ ချင်မူ့ကို ပေါက်ချလိုက်၏။

ချင်မူ့ထံသို့ လေလှိုင်းများ တဟူးဟူး တိုးဝင်လာပြီး ပြင်းထန်သော လေအဟုန်ကြောင့် မျက်နှာတစ်ပြင်လုံး တွန့်လိပ်၍ မျက်လုံးပင် မဖွင့်နိုင် ဖြစ်သွားသည်။

ချင်မူ၏ လက်ထဲမှ ဓားမက တုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေ့တူရူသို့ မုန်တိုင်းကျလို ခုတ်ချလိုက်၏။ သို့သော်လည်း မမျှော်မှန်းနိုင်လောက်အောင် ကြီးမားသည့် အားအင်က သူ့ကို ဝင်ဆောင့်လာသည်။ အုန်းခနဲ အသံကြီးနှင့်အတူ ခြံစည်းရိုးနံရံမှာ လူပုံသဏ္ဌာန် အပေါက်ကြီး ဖြစ်သွား၏။

ချင်မူ ပြန်မထနိုင်မီမှာပင် ခြံတံခါးနှစ်ရွက်က စက္ကူကတ်ပြားများသဖွယ် လွင့်ထွက်သွားကြောင်း မြင်လိုက်ရသည်။ မြွေကြီးက ခြံတံခါးဝကို တွန်းတိုက်ဖျက်ဆီး၍ သွေးဆာသော အရှိန်အဝါ အငွေ့အသက်များဖြင့် သူ့ထံသို့ လျှောထိုးပြေးဝင်လာ၏။ ကြောက်မက်ဖွယ်ရာ ပါးစပ်ကြီးနှင့် ရှည်လျားသော သွားစွယ်များကြောင့် ချင်မူ ကြောက်ရွံ့ထိတ်လန့်သွားပြီး ထိုမြွေကြီးနှင့် ရင်မဆိုင်ရဲတော့ဘဲ မျက်ကန်းကို တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် လှမ်းချောင်းကြည့်လိုက်သည်။

မြွေကြီး၏နောက် ခပ်လှမ်းလှမ်းတွင် မျက်ကန်းက အေးအေးလူလူ ရပ်လျက် ရှိပြီး ဤနေရာမှ အဖြစ်အပျက်များကို အာရုံထားသည့်ပုံ မပေါ်ချေ။

ချင်မူ၏ ရင်ထဲတွင် နောက်ကျိသွား၏။ “ကြည့်ရတာ ဘိုးဘိုးမျက်ကန်းက ငါ ဒီမြွေကြီးကို ရင်ဆိုင်နိုင်တယ်လို့ ထင်နေတာများလား... သူက ရင်ဆိုင်နိုင်တယ် ထင်မှတော့... ငါ ရင်ဆိုင်နိုင်မှာပါ... ကောင်းကင်မျက်လုံး၊ နိုးထ...”

သူ၏ ချီစွမ်းအင်က တရှိန်ထိုး လှည့်ပတ်၍ မျက်လုံးထဲသို့ တိုးဝင်သွားပြီး ခမ်းနားထည်ဝါသော အစီအရင်အမှတ်အသားများ အလွှာလိုက် ဖြစ်ပေါ်လာသည်။ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသည့် သူငယ်အိမ် အမှတ်အသား တစ်ခု ပေါ်ထွက်လာ၏။

ကောင်းကင်မျက်လုံး ဖွင့်လှစ်လိုက်သောအခါ သူ့ရှေ့မှ လောကကြီးမှာ အလွှာလိုက် ပြန်လည် တည်ဆောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ မှိန်ဖျော့ဖျော့ ရွာကလေး၊ စုတ်ချာချာ တဲအိမ်များ၊ သူ့ထံသို့ ခုန်ဝင်လာသည့် မြွေကြီး...။ အရာအားလုံးက အဆများစွာ ကြည်လင် ပြတ်သားလာ၏။ ထိုမြွေကြီး၏ လှုပ်ရှားမှု တစ်ခုစီတိုင်းက သူ၏ မျက်ဝန်းထဲတွင် မလွတ်တမ်း ထင်ဟပ်လာသည်။

သူ၏ ခြေကွက်များကို အလျင်အမြန် ပြောင်းလဲ၍ တစ်လက်မစာမျှ ပွတ်ခါသီခါ ရှောင်ရှားပြီး သူ့ဘေးမှ ဖြတ်သန်းကျော်လွန်သွားသည့် မြွေကြီး၏ မျက်လုံးကို ဝက်ခုတ်ဓားမဖြင့် ထိုးခွဲလိုက်၏။

ထို့နောက် လေထဲသို့ ခုန်တက်၍ ၎င်း၏ ကိုယ်လုံးနှင့် သိမ်းရိုက်မှုကို ပွတ်ခါသီခါ ရှောင်ရှားလိုက်သည်။

ထိုမြွေကြီး၏ လှုပ်ရှားမှုတိုင်းက သူ၏ မျက်လုံးထဲတွင် အလွန်တရာ ရှင်းလင်း ပြတ်သားလှ၏။ ၎င်း၏ အရေခွံအောက်ထဲရှိ ကြွက်သားများ ကျုံ့ဝင်သွားပုံနှင့် ဆန့်ထုတ်မည့် အားလမ်းကြောင်းမှတစ်ဆင့် နောက်ထပ် တိုက်ခိုက်မည့် လှုပ်ရှားမှုကို ကြိုတင် သိရှိပြီး အချိန်ကိုက် ရှောင်ရှားနိုင်လာသည်။

ဤအရာအားလုံးက ချင်မူအတွက် အားစိုက်ထုတ်ရခြင်း မရှိဘဲ အလိုလို ဖြစ်နေသကဲ့သို့ ရှိ၏။ သူ့အနေဖြင့် မြွေကြီး၏ လှုပ်ရှားမှုများကို တွက်ဆနေရန်ပင် မလိုချေ။

​ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်၏ ပထမကောင်းကင်မျက်လုံးက အစစ်အမှန်တရားကို ထိုးထွင်းမြင်နိုင်သည်သာမက သူ့အာရုံများကိုပါ အဆများစွာ ထက်သန်လာစေသည်။

မြွေကြီးမှာ ဘယ်ဘက်မျက်လုံးကို ဓားဖြင့် ထိုးခွဲခံရသဖြင့် နာကျင်စွာ အော်ဟစ်တွန်မြည်၍ မြေပေါ်သို့ ပြန်ကျစရှိသေးသည့် ချင်မူ့ကို တစ်မုဟုတ်ချင်း ခုန်ဝင်တိုက်ခိုက်လိုက်၏။ ထို့နောက်တွင်တော့ အရာအားလုံး ရုတ်တရက် အမှောင်အတိ ကျသွားသည်။ ၎င်း၏ အခြားမျက်လုံးတစ်ဖက်မှာလည်း ချင်မူ၏ ဓားမဖြင့် ထိုးခွဲ ခံလိုက်ရ၏။

မြွေကြီးက ရုတ်တရက် ငြိမ်ကျပြီး မလှုပ်မယှက် ရပ်တန့်သွားသည်။ ချင်မူကလည်း အသံမထွက်ဘဲ ငြိမ်ငြိမ်လေး ရပ်နေ၏။ လူသားတစ်ယောက်နှင့် မြွေတစ်ကောင်…။ တစ်ယောက်နှင့်တစ်ယောက် ကိုက်အနည်းငယ်အကွာတွင် ငြိမ်သက်စွာ ရပ်နေကြသည်။

ရွာကွင်းပြင် တစ်ဖက်တစ်ချက်တွင်တော့ ရွာသူရွာသားများ ထွက်လာပြီး ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ကြီးမားသည့် မြွေကြီး တိုက်ခိုက်နေသည့် မြင်ကွင်းကို ကျောက်ရုပ်သဖွယ် ကြည့်လိုက်မိကြ၏။

ညအမှောင်ထုက ဤရွာလေးထဲတွင် လွှမ်းခြုံရစ်သိုင်းနေပြီ ဖြစ်ပြီး အိမ်ပြတင်းပေါက်များမှ ဆီမီးအိမ် အလင်းများကြောင့် ရွာလယ်ကွင်းပြင်မှာ မှိန်ပျပျ အလင်းရောင် ရနေသည်။

အားလုံးနီးပါးမှာ အသံထွက်သွားမည် စိုး၍ အသက်ရှူပင် အောင့်ထားရ၏။

အားလုံးသော သူများ...။ ကြောက်ရွံ့ ထိတ်လန့်စွာ စူးစူးရှရှ အော်ဟစ်လိုက်မိသော ကလေးမလေးမှ လွဲ၍...။

မြွေကြီးမှာ တစ်မုဟုတ်ချင်း လှုပ်ရှားလာပြီး ထိုကလေးမလေးထံ လျှောတိုက် ရွေ့လျားသွားသည်။ ထို့နောက် ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ဟ၍ ကြောက်ရွံ့မှုဖြင့် ကြက်သေသေနေသော သားအမိ၊ သားအဖ သုံးယောက်ထံ ခုန်အုပ်လိုက်တော့၏။

All Chapters