← Chapters

နဂါး

Vol. 4 Ch. 46

နဂါး

Vol. 4 Ch. 46

ချင်မူက လက်ဆန့်၍ တစ်ကောင် ဖမ်းယူပြီး တစ်ကိုက် ကိုက်စားကြည့်လိုက်သည်။ ဤအကောင်လေးများက စပ်ရှားရှား အရသာရှိပြီး သားသတ်သမား၏ အရက်ပြင်းများထက်ပင် ပူစပ်ပူလောင် နိုင်သေး၏။ သူ့ဗိုက်ထဲတွင် ပူတက်လာပြီး ချီစွမ်းအင်များ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

သူ၏ ချီစွမ်းအင်ကို လှည့်ပတ်ကြည့်လိုက်သောအခါ စွမ်းအင်ဆေးလုံး၏ ဆေးစွမ်းအာနိသင်နှင့် ဆင်တူကြောင်း တွေ့လိုက်ရ၏။ သို့သော်လည်း စွမ်းအင်ဆေးလုံးများလောက်တော့ အာနိသင် ကောင်းမွန်ခြင်း မရှိပေ။

“ဒီသတ္တဝါက အပင်လား၊ တိရစ္ဆာန်လား...”

ချင်မူ ထပ်၍ ဖမ်းယူကြည့်ရှုလိုက်သောအခါ ထိုသတ္တဝါများမှာ မျက်စိများ၊ ခြေလက်များ၊ ပါးစပ်ပေါက်၊ စအိုပေါက်များ မပါရှိကြောင်း တွေ့ရသည်။ ၎င်းတို့က ဦးမှင်ကဲ့သို့သော အမျှင်များဖြင့် ရေညှိရေမှော်များမှ အာဟာရကို စုပ်ယူရန်သာ လိုအပ်၏။ သို့ဖြစ်၍ သူ့အနေဖြင့် ဤသတ္တဝါများကို အပင်လား၊ တိရစ္ဆာန်လား ခွဲခြားမရချေ။

သူက တစ်ကောင်တည်းသာ စားလိုက်သော်လည်း ဟူလင်းအာကတော့ အဆက်မပြတ် ခုန်ပေါက်ပြေးလွှား၍ စိတ်တိုင်းကျ စားသောက်နေသည်။

တဖြည်းဖြည်း အောက်ထဲသို့ နိမ့်ဆင်းလာသောအခါ လေထုက ပို၍ အေးမြလာ၏။ သူတို့ မည်မျှဝေးဝေးထိ ရောက်လာပြီမှန်း မသိတော့ချေ။ ရေသံတတောက်တောက် ကျနေသည့် အသံများကိုပင် ကြားလာရသည်။ ထိုနေရာတွင် ကျောက်နံရံမှ စီးဆင်းလာသော ကြည်လင်သည့် စမ်းချောင်းငယ်လေးတစ်ခု ရှိ၏။ စမ်းချောင်းအဆုံး ရေအိုင်ထဲတွင်တော့ မျက်စိပေါက်မပါသည့် ငါးကြီးများ နေထိုင်ကျက်စားလျက် ရှိသည်။ ထိုငါးကြီးများက အမှောင်ထဲတွင် မီးစုန်းကဲ့သို့ ခပ်ဖျော့ဖျော့ လင်းနေ၏။ သူတို့အနေဖြင့် တစ်ဘက်သို့ ရောက်လိုလျှင် ထိုရေအိုင်ထဲမှ ဖြတ်ကူးရပေလိမ့်မည်။

“ဒီငါးကြီးတွေက သိပ်ကို ရန်လိုတာ... အသံကြားတာနဲ့ တန်းခုန်ကိုက်လိမ့်မယ်... ပြီးတော့ စွမ်းအားကလည်း အတော်လေး ကြီးတယ်...”

ဟူလင်းအာက တီးတိုးပြောလိုက်သည်။ “ဒီကျောက်စရစ်ခဲနဲ့ ပစ်ပြီး အဲငါးတွေကို အာရုံလွှဲလိုက်မယ်... ပြီးတာနဲ့ အခွင့်ကောင်းချောင်းပြီး ကျွန်မတို့ ပြေးကြမယ်...” ချင်မူ့ကို သူ့အကြံအစည် ပြောပြီးသည်နှင့် ဟူလင်းအာက ကျောက်စရစ်ခဲတစ်ခဲ ကောက်ယူ၍ ခပ်ဝေးဝေးသို့ အားထည့် ပစ်လွှတ်လိုက်၏။

ထိုကျောက်စရစ်ခဲ နံရံသို့ ထိမှန်သွားသောအခါ မျက်လုံးမပါသည့် ငါးကြီးများ ရေထဲမှ ခုန်ထွက်လာပြီး အမြီးများကို လေထဲတွင် တလှုပ်လှုပ် ယမ်းခါလိုက်သည်။ ၎င်းတို့၏ ရေယက်လေးခုကလည်း အတောင်ပံများသဖွယ် ပြန့်ကားလာပြီး အသံကြားရာဆီသို့ ခုန်ဝင်သွားကြ၏။

“ပြေး...”

ဟူလင်းအာက ချင်မူ့ကို လမ်းပြ၍ တစ်ဘက်ကမ်းဆီသို့ ပြေးသွားသည်။ ချင်မူက အနောက်မှ အသည်းအသန် ပြေးလိုက်ရင်း တဂျွတ်ဂျွတ် အသံများ ကြားသဖြင့် လှည့်ကြည့်မိရာ ထူးဆန်းသော ငါးကြီးများက ကျောက်နံရံနှင့် ဝင်တိုက်ပြီး နံရံကို အပေါက်ဖြစ်အောင် ကိုက်ဖြတ်ပစ်ကြကြောင်း တွေ့လိုက်ရ၏။

အကြွင်းမဲ့ မာကျောလှသော ကျောက်တောင်များမှာ ၎င်းတို့၏ ပါးစပ်ထဲတွင် တို့ဖူးတုံးသဖွယ် ဖြစ်သွားသည်။ လူကိုသာ ကိုက်မိလျှင်တော့ မတွေးရဲစရာပင် ဖြစ်၏။

သူတို့ ရေကန်တစ်ဘက်သို့ ပြေးသွားသည်တွင် အချို့ငါးကြီးများက ခြေသံကြားသွားပြီး ရေယက်များ တဖျပ်ဖျပ် ခတ်၍  တစ်ဟုန်ထိုး ပြေးလိုက်လာကြ၏။

“ကျွန်မနောက် လိုက်ခဲ့... သခင်လေး...”

ဟူလင်းအာက ရေကန်၏ အခြားတစ်ဘက်ရှိ လိုဏ်ဂူပေါက်ထဲသို့ ခြေကုန်သုတ် ပြေးဝင်သွားသဖြင့် ချင်မူလည်း နောက်မှ လိုက်သွားသည်။ ထိုလိုဏ်ဂူပေါက်က များစွာ ကျယ်ဝန်းခြင်း မရှိသဖြင့် ငါးကြီးများမှာ ပျံသန်းနိုင်ခြင်း မရှိဘဲ ရေယက်လေးခုကို ခြေထောက်များအဖြစ် အသုံးပြု၍ ပြေးလိုက်လာကြ၏။

“ဒီကောင်တွေက ငါးရော ဟုတ်သေးရဲ့လား...”

ချင်မူ ခေါင်းကျိန်းသွားပြီး ဟူလင်းအာနောက်မှ လျင်မြန်စွာ ကပ်လိုက်သွားသည်။ ထူးဆန်းသော ငါးကြီးများက သူတို့နောက် အတော်ဝေးဝေးထိ လိုက်ပြီးမှ မမီနိုင်တော့မှန်း သိ၍ ရေအိုင်ဆီသို့ ပြန်လှည့်သွားကြ၏။

ချင်မူ သက်ပြင်းတစ်ချက် ချလိုက်သည်။ သူတို့ရှေ့မှ လိုဏ်ဂူလမ်းကြောင်းမှာ တဖြည်းဖြည်း ပိုကျယ်လာပြီး မကြာမီ ကျယ်ဝန်းသော လိုဏ်ဂူကြီးတစ်ခုထဲသို့ ရောက်ရှိသွား၏။ ရုတ်တရက် ​သူ့ကိုယ်ပေါ်သို့ နေရောင်ခြည် တဖျတ်ဖျတ် ကျရောက်လာသဖြင့် အပေါ်သို့ မော့ကြည့်မိရာ ကြက်သေသေသွားတော့သည်။

သူ့ခေါင်းပေါ်၌ ရေလှိုင်းများ စီးဆင်းနေ၏။ အုပ်စုဖွဲ့ ကူးခတ်နေသော ငါးသေးသေးလေးများနှင့် ကြီးမားသော ရွှေရောင်လိပ်ကြီးတစ်ကောင်ကိုပင် မြင်တွေ့ရသည်။ လှေငယ်တစ်စီးအရွယ်ခန့် ရှိသော ငါးကြီးတစ်ကောင်နှင့် မြစ်နေသတ္တဝါကြီးတစ်ကောင်လည်း ရှိ၏။

ထိုငါးကြီးက ချင်မူနှင့် မြေခွေးလေးကို မြင်သောအခါ ဝမ်းသာအားရ ဖြစ်သွားပြီး ၎င်း၏ ပါးစပ်ကြီးကို ဖြဲဟ၍ ပြေးကိုက်လိုက်သည်။ သို့သော်လည်း ၎င်းက မမြင်ရသည့် ရေနံရံနှင့် တိုက်မိပြီး နောက်သို့ ကန်ထွက်သွား၏။

ထိုငါးကြီးမှာ ဝေခွဲမရဟန်ဖြင့် သူ့ခေါင်းကို ခါယမ်းပြီး အဝေးသို့ ကူးခတ် ထွက်သွားသည်။

“မာန်ဟုန်မြစ်... ဒါ မာန်ဟုန်မြစ်ရဲ့ အောက်ခြေပဲ...”

ချင်မူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်လာ၏။ “မာန်ဟုန်မြစ်က ငါတို့ အပေါ်တည့်တည့်မှာ ရှိနေရဲ့သားနဲ့ ဒီနေရာကို ရေစီးဝင်မလာပါလား...”

ရှေ့တူရူသို့ ကြည့်မိလိုက်သောအခါ သူ့ရင်ထဲတွင် လှုပ်ခါသွားသည်။ နဂါးတိုင်လုံးကြီးများက သူ့ရှေ့တွင် တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ထိုနဂါးတိုင်လုံးကြီးများက အတော်ကြီးမားပြီး ကိုက်ပေါင်းဒါဇင်ချီ မြင့်မားသည်။ ၎င်းတို့၏ ထိပ်ဖျားက မြစ်ပြင်နှင့် ထိစပ်လျက် ရှိ၏။ သူတို့ခြေထောက်အောက်မှ ကြမ်းပြင်ကတော့ စကျင်ကျောက်ဖြူများ ခင်းထားသည်။ ထိုကျောက်သားလမ်းအတိုင်း ရှေ့ဆက် မျှော်ကြည့်လျှင် ကိုက်သုံးရာခန့် အကွာရှိ နဂါးတိုင်လုံးတန်း နှစ်တန်းကြားတွင် နန်းတော်ရာများကို မြင်တွေ့ရ၏။

နဂါးတိုင်လုံးများက ထိုနန်းတော်ရာများကို ဝန်းရံ၍ ဤနေရာသို့ မြစ်ရေ စီးဝင်မလာအောင် ထောက်ကန်ပေးထားခြင်း ဖြစ်သည်။

သို့သော်လည်း နန်းတော်ရာ အတော်များများမှာ ပျက်စီးနေချေပြီ။ ဤနေရာ၌ အပြောင်းအလဲ ကြီးကြီးမားမား အချို့ ဖြစ်ခဲ့ပြီး ပျက်စီးယိုယွင်းသွားခြင်း ဖြစ်နိုင်၏။

ဟူလင်းအာက ဟိုခုန်သည်ခုန် သွားနေရင်းမှ နန်းတော်ပျက်တစ်ခု ရှေ့တွင် ရပ်တန့်သွားသည်။ ချင်မူက နံရံတစ်ခုပေါ်မှ အညှိတက်နေသော နံရံဆေးရေးပန်းချီတစ်ချပ်ကို ကြည့်ရှုလိုက်၏။ ထိုပန်းချီကားမှာ နဂါးခေါင်းအကြီးအကဲတစ်ဦးက ဧည့်သည်များကို ညစာစားပွဲသို့ ဖိတ်ခေါ်နေသည့်ပုံ ဖြစ်သည်။ နဂါးခေါင်းအကြီးအကဲ၏ ဧည့်သည်များ အားလုံးမှာလည်း ထူးဆန်းသော သတ္တဝါများ ဖြစ်၏။ လိပ်ခွံအဘိုးကြီး၊ မြွေမြီးအမျိုးသမီး၊ ဘုန်းကြီးတစ်ပါး၊ လူတစ်ယောက်တို့ ပါဝင်ကြသည်။

​ဝုန်း...။

တိုင်လုံးတစ်လုံး ပြိုလဲကျလာပြီး ချင်မူနှင့် မြေခွေးလေးအပေါ် ပိကျလုနီးပါး ဖြစ်သွား၏။

ဟူလင်းအာက တစ်ဝက်ခန့် ပြိုကျနေပြီဖြစ်သော ခန်းမကျယ်ကြီးဆီသို့ ခေါ်ဆောင်သွားသည်။ “ရှေးဟောင်းစာအုပ်တွေ တွေ့ခဲ့တာ ဒီနေရာကပဲ...”

ချင်မူ အနားတိုးကပ်၍ ကြည့်လိုက်၏။ ပြိုကျပျက်စီးနေသော ခန်းမနံရံတစ်ခု၌ လျှို့ဝှက်ကျောက်ခန်းတစ်ခန်း ရှိနေကြောင်း မြင်တွေ့ရသည်။ ထိုအခန်း၏ ကျောက်တံခါးက ပြိုကျနေပြီ ဖြစ်၏။ သို့အတွက်ကြောင့် ဟူလင်းအာက ဤအခန်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကျောက်ခန်းထဲတွင်တော့ မည်သည်မျှ ရှိမနေချေ။ အထဲတွင် ရှိသည်များက ဟူလင်းအာ သယ်ထုတ်သွားပြီးပြီ မဟုတ်လား။

“ရှေ့ဆက်သွားရင် အန္တရာယ်ကြီး ရှိတယ်...”

ဟူလင်းအာက ရှေ့တူရူမှ မိုးထိုးအောင် မြင့်မားသည့် တံခါးပေါက်ကြီးဆီသို့ ညွှန်ပြ၍ တုန်လှုပ်ချောက်ချားစွာ ပြောလိုက်သည်။ “သိပ်ကြောက်ဖို့ ကောင်းတယ်...”

ချင်မူ ထိုတံခါးပေါက်ကို လှမ်းကြည့်လိုက်သောအခါ ၎င်း၏ နောက်မှ နန်းတော်တစ်ခုကို ခပ်ဝါးဝါး မြင်ရသည်။ တံခါးပေါက်က အကောင်းအတိုင်းနီးပါး ကျန်သေးပြီး ယခုထိ ပြိုကျပျက်စီးခြင်း မရှိသေးပေ။ သို့သော်လည်း ထူးဆန်းသည်က ထိုနေရာ၌ အခိုးအငွေ့များ ထူထဲစွာ ဖုံးအုပ်နေသဖြင့် အထဲတွင် မည်သည့်အရာများ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။ သူ့အနေဖြင့် ထိုအခိုးအငွေ့များကြား၌ နန်းတော်တစ်ခု ရှိနေကြောင်း ခံစားမိသည်ဆိုရုံမျှသာ ခံစားမိ၏။

“အထဲမှာ ကြောက်စရာကောင်းတဲ့ အကောင်ကြီး ရှိတယ်...”

ဟူလင်းအာ၏ အသံက တုန်ယင်နေသည်။ “တံခါးပေါက်ကို ရောက်တာနဲ့ သခင်လေး သူ့ရဲ့ အရှိန်အဝါအငွေ့အသက်ကို ခံစားမိပြီး မတ်မတ်တောင် မရပ်နိုင်ဘဲ ပျော့ခွေကျသွားလိမ့်မယ်...”

ချင်မူက ရှေ့သို့ လျှောက်သွားလိုက်၏။ ဟူလင်းအာက သတ္တိမွေး၍ သူ့နောက်မှ ကပ်လိုက်သွားသည်။ တံခါးဝသို့ ရောက်သောအခါ အလွန်တရာ အားကောင်းသည့် အန္တရာယ်အငွေ့အသက် တစ်ခုက သူ့မျက်နှာသို့ ရိုက်ခတ်လာ၏။ နေသာသာ နေ့လည်ခင်းကြီးတွင် ကောင်းကင်တစ်ဝက်ခန့် တိမ်မည်းများ ဖုံးအုပ်သွားပြီး ရှေ့တည့်တည့် တိမ်မည်းများကြားမှ အလွန်တရာ ကြီးမားသော သားရဲကြီးတစ်ကောင် သူ့ကို စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

မြင့်မြတ်၏။ ခန်းနားထည်ဝါ၏။ ၎င်း၏ စွမ်းအားက အံတုရန် မဖြစ်နိုင်...။ တစ်ချိန်တည်းမှာပင် ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်လည်း ဖြစ်၏။ ဤသည်က ဟူလင်းအာ ပြောသည့် အန္တရာယ်ကြီး ဖြစ်မည်။

ချင်မူ အသက်ပြင်းပြင်း တစ်ချက် ရှိုက်၍ ရှူပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူ၏ စိတ်အခြေအနေမှာလည်း ပုံမှန်အနေအထားသို့ ပြန်ရောက်လာ၏။

“ကောင်းကင်မျက်လုံး၊ နိုးထ...”

သူ့မျက်လုံးထဲတွင် ချီစွမ်းအင် အစီအရင်အမှတ်အသားများ ဖွဲ့စည်းသွားပြီး သူငယ်အိမ်အလွှာတစ်ထပ် ပေါ်လာကာ တံခါးဝနောက်မှ ထူထဲသိပ်သည်းသည့် အခိုးအငွေ့များထဲသို့ လှမ်းကြည့်လိုက်သည်။

သူ့ဘေးတွင်တော့ မြေခွေးဖြူလေး၏ ခန္ဓာကိုယ်မှာ ပျော့ခွေ၍ ပုံကျပြီး ကြမ်းပြင်ပေါ်တွင် ဝမ်းလျားထိုး မှောက်လျက်သား ဖြစ်နေ၏။ သူက ခန္ဓာကိုယ်ကို ဝင်လာရာလမ်းဘက်သို့ တဖြည်းဖြည်းချင်း ခက်ခက်ခဲခဲ ပြန်လှည့်နေရသည်။

ချင်မူက ပျော့ခွေနေသော မြေခွေးလေးကို ကောက်မလိုက်၏။ “ကျွန်မကို မဆွဲနဲ့... ကျွန်မ ရင်တွေ တဒိုင်းဒိုင်း ခုန်နေပြီ... သေရတော့မယ်...”

“မင်း မသေပါဘူး... ဒီနဂါးနန်းတော်ထဲကဟာတွေသာ သေနေတာပါ...”

ချင်မူက ရယ်မောလိုက်သည်။ “ငါ ဘာတွေ့ခဲ့လဲ မင်း မှန်းကြည့်စမ်း...”

ဟူလင်းအာက ပြန်မဖြေဘဲ လေထဲတွင် ခြေထောက်များ ယက်ကန်ယက်ကန် လုပ်နေ၏။ သူ့အမြီးကလည်း ဘယ်ညာယမ်း၍ ဤနေရာတွင် တစ်ခဏမျှပင် ဆက်နေလိုတော့ဟန် မရှိဘဲ တွားသွားထွက်ပြေးရန် ကြိုးစားလိုက်သည်။

ချင်မူက ရယ်မောလိုက်၏။ “ငါ တွေ့ခဲ့တာ မာန်ဟုန်မြစ် နဂါးမင်း...”

“အား...”

မြေခွေးဖြူလေးမှာ ဆန့်ငင်ဆန့်ငင် အသက်ရှိုက်ရှူ၍ သတိလစ် မေ့မျောပြီး ခြေလက်များ တောင့်တန်းသွားသည်။ ချင်မူက စောင့်ကြည့်နေလိုက်၏။ မြေခွေးဖြူလေးက သူ၏ မျက်စိတစ်ဖက်ကို မသိမသာ ဖွင့်၍ ဘေးဘီသို့ မျက်စိကစားလိုက်သည်။ ချင်မူက သူ့ကို ထပ်စလိုက်၏။ “မာန်ဟုန်မြစ် နဂါးမင်း...”

ဟူလင်းအာ၏ ခြေလက်များ ပို၍ တောင့်တင်းပြီး မျက်လုံးပြန်မှိတ်သွားသည်။

“မာန်ဟုန်မြစ် နဂါးမင်းက သေနေပါပြီ...” ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လားပင် မသိတော့ချေ။ “သူ့အရိုးပဲ ကျန်တော့တယ်... အဲဒီနဂါးမင်းက ဘယ်အချိန်ကတည်းက သေခဲ့တာလည်း မသိဘူး... အရိုးစုပဲ လှမ်းမြင်ရတယ်...”

ဟူလင်းအာက သူ့မျက်လုံးများကို ကမန်းကတန်း ဖွင့်လိုက်၏။ “သေနေပြီလား...”

ချင်မူက ခေါင်းညိတ်လိုက်သည်။ “စိတ်အေးအေး ထားပါ... အထဲ လိုက်မှာလား...”

ဟူလင်းအာက တစ်မုဟုတ်ချင်း ခေါင်းခါယမ်းသဖြင့် ချင်မူ မည်သို့မျှ မတတ်နိုင်ဘဲ သူ့ကို အောက်သို့ ချပေးလိုက်ရ၏။ သို့သော်လည်း မြေခွေးဖြူလေးက ကြမ်းပြင်ကို ဗိုက်နှင့် ပွတ်၍ အပြင်ဘက်သို့ တရွေ့ရွေ့ တုန်ချိတုန်ချိ သွားနေသည်ကို မြင်ရသောအခါ ချင်မူ မနေနိုင်တော့ဘဲ ပြန်ကောက်ယူ၍ ပုခုံးပေါ်သို့ တင်ပေးလိုက်၏။ ထို့နောက် တံခါးဝသို့ လျှောက်လှမ်းသွားရာ မြေခွေးဖြူလေးမှာ အလွန်တရာ တုန်လှုပ်ချောက်ချားသွားသည်။ သူ့အမွေးများအားလုံး ထောင်ထ၍ ချင်မူ့ပခုံးကို လက်သည်း၊ ခြေသည်းများဖြင့် တင်းနေအောင် ကုပ်ကာ တုတ်တုတ်မျှ မလှုပ်ရဲတော့ဘဲ ကြောက်ရွံ့ခြင်းအတိ ဖြစ်သော မျက်လုံးများဖြင့် အရှေ့တည့်တည့်သို့ ပြူးစိုက်ကြည့်လိုက်သည်။

ချင်မူက အခိုးအငွေ့များကြားသို့ တိုးဝင်သွားရာ ဟူလင်းအာမှာ ပို၍ တင်းကျပ်စွာ ကုပ်လိုက်မိပြီး သူ့အမွေးဖွားဖွား အမြီးမှာလည်း အလွန်တရာ တောင့်တင်းသွား၏။

နှစ်ပေါင်းများစွာ ကြာသည့်တိုင် ဤအခိုးအငွေ့များက ပြယ်လွင့်သွားခြင်း မရှိပေ။ သို့သော်လည်း ထူးဆန်းသည်က ဤအခိုးအငွေ့များကြား လျှောက်လှမ်းရာတွင် ချင်မူ့အနေဖြင့် မည်သည့် စိုထိုင်းမှုကိုမျှ မခံစားရခြင်း ဖြစ်၏။ အခိုးအငွေ့များကြား၌ မလှုပ်မယှက် ငြိမ်သက်စွာ မျောလွင့်နေသော ရေစက်များကိုသာ မြင်တွေ့ရသည်။

​ထို့နောက်တွင် လေထဲ၌ မျောလွင့်နေသော ကျောက်စိမ်းကျိုးများစွာကို မြင်လိုက်ရ၏။ ဝိညာဉ်လက်နက် အပိုင်းအစများ၊ ကျိုးပဲ့နေသော အရိုးများလည်း ရှိပြီး ၎င်းတို့က အလေးချိန်တစ်အောင်စမျှ မရှိသည့်နှယ် ငြိမ်သက်စွာ မျောလွင့်နေကြသည်။ တံခါးပေါက်တွင် ရှိနေစဉ်က နဂါးအရိုးစုကိုသာ မြင်ခဲ့ပြီး ဤအရာများကို မမြင်တွေ့ခဲ့ရပေ။

ဤနေရာတွင် တိုက်ပွဲအကြီးအကျယ် ဖြစ်ပြီး ဝိညာဉ်လက်နက်များနှင့် အရိုးစုများပင် ကျိုးပဲ့ကုန်ခြင်း ဖြစ်ပေလိမ့်မည်။ ဤနေရာ၌ မည်သည့် အဖြစ်အပျက်ကြီး ဖြစ်ခဲ့လေသနည်း။ မဟာမြို့ပျက်၏ ကပ်ဆိုးကြီး မကျရောက်မီ ဖြစ်ခဲ့လေသည်လား၊ ကပ်ဆိုးကြီး ကျပြီးမှ ဖြစ်ခဲ့ခြင်းလား။

ချင်မူ ရုတ်တရက် သူ့ဦးခေါင်းအရေပြားမှ စူးအောင့်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ ဟူလင်းအာ ဖြစ်၏။ လေထဲတွင် မျောလွင့်နေသော ဦးခေါင်းခွံတစ်ခုကြောင့် အသက်ထွက်လုမတတ် ကြောက်လန့်ပြီး သူ့ခေါင်းပေါ်သို့ ခုန်တက်ကာ ဦးရေပြားကို တင်းနေအောင် ကုပ်ထားခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ကြောက်ရွံ့မှုဖြင့် ကျုံ့ဝင်နေ၏။

မြေခွေးဖြူလေးက ကြောက်လန့်တကြား တုန်ရီနေသဖြင့် ချင်မူ၏ ဦးရေပြားမှာလည်း တဆတ်ဆတ် တုန်ခါနေသည်။

“နဂါး...”

မြေခွေးဖြူလေးက စူးစူးရှရှ အော်ဟစ်၍ ချင်မူ၏ ခေါင်းပေါ်မှ လျှောဆင်းကာ သူ့နောက်ကျောကို ဖက်တွယ်လိုက်၏။ သူ့ခြေလက်များက ချင်မူ၏ ခါးကို အသေဖက်တွယ်ထားသဖြင့် ချင်မူမှာ အဖြူရောင်အမွေးပွ ကျောပိုးအိတ်တစ်လုံး လွယ်ထားသကဲ့သို့ ရှိနေတော့သည်။

All Chapters