တတိယလူ
Vol. 4 Ch. 47
သူတို့၏ ရှေ့တွင်တော့ ကြီးမားသော နဂါးကြီးတစ်ကောင်က ခမ်းနားထည်ဝါသော နန်းတော်ကြီးကို တစ်ပတ်ပြီးတစ်ပတ် ရစ်ခွေထားပြီး နဂါးခေါင်းကြီးက ခန်းမကြီး၏ အထက်တွင် မေးတင်၍ သူတို့ထံ စူးစိုက်ကြည့်နေသကဲ့သို့ ရှိသည်။
ဤသည်က နဂါး အရိုးစုကြီး ဖြစ်၏။ ဤနဂါးကြီး၏ အသွေးအသားများကတော့ ပျက်စီးသွားပြီ ဖြစ်ပြီး အရိုးစုသာ ကျန်ခဲ့တော့သည်။ ၎င်း၏ သွားစွယ်များကပင် ချင်မူ၏ အရပ်ထက် ပိုရှည်၏။
ဤနဂါးကြီးက သေဆုံးသွားပြီ ဖြစ်သော်လည်း ၎င်း၏ အားအဟုန်နှင့် ထူးကဲသည့် လက္ခဏာများကို မြင်တွေ့နိုင်ဆဲ ဖြစ်သည်။ ၎င်းက အသက်ရှိစဉ် ကာလတွင် အလွန်တရာ စွမ်းအားကြီးမားသော သတ္တဝါကြီး ဖြစ်ခဲ့ပေလိမ့်မည်။
ချင်မူ ကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ထိုနဂါးအရိုးစုက တစ်မုဟုတ်ချင်း အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့မျက်လုံးထဲတွင် ၎င်း၏ ကိုယ်ရောင်ကိုယ်ဝါ အလင်းများက ကောင်းကင်ယံသို့တိုင် ထွင်းဖောက်၍ ကြီးမားသည့် နဂါးကြီးတစ်ကောင် တွန့်လိမ်လှုပ်ရှားနေသကဲ့သို့ မြင်ယောင်လာ၏။ ဤနဂါးကြီးက သေဆုံးနေပြီမှန်း ထင်ရှားသော်လည်း ၎င်း၏ အဟန့်အထည်နှင့် အရှိန်အဝါက သက်ရှိထင်ရှား ရှိနေသေးသကဲ့သို့ ခံစားရသည်။
“မာန်ဟုန်မြစ်နဂါးမင်း၊ အစစ်အမှန်နဂါး...”
ချင်မူမှာ နဂါးကြီးကို ကြည့်၍ ရင်ထဲတွင် လှုပ်ရှားသွား၏။ အဘိုးကြီးမာ သူ့ကို သင်ပေးခဲ့သည့် မိုးကြိုးရှစ်ချက်လက်သီးသိုင်း၏ နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်ကို အမှတ်ရလိုက်မိသည်။ နဂါးကိုးကောင်မုန်တိုင်း၏ ချီစွမ်းအင်က အားလှိုင်းကိုးဆင့်အဖြစ် ခွဲဖြာသွား၏။ ပထမအားလှိုင်းက ဒေါသနဂါးတိုးဝင်၊ ဒုတိယအားလှိုင်းက အမြွှာနဂါးရစ်ခွေ...။ အားလှိုင်း တစ်ဆင့်ပြီးတစ်ဆင့် တက်သွားသည်နှင့် နောက်ထပ် နဂါးတစ်ကောင်၏ အင်အား ပေါ်ထွက်လာ၏။
သူငယ်စဉ်ကတည်းက အဘိုးကြီးမာနှင့် သင်ကြားခဲ့ပြီး မရေမတွက်နိုင်အောင် လေ့ကျင့်သော်လည်း ဤသိုင်းကွက်၏ အနှစ်သာရကို ယခုထိ ဖမ်းဆုပ်နိုင်ခြင်း မရှိသေးပေ။ မကြာသေးမီက သူ၏ ကျင့်စဉ်စွမ်းအင် တိုးမြင့်လာခြင်းနှင့်အတူ နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်၏ စွမ်းအားကို မြှင့်တင်နိုင်ခဲ့သော်လည်း မင်ရှင်းနှင့် တိုက်ခိုက်သောအခါ အရေးနိမ့်နေဆဲ ရှိသည်။
ဤသည်မှာ မဟာမိုးခြိမ်းသံကျောင်းတော်မှ တထာဂတ၏ မဟာယာနသုတ္တန် ကျင့်စဉ်ကို မလေ့ကျင့်ခဲ့ရသည်နှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်သော်လည်း အဓိကမှာ သူ၏ လက်သီးချက်များမှ နဂါးအားလှိုင်းကိုးခုက နဂါးနှင့် ဆင်တူသည် ဆိုရုံမျှသာ ရှိခြင်းကြောင့် ဖြစ်၏။
နဂါးနှင့် ဆင်တူသည် ဆိုခြင်းမှာ နဂါးမဟုတ်။ အသွင်သဏ္ဌာန်က တူနိုင်သော်လည်း အားအင်က မပါရှိချေ။ သို့ဖြစ်၍ တစ်ချက်ထိရုံမျှနှင့် ပြိုကွဲသွားနိုင်၏။
သူ့လက်သီးချက်များထဲမှ အားအင်ကသာ အစစ်အမှန်နဂါးများ ဖြစ်လျှင် တထာဂတ၏ မဟာယာနသုတ္တန်ကို မသင်ယူရသည့်တိုင် နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်၏ အစစ်အမှန် အနှစ်သာရကို ဖော်ထုတ်နိုင်ပေလိမ့်မည်။
ဤသည်မှာ နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်က မုန်တိုင်းကို ဖြစ်ပေါ်စေသော အစစ်အမှန်နဂါးများ၏ လှုပ်ရှားမှုကို အတုခိုးထားခြင်းကြောင့် ဖြစ်သည်။ ပြင်းထန်သော မုန်တိုင်း၏ အလယ်တွင် နတ်နဂါးများက ရန်သူတို့ကို သတ်ဖြတ်၏။ သူသာ ဤအနှစ်သာရကို ဖမ်းဆုပ်နိုင်ခဲ့လျှင် တထာဂတ၏ မဟာယာနသုတ္တန်ကို သင်ယူစရာ လိုတော့မည် မဟုတ်ချေ။
“နဂါးကိုးကောင်မုန်တိုင်း... နဂါးကိုးကောင်ရဲ့ မုန်တိုင်း...”
နဂါးအရိုးစုကို လေ့လာနေရင်းနှင့် ချင်မူ သူ့ကိုယ်သူ သတိမထားလိုက်မိဘဲ အလိုလို ရှေ့သို့ တိုးကပ်သွားမိသည်။ သူ့မျက်လုံးထဲတွင် နဂါးအရိုးစုကြီးသာ ရှိတော့ပြီး နဂါး၏ ရုပ်သွင်သဏ္ဌာန်၊ အရိုးငြမ်းတည်ဆောက်ပုံ၊ နဂါး၏ အားအင်၊ နဂါး၏ အဟန့်အထည်တို့ကို လေ့လာ၍ နဂါး၏ အရှိန်အဝါအငွေ့အသက်နှင့် စိတ်ဝိညာဉ်ကို သဘောပေါက် နားလည်အောင် ဆင်ခြင်သုံးသပ်နေမိ၏။
ထိုနဂါးအရိုးစုကို ပိုလေ့လာလေလေ၊ ပို၍ ပို၍ ဈာန်ဝင်စား နစ်မျောသွားလေလေ ဖြစ်လာသည်။ ရှေ့သို့ တရွေ့ရွေ့ တိုးသွားရင်း သူ၏ လက်နှင့် ခန္ဓာကိုယ်က ထူးဆန်းသော လှုပ်ရှားမှုများ ပြုလုပ်ပြီး တကယ့်နဂါးအစစ်၏ အပြုအမူများကို အလိုလို အတုခိုး လှုပ်ရှားနေမိ၏။
သူ၏ ချီစွမ်းအင်က တကယ့်နဂါးတစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံးအနှံ့ ကူးခတ်လှည့်ပတ်နေပြီး တစ်စထက်တစ်စ ပီပြင်ရုပ်လုံးပေါ်လာသည်။
ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင်လည်း သူ့ဝိညာဉ်သန္ဓေသားက သူ၏ လှုပ်ရှားမှုများကို အတုခိုး၍ ချီစွမ်းအင်ကို ရှူသွင်းရှူထုတ် လုပ်နေ၏။ ထူးဆန်းသည့် အရာတစ်ခု ဖြစ်လာသည်။ ဝိညာဉ်သန္ဓေသား ရှူထုတ်လိုက်သည့် ချီစွမ်းအင်က ချင်မူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်မသွားဘဲ ၎င်း၏ ခန္ဓာကိုယ်ဘေးတွင် ကူးခတ်သွားလာကာ နဂါးပေါက်လေးတစ်ကောင်အဖြစ် အသွင်ပြောင်းသွား၏။ ရှူထုတ်လိုက်သည့် ချီစွမ်းအင် များလာသည်နှင့်အမျှ ထိုနဂါးပေါက်လေးက တဖြည်းဖြည်း ကြီးထွားလာပြီး လူ့တစ်ရပ်အရွယ်အရောက်တွင် ဝိညာဉ်သန္ဓေသားကို ရစ်ခွေလိုက်သည်။
ဟူလင်းအာမှာ အစက ကြောက်လန့်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ရင်ထဲမှ ကြောက်စိတ်များ လျော့ပါးလာ၏။ သို့သော်လည်း ချင်မူက နဂါးအရိုးစုကို လေ့လာရင်း သူ့ကို လုံးလုံးလျားလျား မေ့လျော့သွားသည်။
အတန်ကြာသောအခါ ဟူလင်းအာ၏ ဗိုက်ထဲတွင် တဂွီဂွီ မြည်လာသဖြင့် ချင်မူ့နောက်ကျောမှ အသာလျှောဆင်းလိုက်၏။ ထို့နောက် ခြေဖျားထောက်၍ ရေအောက်နဂါးနန်းတော်ထဲမှ တိတ်တိတ်လေး ထွက်လာခဲ့သည်။ ဤသို့ ဂရုတစိုက် ပြုမူနေခြင်းမှာ သူ့ခြေသံ ကျယ်လောင်သွားလျှင် ချင်မူ့ကို အနှောင့်အယှက် ဖြစ်မည် စိုး၍မဟုတ်၊ နဂါးအရိုးစုကို လှုပ်နှိုးလိုက်သလို ဖြစ်သွားမည် စိုးသောကြောင့်သာ ဖြစ်၏။
တစ်နာရီခန့် ကြာသောအခါ မြေခွေးဖြူလေးက အိတ်တစ်လုံး ကိုင်၍ အပြင်ဘက်မှ ပြန်ဝင်လာသည်။ ထိုအိတ်ထဲတွင်တော့ အလေ့ကျပန်းပင်များကဲ့သို့သော သတ္တဝါဆန်းများ တစ်ထွေးကြီး ပါလာ၏။
ဟူလင်းအာက သူ့ရင်ထဲမှ ကြောက်စိတ်ကို ချိုးနှိမ်၍ အခိုးအငွေ့များကြားမှ ဖြတ်ကာ ချင်မူရှိရာသို့ ပြန်လာခြင်း ဖြစ်သည်။ သူက ချင်မူ၏ နောက်ကျောပေါ်သို့ တွယ်တက်၍ ပခုံးထက်တွင် ထိုင်ကာ ထိုသတ္တဝါလေးများကို ချင်မူ့ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်၏။
ချင်မူက မည်သည့် ခံစားချက်မှ မရှိသကဲ့သို့ သူ့ပါးစပ်ထဲသို့ ဝင်လာသမျှကို ဝါးစားလိုက်သည်။
ဟူလင်းအာက ချင်မူ့ကို ထိုသတ္တဝါဆန်းလေးများ အကောင်နှစ်ဆယ်ခန့် ကျွေးပြီးနောက် သူ့ဖာသာလည်း မြိန်ရည်ယှက်ရည် စားသောက်လိုက်၏။
ချင်မူက ပြန်နိုးထလာမည့်ဟန် မရှိသေးဘဲ သူ၏ မျက်လုံးများက နဂါးအရိုးစုပေါ်တွင် ကော်နှင့် ကပ်ထားသကဲ့သို့ စူးစိုက်ကြည့်ရှုနေပြီး ရှေ့သို့ ဆက်လျှောက်သွားသည်။ တစ်ခါတစ်ရံတွင် နဂါးအရိုးစုပေါ်သို့ပင် တွယ်တက်၍ တစ်ခါတစ်ရံတွင် ထိုအရိုးစုကို ပတ်လျှောက်နေ၏။
ထိုအခိုက်၌ သူ၏ ဝိညာဉ်သန္ဓေသားကို ရစ်ခွေလျက်ရှိသော နဂါးစိမ်းလေးမှာ လျှပ်စီးတန်းများပင် တဖွားဖွား လွင့်ပျံနေချေပြီ။ သို့သော်လည်း ချင်မူက နဂါးအရိုးစုကို လေ့လာရာတွင် အာရုံရောက်နေသဖြင့် ထိုအဖြစ်ကို သတိပြုမိခြင်း မရှိပေ။
နှစ်ရက်တာကာလက ဤနည်းနှင်နှင် ကုန်ဆုံးသွားသည်။ ချင်မူက ထိုနေရာတွင်ပင် စား၊ သောက်၊ ကျင်ကြီး၊ ကျင်ငယ်စွန့်၍ ထိုနေရာတွင်ပင် ညအိပ်၏။ သူ့တစ်ကိုယ်လုံး ညစ်ပတ်ပေပွနေသော်လည်း နိုးထလာမည့် လက္ခဏာ မပြသေးချေ။
ဟူလင်းအာက အလွန်တရာ စိတ်ရှည်စွာဖြင့် ချင်မူ့ကို ဂရုတစိုက် စောင့်ကြည့်ပေးနေသည်။ ချင်မူ ရေဆာလျှင် သစ်ရွက်တစ်ရွက် ခူး၍ ကတော့ထိုးကာ ရေခပ်ပေး၏။ ချင်မူ ဗိုက်ဆာလျှင် သတ္တဝါဆန်းလေးများ သွားဖမ်းလာပေးသည်။ သို့သော်လည်း ထိုသတ္တဝါဆန်းလေးများ ဖမ်းယူရန် ရေကန်ကို ဖြတ်ရသဖြင့် ငါးစာ ဖြစ်မသွားစေရန် အတော်သတိထားရ၏။ ကံကောင်းထောက်မ၍ သူက ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်နေသည့်အတွက် ထိုငါးများရန်မှ လွတ်ကင်းအောင် သွားလာနိုင်ခဲ့သည်။
ချင်မူ ကျင်ကြီး၊ ကျယ်ငယ် စွန့်သောအခါတွင်တော့ သူ ဝေးဝေးသို့ သွားရှောင်နေရ၏။
တတိယနေ့ ရောက်သောအခါ ဟူလင်းအာ ရေသွားခပ်နေစဉ်၌ ချင်မူ၏ တအံ့တဩ ပြောလိုက်သော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ “ငါ ဘာလို့ ဒီလောက် ညစ်ပတ်နေတာလဲ...”
ဟူလင်းအာမှာ အံ့ဩဝမ်းသာသွားပြီးမှ တုတ်ထိုးအိုးပေါက် ပြောထည့်လိုက်၏။ “အဲနေရာမှာတင် သုံးရက်လုံး ရပ်နေမှတော့ မညစ်ပတ်ဘဲ နေမလား...”
“သုံးရက်ရှိပြီ ဟုတ်လား...”
ချင်မူ အလန့်တကြား ထအော်လိုက်သည်။ “သွားပြီ... ရွာကလူကြီးတွေတော့ ငါ ပြန်မလာလို့ အသေစိတ်ပူနေလောက်ပြီ... မြန်မြန် ပြန်ကြစို့...”
ရုတ်တရက် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်၏။ “ဒီချိန်မှ ပြန်သွားရင် သေချာပေါက် အဆူအငေါက် ခံရမဲ့အပြင် ထပ်ထွက်လို့လည်း ရမှာမဟုတ်တော့ဘူး... ဒီနဂါးနန်းတော်ထဲမှာ ရတနာတွေ တွေ့လိုတွေ့ငြား လှည့်ပတ်ကြည့်ပြီးမှပဲ ပြန်တာ ပိုကောင်းလိမ့်မယ်...”
ချင်မူက စိတ်အားတက်ကြွစွာဖြင့် ရေအောက်နဂါးနန်းတော်ထဲသို့ လှမ်းဝင်သွားသည်။ ဟူလင်းအာက သူ့နောက်မှ လိုက်၍ ခမ်းနားထည်ဝါသော ခန်းမကြီးထဲသို့ ရောက်ရှိလာ၏။ သို့သော်လည်း သူ၏ နည်းပါးသော သတ္တိနှင့် ချင်မူ့ ခြေထောက်နားတွင်သာ နေရဲပြီး သူ့ဖာသာ တစ်ယောက်တည်း လျှောက်မသွားရဲချေ။
ထိုခန်းမကြီးက အပြင်ဘက်ထက် ပိုသိပ်သည်းသော အခိုးအငွေ့များ ဖုံးလွှမ်းနေပြီး ရှေ့သို့ မမြင်ရချေ။
“ထူးဆန်းတယ်... ဒီအခိုးအငွေ့တွေက ဘယ်က ထွက်လာတာလဲ...”
ချင်မူ ဝေခွဲမရ ဖြစ်နေမိသည်။ ဤအခိုးအငွေ့များက မြူခိုးငွေ့များလည်း မဟုတ်။ သူ၏ ကောင်းကင်မျက်လုံးနှင့်ပင် ရှေ့သို့ ဝေးဝေး မမြင်ရချေ။ ခန်းမအတွင်းပိုင်းသို့ ရောက်လာလေလေ အခိုးအငွေ့များက ပိုထူလာလေလေ ဖြစ်ပြီး မည်သည်ကိုမျှ မမြင်ရတော့။ ဟူလင်းအာက ပို၍ ကြောက်ရွံ့လာပြီး ချင်မူ၏ ဘောင်းဘီစကို ကိုက်၍ လိုက်ပါလာ၏။
ထိုအခိုက်၌ ထူးဆန်းသော အသံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံက ညင်သာအေးချမ်း၍ ဝမ်းနည်းဖွယ်ရာ ခံစားချက်ကို ပေးစွမ်းနေ၏။ တစ်စုံတစ်ယောက်က အခိုးအငွေ့များကြား၌ ဝမ်းနည်းဖွယ်ရာ သီချင်းတစ်ပုဒ် သီဆိုနေသည်နှင့် တူပြီး မည်သည့်အကြောင်းကို သီဆိုနေသည်မှန်းတော့ နားမလည်ချေ။
၎င်းအသံက ရှေးဟောင်းဘာသာစကားတစ်ခု ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်၍ နားလည်ရခက်လှသည်။ ဤဘာသာစကားက နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုး ဘာသာစကားကဲ့သို့ပင် ရှေးကျ၏။
ချင်မူ ထိုသီချင်းကို နားထောင်ရင်း သူ့မျက်နှာသူ ပြန်စမ်းကြည့်မိသောအခါ မျက်ရည်များ အလိုလို စီးကျနေကြောင်း တွေ့လိုက်ရသည်။
ဤသီချင်းသံက အမျိုးသမီးတစ်ယောက် မြူခိုးငွေ့များကြားထဲတွင် မျောလွင့်ရင်း သူ၏ ရင်ကွဲစရာ ဇာတ်ကြောင်းကို သီဆိုပြနေသကဲ့သို့ ခံစားရ၏။
ရုတ်တရက် ခက္ခရာတောင်ဝှေးမှ ရွှေကွင်းများ တချွင်ချွင် မြည်လာသည်။
“ဘိုးဘိုးမာပြောတာ ဒီခက္ခရာတောင်ဝှေးက ဆိုးယုတ်ညစ်ပတ်တဲ့ အတွေးတွေကို ပယ်သတ်နိုင်တယ်တဲ့... ရင်ထဲမှာ စိတ်ရိုင်းပေါ်လာတာနဲ့ ရွှေကွင်းတွေ မြည်လာလိမ့်မယ်၊ ဆိုးယုတ် ညစ်ပတ်တဲ့ အတွေးတစ်ခု ပေါ်တိုင်း ဒီရွှေကွင်းတွေ တစ်ခါမြည်တယ်... အခု ဒီရွှေကွင်းတွေက ဆက်တိုက်မြည်နေတာ ဆိုတော့ ငါ့ရဲ့ ဆိုးယုတ်ညစ်ပတ်တဲ့ အတွေးတွေက အဲဒီလောက်တောင် များသွားတာလား...”
အောက်သို့ ငုံ့ကြည့်လိုက်မိသောအခါမှ ချင်မူ ရယ်ရမလို၊ ငိုရမလို ဖြစ်သွား၏။ ဟူလင်းအာက သူ့ခြေထောက်ကို တင်းကျပ်စွာ ဖက်တွယ်၍ တဆတ်ဆတ် တုန်ရီနေခြင်း ဖြစ်သည်။ သူ၏ အမြီးက ခက္ခရာတောင်ဝှေးကို သွား၍ ထိနေ၏။ ချင်မူ့ရင်ထဲတွင် ပရမ်းပတာ ဖြစ်နေခြင်း မဟုတ်၊ ဤမြေခွေးလေး၏ ရင်ထဲတွင် ဖြစ်နေခြင်းသာ ဖြစ်သည်။
“လင်းအာ... နင့်အမြီးကို ဖယ်လိုက်စမ်း...” ချင်မူက ပြောလိုက်၏။
ဟူလင်းအာက သူ၏ အမြီးကို ဘေးဖယ်၍ ဆက်လက် တုန်ရီနေသည်။
ချင်မူ မျက်မှောင်ကြုတ်သွားမိ၏။ ဟူလင်းအာ၏ အမြီးကို ဘေးဖယ်လိုက်သည့်တိုင် ခက္ခရာတောင်ဝှေးက ဆက်မြည်နေဆဲ ရှိသည်။
“ကြည့်ရတာ ငါနဲ့ဟူလင်းအာရဲ့ ဘေးမှာ နောက်တစ်ယောက် ရှိနေသေးတာလား... ဆိုးယုတ်တဲ့ အတွေးတွေက အဲဒီလူဆီက လာတာလား... ကြည့်ရတာ သီချင်းဆိုနေတဲ့ အမျိုးသမီးဆီကများ ဖြစ်နေမလား...”
ခက္ခရာတောင်ဝှေးက ပို၍ ပို၍ ပြင်းထန်စွာ လှုပ်ခါလာသည်။ ဤနေရာတွင် စိတ်ဆိုးစိတ်ယုတ်များသည့် လူတစ်ယောက် ရှိနေသည်မှာ ထင်ရှား၏။ ထိုအတွေးများကို အာရုံခံမိ၍ ခက္ခရာတောင်ဝှေးက အဆက်မပြတ် လှုပ်ခါနေခြင်း ဖြစ်မည်။
လေထုထဲတွင်တော့ သီချင်းသံက ဟိုမှသည် ထွက်ပေါ်နေပြီး ပို၍ ပို၍ ဝမ်းနည်း ကြေကွဲဖွယ် ကောင်းလာ၏။
ချင်မူ အောက်သို့ ငုံ့ကြည့်လိုက်မိသောအခါ ကျောရိုးထဲ စိမ့်တက်သွားသည်။ အခိုးအငွေ့များကြားတွင် အရိုးစုလက်တစ်ဖက်က ခက္ခရာတောင်ဝှေးထံ လှမ်းလျက် ရှိပြီး တောင်ဝှေးကို မထိတွေ့နိုင်မီမှာပင် ဓာတ်လိုက်ခံရသကဲ့သို့ တွန့်ခနဲ ဖြစ်ပြီး တိတ်တဆိတ် လက်ပြန်ရုပ်သွား၏။
ချင်မူက ခက္ခရာတောင်ဝှေးကို ဖြုတ်ယူ၍ ဘေးဘီသို့ လှည့်ပတ်ကြည့်ရှုလိုက်ပြီး မြင်ရသည့် မြင်ကွင်းကြောင့် သူ့မျက်လုံးထောင့်စွန်းများ တွန့်ချိုးသွားသည်။ အခိုးအငွေ့များကြားထဲတွင် အရိုးစုလက်များက နေရာအနှံ့မှ သူ့ထံသို့ ဆန့်တန်းလာနေပြီး ခက္ခရာတောင်ဝှေးနှင့် တွေ့သောအခါမှ ပြန်ရုပ်သွားကြ၏။
အခိုးအငွေ့များကြားထဲမှ သီချင်းသံချိုချိုက သူ့ဘေးတွင် လာဆိုနေသကဲ့သို့ ပို၍ ကြည်လင်လာသည်။
“ဒီအခိုးအငွေ့ထဲမှာ ဘာတွေ ရှိနေတာလဲ...”
သူ ခေါင်းကျိန်းသွား၏။ ဟူလင်းအာက သူ့ဘောင်းဘီထဲမှ တွယ်တက်၍ နောက်ကျောဆီသို့ ရောက်ကာ အင်္ကျီအောက်ထဲမှ သူ့ခါးကို ကုတ်ကပ်ဖက်တွယ်ထားသည်။ သူ၏ အမွေးထူထူခေါင်းလေးသာ တစ်ချက်တစ်ချက် ထွက်လာပြီး အပြင်ဘက်သို့ ချောင်းကြည့်၍ တဆတ်ဆတ် တုန်ရီနေ၏။
ဤမြင်ကွင်းက အတော်လေး ကြောက်ဖို့ကောင်းလှသဖြင့် ချင်မူပါ စိတ်ယိုင်ချင်လာသည်။ သို့သော်လည်း ရွှေကွင်းများ တချွင်ချွင် မြည်နေသည်က စိတ်တည်ငြိမ်စေနိုင်သော အာနိသင် ရှိသဖြင့် သူ့ရင်ထဲတွင် တည်ငြိမ်လာ၏။
သူ့စိတ်သူ ပြန်ထိန်းလိုက်သည်။ ဤမျှများပြားသော လက်များမှာ လူတစ်ယောက်တည်းမှ မဟုတ်နိုင်ပေ။
“ဘာပဲဖြစ်ဖြစ်... အကုန်လုံး နောက်ဆုတ်သွားရမယ်...”
ချင်မူ၏ ချီစွမ်းအင်က လှုပ်ရှားလာပြီး ခက္ခရာတောင်ဝှေးထဲသို့ တစ်ဟုန်ထိုး စီးဝင်သွား၏။ ထို့နောက် တောင်ဝှေးကို လေပေါ်သို့ မြှောက်၍ အောက်သို့ ဆောင့်ချလိုက်ရာ တချွင်ချွင်အသံများ မြည်ဟည်းပြီး အရပ်မျက်နှာအနှံ့သို့ အလင်းရောင်များ ထွန်းလင်းသွားသည်။ တစ်ချိန်တည်းမှာပင် သူ့နောက်ကျော၌ ဗုဒ္ဓပုံရိပ် ပေါ်ထွက်လာပြီး ထိုဗုဒ္ဓပုံရိပ်က လေထုထဲတွင် တင်ပျဉ်ဖွဲ့၍ သက္ကတဘာသာစကားဖြင့် ရွတ်ဆိုလိုက်၏။
“ငါဗုဒ္ဓ ကြားသိတော်မူတယ်...”
ဗုဒ္ဓပုံရိပ်မှ သက္ကတသံက တုန်ခါထွက်ပေါ်လာသည်။ “ကမ္ဘာဦးအစကတည်းက သတ္တဝါတွေဟာ ထာဝရတည်မြဲတဲ့ စိတ်ရဲ့ အစစ်အမှန်တရားကို နားမလည်နိုင်တဲ့အတွက် သေဆုံးလိုက်၊ မွေးဖွားလိုက်နဲ့ သံသရာ လည်နေကြရတယ်... သူတို့ရဲ့ စိတ်အတွေးအကြံတွေက ပျက်ယွင်းနေတယ်၊ အတွေးအကြံတွေ ပျက်ယွင်းနေတဲ့အတွက် သူတို့က သံသရာလည်နေ၊ လည်နေ၊ လည်နေရတယ်...”