မာန်ဟုန်မြစ်နဂါးနန်းတော်
Vol. 4 Ch. 45
ချင်မူ ရှေ့တိုး ကြည့်လိုက်သောအခါ မြေခွေးဖြူလေးက ဝါးမှုတ်ပြောင်းကို ကိုင်၍ မီးဖိုမီးတောက်အောင် တဖူးဖူး မှုတ်နေသည်ကို တွေ့လိုက်ရ၏။
ချင်မူက ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “အိမ်ရှင်တို့...”
ကောက်ရိုးတဲထဲမှ မြေခွေးဖြူလေးမှာ အလန့်တကြား ထခုန်လိုက်ပြီး ဝါးမှုတ်ပြောင်းကို ကမန်းကတန်း ဝှက်၍ အသက်ကြီးကြီး လေသံဖြင့် ပြန်ပြောလိုက်၏။ “ငါ့ဖာသာ ငြိမ်းငြိမ်းချမ်းချမ်း နေနေတာကို ဘယ်သူ လာနှောင့်ယှက်ပြန်ပြီလဲ... ငါက ရှေးဟောင်း မိစ္ဆာတစ်ပါးပဲ... မင်းကို ပြာဖြစ်အောင် လုပ်ပစ်လိုက်လို့ ရတယ်...”
ချင်မူမှာ တဟားဟား အော်ရယ်လိုက်မိသည်။ မြေခွေးဖြူလေးက ပြတင်းပေါက်မှ အလျင်အမြန် ခေါင်းပြူကြည့်လိုက်ပြီး အပြင်ဘက်မှ လူငယ်လေးကို မြင်သောအခါမှ သက်ပြင်းချ၍ နဂိုမူလ အသံချိုချိုသို့ ပြန်ပြောင်းသွား၏။ “အရင်ရက်က ငါ့လေကို အငှားလိုက်စီးလာတဲ့ ကောင်လေးပဲ... အဲဒီနေ့က စားသောက်ပွဲမှာ နည်းနည်း မူးလာလို့ ရိုင်းပျမိရင် ခွင့်လွှတ်နော်... အပြင်မှာ ရပ်မနေနဲ့လေ... အထဲဝင်ခဲ့...”
ချင်မူက ကောက်ရိုးတဲထဲသို့ လှမ်းဝင်လာပြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤကောက်ရိုးတဲလေးက အတော်သပ်သပ်ရပ်ရပ် ရှိသဖြင့် သူ အံ့ဩသွား၏။ ခုတင်တစ်လုံး၊ ဆန်အိတ်၊ ပရိဘောဂများ၊ ခန်းဆီးလိုက်ကာနှင့် အလှပြင်စားပွဲပင် ရှိနေသည်။
မြေခွေးဖြူလေးက လူတစ်ယောက်ကဲ့သို့ မတ်တတ်ရပ်၍ ချင်မူကို ဧည့်ခံနှုတ်ဆက်စကား ဆိုလိုက်၏။ “ဒါက နုံချာတဲ့ တဲအိမ်လေးပါပဲ... ငါ့အခန်းရဲ့ နိမ့်ကျမှုကို သည်းခံခွင့်လွှတ်ပါ...”
ချင်မူက ပြန်၍ နှုတ်ဆက်ပြီး စူးစမ်းမေးမြန်းလိုက်သည်။ “တစ်ခုခု ချက်နေတာလား...”
မြေခွေးဖြူလေးက ပြန်ဖြေလိုက်၏။ “မနေ့က ငါ့ညီအစ်မတွေ တိုက်လို့ သောက်တာ နည်းနည်းများသွားတယ်လေ... အဲဒါ ဒီနေ့မနက် နိုးလာတော့ ခေါင်းနည်းနည်းကိုက်နေတာနဲ့ ပြေသွားအောင် စွတ်ပြုတ်လေး တည်နေတာပါ... ထိုင်ပါဦး သခင်လေး...”
ချင်မူမှာ ကျိတ်၍ အံ့ဩမိသွားသည်။ ဤမြေခွေးဖြူလေးက မိစ္ဆာမျောက်ဝံထက် များစွာ ပိုအသိဉာဏ်မြင့်၏။ မည်သို့ စွပ်ပြုတ်တည်ရမည် ဆိုခြင်းကိုပင် သိနေသေးသည်။ ကြည့်ရသည်မှာ ဤမြေခွေးလေးက နေ့စဉ်နှင့်အမျှ မူးနေသော ယစ်ထုပ်လေးတစ်ကောင်သာ ဖြစ်ချေလိမ့်မည်။
ချင်မူ ဘေးနားမှ စာအုပ်စင်ကို မြင်၍ အနားသို့ လျှောက်သွားပြီး ကြည့်လိုက်၏။ စာအုပ်စင်ပေါ်တွင် ရှေးဟောင်းစာအုပ်များ ရှိနေသဖြင့် ထိုထဲမှ တစ်အုပ်ကို ဆွဲထုတ်၍ ဖတ်ကြည့်လိုက်သည်။ ထိုစာအုပ်က အသက်ရှူလေ့ကျင့်ခန်းနှင့် ပတ်သက်သည့် ကျင့်စဉ်များကို ရေးသားထား၏။ ဤစာအုပ်များထဲတွင် မှော်ဂါထာအကြောင်း ရေးထားသည့် စာအုပ်များပင် ပါရှိသည်။ သို့သော်လည်း တချို့မှာ အကောင်းပကတိ အပြည့်အစုံ မဟုတ်တော့ချေ။
“သခင်လေးက စာဖတ်တတ်တာလား...”
မြေခွေးဖြူလေးက စွပ်ပြုတ်အိုးတည်၍ ပြီးသွားပြီး စာအုပ်များကို စိတ်ဝင်စားနေသော ချင်မူ့ကို တစ်ချက်လှမ်းကြည့်ကာ အံ့ဩဝမ်းသာစွာ မေးမြန်းလိုက်၏။ “ကျွန်မက အဲဒီစာအုပ်ထဲမှာ ရေးထားတာတွေကို နားမလည်လို့ ပုံပဲကြည့်ပြီး လေ့ကျင့်ခဲ့ရတာ... သခင်လေး အဲစာအုပ်ထဲကစာတွေ နားလည်တယ်ဆိုရင် ကျွန်မကို ဖတ်ပြပေးလို့ရမလား...”
“ဘာလို့ မရရမှာလဲ...”
ချင်မူက ထိုင်ချလိုက်ပြီး မြေခွေးဖြူလေးက အမြီးတယမ်းယမ်း လုပ်လိုက်သည်။ လေပွေတစ်ခုက စွတ်ပြုတ်အိုးကို စားပွဲပေါ်သို့ သယ်ဆောင်လာပြီး မြေခွေးဖြူလေးက ချင်မူ့ရှေ့တွင် ဝင်ထိုင်လိုက်၏။ သူ၏ မျက်လုံးများက အရောင်တောက်၍ မျှော်လင့်ချက်များ ပြည့်နေသည်။
ချင်မူက ပထမစာမျက်နှာသို့ လှန်၍ ဖတ်ပြလိုက်၏။ “ချီစွမ်းအင်ကို တစ်လက်မပတ်လည်တောင်ဆီသို့ လှည့်လည်စေပါ၊ ချီစွမ်းအင်ဗဟိုချက်ကို လှုံ့ဆော်ပါ၊ ကျားကို နှလုံးသားအောက်ခြေရောက်အောင် ပို့ပါ၊ ချီစွမ်းအင်ဆောင်းပင်လယ်ကို တုန်ခါစေပါ...”
မြေခွေးဖြူလေးက စွတ်ပြုတ်သောက်၍ အာရုံစိုက် နားထောင်နေရင်းမှ ရုတ်တရက် ဖြတ်မေးလိုက်သည်။ “တစ်လက်မပတ်လည်တောင်ဆိုတာက ဘယ်နားလေးလဲ...”
“တစ်လက်မပတ်လည်တောင်ဆိုတာ မင်းရဲ့ မျက်ခုံးနှစ်ခုအလယ်တည့်တည့်က နေရာကို ပြောတာ...” ချင်မူက ရှင်းပြလိုက်၏။ “မျက်ခုံးနှစ်ခုအလယ်မှာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ ရှိတယ်... ချီစွမ်းအင်ကို တစ်လက်မပတ်လည်တောင်ဆီသို့ လှည့်လည်စေပါဆိုတာက မင်းရဲ့ ချီစွမ်းအင်ကို မျက်ခုံးနှစ်ခုအလယ်ဗဟိုဆီ ပို့လွှတ်ဖို့ ပြောတာ... ဒါပေမဲ့ မင်းရဲ့ ချီစွမ်းအင်က မျက်ခုံးနှစ်ခုအလယ်နေရာကို ရောက်ရင် အထက်ကောင်းကင်ကိုးဆင့်က နတ်ဘုရားသံ ကြားပြီး နောက်ပြန်ဆုတ်လာရလိမ့်မယ်...”
မြေခွေးဖြူလေးက စမ်းကြည့်ပြီး ခေါင်းခါယမ်းလိုက်သည်။ “ဘာနတ်ဘုရားသံမှ မကြားရပါဘူး...”
ချင်မူ မျက်မှောင်ကြုတ်လိုက်၏။ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ မပွင့်မီက သူ၏ ချီစွမ်းအင်ကို မျက်ခုံးနှစ်ခုအလယ်သို့ ပို့လွှတ်သည့်အခါတိုင်း နတ်ဘုရားသံက ပိတ်ဆို့တားဆီးခဲ့သည် မဟုတ်လား။ ဤမြေခွေးဖြူလေးသည်လည်း သူ့လိုပင် ကြုံတွေ့ရမည်ဟု ထင်ခဲ့မိ၏။ ဤသို့ မည်သည့်အသံမျှ မကြားဘဲနေမည်ဟု မျှော်လင့်မထားမိချေ။
“ကြည့်ရတာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာရဲ့ တည်ဆောက်ပုံက လူနဲ့ မြေခွေး မတူတာများလား...”
သူ ရှေ့ဆက်မစဉ်းစားတော့ဘဲ ရှေးဟောင်းစာသားများကို မြေခွေးဖြူလေးအား ရှင်းပြလိုက်သည်။ များစွာမကြာလိုက်ဘဲ စာအုပ်တစ်အုပ်လုံး ဖတ်ပြီးသွား၏။ ဤရှေးဟောင်းစာအုပ်က တစ်မူထူးခြားသည့် စွမ်းအင်ကျင့်စဉ်အကြောင်း ရေးသားထားခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကျင့်စဉ်က ချင်မူ၏ လောကသခင်ခန္ဓာနှင့် မကိုက်ညီသဖြင့် အသုံးပြု၍ မရချေ။
မြေခွေးဖြူလေးက ဉာဏ်ရည်မြင့်မားပြီး ဤစာအုပ်ထဲမှ အကြောင်းအရာများကို နားလည်နိုင်၏။ ၎င်းက ပြုံး၍ ပြောလိုက်သည်။ “အရင်တုန်းက ပုံတွေကြည့်ပြီး လေ့ကျင့်ခဲ့တာ... ဒီစာအုပ်ထဲကဟာတွေ အကုန်တတ်ပြီလို့ ထင်ခဲ့မိတယ်... အမှားတွေ အများကြီး လုပ်ခဲ့မိတာပဲ... ကျွန်မရဲ့ ယုံမှားသံသယတွေကို ရှင်းအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး... ကျွန်မနာမည်က ဟူလင်းအာပါ... သခင်လေးရဲ့ နာမည်ကို သိခွင့်ရှိမလား...
“ငါ့နာမည်က ချင်မူ၊ ချင်မျိုးရိုး နွားကျောင်းသားလေးပဲ... ဘာသခင်လေးမှ မဟုတ်ပါဘူး...” ချင်မူက ပြုံးလိုက်၏။ “ငါက ဒီနားတင် နေတာ... သိပ်မဝေးဘူး... ဒီရှေးဟောင်းစာအုပ်တွေကို ဘယ်က ရခဲ့တာလဲ...”
ဟူလင်းအာက စွတ်ပြုတ်သောက်ပြီးသွား၍ နေသာထိုင်သာ ရှိသွားသည်။ “ဒီနေရာကနေ အနောက်ဘက် မိုင်နှစ်ဆယ်လောက်ဝေးတဲ့ နေရာမှာ အဆောက်အဦပျက်တစ်ခု ရှိတယ်... တစ်ခါက အိမ်ပြန်နောက်ကျသွားလို့ အမှောင်ထုရန် လွတ်အောင် အဲဒီအဆောက်အဦပျက်မှာ ပုန်းခိုရင်း ကျောက်ခန်းမတစ်ခုကို မတော်တဆ ဖွင့်မိပြီး ဒီစာအုပ်တွေ တွေ့ခဲ့တာ... အဲဒီမှာ ဆေးရည်တစ်ပုလင်းလည်း တွေ့ခဲ့တယ်... အဲဒီဆေးရည်ပုလင်းကို သောက်လိုက်မိပြီး ကျွန်မ အသိဉာဏ်ရလာတာပဲ... ဒီစာအုပ်တွေက ပစ္စည်းကောင်း ရတနာတွေ ထင်လို့ ယူလာခဲ့တာ... ဒါပေမဲ့ ကျွန်မက စာမဖတ်တတ်တော့ ပုံတွေပဲ ကြည့်နိုင်တယ်... ကျွန်မရဲ့ မှော်ဂါထာတွေက ဒီစာအုပ်ထဲက တတ်လာတာပါ...”
“အနောက်ဘက် မိုင်နှစ်ဆယ် ဟုတ်လား...”
“ချင်မူ အံ့အားသင့်သွားပြီး စဉ်းစားကြည့်လိုက်၏။ “ကြည့်ရတာ မာန်ဟုန်မြစ်နဂါးမင်းရဲ့ နဂါးနန်းတော်များလား...”
ဟူလင်းအာ၏ မျက်လုံးများ အရောင်တောက်သွားသည်။ “ဟုတ်မယ်... အဲဒီမှာ နဂါးရုပ်တုတွေ ရှိတယ်... ဒါပေမဲ့ အဲဒီနေရာက အန္တရာယ်အရမ်းများတယ်... အထဲမှာ ကြောက်စရာတစ်ခုခု ရှိနေသလို ခံစားရလို့ အထဲမဝင်ရဲဘဲ စာအုပ်လေးတွေပဲ ယူပြီး ပြန်လာခဲ့တာ...”
ချင်မူက ကမန်းကတန်း မေးလိုက်၏။ “မင်း ငါ့ကို အဲဒီနေရာ ခေါ်သွားပေးလို့ ရမလား...”
မြေခွေးဖြူလေးက တုံ့ပြန်ပြောဆိုလိုက်သည်။ “အထဲမှာ အတော်လေး အန္တရာယ်များတယ်... သတိလက်လွတ် ဝင်သွားလို့ မရဘူး... ကျွန်မတောင် အဲဒီက တံခါးပေါက်နားပဲ သွားရသေးတယ်... ကြောက်ပြီး...”
သူက ရှက်ရွံ့သွားဟန်ဖြင့် ဆက်မပြောတော့ချေ။ ကြည့်ရသည်မှာ ဤမြေခွေးဖြူလေး ကြောက်သေးပါခဲ့ဟန် တူ၏။
ချင်မူက ဝမ်းသာအားရ ဖြစ်သွားသည်။ “မင်းငါ့ကို အဲဒီ နဂါးနန်းတော်ထဲ ခေါ်မသွားပေးချင်ဘူးလား... အထဲမှာ နဂါးမင်းတောင် ရှိချင်ရှိနေမှာ...”
“မသွားချင်ဘူး...”
ဟူလင်းအာက တစ်ခဏမျှ စဉ်းစားပြီးနောက် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်၏။ “သခင်လေးသာ ဒီကို ခဏခဏလာပြီး ဟောဒီရှေးဟောင်းစာအုပ်တွေ ဖတ်ပြရင် ကျွန်မ အဲဒီနေရာကို ခေါ်သွားနိုင်ပါတယ်... ဒါပေမဲ့ အထဲကိုတော့ လိုက်မဝင်ဘူးနော်...”
“ရတယ်...”
ချင်မူက ပြုံး၍ သူ့လက်ဖဝါးကို မြှောက်လိုက်သည်။ ဟူလင်းအာက တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏ အမွေးထူထူ လက်ဖဝါးလေးနှင့် ချင်မူ့လက်ဖဝါးကို ရိုက်လိုက်၏။ ထို့နောက် စွတ်ပြုတ်ကို ကုန်စင်အောင် မော့သောက်လိုက်သည်။
လူသားတစ်ယောက်နှင့် မြေခွေးတစ်ကောင် ကောက်ရိုးတဲလေးထဲမှ ထွက်၍ အနောက်ဘက်အရပ်သို့ ဦးတည် သွားလိုက်ကြ၏။
“ဟိုနေ့က မင်းတက်ခဲ့တဲ့ စားသောက်ပွဲက ဘယ်သူ့ပွဲလဲ...” ချင်မူက အရင်ရက်မှ အဖြစ်အပျက်ကို အမှတ်ရသွားပြီး မေးလိုက်သည်။
“အဲဒါက မဟာမှော်မိစ္ဆာဘုရင်ရဲ့ ပွဲပါ... နေရာအနှံ့က အဆင့်မြင့်မှော်မိစ္ဆာတွေကို ဖိတ်တာ... မာန်ဟုန်မြစ်နဂါးနန်းတော်က ရှေးဟောင်းစာအုပ်တွေ ရပြီးတော့ ကျွန်မရဲ့ ဉာဏ်ရည်က အတော်လေး မြင့်မားသွားတဲ့အတွက် အဆင့်မြင့်မှော်မိစ္ဆာတွေကြားမှာ လူသိများလာခဲ့တယ်... ဒါပေမဲ့ ကျွန်မက သူတို့နဲ့ ခွန်အားချင်း ယှဉ်လို့တော့ မရဘူး... အဲဒါကြောင့် အဆင့်မြင့်မှော်မိစ္ဆာတွေကြားထဲမှာ နောက်ဆုံးအဆင့် ဖြစ်နေတာ...”
ဟူလင်းအာက ငှက်ပျောရွက်တစ်ရွက်ပေါ်သို့ ခုန်တက်ပြီး သူ၏ မှော်ဂါထာကို အသုံးပြု၍ မှော်မိစ္ဆာလေကို ဖန်တီးလိုက်၏။ မှော်မိစ္ဆာလေက ငှက်ပျောရွက်ကို အောက်မှ ပင့်တိုက်လာသည်။ “မဟာမှော်မိစ္ဆာဘုရင်က လူခန္ဓာကိုယ်ရအောင် လေ့ကျင့်ပြီးသွားပြီ... သူ့စွမ်းအားက အတော်ကြီးတယ်... ဒီမိုင်တစ်ထောင်ပတ်လည်အတွင်းမှာ ရှိသမျှ အဆင့်မြင့်မှော်မိစ္ဆာတွေ၊ နယ်မြေအပိုင်စား ဆန်းကြယ်သားရဲတွေအပါအဝင် အကုန်လုံး သူ့စကား နားထောင်ကြရတာ...”
မှော်မိစ္ဆာလေက ငှက်ပျောရွက်ကို ပင့်တင်၍ မြေခွေးဖြူလေးမှာ ကောင်းကင်ယံသို့ ရောက်ရှိသွား၏။ ချင်မူလည်း လေပေါ်သို့ ခုန်တက်၍ လေလှိုင်းထိပ်ဖျားပေါ်တွင် နင်းလျှောက်ပြီး အနောက်အရပ်ဆီသို့ ခရီးနှင်ခဲ့ကြသည်။
ထိုအခိုက်၌ ကောက်ရိုးတဲလေးမှ တစ်မိုင်ခန့်အကွာတွင် ကြီးမားသည့် ထောင်ထျယ်သားရဲကြီးတစ်ကောင် ပတ်ဝန်းကျင်ကို ဝေခွဲမရစွာ လှည့်ပတ်ကြည့်ရှုနေ၏။ “ဒီအချိန်ဆို မူအာ ရောက်လာသင့်နေပြီ... ဒီတစ်ခေါက် ဆန်းကြယ်သားရဲပုံ ပြောင်းထားတာဆိုတော့... သူ သေချာပေါက် ရိပ်စားမိမှာ မဟုတ်ဘူး... ထူးဆန်းတယ်... ဒီခွေးကောင်လေး ဘယ်ရောက်နေလဲ... ဟမ်... မြေခွေးတစ်ကောင်ရဲ့ မှော်မိစ္ဆာလေပါလား... ခွေးကောင်လေးတော့ ပထမဆုံး အမဲလိုက်ထွက်တဲ့နေ့မှာပဲ မြေခွေးမရဲ့ အဖမ်းခံလိုက်ရပြီ...”
ဒုက္ခိတဘိုးဘွားကျေးရွာမှ မိုင်သုံးဆယ်အကွာရှိ မြစ်ရေပြင်ပေါ်တွင် လေပွေတစ်ခုက သုံးကိုက်ခန့်ရှည်သော ငှက်ပျောရွက်ကြီးတစ်ရွက်ကို ပင့်တင်တိုက်ခတ်လျက် ရှိသည်။ ထိုငှက်ပျောရွက်ပေါ်တွင် မြေခွေးတစ်ကောင် ရှိနေပြီး ထိုမြေခွေးလေး၏ ဘေးတွင်တော့ လူငယ်လေးတစ်ယောက်က လေပေါ်နင်း၍ ပြေးလိုက်လာ၏။ သူတို့က ချင်မူနှင့် ဟူလင်းအာတို့ ဖြစ်ကြသည်။
“ကျွန်မရဲ့ မှော်စွမ်းအားနဲ့ ကိုယ့်ဖာသာ မပျံနိုင်သေးဘူး... မှော်ဂါထာနဲ့ မှော်မိစ္ဆာလေ ဖန်တီးပြီးတော့ပဲ ငှက်ပျောရွက်ကို လေပေါ်မှာ မျောအောင် လုပ်ပြီး သွားရတာ... ကျွန်မသာ သခင်လေးလို လေပေါ်မှာ ပြေးနိုင်ရင် သေချာပေါက် အောက်ပြုတ်ကျမှာ မဟုတ်ဘူး... ဟော... နဂါးနန်းတော်ကို ရောက်တော့မယ်...”
ဟူလင်းအာက မှော်မိစ္ဆာလေကို ဖြည်းဖြည်းချင်း ရုပ်သိမ်း၍ ချင်မူနှင့် ငှက်ပျောရွက်ကို မြေပေါ်သို့ ဆင်းသက်သွားစေလိုက်၏။ တစ်ခဏမျှ ကြာပြီးနောက် လူသားတစ်ယောက်နှင့် မြေခွေးတစ်ကောင် မြေပြင်ပေါ်သို့ ရောက်ရှိသွားကြသည်။
ချင်မူ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ မာန်ဟုန်မြစ်က တောင်ကြီးတစ်လုံးကို ကွေ့ပတ် စီးဆင်းသွားကြောင်း တွေ့လိုက်၏။ ရေပြာပြာများက တောင်စိမ်းစိမ်းကို ဝန်းရံလှည့်ပတ်နေပြီး ကျေးငှက်များ၏ ကျီကျီကျာကျာ အသံများကလည်း တောင်ကြားချိုင့်ဝှမ်းတစ်လျှောက် သာယာနာပျော်ဖွယ် ထွက်ပေါ်နေသည်။ ထို့ပြင် သစ်ပင်တစ်ပင်မှတစ်ပင် လွှဲ၍ ခုန်ကူးနေသော မျောက်များ၊ ရေထဲတွင် ကူးခတ်နေသော ငါးကြီးများနှင့် မြစ်နေသတ္တဝါများလည်း ရှိ၏။ အရာအားလုံးက အေးငြိမ်းသာယာလှသည်။
မြေခွေးဖြူလေးက တစ်ဟုန်ထိုး ခုန်ပျံ ပြေးလွှားသွားသဖြင့် ချင်မူ နောက်မှ မီအောင် အလျင်အမြန် လိုက်သွားရ၏။ ဟူလင်းအာ ပြေးသွားသည်က မြစ်ကြီး ရစ်ခွေစီးဆင်းနေသည့် တောင်ဆီသို့ ဖြစ်သည်။ ချင်မူ ဝေခွဲမရ ဖြစ်သွား၏။ နဂါးနန်းတော်က ရေထဲတွင် မရှိဘဲ တောင်ပေါ်တွင် ရှိနေသည်လား။
အတန်ကြာပြီးနောက် သူတို့ တောင်ထိပ်သို့ ရောက်သွား၏။ ဤနေရာမှ အဆောက်အဦပျက်ကို သေချာကြည့်ရှုလိုက်သောအခါ နဂါးမင်းကျောင်းဆောင် ဖြစ်နေကြောင်း ချင်မူ တွေ့ရသည်။ ကျောင်းဆောင်ရှေ့တွင် ကိုက်သုံးဆယ်ခန့် မြင့်သည့် ရေကာတာ ကျောက်တုံးတစ်တုံး ရှိ၏။ ထိုကျောက်တုံးက ကျောက်စာတိုင်ကြီးတစ်ခုနှင့် တူပြီး အောက်ခြေတွင် ကြီးမားသည့် ကျောက်လိပ်ကြီးတစ်ကောင်က ရေကာတာကျောက်တုံးကို ထမ်းရွက်ထားသကဲ့သို့ ထွင်းထုထားသည်။ ထိုကျောက်လိပ်ကြီးက အလွန်တရာ မောဟိုက်၍ အသက်လုရှူနေရသည့်နှယ် ပါးစပ်ကို ဖွင့်ဟထား၏။
နဂါးမင်းကျောင်းဆောင်က ပျက်စီးယိုယွင်းလျက် ရှိပြီး နံရံများ ပြိုကျနေသည်။ နဂါးမင်းနန်းတော်ကလည်း ပြိုကျပျက်စီးနေပြီ ဖြစ်၏။ ချင်မူ အနီးတစ်ဝိုက်သို့ လှည့်ပတ် ကြည့်ရှုလိုက်သောအခါ ကျောက်ရုပ်တုများ မရှိသည်ကို တွေ့ရ၏။ သို့ကြောင့်ပင် အမှောင်ထု၏ ထိုးဖောက် ဝင်ရောက်မှုဒဏ်ကို ကြံ့ကြံ့မခံနိုင်ခြင်း ဖြစ်မည်။
သူ တွေဝေနေစဉ်မှာပင် ဟူလင်းအာက အစရှာမရအောင် ပျောက်ကွယ်သွား၏။ ရုတ်တရက် ဟူလင်းအာ၏ အသံ ဟိန်းထွက်လာသည်။ “မြန်မြန် ဝင်ခဲ့လေ...”
ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ မြေခွေးဖြူလေးက ကျောက်လိပ်ကြီး၏ ပါးစပ်ထဲမှ လက်ဝှေ့ယမ်းပြနေသည်ကို တွေ့ရ၏။ သူ ကမန်းကတန်း ပြေးသွားလိုက်သည်။ ကျောက်လိပ်ကြီးက လွန်စွာ ကြီးမား၏။ ၎င်း၏ ပါးစပ်ပေါက်က လူတစ်ယောက် ကောင်းကောင်း မတ်တတ်ရပ်နိုင်လောက်အောင် ကျယ်ဝန်းလှသည်။ ချင်မူက ခုန်ပေါက်ပြေးလွှားသွားသော မြေခွေးဖြူလေးနောက်မှ လိုက်သွားပြီး အောက်သို့ဆင်းသည့် လှေကားထစ်များ ရှိရာဆီသို့ ရောက်လာ၏။
ထိုလှေကားထစ်များ၏ ရှေ့တွင် မူလက ကျောက်တံခါးတစ်ခု ရှိခဲ့ဟန် တူသည်။ ယခုတော့ မည်သည့်အချိန်က ပြိုကျခဲ့သည်မသိ၊ အပျက်အစီးပုံကြီး ဖြစ်ပြီး အောက်ထဲသို့ ဆင်းသည့် လှေကားထစ်များကို အတိုင်းသား မြင်နေရ၏။
ချင်မူက မြေခွေးဖြူလေး၏ နောက်မှ လိုက်သွားလိုက်သည်။ အောက်သို့ ဆင်းသွားလေလေ လှေကားထစ်များက ပို၍ ကျယ်လာလေလေ ဖြစ်၏။ ဘေးဘက်မှ တောင်နံရံများမှာလည်း စွတ်စို ထိုင်းမှိုင်းလာပြီး အလင်းရောင်တောက်နေသော ရေမှော်များ ကပ်ငြိပေါက်ရောက်နေကြောင်း တွေ့ရသည်။ ထို့ပြင် အလေ့ကျပန်းပင်လေးများကဲ့သို့ လေထဲတွင် မျောနေသော ထူးဆန်းသည့် သတ္တဝါလေးများလည်း ရှိ၏။ ထိုသတ္တဝါလေးများက အောက်ခြေတွင် ဦးမှင်ကဲ့သို့ အမျှင်ရှည်ရှည်လေးများ ပေါက်ရောက်နေပြီး ထိုဦးမှင်များကို လှုပ်ရှား၍ လေပေါ်တွင် မျောလွင့်နေခြင်း ဖြစ်သည်။
မြေခွေးဖြူလေးက ထိုသတ္တဝါတစ်ကောင်ကို ခုန်၍ လှမ်းကိုက်ကာ ဝါးစားလိုက်၏။ ထို့နောက် ဟိုမှသည် ခုန်ပေါက်ပြေးလွှား၍ လွန်စွာ အရသာရှိသည့်ဟန်ဖြင့် အဆက်မပြတ် ဖမ်းယူ စားသောက်နေတော့သည်။