အိမ်အမြန်ပြန်နေတဲ့ မှော်မိစ္ဆာ
Vol. 4 Ch. 43
နောက်နေ့တွင် ချင်မူမှာ အပြင်ဘက်မှ ရွာသူရွာသားများ၏ ဆူဆူညံညံ အသံများကြောင့် နိုးလာသည်။ သွားရောက် စုံစမ်းကြည့်သောအခါ ပြီးခဲ့သည့်ညက ညစောင့် သေဆုံးသွားသဖြင့် ရွာသူရွာသားများအားလုံး ထိတ်လန့်နေကြခြင်းဖြစ်ကြောင်း သိလိုက်ရ၏။
သူတို့မှာ ချင်မူ ခုတ်ဖြတ်လိုက်သည့် သစ်ပင်ထဲမှ မြွေကြီးကြောင့် တစ်ခါ ထိတ်လန့်ခဲ့ရပြီး ဖြစ်သည်။ ယခုတဖန် ညစောင့်ကလည်း ညဉ့်နက်သန်းခေါင်၌ အသေဆိုးဖြင့် ကောက်ခါငင်ခါ သေသွားသဖြင့် ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။
ယမန်နေ့မှ ဇနီးမောင်နှံက အဝတ်နီ ဖုံးလွှမ်းထားသော လင်ဗန်းတစ်ခုကို ယူဆောင်လာသည်။ ထိုအဝတ်နီပေါ်တွင်တော့ လက်ဆောင်အချို့ ပါရှိ၏။ “လက်သည်ကြီး၊ ညီငယ်လေး... ကျွန်တော်တို့က ဆင်းရဲတဲ့ မိသားစုဆိုတော့ အများကြီး မတတ်နိုင်ပါဘူး... ဒါလေးတော့ လက်ခံပေးပါ...”
ချင်မူက ငြင်းပယ်ရန် ပြင်လိုက်စဉ် မျက်ကန်းက ဖြတ်ပြောလိုက်သည်။ “လက်ခံလိုက်၊ မူအာ... သူတို့ကို မင့်အပေါ် အကြွေးတင်နေတယ်လို့ မခံစားရစေနဲ့...”
ချင်မူက ထိုလက်ဆောင်ပစ္စည်းများကို လက်ခံယူ၍ နှုတ်ဆက်စကား ဆိုလိုက်၏။ လူရွယ်က ပြုံးလိုက်သည်။ “ဒီလို ထူးကဲတဲ့ စွမ်းရည်မျိုးနဲ့ဆိုရင် ညီငယ်လေးက နောင်တစ်ချိန်မှာ သေချာပေါက် နဂါးဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဖုန့်ဟွမ်ငှက် ဖြစ်လာမှာပဲ...” (ဖုန့်ဟွမ် − တရုတ်ဒဏ္ဍာရီလာ ငှက်ဘုရင်)
“နဂါးတွေ၊ ဖုန့်ဟွမ်တွေက ဘာများ ကြီးကျယ်လို့လဲ...” အဘွားစစ်က ပြောလိုက်၏။ “နဂါးအသည်းနဲ့ ဖုန့်ဟွမ်သည်းခြေက စားလို့သောက်လို့ကောင်းတဲ့ ဟင်းလျာတွေထက် မပိုဘူး... နဂါးတွေ၊ ဖုန့်ဟွမ်တွေ ဖြစ်မလာနဲ့... ဒီလောကကြီးရဲ့ နဂါးနဲ့ ဖုန့်ဟွမ်တွေကို ဝါးစားပစ်မဲ့သူ ဖြစ်အောင်လုပ်...”
ထိုဇနီးမောင်နှံမှာ တစ်ယောက်ကိုတစ်ယောက် ပါးစပ်အဟောင်းသား ကြည့်လိုက်မိကြသည်။ အဘွားစစ်က သူတို့ကို လက်ယမ်း နှုတ်ဆက်လိုက်၏။ “ပြန်ကြတော့... မူအာ၊ မျက်ကန်း... ငါတို့ ဘုရားပွဲကို ပြန်ကြမယ်...”
ချင်မူက အဘွားစစ်နောက်မှ အမီလိုက်လာပြီး မေးခွန်းများ တရစပ် မေးလိုက်၏။ “ဘွားဘွား၊ မနေ့ညက ဘယ်လို ဖြစ်တာလဲ... မြွေကြီးကို မွေးထားတာ ညစောင့်လား... သူက ဘယ်လိုလုပ် သေသွားတာလဲ... ပြီးတော့ မနေ့ညက ကျွန်တော့် နဖူးပေါ်မှာ ဝဲနေတဲ့ ငွေရောင်အလုံးလေးကရော ဘာလဲ... ဘွားဘွားပြောတော့ ကျွန်တော်တို့ရွာကလူတွေ အကုန်လုံးက သာမန်လူတွေဆို... ဘာလို့ ကျွန်တော်တို့ရွာကလူတွေက တခြားရွာကလူတွေလို သာမန်မဟုတ်ဘူးလို့ ခံစားရတာလဲ...”
“ဘယ်က မေးခွန်းတွေ ရောက်လာတာလဲ...” အဘွားစစ်မှာ ခေါင်းကိုက်လာပြီး မျက်ကန်းကို အကူအညီတောင်းသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ မျက်ကန်းက ဟက်ခနဲ ရယ်မော၍ ရှေ့ဆက်လျှောက်သွားပြီ သစ်ပင်တစ်ပင်နှင့် ဝင်ဆောင့်ကာ သတိမေ့သွား၏။
အဘွားစစ်က မျက်ကန်း၏ မျက်နှာပေါ်သို့ တက်နင်းလိုက်သော်လည်း သူက သတိမေ့နေဆဲသာ ရှိသည်။
ချင်မူက မျက်ကန်းကို ကမန်းကတန်း ကျောပိုးလိုက်ပြီး အဘွားစစ်ကို မျှော်လင့်တကြီး ကြည့်လိုက်၏။ အဘွားစစ်က သူ့ခြင်းတောင်းထဲမှ အပ်တစ်ချောင်း ထုတ်ယူပြီး မျက်ကန်း၏ ဖင်ကို ထိုးစိုက်လိုက်သည်။ သွေးများ ပန်းထွက်လာသည့်တိုင် မျက်ကန်းက သတိလစ်နေဆဲသာ ရှိ၏။
ရှောင်လွှဲ၍ မရတော့သဖြင့် အဘွားစစ် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောပြလိုက်သည်။ “ဟုတ်တယ်... ညစောင့်က အဲဒီမြွေကို မွေးထားတဲ့ အောက်လမ်းမိစ္ဆာပညာရှင်ပဲ... သူ့စွမ်းရည်ကလည်း မနိမ့်ဘူး... သူသုံးတာ အရိပ်တစ္ဆေသိုင်းပဲ... အဲဒီသိုင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အဆင့်မြင့်ကောင်းကင်နတ်သိုင်း တစ်မျိုးပေါ့... ဘွားဘွားက အရိပ်သတ်သိုင်းကို သုံးပြီး သူ့အရိပ်ကတစ်ဆင့် ခန္ဓာကိုယ်အစစ်ကို ဒဏ်ရာရအောင် လုပ်လိုက်တာ... ဒါပေမဲ့ ဘွားဘွားက ကောင်းကင်နတ်ဆိုးဂိုဏ်းသားတွေကို အန္တရာယ် မပြုပါဘူးလို့ လူတစ်ယောက်ကို ကတိပေးထားမိပြီး စိတ်နှလုံးမိစ္ဆာက ခြောက်လှန့်နေတဲ့အတွက် သူ့ကို နောက်ဆုတ်သွားအောင်ပဲ ဖိအား ပေးနိုင်ခဲ့တယ်... သူ့ကို သတ်လိုက်တာက ဘွားဘွား မဟုတ်ဘူး... မျက်ကန်းပဲ...”
ချင်မူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ထပ်မေးလိုက်၏။ “အဲဒါဆို ငွေရောင်အလုံးလေးကရော... အဲဒါ ဓားစက်လုံးလား... ဘွားဘွားက ဓားသိုင်း ကျွမ်းတာလား...”
အဘွားစစ်က ချင်မူကို မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြန်ကြည့်လိုက်သည်။ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် မျက်လုံးများ နာလာသည်အထိ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ကြည့်လိုက်ကြ၏။ အဘွားစစ်က အံတစ်ချက် ကြိတ်လိုက်ပြီး နောက်ထပ် အပ်တစ်ချောင်း ထုတ်၍ မျက်ကန်း၏ ဖင်ကို ထပ်ထိုးလိုက်သော်လည်း မျက်ကန်းက သတိ ပြန်လည်မလာသေးဘဲ ရှိနေသည်။
“ငွေရောင်အလုံးလေး ဟုတ်လား... အဟမ်း... မင်း ပြောတာ ဒါလား...”
အဘွားစစ်က သူ့လက်ဖဝါးကို ဖြန့်ပြလိုက်၏။ သူ၏ လက်ဖဝါးထဲတွင် ငွေရောင်အလုံးလေး တစ်လုံး ရှိနေသည်။ ချင်မူက ချက်ချင်း ခေါင်းညိတ်လိုက်၏။ “ကျွန်တော့်ကို ဓားသိုင်း သင်ပေးပါ... ဘွားဘွား...”
အဘွားစစ်က သက်ပြင်းချလိုက်သည်။ “ဘွားဘွားက မင်းကို မသင်ပေးချင်တာ မဟုတ်ဘူး... သင်ပေးလို့ မဖြစ်တာ... ဘွားဘွားရဲ့ ဓားသိုင်းက ထိပ်တန်းဓားသိုင်းတစ်ခု ဆိုပေမဲ့ တစ်လောကလုံးမှာ အကောင်းဆုံးလို့ မပြောနိုင်ဘူး... မင်းသာ ဘွားဘွားရဲ့ ဓားသိုင်းကို သင်လိုက်ရင် အဲဒီလူက မင်းကို သင်ပေးမှာ မဟုတ်တော့ဘူး... အဲဒါကြောင့် ဘွားဘွား အသက်ဆုံးရရင်တောင် မင်းကို သင်ပေးမှာ မဟုတ်ဘူး...”
ချင်မူ စိတ်ပျက်သွား၏။ သို့သော်လည်း ချက်ချင်းပင် စိတ်အား ပြန်တက်ကြွလာသည်။ “တစ်လောကလုံးမှာ အကောင်းဆုံး ဓားသိုင်း ဟုတ်လား... သူက ကျွန်တော်တို့ ရွာကလား...”
“လျှောက်ပြီး တွေးမနေနဲ့...”
အဘွားစစ်က သူ့ကို သတိပေးလိုက်၏။ “မင်း သူ့ကို သွားတောင်းဆိုရင် ပိုပြီးတော့ သင်ပေးမှာ မဟုတ်ဘူး... သူ့စိတ်သူ ပြင်ဆင်ပြီးသွားတဲ့အခါမှ မင်းကို သင်ပေးချင် သင်ပေးလိမ့်မယ်... မင်းသင်ထားတဲ့ အကောင်းတကာ့ အကောင်းဆုံးသိုင်းတွေက အများကြီးပဲ... ဘယ်တစ်ခုမှ မင်း ကောင်းကောင်းကျွမ်းကျင်သေးတာ မဟုတ်ဘူး... ရွာထဲက ဘိုးဘွားတွေကို အနိုင်ယူနိုင်တဲ့အခါမှ ဓားသိုင်းသင်ဖို့ စဉ်းစား... အဲဒီအချိန်ကျ သူ မင်းကို မသင်ပေးရင်တောင် ငါတို့ ဝိုင်းဖိအားပေးမှာ...”
မျက်ကန်းက ဝှားခနဲ သန်းဝေ၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “အသိဉာဏ်ဗဟုသုတ အများဆုံးနဲ့ ကျင့်စဉ်စွမ်းအင် အသိပ်သည်းဆုံးပဲ... ဒီနှစ်တွေမှာ သူ့ရဲ့ စွမ်းအားက ပိုပိုပြီး ကြောက်ဖို့ ကောင်းလာတယ်... ငါတို့ ဝိုင်းတိုက်တောင် နိုင်ဖို့ မလွယ်ဘူး...”
“နောက်ဆုံးတော့ နင် သတိရချင်လာပြီပေါ့...” အဘွားစစ်က ဒေါသအိုး ပေါက်ကွဲသွားပြီး နောက်ထပ် အပ်တစ်ချောင်းဖြင့် မျက်ကန်း၏ ဖင်ကို ထိုးစိုက်လိုက်၏။
မျက်ကန်းက ချင်မူ၏ ကျောပေါ်မှ ဆင်း၍ ဝါးတောင်ဝှေးကို အားပြုပြီး မတ်မတ် ရပ်လိုက်သည်။ “တချို့ကိစ္စတွေက ငါရှင်းပြတာထက် နင်ရှင်းပြတာ ပိုကောင်းတယ်လေ... မနေ့ညက ညစောင့်ကို ဘယ်လိုသတ်ခဲ့တယ် ဆိုတာမျိုးတော့ ငါရှင်းပြမှာပေါ့... ပြောရရင် အဲဒီညစောင့်ရဲ့ အရိပ်တစ္ဆေသိုင်းက သူ့ခန္ဓာကိုယ်နဲ့ အရိပ်ကို နေရာလဲထားနိုင်တဲ့အထိ စွမ်းအားမြင့်တယ်... သူ့အရိပ်က ခန္ဓာကိုယ်အစစ်... ခန္ဓာကိုယ်ကိုပဲ မဲတိုက်နေရင် အရိပ်သတ်တာ ခံသွားရနိုင်တယ်... သူ ငါ့ကို သတ်ဖို့ လုပ်နေတုန်းမှာ ငါ့တောင်ဝှေးနဲ့ သူ့အရိပ်ကို နှစ်ချက်ဆောင့်ထိုးပြီး သတ်ခဲ့လိုက်တာပဲ...”
ချင်မူက တစ်ခဏမျှ စဉ်းစားပြီး ထပ်မေးလိုက်၏။ “အဲဒါဆို သူက ဘာလို့ မြွေတစ်ကောင် မွေးပြီး မွေးကင်းစကလေးတွေရဲ့ အသွေးအသား၊ စွမ်းအင်၊ အဆီအနှစ်၊ စိတ်ဝိညာဉ်တွေကို စုပ်ယူခိုင်းရတာလဲ...”
မျက်ကန်းက အဘွားစစ်ဘက် လှည့်ပြောလိုက်သည်။ “အဘွားကြီး... ဒါတော့ နင်ရှင်းပြတာ ပိုကောင်းမယ်... မိစ္ဆာသိုင်းနဲ့ ပတ်သက်ရင် နင်က ငါ့ထက် ပိုကျွမ်းကျင်တယ်...”
“အဲဒီပညာက ဖြစ်တည်မှုအကြို လွတ်မြောက်ကျင့်စဉ်လို့ ခေါ်တယ်...” အဘွားစစ်က ရှင်းပြလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ကျင့်စဉ်တစ်ခုပဲ... ဖြစ်တည်မှု ပြီးမြောက်တဲ့ အဆင့်ကနေ ဖြစ်တည်မှုမတိုင်မီ အဆင့်ကို ပြန်ရဖို့ ကျင့်ကြံရတာ... ဒါပေမဲ့ ဒီကောင်က တစ်ပိုင်းတစ်စကျင့်စဉ်ကြီးကို ဘယ်ကရလာတယ် မသိပါဘူး... မွေးကင်းစကလေးတွေကို အသုံးချပြီး ကျင့်ကြံဖို့ ကြိုးစားနေတာ... ဖြစ်တည်မှုအကြို လွတ်မြောက်ကျင့်စဉ် အစစ်အမှန်က မိစ္ဆာကျင့်စဉ်ဆိုပေမဲ့ ဂုဏ်သိက္ခာ ရှိတယ်... ဒီလို အောက်တန်းကျတဲ့ နည်းလမ်းမျိုး မဟုတ်ဘူး... ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်၊ နေနဲ့လရဲ့ အဆီအနှစ်ကို စုပ်ယူပြီး လေ့ကျင့်ရတာ...”
သူ့မျက်နှာတွင် စိုးရိမ်ပူပန်သည့် အမူအရာ ပေါ်လာပြီး တီးတိုးရေရွတ်လိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လူတစ်ယောက် ဒီနားကို ရောက်လာပြီ ဆိုတော့ မဟာမြို့ပျက်က အေးချမ်းတော့မှာ မဟုတ်ဘူး... သူတို့တွေက အုပ်စုလိုက် ရောက်လာမှာ...”
သူတို့သုံးယောက် ဘွားဘွားကြီးဘုရားကျောင်းသို့ ပြန်လာပြီးနောက် ဘုရားပွဲဈေးတွင် ဆက်၍ နေလိုက်ကြ၏။ မွန်းလွဲပိုင်းရောက်သောအခါ ကျေးရွာအသီးသီးမှ လူများမှာ ပြန်ရန် ပြင်ဆင်ကြတော့သည်။ ချင်မူလည်း ဒုက္ခိတဘိုးဘွားကျေးရွာဆီသို့ နွားလှည်းမောင်း၍ ပြန်လာခဲ့၏။
“မူအာ၊ ဒီနေ့ကစပြီး မင်းဖာသာ တစ်ယောက်တည်း အမဲလိုက်ထွက်လို့ ရပြီ...” အဘိုးကြီးမာက နွားလှည်းပေါ်တွင် ထိုင်နေရင်းမှ ရုတ်တရက် ကြေညာလိုက်သည်။ လှည်းလမ်းက မညီညာသည့်အတွက် သူခန္ဓာကိုယ်က နိမ့်လိုက် မြင့်လိုက် ဖြစ်နေ၏။ “မင်း အရွယ်ရောက်ပြီ...”
ချင်မူ၏ ရင်ထဲ၌ နွေးထွေးသွားပြီး ပြုံး၍ နောက်ပြန်လှည့်ကြည့်လိုက်သည်။ ဒုက္ခိတဘိုးဘွားကျေးရွာမှ နွားကျောင်းသားလေး၏ အပြုံးက နံနက်ချိန်ခါ၏ ပွင့်သစ်စနေမင်းကဲ့သို့ လဲ့ဖြာနေ၏။
“ဒါပေမဲ့ ဆန်းကြယ်သားရဲတွေကိုပဲ ဖမ်းရဦးမယ်... နယ်မြေအပိုင်စားအဆင့် ဆန်းကြယ်သားရဲတွေနောက် မလိုက်ရသေးဘူး...” အဘွားစစ်က သတိပေးစကား ဆိုလိုက်သည်။ “ပြီးတော့ ညနေတိုင်း နွားကျောင်းရဦးမယ်... မြက်များများ စားအောင်ကျောင်း... ကြားလား...”
နွားကျောင်းသားလေး၏ မျက်နှာမှာ တစ်မုဟုတ်ချင်း မည်းမှောင်သွားပြီး လှည်းဆွဲနေသည့် တုတ်တုတ်ခိုင်ခိုင် နွားနှစ်ကောင်မှာလည်း ဒေါသထွက်သွားသကဲ့သို့ အော်ဟစ်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းထဲတွင်လည်း မျက်ရည်များ ဝိုင်းလာပြီး မတရားခံရသည့်ပုံ ပေါက်နေသည်။
ထိုသည်ကို ကြည့်၍ ချင်မူ သံသယဝင်သွားပြီး မေးလိုက်၏။ “ဘွားဘွား... ဒီနွားတွေကလည်း လူတွေပဲလား...”
“ပြောကြည့်လေ...” အဘွားစစ်က ဟက်ခနဲ ရယ်လိုက်သည်။
ချင်မူ မှန်းဆကြည့်ချင်စိတ် မရှိချေ။
ထိုအခိုက် လေပွေတစ်ခု ရုတ်တရက် တိုက်ခတ်လာသဖြင့် လေပြည်ညင်းကို ခံစားနေသော လူငယ်လေးမှာ နွားလှည်းပေါ်မှ ခုန်ချ၍ လေပွေနောက်သို့ ပြေးလိုက်သွားတော့သည်။ သူက လေကို အမီလိုက်၍ လေလှိုင်းထိပ်ဖျားသို့ နင်းတက်ကာ ကောင်းကင်ယံတွင် ပျံဝဲရန် ကြိုးစားလိုက်၏။
သူ၏ အရှိန်အဟုန်က အလွန်တရာ လျင်မြန်လှပြီး တောအုပ်အထက်သို့ ခုန်တက်ကာ သစ်ပင်ထိပ်ဖျားများပေါ်မှ ပြေးလွှားနေသည်။ သူ့ပြေးနှုန်းက မြန်သည်ထက် မြန်လာပြီး နောက်ဆုံးတွင် လေလှိုင်းထိပ်ဖျားကို မီသွား၏။ ကောင်းကင်ယံသို့ ခုန်တက်လိုက်သောအခါ လေထဲတွင်ပင် ဖြစ်သော်လည်း သူ့ခြေထောက်အောက်မှ ထူးဆန်းသော အားအင်တစ်ခုက အထက်ကို ပင့်တင်ထားသကဲ့သို့ ရှိနေသည်။
ချင်မူ စိတ်လှုပ်ရှား ရွှင်မြူးသွားပြီး လေလှိုင်းထိပ်ဖျားတွင် အဆက်မပြတ် နင်းလျှောက်ကာ ကောင်းကင်ယံတွင် ခရီးနှင်လိုက်၏။
နွားလှည်းပေါ်မှ လူများက မော့ကြည့်လိုက်ကြပြီး မျက်ကန်းက တည်ငြိမ်စွာ မေးလိုက်သည်။ “သူ ပြုတ်ကျလာမှာလား...”
ဆေးဆရာက လေကို ဖမ်းဆုပ်၍ အနံ့ခံကြည့်ပြီး ရယ်မောလိုက်၏။ “ပြုတ်ကျလာလိမ့်မယ်... ဒါက မှော်မိစ္ဆာတစ်ကောင် အိမ်ပြန်ပြေးရင်း ဖြစ်လာတဲ့ မှော်မိစ္ဆာလေပဲ... အဲဒီမှော်မိစ္ဆာက သူ့ကို တွေ့ရင် သေချာပေါက် ရပ်သွားမှာပဲ... ဘယ်သူ သူ့ကို ဆီးဖမ်းမလဲ...”
ချင်မူ၏ ခြေလှမ်းများက လေပွေနှင့်အတူ ပို၍ မြန်လာပြီး သူ့ကိုယ်သူပင် သတိမပြုမိလိုက်ဘဲ မိုင်ပေါင်းများစွာ ခရီးနှင့်မိလျက်သား ဖြစ်သွားသည်။ ထိုသို့ ဝမ်းသာရွှင်မြူးနေသခိုက်၌ နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မြေခွေးလေးတစ်ကောင်ကို သူ မြင်လိုက်မိ၏။ ထိုမြေခွေးလေးက ငှက်ပျောရွက်တစ်ရွက်ပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ လက်များကို ရှေ့သို့ ဆန့်ထုတ်ထားသည်။
သူက ထိုမြေခွေးဖြူလေးကို အကြောင်သား ငေးစိုက်ကြည့်နေမိသကဲ့သို့ ၎င်းကလည်း သူ့ကို အကြောင်သား ပြန်စိုက်ကြည့်လိုက်၏။
လူသားတစ်ယောက်နှင့် မြေခွေးတစ်ကောင်မှာ တစ်ပြိုင်နက် အော်ဟစ်လိုက်မိကြသည်။ ချင်မူမှာ သူ့ခြေထောက်အောက်မှ လေပွေက ရုတ်တရက် ရပ်တန့်သွားကြောင်း ခံစားလိုက်မိပြီး ကောင်းကင်ယံမှ ယက်ကန်ယက်ကန်နှင့် ပြုတ်ကျသွား၏။ ထိုအခိုက်၌ မြေခွေးဖြူလေးက ငှက်ပျောရွက်ပေါ်တွင် ထိုင်လျက်သား ရှိနေသေးပြီး သူ့ကို လက်ညှိုးထိုး၍ ကြောက်လန့်တကြား အော်ဟစ်နေသည်။
“သေစမ်း...”
ချင်မူ သူ့ခြေထောက်များကို ချက်ချင်း လှုပ်ရှား၍ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်းကို ထုတ်ဖော်ရန် ကြိုးစားလိုက်၏။ “ငါသာ လုံလောက်တဲ့ အမြန်နှုန်းနဲ့ ပြေးနိုင်ရင် ကောင်းကင်ပေါ်မှာတောင် ပြေးလို့ရတယ်...”
သို့သော်လည်း ယခုအခါမှ သူက လုံလောက်သည့် အမြန်နှုန်းဖြင့် မပြေးနိုင်သေးကြောင်း သဘောပေါက်သွားသည်။ လေပေါ်တွင် ခြေကုပ်ရယူနိုင်ခြင်း မရှိဘဲ မြေပေါ်သို့ ဆက်၍ ထိုးကျသွား၏။
ချင်မူ အောက်သို့ ငုံ့ကြည့်ပြီး ခေါင်းကျိန်းသွားသည်။ အောက်ဘက်တွင် ရှိနေသည်က တောင်ကြောကြီး ဖြစ်ပြီး သစ်ပင်တစ်ပင်မျှပင် မမြင်ရချေ။ ကျောက်တုံးကျောက်ခဲများသာ ပြန့်ကြဲနေပြီး ၎င်းတို့နှင့် မိတ်ဆက်သွားပါက မရှုမလှ သေဆုံးရပေလိမ့်မည်။
ထိုအခိုက်၌ ကောင်းကင်ယံထက်မှ အော်ဟစ်နေသော မြေခွေးဖြူလေးမှာ သတိပြန်ဝင်လာပြီး သူ၏ ငှက်ပျောရွက်ကို တစ်မုဟုတ်ချင်း ပျံသန်းစေလိုက်၏။ ချင်မူမှာ သူ့ခြေထောက်အောက်၌ လေပွေတစ်ခု ရုတ်ခြည်း ပေါ်ထွက်လာကြောင်း ခံစားမိပြီး လေလှိုင်းထိပ်ဖျားပေါ်သို့ နောက်တစ်ကြိမ် ပြန်တက်ရပ်နိုင်သွားသည်။ သူ့ခြေထောက်များကို အလျင်အမြန် လှုပ်ရှား၍ အောက်သို့ ကျဆင်းနေသည့် အရှိန်ကို ရပ်တန့်ရန် ကြိုးစားပြီး လေလှိုင်းထိပ်ဖျားပေါ်မှ ဆက်လက် နင်းလျှောက်လိုက်၏။
သူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ မြေခွေးဖြူလေးက ငှက်ပျောရွက်ပေါ်တွင် ထိုင်၍ သူ့ကို မီလာ၏။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်နေရင်းမှ မြေခွေးဖြူလေးက ချိုသာသော အသံဖြင့် လူတစ်ယောက်ကဲ့သို့ စကားပြောလာသည်။ သူ့ခန္ဓာကိုယ်က အရက်နံ့တထောင်းထောင်း ထပြီး အရက်မူးနေသည့်အသွင် ရှိ၏။ “နင်က ဘာလုပ်နေတာလဲ... ဘာလို့ ငါ့လေပွေနောက် လိုက်လာတာလဲ...”
ချင်မူ အံ့အားသင့်သွားပြီး ပြန်ပြောလိုက်သည်။ “ငါက လေလှိုင်းထိပ်ဖျားပေါ် အမီလိုက်နင်းပြီး လေပေါ်မှာ လမ်းလျှောက်ဖို့ ကြိုးစားနေတာ... မင်းရဲ့ လေပွေမှန်း မသိလိုက်ဘူး... ဒါနဲ့ မင်းက ပျံနိုင်တာလား... ပြီးတော့ လူစကားလည်း ပြောတတ်တယ်ပေါ့...”
“ငါက လေထိန်းချုပ်တဲ့ မှော်ဂါထာ သုံးပြီး ပျံလာတာလေ...” မြေခွေးဖြူလေးက ရှင်းပြလိုက်၏။ “စားသောက်ပွဲတစ်ခုက ပြန်လာရင်း မှောင်တော့မှာမလို့ အိမ်အမြန်ပြန်ပြေးနေတာ၊ ငါ သွားတော့မယ်... နင့်ကို လိုက်မပို့တော့ဘူး... ကံကြုံရင်တော့ နောက်တစ်ခါ ပြန်ဆုံကြသေးတာပေါ့...” ၎င်းက စကားဆုံးသည်နှင့် လေပြင်းတစ်ချက်နှင့်အတူ ပျောက်ကွယ်သွား၏။
ချင်မူမှာ လေလှိုင်းစွမ်းအင် အားပျော့သည်ထက် အားပျော့လာသဖြင့် ကောင်းကင်ယံမှ တစ်မုဟုတ်ချင်း ဆင်းပြေးလိုက်သည်။ သူ မြေပေါ်သို့ ရောက်သောအခါ ဒုက္ခိတဘိုးဘွားကျေးရွာက မဝေးတော့ကြောင်း လှမ်းမြင်ရ၏။ ခေါင်းမော့၍ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ မြေခွေးဖြူလေးမှာ အစအနမမြင်ရအောင် ပျောက်ကွယ်သွားချေပြီ။
“စားသောက်ပွဲက ပြန်လာတာ...” ချင်မူ၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်လာသည်။ “စိတ်ဝင်စားဖို့ အတော်ကောင်းတာပဲ... ဒီမြေခွေးလေးက လူစကားပြောတတ်သလို မှော်ဂါထာတွေလည်း တတ်တယ်၊ စားသောက်ပွဲလည်း တက်တယ်... နောက်တစ်ခါ ပြန်တွေ့ရင်တော့ သေချာ မေးရမယ်...”
ထိုမှစ၍ နှစ်ရက်အကြာတွင် ဖုန်အလူးလူးပေပွနေသော ရသေ့အိုကြီးတစ်ပါးနှင့် ရသေ့ပျိုတစ်ပါး ကျန်းစံအိမ်သို့ ရောက်ရှိလာပြီး အလှူခံကြ၏။ “ကိုယ်တော်တို့ကို ရေလေးတစ်ပေါက်လောက် လှူကြပါလားကွယ်... ကိုယ်တော်တို့ရသေ့တွေက အမြဲ လှည့်လည်သွားလာနေရတော့ အစာအိမ် သိပ်မကောင်းလို့ ရေနွေးလေးတစ်ခွက်လောက် ရနိုင်ရင် အဆင်ပြေပါတယ်...”
ရွာသူရွာသားများက ထိုရသေ့နှစ်ပါးကို ရေခွက်များ ကပ်လိုက်ကြသည်။ ရသေ့နှစ်ပါးက ဆုပြန်ပေးကြပြီး နှစ်လိုဖွယ်ရာ မျက်နှာထားနှင့် ရသေ့အိုကြီးက ပြုံးလိုက်၏။ “ကိုယ်တော်တို့ ဆရာတပည့်နှစ်ပါးက နေရာအနှံ့ လှည့်လည်နေတာဆိုတော့ မှော်ပညာနဲ့ ပတ်သက်ပြီး တစ်စွန်းတစ်စ နားလည်တတ်ကျွမ်းတယ်... ဒကာလေးတို့ရွာမှာ မိစ္ဆာအငွေ့အသက်တွေ ရနေသလိုပဲ... မိစ္ဆာရှင်းဖို့အတွက် ကိုယ်တော်တို့ ကူညီရဦးမလား...”
ရွာသူရွာသားများက ပြုံးလိုက်ကြသည်။ “မိစ္ဆာက ရှင်းပြီးပါပြီ... သစ်ခေါင်းထဲမှာ ပုန်းနေတဲ့ မြွေကြီးတစ်ကောင်ပါ... အဲဒီမြွေကို ဘေးကပ်ရက်ရွာက လူငယ်လေးတစ်ယောက် သတ်ပေးခဲ့တာ...”
ရသေ့အိုကြီးက အံ့အားသင့်စွာ မေးလိုက်၏။ “အဲဒါဆို ဒီနေရာမှာ ဘာလို့ မိစ္ဆာအငွေ့အသက်တွေ ရနေသေးတာလဲ... ဒီရက်ပိုင်း ရွာထဲက တစ်ယောက်ယောက်များ ဆုံးပါးသွားသေးလား...”