← Chapters

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်

Vol. 4 Ch. 44

ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်

Vol. 4 Ch. 44

ကျန်းစံအိမ်မှ ရွာသူရွာသားများ စုဝေးရောက်ရှိလာပြီး တစ်ယောက်က ကမန်းကတန်း ဝင်ဖြေလိုက်သည်။ “ညစောင့် သေထားတာ မကြာသေးပါဘူး...”

ရသေ့ကြီးက တစ်ခဏမျှ စဉ်းစားပြီးနောက် မေးလိုက်၏။ “အဲဒီညစောင့်ရဲ့ အလောင်းကို မြေမြှုပ်ပြီးပြီလား... သူက မိစ္ဆာဖြစ်ဖို့များတယ်... အဲလိုဖြစ်နေရင် သူ့အလောင်းက ဖုတ်ကောင်ပြောင်းသွားနိုင်တယ်...”

ကျန်းစံအိမ်မှ ရွာသူရွာသားများမှာ အလန့်တကြား ထခုန်လိုက်မိကြပြီး ရသေ့နှစ်ပါးကို ညစောင့်၏ အုတ်ဂူသို့ ခေါ်ဆောင်သွားသည်။ “မနေ့ကမှ မြေမြှုပ်လိုက်တာပါ၊ အရှင်နှစ်ပါး...”

ရသေ့ကြီးက သူ့လက်ချောင်းဖြင့် ရှေ့သို့ ညွှန်လိုက်ရာ အုပ်ဂူပေါ်မှ မြေမှုန့်များ နှစ်ခြမ်းကွဲ၍ မြေတွင်းထဲမှ အခေါင်းတစ်ခု ပေါ်ထွက်လာပြီး အားလုံး၏ ရှေ့တွင် ပေါလောမျောနေတော့၏။

ဖောက်... ဖောက်... ဖောက်...။

အခေါင်းတွင် ရိုက်ထားသော သံများက သူ့အလိုလို ကျွတ်ထွက်သွားပြီး အခေါင်းဖုံး ပွင့်လာသည်။ အခေါင်းခွံက မြေကျင်းထဲသို့ ပြန်ကျသွားပြီး ညစောင့်၏ ရုပ်အလောင်းသာ လေပေါ်တွင် မျောလွင့်၍ ကျန်ခဲ့၏။ သူ့မျက်နှာပေါ်တွင်တော့ အလံဖြူတစ်ခု ဖုံးအုပ်နေသည်။

ရသေ့နှစ်ပါးက ထိုအလံဖြူကို လှမ်းယူ၍ ကြည့်ရှုစစ်ဆေးပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။ ရသေ့ကြီးက ဂါထာမန္တာန်တစ်ခု ရွတ်ဆို၍ လက်ညှိုးညွှန်လိုက်ရာ ညစောင့်၏ ရုပ်အလောင်းမှာ တစ်မုဟုတ်ချင်း မီးလျှံများ ထတောက်ပြီး ပြာဖြစ်သွားသည်။

ရွာသူရွာသားများက ကျေးဇူးစကားဆို၍ ရွှေငွေများ ပေးလှူကြ၏။ ရသေ့ငယ်က လက်ကာပြသော်လည်း ရသေ့ကြီးက ကြားဖြတ်ပြောလိုက်သည်။ “ဘာမှမလုပ်ရင် လာဘ်လာဘတွေ လက်မခံသင့်ပေမဲ့... ငါတို့က ကောင်းမှုကုသိုလ် လုပ်ခဲ့တာဆိုတော့ ဒီလာဘ်လာဘကို လက်ခံရမှာပေါ့... လက်ခံလိုက်...”

ရသေ့ငယ်က ပစ္စည်းများကို လက်ခံယူလိုက်၏။ ရသေ့ကြီးက မေးလိုက်သည်။ “မြွေကြီးကို သတ်သွားတဲ့ လူငယ်လေးက ဘယ်မှာနေတာလဲ မသိဘူး... သူနဲ့အတူ တခြားဘယ်သူတွေရော ပါလာသေးလဲ...”

“သူတို့က ဒုက္ခိတဘိုးဘွားကျေးရွာကပါ... သူနဲ့အတူ မျက်ကန်းအဘိုးကြီးတစ်ယောက်နဲ့ လက်သည်အဘွားကြီးလည်း ပါလာတယ်... မြစ်ကြောင်းအတိုင်း ဆန်တက်သွားရင် ဒီနေရာကနေ ဆယ့်လေးမိုင်လောက်ဆို အဲဒီရွာကို ရောက်ပါလိမ့်မယ်...”

ရသေ့ကြီးက ကျေးဇူးစကားဆိုလိုက်ပြီး ကျန်းစံအိမ်မှ ထွက်ခွာ၍ မြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့ကြ၏။

မိုင်အနည်းငယ်ခန့် လျှောက်ပြီးသောအခါ ရသေ့ကြီးက သက်ပြင်းချလိုက်သည်။ “သေခြင်းတရားက မီးစာကုန် ဆီခန်းသွားတဲ့ မီးအိမ်တစ်လုံးလိုပဲ... စံအိမ်သခင်မိုရဲ့ မီးအိမ်က ငြိမ်းသေသွားပြီ... အဲဒီညစောင့်က စံအိမ်သခင်မိုပဲ၊ ဖြစ်တည်မှုအကြို လွတ်မြောက်ကျင့်စဉ်ကို လမ်းလွဲလေ့ကျင့်ပြီး မွေးကင်းစကလေးတွေကို သူ့ကျင့်စဉ်အတွက် အသုံးချနေတာ... သူက သေသင့်ပေမဲ့ နတ်ဂိုဏ်းရဲ့ စံအိမ်သခင်တစ်ယောက်အနေနဲ့ပဲ ရှိသေးတယ်... သူ့ကို သတ်သွားတာက လှံနတ်ဘုရားပဲ၊ သူ့ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို တွဲလျက် ထိုးသတ်သွားတာ... အလံဖြူပေါ်မှာလည်း ဓားခုတ်ရာတွေ တွေ့တယ်၊ ကြည့်ရတာ စံအိမ်သခင်မိုက လှံနတ်ဘုရားနဲ့ မတွေ့ခင် ဂိုဏ်းသခင်မနဲ့ပါ တွေ့ခဲ့တာ ထင်တယ်...”

သူ့ဘေးမှ ရသေ့ငယ်က ငြိမ်သက်စွာ နားထောင်နေ၏။

ရသေ့ကြီးက ဆက်ပြောလိုက်သည်။ “ဂိုဏ်းသခင်မက အမြဲတမ်း ဖမ်းမရအောင် ပျောက်နေတာ... မဟာမြို့ပျက်ထဲ ဝင်ပုန်းသွားပြီးကတည်းက တစ်စွန်းတစ်စမှ ခြေရာခံမရတော့ဘူး... အခု ဒီနေရာမှာ စံအိမ်သခင်မိုက သူနဲ့ တွေ့ခဲ့လိမ့်မယ်လို့ မထင်လိုက်မိဘူး... ဂိုဏ်းချုပ်၊ ကျွန်တော်တို့ အချိန်ကုန်ခဲ့တာတွေ အလကား မဖြစ်တော့ဘူး...”

ရသေ့ငယ်၏ ပါးစပ်ပွင့်ဟလာပြီး အတော်အိုမင်း၍ အားအင်အပြည့်ပါသည့် အသံတစ်သံ ထွက်ပေါ်လာ၏။ “ဂိုဏ်းသခင်မက ဂိုဏ်းသခင်ကို သတ်ပြီး ငါတို့ဂိုဏ်းရဲ့ အထွတ်အမြတ်သိုင်းကျမ်းဖြစ်တဲ့ မဟာဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ခိုးယူထွက်ပြေးသွားခဲ့တာ အနှစ်လေးဆယ်တောင် ရှိပြီ... လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံး လိုက်ရှာခဲ့ရတာ... နောက်ဆုံးတော့ သူ့ကို တွေ့ပြီပေါ့လေ...”

နောက်တစ်နေ့နံနက်၊ ဒုက္ခိတဘိုးဘွားကျေးရွာတွင်...။ ဆေးဆရာက ရွာလူကြီးကို မနက်စာကျွေး၍ ရွာအဝင်ဝသို့ ခေါ်ဆောင်လာပြီး ရေနွေးအိုး တည်နေစဉ် ရွာထဲမှ ကြက်နဂါး၏ ကတော်ကတော် အော်သံများ ကြားလိုက်ရသည်။

“ကြက်မ ဥဥပြီ... မူအာ၊ ဝပ်ကျင်းထဲက ဥသွားနှိုက်စမ်း...”

အဘွားစစ်က ကြက်ဥသွားနှိုက်ခိုင်းသဖြင့် ချင်မူ ဝပ်ကျင်းအနီးသို့ ချဉ်းကပ်သွားစဉ် ထိုကြက်နဂါး၏ ထိုးဆိတ်ခြင်း ခံရပြီး သူ့မျက်နှာတစ်ပြင်လုံး သွေးခြင်းခြင်းနီ၍ ထွက်ပြေးရ၏။

ကြက်နဂါးက အလွန်တရာ စူးရဲရန်လိုတတ်ပြီး မီးတောက်မီးလျှံများ မှုတ်ထုတ်နိုင်သည်။ ၎င်း၏ အမွေးအတောင်များက ဓားသွားကဲ့သို့ ချွန်ထက်နေပြီး ခြေသည်းများကလည်း သတ္ထုတုံးများကိုပင် ရွှံ့တုံးကဲ့သို့ ကုတ်ခြစ်ပစ်နိုင်၏။ ထိုကြက်မနှင့် အနည်းငယ်မျှ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ပြိုင်ဘက်မဟုတ်ကြောင်း သဘောပေါက်သဖြင့် ချင်မူ ထွက်ပြေးလာခဲ့ရသည်။

“မူအာ၊ မင့်မှာ ကြက်တစ်ကောင်ကိုတောင် နိုင်အောင်တိုက်ဖို့ ခွန်အားမရှိဘူးလား...” သားသတ်သမားက ချင်မူ ကြက်နဂါး အလိုက်ခံရပြီး တစ်ရွာလုံး ပတ်ပြေးနေရသည်ကို ကြည့်၍ ခွက်ထိုးခွက်လန် ရယ်မောလိုက်၏။

အဘွားစစ်က ထိုအခွင့်အရေးကို ချောင်း၍ ကြက်ဥ နှိုက်ယူလိုက်သည်။ ကြက်နဂါးမှာ ချင်မူ့ကို အမီမလိုက်နိုင်တော့သဖြင့် သူ့ဝပ်ကျင်းဆီသို့ ဝင့်ကြွားစွာ ပြန်အလာတွင် သူ့ဥ မရှိတော့ကြောင်း သိသွားပြီး ဒေါသအိုးပေါက်ကွဲ၍ ထိုလူငယ်လေးနောက် တစ်ဟုန်ထိုး ပြေးလိုက်ပြန်၏။

အတန်ကြာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးနောက် ကြက်နဂါး၏ လက်အောက်တွင် ရှုံးနိမ့်ခဲ့ရသည့်အတွက် ကျဆင်းသွားသော စိတ်ဓာတ်များကို ချင်မူ အားတင်း၍ ပြန်ဆွဲတင်လိုက်သည်။ ဝက်ခုတ်ဓားကို သူ့နောက်ကျောရှိ ဓားအိမ်ထဲထည့်၍ ကြီးမားသည့် သံတူကြီးနှင့် ခက္ခရာတောင်ဝှေးကို နောက်တွင် ပတ်ချည်ပြီး အိတ်ထဲသို့ စွမ်းအင်ဆေးလုံး အနည်းငယ် ထည့်ကာ ရွာထဲမှ စိတ်အားထက်သန်စွာ ထွက်ခွာသွားတော့၏။

ဤသည်မှာ ပထမဦးဆုံးကြိမ်အဖြစ် သူတစ်ယောက်တည်း အမဲလိုက်ထွက်ခြင်း ဖြစ်ပြီး ဤနေ့ရက်မျိုးရောက်ရန် တစ်ချိန်လုံး စောင့်မျှော်ခဲ့ရသည်။ သို့သော်လည်း ကြက်နဂါး၏ အခွပ်အဆိတ်ခံခဲ့ရသဖြင့် သူ အနည်းငယ် စိတ်ဓာတ်ကျနေသေး၏။

ချင်မူ ရွာမှအထွက်တွင် ခြေသလုံးအိမ်တိုင် တာအိုရသေ့များကဲ့သို့ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်နှင့် လူကြီးတစ်ယောက်ကို မြင်တွေ့လိုက်ရသည်။

ထိုလူငယ်နှင့် လူကြီးက ရွာအဝင်ဝသို့ ရောက်သောအခါ လ္ဘက်ရည်ကြမ်း သောက်နေသည့် ရွာလူကြီးနှင့် ဆေးဆရာကို အရိုအသေပြု နှုတ်ဆက်၍ မေးမြန်းလိုက်၏။ “ကျုပ်တို့အနေနဲ့ လ္ဘက်ရည်ကြမ်းလေး တစ်ခွက်လောက်များ သောက်ခွင့်ရနိုင်မလား မသိဘူး...”

ရွာလူကြီးက မျက်ခုံးပင့်ကြည့်၍ တုံ့ပြန် ပြောဆိုလိုက်သည်။ “အဝေးကလာတဲ့ ဧည့်သည်တွေကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်ပါ့မလဲ...”

ထိုနှစ်ယောက်က ဝင်ထိုင်လိုက်ပြီး ဆေးဆရာက သူတို့အတွက် လ္ဘက်ရည်ကြမ်းနှစ်ခွက် ငှဲ့ပေး၏။ လူငယ်ဖြစ်သူက ရွာလူကြီး၏ ရှေ့တွင် ဝင်ထိုင်၍ အဘိုးကြီးက သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။

“ဒါက ဟိုမြွေကြီးကို သတ်ခဲ့တဲ့ ကောင်လေးလား...” အကြီးဖြစ်သူက ချင်မူ့ကို နှစ်လိုစွာ ကြည့်၍ ပြုံးပြလိုက်၏။

ချင်မူ တစ်ခုခု ပြန်ပြောမည်ပြင်စဉ် ရွာလူကြီးက ဖြတ်ပြောလိုက်သည်။ “မူအာ... ဒီမှာ မင့်ကိစ္စ မရှိဘူး... မင်း သွားစရာရှိတာ သွားတော့...”

ချင်မူက ခေါင်းညိတ်၍ တောထဲသို့ ထွက်သွား၏။

ချင်မူ ခပ်လှမ်းလှမ်းသို့ ရောက်သောအခါ ရွာလူကြီးရှေ့မှ လူငယ်က ပါးစပ်ဟလာပြီး အလွန်တရာ အိုမင်းသော လေသံဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ အရင်က ဆုံဖူးကြတယ် မဟုတ်လား...”

ရွာလူကြီးက ခေါင်းညိတ်လိုက်၏။ “ဆုံဖူးပါတယ်...”

ထိုလူငယ်က ပြုံးလိုက်သည်။ “ကျုပ်တို့မျိုးဆက်မှာ အများကြီး မကျန်တော့ဘူး... ခင်ဗျားနဲ့ တွေ့ရတာ ကျုပ် ဝမ်းသာပါတယ်...”

“အတူတူပါပဲ...” ရွာလူကြီးက အသက်မပါသည့် လေသံဖြင့် ပြောလိုက်၏။

လူငယ်က ပြုံးလိုက်သည်။ “ဒီကို အဘွားစစ်နဲ့ တွေ့ဖို့ လာခဲ့တာပါ... ကျုပ်တို့ဂိုဏ်းမှာ လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံး ဂိုဏ်းသခင် မရှိခဲ့ဘူး... အဘွားစစ်က ကျုပ်တို့ကို အဖြေတစ်ခုခု ပေးရပါလိမ့်မယ်...”

ရွာလူကြီးက ခေါင်းခါယမ်းလိုက်၏။ “ဒီရွာထဲကို ရောက်တာနဲ့ ကျုပ်တို့အားလုံးက အပြင်လောကနဲ့ ဘာအနှောင်အဖွဲ့မှ မရှိတော့ပါဘူး...”

ထိုလူငယ်၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသည်။ “အဲဒီလိုဆို ကျုပ် အထဲမဝင်တော့ပါဘူး... သူ့ကို ခေါ်ထုတ်ပေးနိုင်မလား... ကျုပ်မှာ သူ့ကို မေးစရာ မေးခွန်းလေးတွေ ရှိနေတယ်...”

ရွာလူကြီးက ထပ်၍ ခေါင်းခါယမ်းလိုက်၏။ “သူ အပြင်ထွက်သွားတယ်...”

အကြီးဖြစ်သူက သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သည့် အသွင်ဖြင့် တစ်စုံတစ်ရာ ပြောမည်ပြင်လိုက်သော်လည်း လူငယ်က လက်ကာ၍ တားဆီးလိုက်သည်။ “ကျုပ်တို့က အနှစ်လေးဆယ် စောင့်ခဲ့ပြီးပြီပဲ... အခုမှ လောနေစရာ မရှိပါဘူး... စည်းကမ်းထိန်း အကြီးအကဲ၊ ဂိုဏ်းသခင်မ ဒီမှာ မရှိဘူးဆိုတော့ ရွာတည်ဖို့ အလုပ်သမားတွေ ခေါ်လိုက်... ငါတို့ ဒီမှာ ညအိပ်ပြီး စောင့်ကြမယ်...”

အကြီးအကဲက ဦးညွှတ်နာခံ၍ ကောင်းကင်ယံသို့ မိစ္ဆာချီစွမ်းအင်တစ်ခု ပစ်လွှတ်လိုက်ရာ “အမိန့်”ဟူသော စာလုံးကြီးတစ်လုံး ပေါ်ထွက်လာ၏။

လူငယ်က လ္ဘက်ရည်ကြမ်းကို ဖြည်းဖြည်းချင်း အရသာခံ၍ သောက်လျက် ရှိသည်။ နှစ်နာရီခန့် ကြာသောအခါ ဒုက္ခိတဘိုးဘွားကျေးရွာမှ ရွာသူရွာသားများအားလုံး လုပ်လက်စအလုပ်များကို ချ၍ ရွာပြင်သို့ ထွက်ကာ ခေါင်းမော့ကြည့်လိုက်မိကြ၏။

ရွာအပြင်ဘက်တောထဲမှ ကြွက်သားအမြှောင်းအမြှောင်းနှင့် လူ့ဘီလူးကြီးများ ထွက်ပေါ်လာကြသည် မဟုတ်လား။ သူတို့လာရာ လမ်းတစ်လျှောက်ရှိ သစ်ပင်များအားလုံးမှာ တဝုန်းဝုန်း လဲပြိုပိပြားကုန်၏။ ထိုလူ့ဘီလူးကြီးများက လေးယောက်တစ်ဖွဲ့ကျ ကျောက်ရုပ်တုများ သယ်ဆောင်လာပြီး စုစုပေါင်း ကျောက်ရုပ်တုလေးခု ရှိသည်။ သူတို့အားလုံး လျှာထွက်အောင် ဟောဟဲဆိုက်၍ အားကုန်ညှစ်ထုတ် လျှောက်လှမ်းလာကြရ၏။ သူတို့၏ ခြေထောက်အောက်ရှိ တောင်ပူစာများ၊ ကျောက်ဆောင်၊ ကျောက်တုံးများမှာလည်း ပြားချပ်သွားကြသည်။

ကျောက်ရုပ်တုများက မနှိုင်းသာအောင် လေးလံလွန်းလှသဖြင့် ထိုလူ့ဘီလူးကြီး ဆယ်ခြောက်ယောက်၏ မျက်နှာမှာ နီရဲနေ၏။ သူတို့ကဲ့သို့ ခွန်အားကြီး အလုပ်ကြမ်းသမားများပင် ထိုကျောက်ရုပ်တုများကို နိုင်နင်းခြင်း မရှိချေ။

လူဘီလူးကြီး ဆယ်ခြောက်ယောက်က သယ်ဆောင်လာသော ကျောက်ရုပ်တုလေးခုကို ဒုက္ခိတဘိုးဘွားကျေးရွာ၏ ဘေးကပ်လျက်တွင် အရှေ့၊ အနောက်၊ တောင်၊ မြောက် ထောင့်လေးထောင့် ခွဲချလိုက်ကြသည်။

များစွာမကြာလိုက်ဘဲ အိပ်ဆောင်များစွာပါသည့် သင်္ဘောတစ်စီး မြစ်ကြောင်းထဲမှ ရွက်လွှင့်၍ မြစ်ကမ်းဘေးသို့ ဆိုက်ကပ်လာ၏။ ထိုသင်္ဘောပေါ်မှ လက်သမားတစ်ရာခန့် ဆင်းလာပြီး ဒုက္ခိတဘိုးဘွားကျေးရွာဘေးရှိ သစ်ပင်များကို လှဲဖြတ်၍ အိမ်များ ဆောက်ကြတော့သည်။ တစ်နာရီခန့် ကြာပြီးသောအခါ လိုအပ်သည့် ပရိဘောဂအပြည့်အစုံနှင့် သစ်သားအိမ်များ ဆောက်လုပ်ပြီးစီးသွား၏။ ထို့နောက် လက်သမားများက သင်္ဘောပေါ်သို့ ပြန်တက်၍ ရွှေ၊ ငွေ၊ အိမ်သုံးပစ္စည်းများ သယ်ချလာသည်။ ပြီးသည့်အခါ သင်္ဘောပေါ်သို့ ပြန်တက်၍ ရွက်လွှင့် ထွက်ခွာသွားကြ၏။

ထိုသင်္ဘော ထွက်သွားပြီးနောက် နောက်ထပ်သင်္ဘောတစ်စီး ဆိုက်ကပ်၍ ဆေးသုတ်သမားအချို့ ဆင်းလာကာ သစ်သားအိမ်များနှင့် ပရိဘောဂများကို ဆေးသုတ်ပြီး ပြန်ထွက်သွားကြသည်။

ထို့နောက်တွင် ကျောက်အလှဆင်သမားများပါသည့် သင်္ဘောတစ်စီး ထပ်မံ ဆိုက်ကပ်လာပြီး ကျောက်တောင်မှ ကျောက်တုံးများ တူးယူ၍ ကျောက်ရုပ်တုများထွင်းထု၊ ကျောက်လမ်းများခင်းကာ ထွက်ခွာသွားကြ၏။

တစ်ခဏမျှ ကြာပြီးနောက် နှုတ်ခမ်းမွေးလိပ်လိပ်နှင့် ထွားထွားကြိုင်းကြိုင်း လူကြီးတစ်ယောက် ဖုံအလူးလူးနှင့် ရောက်လာပြီး ဦးညွှတ် အရိုအသေပြုလိုက်သည်။ “ဂိုဏ်းချုပ်၊ စည်းကမ်းထိန်းအစ်ကိုကြီး...”

အကြီးအကဲဖြစ်သူက တုံ့ပြန်ပြောဆိုလိုက်၏။ “လက်ဝဲရံ၊ ရွာက အသင့်ဖြစ်နေပြီ... အခန်းတစ်ခန်း ယူလိုက်...”

နှုတ်ခမ်းမွေးလိပ်လိပ်နှင့် လူထွားကြီးက ဒုက္ခိတဘိုးဘွားကျေးရွာဘေးမှ အသစ်တည်ဆောက်ထားသော ရွာထဲသို့ ဝင်ရောက်သွားပြီး အခန်းတစ်ခန်းတွင် အနားယူကာ အသံမပြုတော့ချေ။

ထိုနောက်တစ်ခဏတွင် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် အဘွားကြီးတစ်ယောက် ရောက်လာပြီး လူငယ်နှင့် အကြီးအကဲကို ဂါရဝပြုနှုတ်ဆက်၍ အခန်းတစ်ခန်း၌ နေရာယူလိုက်သည်။ ခဏကြာသောအခါ တံငါသည်တစ်ယောက် လောင်းလှေစီး၍ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြန်၏။ ထိုသူက လောင်းလှေကို မြစ်ကမ်းတွင် ကျောက်ချ၍ ငါးမြှားတံနှင့် ပလိုင်းကို ယူဆောင်ပြီး ရွာထဲ၌ နေရာယူလိုက်သည်။

များစွာမကြာလိုက်ဘဲ ပို၍ ပို၍ ထူးဆန်းသော လူများ ရောက်ရှိလာ၏။ အချို့က လူချမ်းသာသူဌေးများ၊ အချို့က ကုန်သည်များ၊ အချို့က ကျောင်းတော်သားများ၊ အချို့က ကျောင်းဆရာများ ဖြစ်ကြပြီး ပြည့်တန်ဆာများပင် ပါသေးသည်။ ဤသူများမှာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအသီးသီးမှ လူများ ဖြစ်၏။

အဘိုးကြီးမာ၏ အမူအရာက တည်ကြည် လေးနက်သွားပြီး အသံကို နှိမ့်၍ ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းက အသက်မွေးဝမ်းကျောင်းလုပ်ငန်း သုံးရာ့ခြောက်ဆယ်အတွက် စံအိမ်ပေါင်း သုံးရာ့ခြောက်ဆယ်၊ စံအိမ်သခင် သုံးရာ့ခြောက်ဆယ်နဲ့ ဖွဲ့စည်းတည်ဆောက်ထားတယ်... ပုံမှန်ဆိုရင် သူတို့အကုန်လုံးက သိပ်ကို လျှို့ဝှက်ပြီး နေရာအနှံ့မှာ ဖြန့်ကြက် ပုန်းကွယ်နေကြတာ... စံအိမ်သခင် သုံးရာ့ခြောက်ဆယ်လုံးက သူတို့ရဲ့ ဂိုဏ်းသခင်မကို ရှာဖို့အတွက်နဲ့ မဟာမြို့ပျက်မှာ အနှစ်လေးဆယ်တိတိ နေခဲ့ကြလိမ့်မယ်လို့ ဘယ်သူများ ထင်မိမှာလဲ... အခု သူတို့အကုန်လုံး ငါတို့ဘေးမှာ လာနေကြတော့မှာလား...”

ထော့ကျိုး၏ မျက်နှာပေါ်မှ အပြုံးက ပို၍ တောက်ပလာပြီး ရယ်မောလိုက်၏။ “အဘွားကြီးစစ် ဘယ်ရောက်သွားလဲ... ဒီလူတွေ အကုန်လုံးက သူ့ကို ရှာနေကြတာ...”

နားကန်းက ပြန်ဖြေလိုက်သည်။ “အဘွားကြီးက သူ့ဖာသာ သမင်ပေါက်လေးပုံစံ ပြောင်းပြီး ချင်မူအပြင်မထွက်ခင် ရွာထဲက ကြိုထွက်သွားတာ ငါ တွေ့လိုက်တယ်... မူအာတစ်ယောက်တည်း အမဲလိုက်ထွက်မှာ စိတ်မချလို့ နောက်က တိတ်တိတ်လေး လိုက်သွားတာနေမှာ... မိစ္ဆာဂိုဏ်းက ဒီနေရာကို တွေ့သွားပြီဆိုတာ သူ သိဦးမှာ မဟုတ်သေးဘူး... ဒီမိစ္ဆာဂိုဏ်းက တစ်ဂိုဏ်းလုံးနီးပါး ငါတို့ရွာဘေးကို ရွှေ့လာကြတာပဲ...”

...... ။

ချင်မူက တောင်တန်းများကြားမှ တောအုပ်ထဲသို့ ဝင်သွား၏။ တစ်ခဏမျှ ကြာသောအခါ ဒရယ်ပေါက်လေး တစ်ကောင်က ချင်မူ၏ အရိပ်အယောင်ကို မတွေ့ရတော့သဖြင့် ဟိုဟိုဒီဒီ ကြည့်၍ ပြေးလာသည်။ ထိုဒရယ်ပေါက်လေး ဝေခွဲမရ ဖြစ်နေစဉ်မှာပင် ချင်မူက သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ပြုံးလိုက်၏။ “ဘွားဘွား၊ ကျွန်တော်က တစ်ယောက်တည်း အမဲလိုက်ရမှာဆိုတော့ ဘွားဘွား ပြန်သွားပါလား... ကျွန်တော့်ကိုယ်ကျွန်တော် စောင့်ရှောက်နိုင်ပါတယ်...”

ဒရယ်ပေါက်လေးမှာ ဒေါသထွက်သွားပြီး မြည်တွန်တောက်တီးလိုက်သည်။ “ခွေးကောင်လေး၊ အပြင်ဘက်မှာ မသေအောင်သာ ဂရုစိုက်...” ပြီးမှ အမြီးသေးသေးလေးကို ယမ်း၍ ပြေးထွက်သွား၏။

ချင်မူ ရှေ့ဆက်သွား၍ များစွာမကြာမီ အမွေးထူအစွယ်ရှည် ဆင်ကြီးတစ်ကောင် ရေကန်ဘေး၌ ရေသောက်နေသည်ကို မြင်လိုက်ရ၏။ “ဘွားဘွား၊ ကျွန်တော့်ကိုယ်ကျွန်တော် တကယ် စောင့်ရှောက်နိုင်ပါတယ်... ကျွန်တော့်နောက် တကောက်ကောက် လိုက်နေစရာ မလိုပါဘူး...”

အမွေးထူအစွယ်ရှည် ဆင်ကြီးက ဒေါပွသွားသည့်ဟန်ဖြင့် သူ့ထံသို့ ပြေးဝင်လာပြီး အစွယ်ဖြင့် ထိုးလိုက်သည်။ ချင်မူက သူ၏ ချီစွမ်းအင်ကို လှည့်ပတ်၍ သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ဝက်ခုတ်ဓားကို ဆွဲထုတ်လိုက်သည်။ “မင်းက ငါ့ဘွားဘွား မဟုတ်မှတော့ သေပေတော့...”

အမွေးထူအစွယ်ရှည် ဆင်ကြီးက တစ်မုဟုတ်ချင်း နောက်ပြန်လှည့်ပြေး၍ လူစကားဖြင့် အော်ငေါက်သွား၏။ “မင်းက အဘွားလုပ်တဲ့သူကိုတောင် သတ်တော့မလို့ပေါ့လေ... ပြန်လာရင် နာဖို့ ပြင်ထား...”

ချင်မူမှာ ခေါင်းကိုသာ တွင်တွင်ယမ်း၍ ထွက်လာခဲ့သည်။ နောက်ထပ်နှစ်မိုင်ခန့် လျှောက်ပြီးသောအခါ ကောင်းကင်ထက်မှ ငှက်ကြီးကို စိတ်ပျက်လက်ပျက် မော့ကြည့်လိုက်၏။ “ဘွားဘွား၊ ကျွန်တော့်နောက်ကို တကယ် လိုက်ဖို့မလိုပါဘူးဆို...”

ငှက်ကြီးက သူ့ကို တစ်ချက်ကြည့်၍ မည်သို့မျှ မတုံ့ပြန်ဘဲ ခေါင်းပေါ်တွင်သာ ဝဲပျံနေသည်။

ချင်မူ၏ အကြည့်များ ဇဝေဇဝါ ဖြစ်သွားပြီး ကျောက်ခဲလက်တစ်ဆုပ်ကို ကောက်ယူ၍ မိုးပေါ်သို့ တောက်ထုတ်လိုက်၏။ ကျောက်ခဲများက မတူညီသော အရှိန်ဖြင့် မြင့်တက်သွားသည်။ ချင်မူက ထိုကျောက်ခဲများကို လှေကားထစ်သဖွယ် တက်နင်း၍ ထိုငှက်ကြီး၏ အနားသို့ ရောက်သည်အထိ ခုန်တက်သွား၏။

ထိုအခါမှ ငှက်ကြီးက ရုတ်ခြည်း စကားပြောလာသည်။ “ကောင်းပြီ... ကောင်းပြီ... ဘွားဘွား မင်းနောက် ထပ်မလိုက်တော့ဘူး... ဟုတ်ပြီလား...” သူက စကားဆုံးသည်နှင့် အတောင်ပံ တဖျပ်ဖျပ်ခတ်၍ အဝေးသို့ ပျံထွက်သွား၏။

ချင်မူ မြေပေါ်သို့ ဖုတ်ခနဲ ပြန်ခုန်ဆင်းလိုက်သည်။ သူ့ခြေထောက်များက ရွှံ့ဗွက်ထဲသို့ နစ်ဝင်သွား၏။ ခေါင်းမော့ကြည့်လိုက်သောအခါ ကောင်းကင်ယံမှ ငှက်ကြီးကို အစအနပင် မမြင်ရတော့ချေ။

“ဘွားဘွားက ငါ့နောက် ဆက်လိုက်လာဦးမှာပဲ...”

ချင်မူ ပတ်ဝန်းကျင်ကို သတိထား၍ သွားသော်လည်း မူမမှန်သည့်အရာ တစ်ခုမျှ ထပ်မတွေ့တော့ဘဲ မိုင်အနည်းငယ်မျှ ခရီးရောက်လာသည်။ သူ့ရှေ့တွင်တော့ ရေတံခွန်တစ်ခုနှင့် ရှုခင်းလှလှက ဆီးကြိုနေ၏။ ရေတံခွန်၏ ဘေးတွင် ကောက်ရိုးတဲလေးတစ်လုံး ရှိပြီး ထိုကောက်ရိုးတဲ၏ အပြင်ဘက်၌ မြေကြီးထဲတွင် တစ်ဝက်မြုပ်နေသော ကျောက်ရုပ်တုတစ်ခု ရှိသည်။

ကောက်ရိုးတဲထဲမှ မီးခိုးတလူလူ ထွက်နေသဖြင့် တစ်စုံတစ်ယောက် နေထိုင်ကြောင်း ထင်ရှား၏။

“ဒီလို တောကြီးမျက်မည်းထဲမှာ နေတဲ့သူ ရှိသေးတာလား... ကြည့်ရတာ ဒီနေရာမှာ ဇာတ်မြှုပ် ကျင့်ကြံနေတဲ့ ပညာရှင်ကြီး တစ်ယောက်ယောက်များလား...”

သူ ထိုသို့ တွေးနေစဉ်မှာပင် ကောက်ရိုးတဲထဲမှ မြေခွေးဖြူတစ်ကောင် ထွက်လာပြီး ဝါးမှုတ်ပြောင်းကို ယူ၍ ပြန်ဝင်သွားသည်။

All Chapters