← Chapters

နဂါးဝိညာဉ်

Vol. 4 Ch. 48

နဂါးဝိညာဉ်

Vol. 4 Ch. 48

ဝှမ်...။

ချင်မူ၏ နောက်ကျောမှ ဗုဒ္ဓဦးခေါင်းတော်ထက်တွင် အလင်းစက်ဝန်းတစ်ခု လှည့်ပတ်၍ အရပ်မျက်နှာအနှံ့ ရောင်စဉ်ဖြာထွက်နေ၏။ ထူးဆန်းသည့် အခိုးအငွေ့များပင် ဗုဒ္ဓ၏ အရှိန်အဝါအငွေ့အသက်ကြောင့် လွင့်ပါးပျောက်ကွယ်သွားသည်။ ထိုအခိုက်၌ ဂေါက်ဂေါက်ဂက်ဂက်အသံများ အဆက်မပြတ် ကြားရသဖြင့် ချင်မူ လှမ်းကြည့်လိုက်သောအခါ ခြောက်ကပ်နေသော အလောင်းကောင်များ လေပေါ်မှ တဖြုတ်ဖြုတ် ပြုတ်ကျ၍ ကြမ်းခင်းတစ်ခုလုံး ​ပြည့်နှက်သွားကြောင်း တွေ့လိုက်ရ၏။

ထိုခြောက်ကပ်နေသော အလောင်းကောင်များသာမက အသွေးအသား လုံးဝမရှိတော့သည့် အရိုးစုများလည်း ဤနေရာတွင် ရှိနေပြီး ၎င်းတို့က နန်းတွင်းဝတ်စုံကဲ့သို့သော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

သူ့ဘေးမှ အခိုးအငွေ့များ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် မြင်ကွင်းက ရှင်းလင်းလာ၏။ သီချင်းသံက ဆက်လက် ထွက်ပေါ်နေသေးသော်လည်း ယခုအခါတွင် အဝေးမှ လာသကဲ့သို့သာ ကြားရတော့သည်။ ဤသီချင်းသံက သာယာနာပျော်ဖွယ်၊ ဝမ်းနည်းကြေကွဲဖွယ် ကောင်းနေဆဲ ရှိ၏။

ချင်မူက သူ၏ ချီစွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ့နောက်မှ ဗုဒ္ဓပုံရိပ်မှာလည်း ပျောက်ကွယ်သွား၏။

“ဘာလို့ ဒီခန်းမထဲမှာ အလောင်းကောင်တွေ အများကြီး ရှိနေရတာလဲ... ဒီအလောင်းတွေက သာမန်လူတွေနဲ့ မတူဘူး...”

ချင်မူ အလောင်းကောင်များကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ ဤနေရာ၌ အလောင်းကောင်များစွာ ရှိနေပြီး ထိုအလောင်းကောင်များက ပုပ်သိုးမသွားကြသည်မှာ ပုံမှန်မဟုတ်ချေ။ အပြင်ဘက်မှ မာန်ဟုန်မြစ်နဂါးမင်း၏ ရုပ်အလောင်းပင် ပုပ်သိုးပြီး၍ အရိုးစုချည်းသာ ကျန်တော့၏။ အဘယ်သို့ပြု၍ ဤခန်းမထဲမှ အလောင်းကောင်များက မပုပ်မသိုး ရှိနေရသနည်း။

“ဖြစ်နိုင်တာ တစ်ခုတော့ ရှိတယ်... ဒီအလောင်းကောင်တွေက မဟာမြို့ပျက်ရဲ့ ကပ်ဆိုးကြီး ကျပြီးမှ ဝင်လာတာ ဖြစ်လိမ့်မယ်... ငါနဲ့ ဟူလင်းအာလို မာန်ဟုန်မြစ်နဂါးနန်းတော်နဲ့ ဒီခန်းမဆီ ဝင်တဲ့လမ်းကို မတော်တဆ တွေ့သွားကြတာ နေမှာပဲ...”

ချင်မူ၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ခန်းမကြီး၏ အတွင်းပိုင်းက သိပ်သည်းသော အခိုးအငွေ့များ ဖုံးလွှမ်းနေဆဲ ရှိ၏။

“ဒီအခိုးအငွေ့တွေထဲမှာ ရှိနေတဲ့ တစ်ခုခုက သူတို့ကို သတ်ပြီး ဒီလိုအနေအထားရောက်အောင် လုပ်ပစ်တာပဲ...”

ချင်မူ ခေါင်းကျိန်းသွားပြီး သူ၏ ဘုန်းကြီးတောင်ဝှေးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိသည်။ ဤခက္ခရာတောင်ဝှေးက မြို့တစ်မြို့တန်သည့် ရတနာတစ်ပါးဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။ တောင်ဝှေးအတွင်းသို့ ချီစွမ်းအင် အနည်းငယ်သာ ပို့လွှတ်လိုက်ရ၏။ အံ့အားသင့်ဖွယ် စွမ်းအားတစ်ရပ် ချက်ချင်း ထွက်ပေါ်လာသည် မဟုတ်လား။

ဤတောင်ဝှေးကို ယူလာခဲ့သည်မှာ အဘွားစစ်၏ တိုက်တွန်းမှုကြောင့် ဖြစ်၏။ အဘွားစစ်က သူ့အတွက် စိုးရိမ်လွန်းသဖြင့် ခက္ခရာတောင်ဝှေးကို ယူသွားခိုင်းခဲ့သည်သာမက အသွင်အမျိုးမျိုး ပြောင်း၍ နောက်ကွယ်မှ လိုက်ပါစောင့်ရှောက်ခဲ့သည်။

“ဘွားဘွားတော့ သေအောင် စိတ်ပူနေလောက်ပြီ...”

ချင်မူ အပြစ်ရှိသလို ခံစားမိသော်လည်း ခန်းမထဲ လှည့်ပတ်ကြည့်ရှုရင်း ပြန်၍ စိတ်အားတက်ကြွလာ၏။ “ဒီအခိုးအငွေ့တွေရဲ့ ရင်းမြစ်နဲ့ အန္တရာယ်ကောင်က ဒီခန်းမထဲမှာပဲ ရှိလိမ့်မယ်... ဒီထဲ ဝင်လာတဲ့သူတွေကို ဘယ်လိုဟာမျိုးက သတ်လိုက်တာ ဖြစ်မလဲ...”

ထိုအခိုက်၌ ခန်းမအတွင်းထဲမှ အခိုးအငွေ့များက သူ့ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာပြီး ခြေထောက်အောက်မှ စ၍ ပျံ့နှံ့ကာ အထက်သို့ တဖြည်းဖြည်း တက်လာသည်။ ကြမ်းပြင်ပေါ်မှ ခြောက်သွေ့နေသော အလောင်းကောင်များမှာ ၎င်းတို့အပေါ် အခိုးအငွေ့များ ဖုံးလွှမ်းသွားသည်နှင့် တဖြည်းဖြည်းချင်း လှုပ်ရှား၍ ထူးဆန်းစွာ ထပ်ရပ်လာကြ၏။

အခိုးအငွေ့များက မြင့်သည်ထက် မြင့်တက်လာပြီး မကြာမီ ချင်မူ၏ ခေါင်းပေါ်ထိ ဖုံးလွှမ်းသွား၏။ ထိုအခိုးအငွေ့များထဲတွင်တော့ အလောင်းကောင်များက လေပေါ်သို့ စတင် မြောက်တက်မျောလွင့်လာသည်။ မြူခိုးငွေ့များ ပို၍ သိပ်သည်းလာသည်နှင့်အမျှ အလောင်းကောင်များ မှုန်ဝါးပျောက်ကွယ်သွား၏။

“ဘယ်တစ္ဆေသရဲတွေက ငါ့ကို လာခြောက်လှန့် ဒုက္ခပေးချင်တာလဲ... ခက္ခရာ...”

ချင်မူက ခက္ခရာတောင်ဝှေးကို ကိုင်၍ ရှေ့သို့ တိုးသွားလိုက်သည်။ ကိုက်ပေါင်းဒါဇင်ချီ လျှောက်ပြီးသောအခါ သီချင်းသံက ပို၍ နီးလာသလို ခံစားရသဖြင့် သူ၏ ခက္ခရာတောင်ဝှေးကို ပြင်းထန်စွာ ဆောင့်ချလိုက်၏။ ဗုဒ္ဓအရှိန်အဝါအငွေ့အသက် ထွန်းလင်းတောက်ပလာပြီး ဗုဒ္ဓတရားသံများ လွှမ်းခြုံသွားသည်။ သူ့နောက်ကျောဘက်တွင် ဗုဒ္ဓပုံရိပ် ထပ်မံပေါ်ထွက်၍ မြူခိုးငွေ့များ ပျောက်ကွယ်ပြီး အလောင်းကောင်များ မြေပေါ်သို့ ပြန်ပြုတ်ကျကုန်၏။

“ကိုရင်လေး...”

ရုတ်တရက် ခန်းမထဲမှ အရိုးကွဲအောင် အေးစိမ့်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အသံက ထိုစကားတစ်ခွန်းသာ ဖြစ်၍ ချင်မူနှင့် မြေခွေးလေးမှာ နားကြားမှားလေသလားဟု ထင်လိုက်မိကြ၏။

​နောက်ဆုံးတွင်မှ ချင်မူ အခိုးအငွေ့များ၏ ရင်းမြစ်ကို မြင်တွေ့သွားသည်။ ဤအခိုးအငွေ့များက နဂါးနန်းတော်ထဲရှိ ရေခဲရုပ်တုတစ်ခုထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ထိုအနားသို့ လျှောက်သွားသောအခါ ရေခဲတုံးထဲတွင် နဂါးပေါက်လေးတစ်ကောင် ရှိနေကြောင်း မြင်တွေ့လိုက်ရသည်။ ဓားကျိုးတစ်လက်က ၎င်း၏ ရင်ဝတွင် စိုက်၍ နှလုံးကို ဖောက်ဝင်နေ၏။

ခန်းမထဲရှိ နဂါးတိုင်လုံးများကြားတွင် ကြီးမားသည့် နဂါးစိမ်းကြီးတစ်ကောင် ဟိုမှသည်သို့ ဖြည်းညင်းစွာ ကူးခတ်သွားလာနေသည်။ ၎င်းက နဂါးတိုင်လုံးများကို ထွင်းဖောက်သွားလာလျက် ရှိပြီး ရုပ်ခန္ဓာတစ်ခု ဟုတ်ဟန် မတူချေ။

သီချင်းသံက ထိုနဂါးစိမ်းကြီးထံမှ လာခြင်းဖြစ်ပြီး ၎င်းက ရေခဲတုံးအတွင်းရှိ နဂါးပေါက်လေးထံမှ အကြည့်တစ်ချက် မလွှဲဘဲ ရှိနေ၏။

၎င်း၏ အကြည့်က သီဆိုနေသော သီချင်းသံကဲ့သို့ပင် နူးညံ့သိမ်မွေ့သည့် ချစ်ခြင်းမေတ္တာနှင့် ဝမ်းနည်းကြေကွဲမှုများ ပြည့်လျှံနေပြီး သူ့ကလေးငယ်က သူ့ကို ခွဲခွာသွားသဖြင့် ဝမ်းနည်းပက်လက် ရင်ကွဲရဟန် တူသည်။

ဤသည်က နဂါးဝိညာဉ် ဖြစ်၏။

နဂါးတစ်ကောင်၏ ဝိညာဉ် ဖြစ်သည်။

ဤနဂါးက မာန်ဟုန်မြစ်နဂါးမင်း ကိုယ်တိုင်သော်လည်းကောင်း၊ မာန်ဟုန်မြစ်နဂါးမင်း၏ ဇနီးသည်သော်လည်းကောင်း ဖြစ်ပေလိမ့်မည်။။ သေချာသည်ကတော့ ဤနဂါးဝိညာဉ်မှာ မိခင်နဂါး ဖြစ်ပြီး ရေခဲတုံးအတွင်းမှ နဂါးပေါက်လေးမှာ သူ၏ ကလေးငယ် ဖြစ်၏။

သူ့ကလေးငယ် ဓားဒဏ်ရာကြောင့် သေလုမျောပါး ဖြစ်နေစဉ် မဟာမြို့ပျက်၏ ကပ်ဆိုးကြီးနှင့် ကြုံတွေ့ခဲ့ရပေလိမ့်မည်။ သူ့ကလေးကို လွန်စွာ ချစ်မြတ်နိုးလှသည့်အတွက် ကပ်ဘေးဒဏ်ကြောင့် မသေဆုံးမီ ရေခဲဖြင့် ခဲခဲ့ခြင်း ဖြစ်နိုင်၏။ ကပ်ဆိုးကြီးကြုံပြီး အသက်ဆုံးရှုံးခဲ့ရသော်လည်း သူ၏ ဝိညာဉ်က ဤခန်းမထဲတွင်သာ လှည့်လည်၍ တစ်နေ့ သူ့ကလေးငယ် ပြန်နိုးထလာနိုးဖြင့် နဂါးမျိုးနွယ်၏ သားချော့တေးများ သီဆိုရင်း ကာကွယ်စောင့်ရှောက်နေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“ကိုရင်လေး... ဒီဘက်မှာ...”

ရုတ်တရက် စကားသံထပ်ထွက်လာဖြင့် ချင်မူ အသံလာရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ဤလျှို့ဝှက်ဆန်းကြယ်သည့် ရေခဲတုံးအပြင် ခန်းမထဲ၌ နောက်ထပ်ရေခဲတုံးတစ်တုံး ရှိနေသေးကြောင်း တွေ့လိုက်ရ၏။ ထိုရေခဲတုံးက နဂါးပေါက်လေးရှိနေသည့် ရေခဲတုံး၏ နောက်တွင် ကွယ်နေခြင်း ဖြစ်ပြီး ရေခဲတုံးနှစ်တုံးက တစ်တုံးနှင့်တစ်တုံး ချိတ်ဆက်နေသည်။

ထိုရေခဲတုံးထဲတွင် ခရမ်းရောင်ဝတ်စုံနှင့် မျက်ခုံးမွေးဖြူ လူကြီးတစ်ယောက် ရှိ၏။ ထိုလူကြီး၏ ဝတ်စုံ၌ ပန်းပွင့်ကိုးမျိုးပုံကို ချည်ထိုးထားပြီး နန်းတွင်းအရာရှိဝတ်စုံ ဖြစ်ဟန်တူသည်။ သူ၏ ခါးတွင် ရွှေဆွဲပြား၊ ကျောက်စိမ်းဆွဲပြားများနှင့် ဓားတစ်လက် ချိတ်ဆွဲထား၏။ ခေါင်းပေါ်တွင်တော့ ဖဲကြိုးကိုးမျိုး ဆင်ယင်သော သရဖူဆောင်းထားပြီး တစ်ခုခုကို လှမ်းယူသည့် အနေအထားနှင့် ရှိနေသည်။

သူ့လက်တစ်ဖက်က အနက်ရောင်အလံတစ်ခု ကိုင်ဆောင်ထားပြီး အခြားလက်တစ်ဖက်က မျက်နှာချင်းဆိုင် ရေခဲတုံးထဲသို့ ရောက်၍ ကြက်ဥအရွယ်ခန့် အစိမ်းရောင်ပုတီးစေ့တစ်စေ့ကို ဆုပ်ကိုင်ထား၏။

ထိုအစိမ်းရောင်ပုတီးစေ့က မည်သည့်ပစ္စည်းဖြစ်မှန်း မသိသော်လည်း ၎င်း၏ အထဲတွင်တော့ နဂါးစိမ်းလေးတစ်ကောင် ရစ်ခွေနေသည်။

“အဲဒီပုတီးစေ့က ဒီအဘိုးကြီးကို ခဲသွားအောင် လုပ်ပစ်လိုက်တာ ထင်တယ်...”

ချင်မူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ရှေ့သို့ တိုးသွားပြီး ရေခဲတုံးထဲမှ လူကြီးကို သေချာကြည့်လိုက်၏။ ထိုအခါမှ ထူးဆန်းသည့် အချက်ကို တွေ့သွားသည်။ သူ ရွေ့လျားရာဘက်သို့ ထိုလူကြီး၏ မျက်လုံးများက လိုက်ရွေ့နေ၏။

“အစောကအသံက တကယ် သူ့အသံပဲ...”

ချင်မူ တစ်မုဟုတ်ချင်း ထိတ်လန့်သွားပြီး ကြမ်းပြင်ပေါ်မှ ခြောက်ကပ်နေသည့် အလောင်းကောင်များကို ကြည့်ကာ ဖြစ်နိုင်ချေကို အလျင်အမြန် စဉ်းစားလိုက်သည်။

ရေခဲတုံးထဲမှ လူကြီးက မာန်ဟုန်မြစ်နဂါးနန်းတော်ကို ပထမဆုံး ရှာတွေ့ခဲ့သူ ဖြစ်ပေလိမ့်မည်။ ဤရေခဲတုံးထဲမှ ပုတီးစေ့ကို တွေ့၍ လှမ်းယူမည်လုပ်ရင်း ထိုနေရာတွင်ပင် အတောင့်လိုက် ခဲသွားခြင်း ဖြစ်နိုင်၏။

ရေခဲတုံးထဲတွင် ဤမျှအကြာကြီး မသေဘဲ အသက်ရှင်နိုင်ခဲ့ခြင်းမှာ သူ့လက်ထဲမှ အနက်ရောင်အလံကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ထိုအလံဖြင့် နဂါးနန်းတော်ထဲသို့ ဝင်လာသူများကို သတ်ဖြတ်၍ ၎င်းတို့၏ အဆီအနှစ် အသွေးအသားများကို စုပ်ယူခဲ့ခြင်း ဖြစ်နိုင်၏။ ထို့ကြောင့်ပင် အလောင်းကောင်များက အသွေးအသားများ ခန်းခြောက်နေခြင်း ဖြစ်ပေလိမ့်မည်။

ရေခဲတုံးထဲတွင် ယခုအချိန်ထိ ပိတ်လှောင်ခံထားရသည့်အတွက် ဤလူကြီး၏ ကျင့်စဉ်စွမ်းအင်က များစွာကျန်တော့မည် မဟုတ်သည့်ပြင် ချင်မူက ခက္ခရာတောင်ဝှေးကို ကိုယ်နှင့်မကွာ ဆောင်ယူလာသဖြင့် ထိုအနက်ရောင်အလံ၏ ထူးဆန်းသည့် အစွမ်းအောက်မှ သူ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“မဟာမိုးခြိမ်းသံကျောင်းတော်က ခက္ခရာတောင်ဝှေးပဲ... ဒီမြူခိုးတွေရဲ့ ထူးဆန်းတဲ့ အစွမ်းကို မင်း ခုခံနိုင်တာ မဆန်းပါဘူး...”

ရေခဲတုံးထဲမှ လူကြီးက ပါးစပ်မဖွင့်နိုင်သော်လည်း လည်ချောင်းကို တုန်ခါစေ၍ အသံထုတ်လွှင့်လိုက်ခြင်း ဖြစ်သည်။ “မင်းက မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ကိုယ်တော်တစ်ပါး မဟုတ်ဘဲနဲ့... ဘာလို့ မင်းဆီမှာ အဲဒီဘုန်းကြီးအိုကြီးရဲ့ တောင်ဝှေး ရှိနေရတာလဲ...”

ချင်မူက အမှန်အတိုင်း ဖြေလိုက်၏။ “ကျွန်တော်က သူ့တပည့်ကို အနိုင်ယူပြီး လောင်းကြေးအနေနဲ့ ရခဲ့တာပါ...”

“လောင်းကြေးရခဲ့တာ ဟုတ်လား...”

ထိုလူကြီးက လည်ချောင်းသံဖြင့် တဟားဟား ရယ်မောလိုက်သည်။ “အဲဒီဘုန်းကြီးအိုကြီးလည်း အရှုံးသမား ဖြစ်ဖူးတာပဲလား... ကောင်လေး၊ မင့်အသက် ဘယ်လောက် ရှိပြီလဲ...”

ချင်မူက ပြန်ဖြေလိုက်၏။ “ဒီနှစ်ဆောင်းဦးပေါက်ရင် ဆယ့်နှစ်နှစ် ပြည့်ပါပြီ...”

ခရမ်းရောင်ဝတ်စုံနှင့် လူကြီးက ချီးကျူးလိုက်သည်။ “ဆယ့်နှစ်နှစ်ပဲ ရှိသေးတယ်.. အဲဒီဘုန်းကြီးအိုကြီးရဲ့ တပည့်ကို အနိုင်ယူနိုင်ခဲ့တာဆိုတော့ မင်းက တကယ့်ကို ထူးချွန်တာပဲ...”

ချင်မူက သူ၏ မျက်တောင်များကို ရိုးသားဖြူစင်စွာ ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မေးလိုက်၏။ “အကြီးအကဲက ဘာလို့ ဒီရေခဲတုံးထဲ ရောက်နေရတာလဲ...”

ထိုလူကြီးက ဟက်ခနဲ ရယ်လိုက်သည်။ “ဒီကိစ္စရဲ့ နောက်မှာ ဇာတ်လမ်းအရှည်ကြီး ရှိတယ်... ဟိုး အစကနေ ပြောရရင်... ဟေး... ထွက်မသွားလေ... ပြန်လာခဲ့...”

ချင်မူက သူ့ခြေလှမ်းများကို ရပ်၍ ဝေခွဲမရဟန်ဖြင့် ပြောလိုက်၏။ “အကြီးအကဲ... ကျွန်တော်က အိမ်ပြန်ဖို့ လောနေလို့ ဇာတ်လမ်းရှည်ကြီးတွေ နားထောင်ဖို့ အချိန်မရှိပါဘူး...”

ထိုလူကြီးမှာ ချောင်းတဟွတ်ဟွတ် ဆိုးသွားသည်။ “ဇာတ်လမ်းအရှည်ကြီးကို အတိုချုပ်ပြောရရင် ငါနဲ့ ငါ့တပည့်တွေ မဟာမြို့ပျက်ကို လာရင်း ဒီနေရာကို မတော်တဆ တွေ့ခဲ့တာ... ဒီနေရာက ခြောက်ကပ်နေတဲ့ အလောင်းကောင်တွေကို တွေ့တော့ ဟောဒီနဂါးပုတီးက အထဲဝင်လာတဲ့သူတွေကို သတ်ပြီး အဆီအနှစ် အသွေးအသားတွေ စုပ်ယူမှန်း သိလိုက်တယ်... ပုတီးစေ့ရဲ့ ရည်ရွယ်ချက်က ဒီနဂါးပေါက်လေးရဲ့ သက်တမ်းကို ဆက်ရှည်အောင် လုပ်ဖို့ပဲ... ကျင့်ကြံသူတစ်ယောက်အတွက် ဒီလို အပြုအမူမျိုးကို လက်ခံနိုင်စရာ မရှိဘူး... အဲဒါကြောင့် လူတွေ ထပ်အန္တရာယ် မဖြစ်ရအောင် တားဆီးဖို့ ကြိုးစားခဲ့တာပဲ... ဒါပေမဲ့ ငါမှားသွားတာက ဒီနဂါးပုတီးကို နတ်နဂါးရဲ့ ပုတီးစေ့ဖြစ်မယ်လို့ မမျှော်လင့်မိလိုက်ဘူး... အဲဒါကြောင့် ငါပါ ရေခဲတုံးထဲ ပိတ်မိသွားတယ်... ငါ့တပည့်တွေလည်း တစ်ယောက်မှ မလွတ်ဘူး... သူတို့ရဲ့ အဆီအနှစ် အသွေးအသားတွေလည်း ဒီနဂါးပုတီးရဲ့ စုပ်ယူတာ ခံလိုက်ကြရတယ်...”

ချင်မူ၏ ရင်ဘတ်ထဲတွင် ပုန်းနေသော ဟူလင်းအာက ခေါင်းပြူထွက်လာပြီး တီးတိုးပြောလိုက်၏။ “သူပြောတာ ယုံလား သခင်လေး...”

ချင်မူက ချီတုံချတုံ ဖြစ်သွားသည်။ သူမှန်းဆထားသည်က ဤလူကြီးပြောသည်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဤလူကြီးပြောသည်မှာ အမေနဂါးက နဂါးပုတီးကို အသုံးပြု၍ လူများကို အန္တရာယ်ပြုကာ ၎င်းတို့၏ အဆီအနှစ် အသွေးအသားများကို စုပ်ယူ၍ သူ့ကလေးကို အသက်ဆက်စေခဲ့သည်။ ထို့ပြင် သူက နဂါးပုတီးစေ့၏ အကွက်ထဲ ဝင်သွားသည့် ဖြောင့်မှန်သောသူ ဖြစ်သည်ဟုလည်း ဆို၏။

ချင်မူ၏ အတွေးမှာတော့ ဤလူကြီးက ရေခဲတုံးထဲတွင် ပိတ်မိနေသဖြင့် သူ့အသက်ကို ဆွဲဆန့်ရန်အတွက် အောက်လမ်းမိစ္ဆာပညာ အသုံးပြုပြီး ဤနေရာသို့ ဝင်လာသူများ၏ အဆီအနှစ် အသွေးအသားများကို စုပ်ယူနေခြင်း ဖြစ်သည်။

ချင်မူ့အနေဖြင့် သူ့အတွေးနှင့် ထိုလူကြီး၏ဇာတ်လမ်း နှစ်ခုစလုံးကို မဖြစ်နိုင်ဟု ငြင်းဆိုစရာ မရှိပေ။ သို့သော်လည်း မည်သည်က အမှန် ဖြစ်လိမ့်မည်နည်း။

ချင်မူ ဘေးဘီသို့ ဝေ့ဝဲကြည့်ရှုပြီး အခိုးအငွေ့များ သူ့ထံသို့ ပြန်လည် ချဉ်းကပ်လာကြောင်း တွေ့ရသဖြင့် ခက္ခရာတောင်ဝှေးကို ကြမ်းပြင်ပေါ်သို့ တစ်မုဟုတ်ချင်း ဆောင့်ချလိုက်၏။

“ငါဗုဒ္ဓ ကြားသိတော်မူတယ်...”

ဗုဒ္ဓပုံရိပ်က သူ့နောက်တွင် ထပ်ပေါ်လာပြီး သက္ကတတရားသံ ထွက်ပေါ်လာသည်။ “ကမ္ဘာဦးအစကတည်းက သတ္တဝါတွေဟာ ထာဝရတည်မြဲတဲ့ စိတ်ရဲ့ အစစ်အမှန်တရားကို နားမလည်နိုင်တဲ့အတွက် သေဆုံးလိုက်၊ မွေးဖွားလိုက်နဲ့ သံသရာလည်နေရတယ်... သူတို့ရဲ့ စိတ်အတွေးအကြံတွေက ပျက်ယွင်းနေတယ်၊ အတွေးအကြံတွေ ပျက်ယွင်းနေတဲ့အတွက် သူတို့က သံသရာလည်နေ၊ လည်နေ၊ လည်နေရတယ်...”

“မဟာမိုးခြိမ်းသံကျောင်းတော်ရဲ့ ဗုဒ္ဓတရားတော်တွေက တကယ့်ကို အစွမ်းထက်တာပဲ...” ရေခဲတုံးထဲမှ လူကြီးက ချီးကျူးလိုက်၏။

“အကြီးအကဲကို ကျွန်တော် ဘယ်လိုခေါ်ရမလဲ မသိဘူး...” ချင်မူက အခိုးအငွေ့များကို ဖယ်ရှားပြီးနောက် မေးမြန်းလိုက်သည်။

ရေခဲတုံးထဲမှ လူကြီးက ပြန်ဖြေလိုက်၏။ “ငါ့နာမည်က ကူလင်းနွမ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အိမ်ရှေ့မင်းသားရဲ့ ကိုယ်ရံတော်၊ အနိမ့်စံပထမအဆင့် နန်းတွင်းအရာရှိပဲ... မင်းသာ ငါ့ကို ဒီနေရာက ထွက်လို့ရအောင် ကူညီပေးနိုင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရောက်တဲ့အခါ မင်းအတွက် သုံးမကုန်တဲ့ စည်းစိမ်ချမ်းသာတွေ ပုံပေးနိုင်တယ်...”

All Chapters