← Chapters

ညတစ္ဆေ

Vol. 3 Ch. 42

ညတစ္ဆေ

Vol. 3 Ch. 42

ထိုမြွေကြီး လှုပ်ရှားလာသည့် အခိုက်အတန့်တွင်ပင် ချင်မူလည်း ရှေ့သို့ ခုန်ထွက်လာသည်။ သူ၏ ဝက်ခုတ်ဓားမဖြင့် မြွေကြီး၏ ပျော့ကွက်ဖြစ်သော ခေါင်းနှင့်ကိုယ် ဆက်သည့်နေရာသို့ မုန်တိုင်းကျသလို အရူးအမူး ခုတ်ချလိုက်၏။

ဝက်ခုတ်ဓားမသိုင်း၊ အရှေ့ပင်လယ် လှိုင်းလုံးတစ်ထောင်ပေါ်မှ နေမင်း...။

သားသတ်သမား၏ ဤသိုင်းကွက်က ပင်လယ်လှိုင်းလုံးတစ်ထောင် တစ်ခုနှင့်တစ်ခု ထပ်နေသည့်ကြားမှ မြင့်တက်လာသည့် နေမင်းကြီး၏ အရှိန်အဝါအဟန့်အထည်မျိုး ရှိရသည်။ အနှိုင်းမဲ့ ဓားမစွမ်းအားကို အသုံးပြု၍ လမ်းကြောင်းတစ်လျှောက် အရာအားလုံးကို ခုတ်ဖြတ်သွားနိုင်၏။

ချင်မူ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။ ခုတ်...၊ ခုတ်...၊ ခုတ်...၊ ခုတ်...၊ ခုတ်...။

ခေါင်းကို ခုတ်ဖြတ်ပစ်ရမယ်...။

ရွှပ်...။

မြွေကြီး၏ သွေးများ ပန်းထွက်လာ၏။ စားပွဲတစ်လုံးခန့် ကြီးမားသော တြိဂံပုံမြွေခေါင်းကြီးမှာ ကိုယ်လုံးမှ ပြတ်ထွက်၍ အသက်ရှိ၊ မရှိပင် မသိရတော့သည့် မိသားစုသုံးယောက်ထံသို့ ဆက်လက် လွင့်ဝဲသွားသည်။

မြွေခေါင်းပြတ်ကြီး ထိုမိသားစုထံ ရောက်ရှိတော့မည်ကို ကြည့်၍ ချင်မူ လေထဲသို့ ခုန်တက်ပြီး အောက်ဘက်ဆီသို့ အားကုန်သုံး ကန်ချကာ မြွေပါးစပ်ကို နင်းပိတ်လိုက်၏။

ဤလူငယ်လေးက မြွေခေါင်းနှင့်အတူ အောက်ဘက်သို့ ပြုတ်ကျ၍ ကြောက်ရွံ့တုန်လှုပ်နေသော မိသားစုသုံးယောက်၏ ရှေ့သို့ ဝုန်းခနဲ ရောက်ရှိလာသည်။

ထိုမိသားစုသုံးယောက်မှာ သူတို့ရှေ့မှ လူငယ်လေးကို အကြောင်သား ငေးစိုက်ကြည့်နေမိကြ၏။

ချင်မူက အောက်သို့ ငုံ့ကြည့်၍ ကလေးမလေးကို ပြုံးပြလိုက်သည်။ “အားလုံး အဆင်ပြေသွားပါပြီ... ကလေးလေး...”

ရုတ်တရက် ကလေးငိုသံ ထွက်ပေါ်လာပြီး မြွေကြီးကြောင့် တစ်ဝက်တစ်ပျက် ပြိုကျနေသည့် အိမ်ထဲမှ မိန်းမတစ်ယောက် ပြေးထွက်လာ၏။ “ဂုဏ်ယူစရာပဲဟေ့... အမေရော၊ ကလေးရော ကျန်းကျန်းမာမာပဲ...”

ချင်မူက ဝက်ခုတ်ဓားမကို နွားသားရေဖြင့် ပြုလုပ်ထားသည့် ဓားအိမ်ထဲသို့ ကမန်းကတန်း ပြန်ထည့်၍ ခြံဝင်းထဲသို့ ပြေးဝင်သွားလိုက်သည်။ ကလေးအဖေလူရွယ်က အိမ်ထဲသို့ ဝမ်းသာအားရ ပြေးဝင်သွား၏။ ထိုအခိုက်၌ အဘွားစစ်က လက်ဆေးရန် ထွက်လာပြီး သူ့နောက်မှ ချစ်စရာ မိသားစုလေးကို တစ်ချက် လှည့်ကြည့်လိုက်သည်။

“ကျေနပ်ပြီလား၊ မူအာ...” အဘွားစစ်က ပြုံးလိုက်၏။

ချင်မူက ထိုမိသားစုသုံးယောက်၏ ချစ်စရာ မြင်ကွင်းကို ကြည့်၍ ခပ်သာသာ ခေါင်းညိတ်လိုက်သည်။ သူ၏ လက်တစ်ဖက်က အလိုလို မြောက်တက်လာပြီး ရင်ဝမှ ကျောက်စိမ်းလည်ဆွဲကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိ၏။

အဘွားစစ်က သူ့လက်ကို လှမ်းကြည့်၍ သက်ပြင်းကျိတ်ချလိုက်သည်။

မျက်ကန်းက အနားသို့ လျှောက်လာပြီး သမ်းဝေလိုက်၏။ “ကိစ္စပြီးသွားပြီဆိုတော့ ငါတို့ အိပ်ဖို့ အချိန်ကျပြီ... အဘွားကြီး သူတို့ဆီမှာ အိပ်စရာအခန်း သိပ်မရှိတော့ ငါတို့ တိုးဝှေ့ ကျပ်သိပ်ပြီး အိပ်ကြမလား...”

အဘွားစစ်က ကြက်မက်ဖွယ်ရာ အကြည့်နှင့် ခေါင်းလှည့်လာသည်။ မျက်ကန်းမှာ ထိန်းမရအောင် တုန်ရီသွားပြီး ဝါးတောင်ဝှေးကို မြေပေါ်သို့ ထိုးစိုက်၍ တစ်ဘက်သို့ လှည့်သွား၏။ “ဒီခေတ်ကြီးမှာ မျက်စိမမြင်တဲ့သူတွေတောင် စူးစူးဝါးဝါး စိုက်ကြည့်ခံရတယ်... အခုခေတ်လူတွေက အတော်လေး ပျက်စီးနေပြီပဲ... ငါတော့ လမ်းပေါ် အိပ်ရရုံ ရှိတော့မယ်...”

“ဘွားဘွား၊ ဘယ်လိုဖြစ်လို့ ဒီမြွေကြီးကို ရွာသူရွာသားတွေ သတိမထားမိခဲ့ကြတာလဲ...” ချင်မူက ရွာသူရွာသားများ သစ်ပင်ပင်စည်ထဲမှ မြွေမြီးကြီး ဆွဲထုတ်နေကြသည်ကို ကြည့်ရင်း ဝေခွဲမရစွာ မေးလိုက်၏။

သူ ငယ်စဉ်ကတည်းက ဒုက္ခိတဘိုးဘွားကျေးရွာတွင် နေထိုင်လာခဲ့ပြီး အားလုံးသောသူများမှာလည်း ဒုက္ခိတများ ဖြစ်ကြသည်။ အဘွားစစ်ပင် ခါးကုန်းကြီး ဖြစ်၏။ သို့သော်လည်း ရွာထဲမှ ဘိုးဘွားများက မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်ကြသည်။

ဤရွာထဲမှ ရွာသူရွာသားများကတော့ သာမန်လူများသာ ဖြစ်၏။ သိုင်းပညာရှင်အချို့ ရှိသော်လည်း သူတို့၏ ကျင့်စဉ် စွမ်းအင်နှင့် ခွန်အားက များစွာ မြင့်မားခြင်း မရှိပေ။ သို့ဖြစ်၍ သူ့ရင်ထဲ၌ သံသယအချို့ ပေါက်ဖွားလာသည်။

“မဟာမြို့ပျက်မှာ ဒုက္ခိတဘိုးဘွားကျေးရွာက တစ်ခုပဲ ရှိတယ်...”

အဘွားစစ်က ငြိမ်းအေးသော မျက်ဝန်းများဖြင့် ပြောလိုက်၏။ “ဒီနေရာမှာ နေကြတဲ့ လူအများစုက မဟာမြို့ပျက်ရဲ့ ကပ်ဆိုးကနေ လွတ်အောင်ပြေးဖို့ နောက်ကျသွားတဲ့ သာမန်လူတွေပဲ... အပြင်လောကမှာ ဆက်နေလို့မဖြစ်တဲ့ လူတွေနဲ့ မြေပိုင်ရှင်၊ ယာပိုင်ရှင်တွေရဲ့ အခွန်အခမတတ်နိုင်လို့ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ လူတွေလည်း ရှိတယ်...”

“အပြင်လောကလား...” ချင်မူ၏ မျက်လုံးများ အရောင်တောက်လာသည်။

“အပြင်လောကက မဟာမြို့ပျက်ထက် အများကြီး အန္တရာယ်များတယ်...”

အဘွားစစ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ “မဟုတ်ရင် ဘွားဘွားတို့ ဘယ်လိုလုပ် ဒီမဟာမြို့ပျက်ထဲ လာပုန်းရှောင်နေမှာလဲ... အပြင်လောကကို သွားဖို့ ဘယ်တော့မှ စိတ်မကူးနဲ့...”

ချင်မူ ခေါင်းကုတ်လိုက်သည်။ အမြဲတစေ သဘောကောင်းလှသော အဘွားစစ်က အဘယ်ကြောင့် ရုတ်တရက် ဒေါသပေါက်ကွဲသွားမှန်း စဉ်းစားမရချေ။

အဘွားစစ်က လေသံနှိမ့်၍ တီးတိုး ပြောလိုက်၏။ “ဒီမြွေနဲ့ ပတ်သက်ပြီး ထူးဆန်းတာ ရှိနေတယ်... ဆန်းကြယ်သားရဲတွေက ပုံမှန်ဆိုရင် လူနေရပ်ရွာထဲ မဝင်နိုင်ဘူး... ဒီမြွေကတော့ ရွာမှာ ပုန်းခိုနေတာ နှစ်အတော်ကြာပြီ... ငါစိုးရိမ်တာက ဒီမြွေကို တစ်ယောက်ယောက်က တမင်မွေးထားတာ ဖြစ်နေမှာပဲ... ဒီလိုမွေးမြူနည်းမျိုးက မိစ္ဆာဂိုဏ်းရဲ့ ပညာနဲ့ ဆင်တူတယ်... ဟီး... ဟီး... ဒီညတော့ စိတ်ဝင်စားစရာတစ်ခုခု ဖြစ်တော့မယ်...”

ဤမြွေကြီးက ရွာသူရွာသားများကို အန္တရာယ်ပြုရန် တမင်မွေးမြူထားခြင်း ဖြစ်သည်တဲ့လား။

ချင်မူ၏ ရင်ထဲတွင် အေးခဲသွားသည်။ မည်မျှပင် အောက်တန်းကျ ယုတ်မာလိုက်ပါသနည်း။

ဤမြွေက မွေးကင်းစကလေးငယ်များ၏ ဝိညာဉ်ကို စားသုံးနေသည်မှာ အသိသာကြီး ဖြစ်၏။ ကလေးငယ်များကို မြွေတစ်ကောင်အား ကျွေး၍ ထိုသူ့အတွက် မည်သည့် အကျိုးများ ရနိုင်ပါမည်နည်း။

“မူအာ၊ ဒီည မင်းဆီမှာ တစ်ခုခု ထူးဆန်းတာ ဖြစ်ချင် ဖြစ်လိမ့်မယ်... အဲဒါကို မြင်ရင် လှုပ်လည်း မလှုပ်နဲ့၊ အသံလည်း မပြုနဲ့... မနက်ကျရင် ဘာဖြစ်လဲ သိရလိမ့်မယ်...”

အဘွားစစ်က သွားကျိုးများပေါ်အောင် ဟက်ခနဲ ရယ်မောလိုက်သည်။ “အဲတစ်ယောက်က ဒီမြွေကို အသုံးချပြီး မွေးကင်းစကလေးတွေရဲ့ သွေးသား၊ စွမ်းအင်၊ အဆီအနှစ်၊ စိတ်ဝိညာဉ်တွေကို စုပ်ယူခိုင်းတာ... ပြီးမှ မြွေဆီကနေ အဲဒီအဆီအနှစ်တွေ ပြန်စုပ်ယူပြီး သူ့ရဲ့ ဖြစ်တည်မှုအကြိုစွမ်းအင်ဖြစ် ပြောင်းယူမလို့ လုပ်တာပဲ... ဒီလိုစွမ်းအင်ကျင့်စဉ်မျိုးကြောင့် အပြင်လောကကလူတွေ ဝိုင်းလိုက်ကြလို့ ဒီမဟာမြို့ပျက်ထဲ လာမွှေတာနေမှာ... ဒီညလာမဲ့သူကို မင်း ရင်မဆိုင်နိုင်ဘူး မူအာ... အသာ ကြည့်နေ...”

ချင်မူက ခေါင်းညိတ်လိုက်၏။ မသက်မသာ ဖြစ်မှုများက သူ့ရင်ထဲတွင် ဖိစီးလာသည်။

ဤမိသားစုက အတော်လေး ပျော်ရွှင်ဝမ်းမြောက်နေကြကာ အချိန်အတော်ကြာအောင် ရယ်လိုက်၊ ငိုလိုက် လုပ်နေပြီးမှ အဘွားစစ်နှင့် ချင်မူတို့ကို နေရာချပေးရန် သတိရ၏။ သူတို့က အလယ်ခန်းနှင့် အတွင်းခန်းကို အဘွားစစ်နှင့် ချင်မူတို့ အနားယူရန် ပြင်ပေးကြသည်။ ချင်မူက မသင့်လျော်သလို ခံစားရသော်လည်း အဘွားစစ်က ငြင်းပယ်ခြင်း မရှိဘဲ ချင်မူ့ကို အလယ်ခန်းတွင် အိပ်စေ၍ သူက အတွင်းခန်းထဲသို့ ဝင်ရောက်အိပ်စက်၏။

များစွာမကြာလိုက်ဘဲ သူတို့နှစ်ယောက်စလုံး အိပ်မောကျသွားသည်။ ချင်မူ သူ့ကိုယ်သူ အိပ်ပျော်မသွားအောင် ကြိုးစား ထိန်းထားသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မျက်ခွံက လေးကျလာပြီး တဖြည်းဖြည်း အိပ်ပျော်သွား၏။ ညသန်းခေါင်ယံ…။ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်နေချိန်၌ ချင်မူ ရုတ်တရက် ထိန်းမရ သိမ်းမရအောင် အေးစိမ့်တုန်ခါသွားသဖြင့် သူ့မျက်လုံးကို ကမန်းကတန်း ဖွင့်လိုက်သောအခါ တစ်ကိုယ်လုံး လှုပ်မရတော့ကြောင်း တွေ့လိုက်ရသည်။

အလယ်ခန်း၏ တံခါးမှာ ကျွီခနဲ ပွင့်သွားပြီး မှိန်ဖျော့ဖျော့ အလင်းရောင်က တံခါးအဟကြားမှ တိုးဝင်လာ၏။ မြေပေါ်တွင်တော့ ရှည်လျားသော အရိပ်တစ်ခု ပေါ်ထွက်လာသည်။

ချင်မူ ပါးစပ်ဟ၍ အဘွားစစ်ကို သတိပေးရန် ပြင်လိုက်သော်လည်း အသံထွက်၍ မရချေ။

မြေပြင်ပေါ်မှ အရိပ်မှာ ဖျတ်ခနဲ လှုပ်ရှား၍ နံရံပေါ်သို့ တက်သွား၏။ နံရံပေါ်သို့ရောက်သောအခါ ထိုအရိပ်မှာ ပုံပြောင်းသွားပြီး ချွန်ထက်သော သွားစွယ်များ၊ လက်သည်းများ ထွက်ပေါ်ကာ ပို၍ ထိတ်လန့်ကြောက်ရွံ့ဖွယ် ကောင်းလာသည်။

ချင်မူ၏ နဖူးထက်တွင် ချွေးစေးများ ပြန်လာ၏။ ထိုအရိပ်က မျက်နှာကြက်ထိ တက်သွားပြီး ထိုနေရာမှ တွဲလောင်းချ၍ သူ့ကို စိုက်ကြည့်နေသည်။

ချင်မူ မျက်လုံးများ ပြူးကျယ်၍ ပြန်စိုက်ကြည့်လိုက်၏။ ဤသည်က တကယ့်အရိပ် ဖြစ်ပြီး သူ့ကို တွဲလောင်း စိုက်ကြည့်နေသည်။ ၎င်းက ခန္ဓာကိုယ်ကို လိုသလို ပြောင်းလဲနိုင်သည့် သိုင်းပညာရှင် တစ်ယောက်ကဲ့သို့ ပြားချပ်ချပ်နှင့် မယုံနိုင်လောက်အောင် ပျော့ပျောင်းလှ၏။

သို့သော်လည်း ဤအရာက အရိပ်တစ်ခု ဖြစ်ကြောင်းတော့ သေချာသည်။ အဘယ်သို့ ပြု၍ အရိပ်က သူ့ဖာသာ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ရသနည်း။ အရိပ်၏ ပိုင်ရှင်က မည်သည့် နေရာတွင် ရှိနေသနည်း...။

ဝှစ်...။

လေပြင်းတစ်ချက် တံခါးဟကြောင်းမှ တိုးဝင်လာပြီး တြိဂံပုံ အလံတစ်ခု မျောလွင့်ကာ အရိပ်၏ လက်ထဲသို့ ရောက်ရှိသွား၏။ ၎င်းက ချင်မူ့ထံသို့ ထိုအလံကို ဝှေ့ယမ်းလိုက်သည်။

ထိုအခိုက်၌ အဘွားစစ်အိပ်နေသည့် အခန်းတံခါးက ရုတ်တရက် ပွင့်ဟလာပြီး ငွေရောင်ပုတီးစေ့လေးတစ်လုံး လွင့်ပျံလာ၏။ ထိုပုတီးစေ့မှာ အဘွားစစ်၏ အခန်းထဲတွင် ချင်မူ မြင်ဖူးခဲ့သော ငွေရောင်အလုံးလေး ဖြစ်သည်။ ထိုပုတီးစေ့က ချင်မူ၏ မျက်ခုံးနှစ်ခုအလယ်တွင် ရပ်တန့်သွားပြီး ထိုနေရာ၌ပင် အသံတစ်ချက် မထွက်ဘဲ တဝီဝီ လည်ပတ်နေ၏။ ထို့နောက် မျက်စိနှင့် မမြင်ရလုနီးပါး ဆံချည်မျှင်အရွယ် ဓားငယ်လေးများ ငွေပုတီးစေ့ထဲမှ အဆက်မပြတ် ပျံဝဲ ထွက်ပေါ်လာသည်။

မျက်နှာကြက်ပေါ်မှ အနက်ရောင် အရိပ်က အခန်းထဲတွင် လှည့်ပတ် ပျံဝဲ၍ သူ့လက်ထဲမှ အလံဖြူကို ဝှေ့ယမ်းလိုက်၏။ ထိုအလံဖြူက လျှပ်စီးလက်သကဲ့သို မြန်ဆန်လှပြီး အိပ်ရာထက်တွင် လဲလျောင်းနေဆဲ ရှိသည့် ချင်မူ့ကို ဆင့်ခါ ဆင့်ခါ တိုက်ခိုက်လိုက်သည်။ ထိုအခိုက်၌ ငွေရောင်ပုတီးစေ့ကလည်း လှုပ်ရှားလာပြီး အလံဖြူနှင့် ထိပ်တိုက်တွေ့ကာ ၎င်း၏ တိုက်ခိုက်မှုများ အားလုံးကို ပိတ်ဆို့ ကာကွယ်လိုက်၏။

ထိုထူးဆန်းသည့် ပစ္စည်းနှစ်ခုမှာ ဤမျှ ထိပ်တိုက်တွေ့နေသည့်တိုင် အသံတစ်စက်မျှ ထွက်မလာသကဲ့သို့ မည်သည့်ဘက်ကမှလည်း ထိခိုက်ပျက်စီးသွားခြင်း မရှိချေ။

တစ်ခဏမျှ ကြာပြီးနောက် အနက်ရောင်အရိပ်မှာ ဆတ်ခနဲ တုန်ခါသွားပြီး ၎င်း၏ ပါးစပ်မှ သွေးများ အန်ထွက်လာ၏။ အလံဖြူက တလွင့်လွင့်နှင့် ပျံဝဲထွက်ပြေးသွားသကဲ့သို့ အနက်ရောင် အရိပ်မှာလည်း အိမ်ပြင်ဘက်သို့ ရေအလျဉ်နှယ် စီးမျော ပျောက်ကွယ်သွားသည်။

ငွေရောင်ပုတီးစေ့မှာလည်း လည်ပတ်ခြင်း ရပ်တန့်၍ အခန်းထဲသို့ ပြန်ဝင်ပြီး အစရှာမရအောင် ပျောက်ကွယ်သွား၏။

ချင်မူမှာ ထိုအခါမှ ပြန်၍ လှုပ်ရှားလာနိုင်ပြီး အသက်လုရှူလိုက်ရသည်။ ဖြစ်ပျက်သွားသမျှကို ကောင်းကောင်းနားမလည်လိုက်သော်လည်း မြေပြင်ပေါ်မှ သွေးကွက်များကတော့ သူမြင်တွေ့ခဲ့သမျှမှာ အိပ်မက်မဟုတ်ကြောင်း သက်သေခံနေ၏။

အိမ်အပြင်ဘက်တွင်တော့ မောင်းသံတဒူဒူမှတစ်ပါး အခြားမည်သည့်အသံမျှ မကြားရချေ။ ညစောင့်က အချိန်နာရီ ကြေညာမောင်းထုနေခြင်း ဖြစ်၏။ ရွာသူရွာသားများအနေဖြင့် အချိန်မှန် သိမှသာ စောနိုးပြီး အပြင်ထွက်မိ၍ အမှောင်ထု၏ ဝါးမျိုခံရမည့် ဘေးမှ လွတ်ကင်းနိုင်မည် မဟုတ်လား။

ညစောင့်က မောင်းသုံးကြိမ်ထုပြီးနောက် ပြန်သိမ်း၍ အိမ်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။ သူ့အိမ်ရှေ့သို့ ရောက်သောအခါ မျက်မမြင်တစ်ယောက် ဝါးတောင်ဝှေးထောက်၍ လှမ်းလာနေကြောင်း မြင်တွေ့လိုက်ရ၏။

“ဒီကနောင်ကြီး... နေရာတစ်ခု ရှာပြီး အနားယူပါလား...” ညစောင့်က မျက်ကန်းကို အလျင်အမြန် တားဆီး၍ ပြုံးပြလိုက်သည်။ “ညဉ့်က အတော်နက်နေပြီ... ရွာပြင်ဘက် ထွက်မိပြီး မကောင်းဆိုးဝါးတွေရဲ့ ဝါးစားခံနေရမယ်... သတိထားဦး...”

မျက်ကန်းက တစ်ချက် ပြုံးပြ၍ သူ၏ ဝါးတောင်ဝှေးဖြင့် ညစောင့်၏ အရိပ်ကို ထောက်လိုက်၏။ “သတိပေးတာ ကျေးဇူးတင်ပါတယ်...” မျက်ကန်းက ကျေးဇူးစကား ဆိုပြီးနောက် ဝါးတောင်ဝှေးဖြင့် တတောက်တောက် ထောက်၍ တရွေ့ရွေ့ ထွက်ခွာသွားသည်။

ဖောက်... ဖောက်...။

ညစောင့်၏ ရင်ဝတွင် အပေါက်နှစ်ပေါက် ပွင့်ထွက်ပြီး ဒယိမ်းဒယိုင်ဖြစ်ကာ မြေကြီးပေါ်သို့ လဲပြိုကျသွား၏။

“ဘယ်လောက်တောင် မြန်လိုက်တဲ့ လှံသိုင်းလဲ... ငါ့သိုင်းကိုတောင် ဖျက်ဆီးနိုင်တယ်... ဟီး... ဟီး... မင်းဘယ်သူလဲ ငါသိပြီ... မျက်စိကန်းသွားပေမဲ့ အရင်ကထက်တောင် ပိုစွမ်းအား ကြီးလာတာပဲ...”

ညစောင့်မှာ နောက်ဆုံး ထွက်သက်ကို ရှူထုတ်ပြီး သေဆုံးသွားသည်။

လေထဲမှ တြိဂံပုံ အလံဖြူတစ်လက် မျောလွင့်လာပြီး သူ့မျက်နှာပေါ် ဖုံးအုပ်သွား၏။

All Chapters