← Chapters

အမြုတေနှလုံးသား

Vol. 4 Ch. 49

အမြုတေနှလုံးသား

Vol. 4 Ch. 49

ချင်မူ တစ်ခဏမျှ စဉ်းစားကြည့်လိုက်သည်။ လီမြစ်ဂိုဏ်းချုပ် မူပေဖုန်းက အနိမ့်စံဒုတိယအဆင့် နန်းတွင်းအရာရှိ ဖြစ်ပြီး ဤကူလင်းနွမ်က အနိမ့်စံပထမအဆင့် နန်းတွင်းအရာရှိ ဖြစ်သဖြင့် သူက မူပေဖုန်းထက် သေချာပေါက် ပိုစွမ်းအားကြီးပေလိမ့်မည်။

“ဒီအကြီးအကဲပြောတာ မှန်တယ်...” သူ ဟူလင်းအာကို ပြောလိုက်၏။

ဟူလင်းအာမှာ ဇဝေဇဝါ ဖြစ်သွားသည်။ “သူပြောတာ အမှန်လို့ သခင်လေး ဘယ်လိုလုပ် သိလဲ...”

“ဒီအခိုးအငွေ့တွေကို ဟိုနဂါးဝိညာဉ်ကနေ ထုတ်တာ...”

ချင်မူက လူးလာကူးခတ်နေသော မိခင်နဂါး၏ ဝိညာဉ်ကို လက်ညှိုးထိုးပြလိုက်၏။ ထိုနဂါးဝိညာဉ် ဖြတ်သွားသည့် နေရာတိုင်းတွင် အခိုးအငွေ့များ ထူထပ်သိပ်သည်းလာပြီး ခြောက်သွေ့နေသော အလောင်းကောင်များက ပြန်ထရပ်၍ လူနံ့ရသကဲ့သို့ ချင်မူ့ထံသို့ မျောလွင့်လာကြသည်။

“ဒီလိုအခိုးအငွေ့မျိုးက အလောင်းကောင်တွေကို မသေမရှင်အခြေအနေ ဖြစ်အောင် လုပ်ပစ်တာပဲ... ဒီနည်းလမ်းနဲ့ သူ့ကလေးကို အကာအကွယ်ပေးထားသလို ဒီခန်းမကြီးကိုလည်း ကာကွယ်ထားတာ...” ချင်မူက သုံးသပ်ပြလိုက်၏။

ဟူလင်းအာလည်း ဤအချက်ကို သတိပြုမိသည်။ နဂါးဝိညာဉ်မှ မှုတ်ထုတ်လိုက်သော အခိုးအငွေ့များ ပြယ်လွင့်သည်နှင့် အလောင်းကောင်များ လှုပ်ရှားမှု ရပ်တန့်၍ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ အခိုးအငွေ့များ ပြန်လည် ဖုံးလွှမ်းလာလျှင် ထိုအလောင်းကောင်များ တစ်ဖန် ပြန်အသက်ဝင်၍ အနီးသို့ ရောက်လာသူတိုင်းကို တိုက်ခိုက်ရန် ကြိုးစားပေလိမ့်မည်။

ထိုအလောင်းကောင်များက ဤခန်းမ၏ အစောင့်အရှောက်သဖွယ် ဖြစ်၍ အပြင်လူများ နဂါးပုတီးကို ခိုးယူပြီး နဂါးပေါက်လေး၏ ဝေဒနာကုစားခြင်းကို အနှောက်အယှက် မပြုနိုင်အောင် ကာကွယ်ပေးနေကြသည်။

ဤအလောင်းကောင်များ၏ ရင်းမြစ်မှာ ထိုအကြီးအကဲ ပြောသကဲ့သို့ နဂါးပုတီး၏ လက်ချက် ဖြစ်ပေလိမ့်မည်။ ၎င်းက နဂါးနန်းတော်ထဲသို့ ကျူးကျော်ဝင်ရောက်လာသူများ၏ အဆီအနှစ် အသွေးအသားများကို စုပ်ယူ၍ နဂါးပေါက်လေးကို အသက်ဆက်ပေးနေခြင်း ဖြစ်၏။

ချင်မူက အခက်တွေ့သွားဟန်ဖြင့် ပြောလိုက်သည်။ “အကြီးအကဲကူ... ကျွန်တော်က အကြီးအကဲကို ကူညီချင်ပေမဲ့ ကျွန်တော့်ရဲ့ နုံနဲ့တဲ့ အစွမ်းလေးနဲ့ မကူညီနိုင်မှာ စိုးမိပါတယ်...”

ကူလင်းနွမ်က ဟက်ခနဲ ရယ်လိုက်၏။ “ဒါပေါ့... မင်းမှာတော့ ဒီနဂါးပုတီးရဲ့ ရေခဲကို အရည်ဖျော်နိုင်စွမ်း ဘယ်ရှိပါ့မလဲ... ဒါပေမဲ့ ငါ့မှာ ရှိတယ်လေ... မင်းသာ ငါခိုင်းသမျှ လုပ်ရင် ငါ့ကို လွတ်အောင် ကူညီနိုင်လိမ့်မယ်... ငါလွတ်တာနဲ့ မင်း လိုချင်တာ မှန်သမျှ ရစေရမယ်...”

သူ့အသံက ဝင့်ကြွားသည့် အရိပ်အယောင်များ စွက်နေပြီး အိမ်ရှေ့စံ၏ ကိုယ်ရံတော်ဆိုသည်မှာ အလွန်တရာ မြင့်မားသော ရာထူးတစ်ခု ဖြစ်ကြောင်း သက်သေခံနေသည်။

“ဒီရေခဲတုံးထဲမှာ ပိတ်မိနေပေမဲ့ ငါ့ရဲ့ ကျင့်စဉ်စွမ်းအင်က ကျန်သေးတယ်... အဲဒါကြောင့် အခုထိ ခဲမသေသေးတာ...”

ကူလင်းနွမ်က ဆက်ပြောလိုက်၏။ “ငါ့ရဲ့ နောက်ဆုံးလက်ကျန် ကျင့်စဉ်စွမ်းအင်ကို အသုံးပြုပြီး ငါ့ဓားကို ရေခဲထဲက ထုတ်ပေးမယ်... အဲဒီဓားနဲ့ အမေနဂါးရဲ့ ဝိညာဉ်ကို သတ်လိုက်... အဲဒီနဂါးဝိညာဉ် သေတာနဲ့ ဒီနဂါးပုတီးက ငါ့ကို လှောင်ပိတ်ထားနိုင်မှာ မဟုတ်တော့ဘူး... ဒီထဲက လွတ်လာရင် မင်းကို နဂါးပုတီးတောင် ဆုအဖြစ် ပေးနိုင်တယ်...”

ချင်မူက အလန့်တကြား ထခုန်၍ အော်ဟစ်လိုက်သည်။ “အမေနဂါးရဲ့ ဝိညာဉ်ကို သတ်ရမယ်ဟုတ်လား... အကြီးအကဲ၊ ကျွန်တော်က ဝိညာဉ်သန္ဓေသားအဆင့်ထိပဲ လေ့ကျင့်ရသေးတဲ့ ပမွှားလေးလေ... ဘယ်လိုလုပ် အမေနဂါးရဲ့ ဝိညာဉ်ကို သတ်နိုင်မှာလဲ...”

ကူလင်းနွမ်က အေးစက်စက် ရယ်မောလိုက်၏။ “ဒီအတိုင်းတော့ မင်း ဘယ်သတ်နိုင်မလဲ... ဒါပေမဲ့ ငါ့ဓားနဲ့ဆိုရင် မင်း သတ်နိုင်တယ်... ငါ့ဓားက မင့်နောက်ကျောမှာ လွယ်ထားတဲ့ အစုတ်ပလုတ် အမှိုက်တွေလို သာမန်ဓားတစ်လက် မဟုတ်ဘူး... ဒီဓားက နန်းတွင်းမိသားစုရဲ့ ပထမအဆင့်ဓားပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အကောင်းဆုံးရတနာ၊ အကောင်းဆုံးပန်းပဲဆရာတွေနဲ့ သွန်းလုပ်ထားတာ... စုစုပေါင်း ပထမအဆင့် နန်းတွင်းအရာရှိ ဆယ့်ခြောက်ယောက် ရှိတဲ့အတွက် ဒီလိုဓားမျိုး စုစုပေါင်း ဆယ့်ခြောက်ချောင်း ရှိတယ်... ဓားတစ်ချောင်းစီမှာ နာမည်ရှိတယ်... ငါ့ဓားကတော့ အိမ်ရှေ့စံကိုယ်ရံတော်ဓားလို့ ခေါ်တယ်...”

ချင်မူ ချီတုံချတုံ ဖြစ်သွားသည်။ “အဲဒီဓားက ကျွန်တော့်လက်ထဲက ဘုန်းကြီးတောင်ဝှေးနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ...”

ကူလင်းနွမ်က လှောင်ပြုံး ပြုံးလိုက်၏။ “အဲဒီဘုန်းကြီးအိုကြီးရဲ့ ခက္ခရာတောင်ဝှေးက အတော်လေး တန်ဖိုးကြီးတဲ့ ရတနာဆိုတာ မှန်တယ်... ပြီးတော့ မဟာမိုးခြိမ်းသံကျောင်းတော်ကလည်း တစ်လောကလုံးမှာ ရှားရှားပါးပါး ထင်ရှားတဲ့ ဂိုဏ်းတွေထဲက တစ်ဂိုဏ်းပဲ... ဒါပေမဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ စွမ်းအားနဲ့ သွန်းလုပ်ထားတဲ့ ရတနာက အင်ပါယာတစ်ခုရဲ့ စွမ်းအားနဲ့ သွန်းလုပ်ထားတဲ့ ရတနာကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မဟာမိုးခြိမ်းသံကျောင်းတော်လို ဂိုဏ်းကြီးမျိုး နှစ်ဂိုဏ်း၊ သုံးဂိုဏ်းတောင် ရှိတယ်...”

ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွားသည်။ အနည်းငယ်လည်း ဝေခွဲမရ ဖြစ်သွားပြီး မေးလိုက်၏။ “အကြီးအကဲမှာ ဒီလိုဓားမျိုး ရှိနေလျက်နဲ့ ဘာလို့ အမေနဂါးရဲ့ ဝိညာဉ်ကို မသတ်ခဲ့ရတာလဲ...”

ကူလင်းနွမ် မည်သို့ ပြောရမှန်းမသိ ဖြစ်သွားသည်။ အတန်ကြာပြီးမှ သူ ပြောလိုက်၏။ “အစတုန်းက အဲဒီအချက်ကို မတွေးလိုက်မိဘူး... နောင်လာနောက်သားတွေ ဒုက္ခမရောက်ရအောင် ဒီနဂါးပုတီးကို ရှင်းထုတ်ပစ်ဖို့ပဲ စိတ်ရောက်နေခဲ့တာ... အဲဒါကြောင့် နမော်နမဲ့နဲ့ ထောင်ချောက်ထဲ ကျခဲ့ရတယ်... ဒီရေခဲတုံးထဲကနေ ခွဲမထွက်နိုင်ဘူးဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အတော် နောက်ကျသွားပြီ...”

“အချုပ်အနှောင်ခံလိုက်ရတဲ့ အချိန်မှာ ရေခဲပြီး သေမသွားအောင် ငါ့ချီစွမ်းအင်နဲ့ ကာကွယ်ထားခဲ့ရတယ်... ငါ့အနေနဲ့ ဓားပျံကို ထိန်းချုပ်ချင်ရင်တောင် ဒီလိုအခြေအနေမျိုးနဲ့ ထိန်းချုပ်လို့ မရတော့ဘူး... ငါ ဒီနေရာမှာ ဘယ်လောက်ကြာအောင် ပိတ်မိနေခဲ့လဲ မင်းသိလား...”

ကူလင်းနွမ်က သက်ပြင်းချလိုက်သည်။ “အနှစ်နှစ်ရာတောင်ကွ... ပြီးခဲ့တဲ့ အနှစ်နှစ်ရာစလုံး ငါ ဒီနေရာမှာပဲ ပိတ်မိနေခဲ့ရတယ်... အခုချိန်ထိ ငါ့အသက်ကို ဆွဲဆန့်ထားဖို့ဆိုတာ သိပ်ကို ခက်ခဲတဲ့ အလုပ်ပဲ...”

ချင်မူ သူ၏ ဒုက္ခများကို စာနာသနားသွား၏။ “ဒီရေခဲတုံးထဲမှာ အနှစ်နှစ်ရာတောင် ပိတ်လှောင်ခံခဲ့ရတာလား... ကျွန်တော်သာဆို ရူးသွားမှာပဲ... အကြီးအကဲအနေနဲ့ အခုအချိန်ထိ တောင့်ခံနိုင်တာ အတော်လေး ချီးကျူးဖို့ ကောင်းနေပြီ...”

ကူလင်းနွမ်က သက်ပြင်း ထပ်ချလိုက်ပြန်သည်။ “ကံကောင်းလို့ မင်းရောက်လာတာပဲ... ငါ့ရဲ့ လက်ကျန်ချီစွမ်းအင်နဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ဒီရေခဲတုံးအပြင်ဘက် ထုတ်ပေးမယ်... အမေနဂါးရဲ့ ဝိညာဉ်ကို သွားသတ်လိုက်... အဲဒါဆို ငါ လွတ်ပြီ...”

ချင်မူက ခေါင်းညိတ်၍ တလေးတစား ပြန်ပြောလိုက်၏။ “ကျွန်တော် အကောင်းဆုံး လုပ်ပါ့မယ်...”

ကူလင်းနွမ်က သူ၏ လက်ကျန်ချီစွမ်းအင်ကို စုစည်း၍ သူ့ခါးမှ ဓားဆီသို့ ပို့လွှတ်လိုက်သည်။ ဓားက စတင် ရွေ့လျားလာ၏။ သို့သော်လည်း နှေးနှေးလေးသာ ဖြစ်သည်။ နှစ်နာရီခန့် ကြာပြီးမှ ဓားရိုးလေး ပေါ်သည်ဆိုရုံမျှ ပေါ်လာ၏။

အချိန်အတော်ကြာပြီးသွားသောအခါ ဓားရိုးတစ်ခုလုံး ပေါ်ထွက်လာသည်။ သို့သော်လည်း ဓားအိမ်ကတော့ ရေခဲတုံးထဲတွင်သာ ရှိနေဆဲ ဖြစ်၏။

ကူလင်းနွမ်က မောပန်းနွမ်းနယ်သွားပုံ ရပြီး သူ့အသံက ခြောက်ကပ်ကပ် အက်ကွဲကွဲ ဖြစ်နေသည်။ “ငါရဲ့ ချီစွမ်းအင်က ကုန်လုနီးပါး ဖြစ်သွားပြီ... အဲဒီအမေနဂါးကို မြန်မြန် သတ်လိုက်တော့...”

ချင်မူ ခေါင်းညိတ်လိုက်၏။ ရုတ်တရက် သူ့ထံမှ လက်မောင်းလုံးခန့်တုတ်သော ချီစွမ်းအင်ကြိုးမျှင် ထွက်ပေါ်လာပြီး ဓားလက်ကိုင်ရိုးကို ရစ်ပတ်သွားသည်။ ရွှစ်ခနဲ အသံနှင့်အတူ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး တစ်မုဟုတ်ချင်း လင်းထိန်သွား၏။

ချင်မူနှင့် ဟူလင်းအာမှာ ဓားအလင်းရောင်ကြောင့် မျက်စိများ ကျိန်းစပ်သွားသည်။ အတန်ကြာပြီးသောအခါမှ မျက်စိ ပြန်ဖွင့်နိုင်ပြီး ရှင်းရှင်းလင်းလင်း ပြန်မြင်ရ၏။

“မင်း ဘာလုပ်တာလဲ...”

ကူလင်းနွမ်မှာ ချင်မူ၏ အလွန်တရာ ထူထဲတုတ်ခိုင်သော ချီစွမ်းအင်ကြိုးမျှင်က သူ၏ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ဆွဲယူရစ်ပတ်၍ အမေနဂါး၏ ဝိညာဉ်နောက် လိုက်ခုတ်သော်လည်း တစ်ချက်မျှ မထိသည့် အဖြစ်ကို မြင်ပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ “မင်း ဘာလုပ်နေတာလဲ... ဘယ်သူကများ မင်းလို ဓားပျံထိန်းချုပ်လို့လဲ... မင်းကို ဓားပျံထိန်းချုပ်နည်း ဘယ်သူ သင်ပေးထားတာလဲ... ဘယ်သူ မင်းကို ဓားသိုင်း သင်ပေးတာလဲ...”

ချင်မူက သူ၏ ခြေလှမ်းများကို ရပ်၍ အမှန်အတိုင်း ပြောလိုက်၏။ “ကျွန်တော်က ဓားပျံထိန်းချုပ်နည်းလည်း မတတ်ဘူး... ဓားသိုင်းလည်း မတတ်ပါဘူး...”

ကူလင်းနွမ်မှာ သေလုအောင် ဒေါသထွက်၍ ခေါင်းခဲသွားသည်။ ထို့နောက် ဒေါသတကြီး မေးလိုက်၏။ “အဲဒါဆို ဘာလို့ မင့်နောက်ကျောမှာ ဓားအိတ်ကြီး လွယ်ထားတာလဲ...”

ချင်မူက ရှက်အမ်းအမ်းနှင့် ပြန်ဖြေလိုက်သည်။ “ဒီဓားအိတ်က အလေးချိန် အတော်စီးတော့ လေ့ကျင့်ခန်းသဘောမျိုး လွယ်ထားတာပါ...”

ကူလင်းနွမ်မှာ သွေးအန်လုနီးပါး ဖြစ်သွား၏။ ဤသို့သော လူပြိန်းဓားသိုင်းကြောင့် သူ မည်သည်ကိုမျှ မစဉ်းစားဘဲ ရေခဲတုံးထဲမှ ခုန်ထွက်လာလိုစိတ်ပင် ပေါက်လာသည်။

“ကောင်းပြီ... မင်းကို ငါ ချီစွမ်းအင်နဲ့ ဓားပျံ ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာရယ်၊ ဓားသိုင်းရယ် သင်ပေးမယ်...”

သူ့ဒေါသများကို ချိုးနှိမ်၍ ဆက်ပြောလိုက်၏။ “မင်း တတ်သွားရင် အဲဒီနဂါးဝိညာဉ်ကို သတ်နိုင်လိမ့်မယ်...”

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ “ကျွန်တော် မသင်ဘူး...”

ကူလင်းနွမ် ဒေါသအိုး ပေါက်ကွဲသွား၏။ သူသာ ရေခဲတုံးထဲတွင် ပိတ်မိမနေလျှင် ယခုချက်ချင်း ခုန်ထွက်၍ ဤခွေးကောင်စုတ်ကို အမှုန့်ဖြစ်အောင် ရိုက်သတ်ပစ်မိပေမည်။

“ဘွားဘွားက ပြောထားတယ်... ကျွန်တော့်ကို အကောင်းဆုံးဓားသိုင်း သင်ပေးမဲ့လူ ရှိတယ်တဲ့... သူများဆီက ဓားသိုင်းသင်လိုက်ရင် အဲဒီလူက သင်ပေးတော့မှာ မဟုတ်ဘူးတဲ့...”

ကူလင်းနွမ်က သူ့စိတ်သူ တည်ငြိမ်အောင် ပြန်ထိန်းပြီး တဟားဟား ရယ်မောလိုက်သည်။ “အကောင်းဆုံးဓားသိုင်း ဟုတ်လား... တစ်လောကလုံးမှာ အကောင်းဆုံးဓားသိုင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဓားသိုင်းဆိုတာ မင်းသိလား... အတိုင်ပင်ခံက တစ်လောကလုံးမှာ ရှိတဲ့ ဓားသိုင်းတွေကို စုစည်း၊ တစ်လောကလုံးက ထိပ်သီးဓားပညာရှင်တွေကို ဖိတ်ခေါ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဓားသိုင်းကို တီထွင်ခဲ့တာ... တစ်လောကလုံးက ထိပ်သီးဓားပညာရှင်တွေ အားလုံးရဲ့ ဉာဏ်ပညာနဲ့ စုပေါင်းတီထွင်ခဲ့တဲ့ ဓားသိုင်းမှ အကောင်းဆုံးဓားသိုင်း မဟုတ်ရင် ဘယ်ဓားသိုင်းက အကောင်းဆုံး ဖြစ်ဦးမှာလဲ... ဓားဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းချုပ်တွေရဲ့ ဓားသိုင်းလား... အဲဒီဓားဂိုဏ်းဆိုတာတွေက ရှေ့လူတွေရဲ့ ခြေရာအတိုင်းပဲ လိုက်နင်းပြီး လမ်းဟောင်းထဲမှာ ပိတ်မိနေရင်းနဲ့ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းလှပြီ ထင်နေကြတာ... အများကြီး နောက်မှာ ပြတ်ကျန်နေခဲ့တာကို မသိကြဘူး...”

ချင်မူ အကြောင်သား ငေးစိုက်ကြည့်နေမိ၏။ ကူလင်းဟန်၏ စကားများက လွန်စွာ ကျိုးကြောင်းဆီလျော်လှပြီး သူ့အနေဖြင့် ငြင်းဆိုရန် စကား ရှာမရပေ။

လီမြစ်ဂိုဏ်းနှင့် အဖြစ်အပျက်ကြောင့် ဧကရာဇ်အတိုင်ပင်ခံဆိုသူကို သူ အကောင်းမမြင်သော်လည်း ထိုသူ၏ စိတ်သဘောထားကြီးနိုင်မှုကိုတော့ အထင်ကြီးမိသည်။

ဂိုဏ်းဂဏကွဲပြားမှုကို လျစ်လျူရှု၍ တစ်လောကလုံးရှိ ထိပ်သီးဓားပညာရှင်များကို စုစည်းပြီး ဓားသိုင်းအသစ် တီထွင်စေခဲ့သော စိတ်သဘောထား ကြီးမြင့်မှုမျိုး...။ ထိုသို့သော သူမျိုးကို အထင်မကြီးမိဘဲ နေရန် ခက်လှ၏။

“မသင်ဘူး...” ချင်မူ ခေါင်းခါယမ်းလိုက်သည်။

ကူလင်းနွမ်မှာ သူ့ဖာသာ ရေခဲတုံးထဲမှ ခွဲထွက်၍ ချင်မူ၏ ဖင်ကို အညှာတာကင်းမဲ့စွာ ပြေးကန်ပစ်ချင်စိတ်များ ပေါက်လာ၏။ သူ ဤမျှ ပြောခဲ့သည့်တိုင် မသင်ယူလိုဟု ပြောနေခြင်းက ထိုသို့ ပြေးကန်သင့်ပြီ ဖြစ်သည်။

အတန်ကြာပြီးနောက် ကူလင်းနွမ် လှစ်ခနဲ ပြုံးလိုက်၏။ “ကောင်းပြီ... မင်းကို ငါ ဓားသိုင်း မသင်ပေးတော့ဘူး... ဓားပျံထိန်းချုပ်နည်းပဲ သင်ပေးတော့မယ်... ဓားပျံထိန်းချုပ်နည်းက ဓားသိုင်းမဟုတ်တော့ တခြားလူ ဓားသိုင်းသင်ပေးတာကို အနှောင့်အယှက်ဖြစ်မှာ မဟုတ်ပါဘူး...”

ချင်မူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ခေါင်းမညိတ်ချင် ညိတ်ချင်နှင့် ညိတ်လိုက်သည်။

“မင်းက ခေါင်းပိတ်မာနေတဲ့ မြည်းတစ်ကောင် မဟုတ်လို့ တော်သေးတာပေါ့... အနည်းဆုံးတော့ ကိုယ့်အတွက် ကောင်းစေချင်လို့ ပြောနေတာကို သိသေးတာပဲ... ဒီဓားပျံထိန်းချုပ်နည်းကို အမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက်လို့ ခေါ်တယ်... ဒီကျင့်စဉ်က ဓားတစ်ချောင်းကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာပဲ သင်ပေးမှာ... ဓားသိုင်းသင်ပေးတာ မဟုတ်ဘူး...”

ကူလင်းနွမ်၏ စိတ်ဝိညာဉ်က တုန်ခါလာပြီး ပြောလိုက်၏။ “အမြုတေနှလုံးသားဆိုတာ ဘာလဲ... အမြုတေဆိုတာ သန့်စင်တဲ့ ပြစ်ချက်ကင်းကျောက်စိမ်း၊ အသွင်ကိုးပါး စွမ်းအင်ဆေးလုံး၊ အညစ်အကြေးအစွန်းအထင်း တစ်စက်မှ မရှိတဲ့ ခြောက်ပြစ်ကင်းနှလုံးသား... ဒီဓားပျံထိန်းချုပ်နည်းက အပြစ်ကင်းစင် သန့်ရှင်းတဲ့ နှလုံးသားနဲ့ ဓားပျံကို ထိန်းချုပ်တာပဲ... နှလုံးသားရဲ့ စေစားရာနောက်ကို ဓားက လိုက်ရမယ်... မလိုက်နိုင်ရင် တစ်ပန်းရှုံးတာပဲ... ဒီလောကကြီးမှာရှိတဲ့ ဓားပျံထိန်းချုပ်နည်းတွေရဲ့ နုံနဲ့မှုက လမ်းရိုးကို အသေဖက်တွယ်ထားတာကနေ မြစ်ဖျားခံလာတာ... အမြုတေနှလုံးသားကို ကျင့်ကြံဖို့ ပထမအဆင့်က... နှလုံးသားကို မီးလျှံ၊ တန်းထျန်မှာ မီးဖို... နှလုံးသားမီးလျှံကို အသုံးပြုပြီး အစစ်အမှန် စွမ်းအင်ကို ကျင့်ကြံရမယ်... မီးဖိုကို မြေကြီး၊ မီးလျှံကို မျိုးစေ့... နေနတ်ဘုရားကို နေဆယ်စင်း လွှင့်ထုတ်စေပြီး တရှိန်ရှိန်တောက်နေတဲ့ နေမင်းရောင်ခြည်ရဲ့ ကောင်းကင်မီးလျှံတွေနဲ့ လင်းမြလောင်ကျွမ်းစေရမယ်...” (တန်းထျန် - ချက်အောက်ဘက်ရှိ စွမ်းအင်ဗဟိုချက်နေရာ)

ချင်မူက သူ့စိတ်အာရုံကို တစ်မဟုတ်ချင်း စုစည်း၍ စွဲနေအောင် မှတ်သားလိုက်သည်။ အမြုတေနှလုံးသား၏ လျှို့ဝှက်ချက် ဓားပျံထိန်းချုပ်နည်းက လျှို့ဝှက်နက်နဲ၍ သမာသမတ်ကျလှ၏။ ကျင့်စဉ်အလင်္ကာကို ရထားလျှင်ပင် ၎င်း၏ အနက်အဓိပ္ပာယ်ကို ရှင်းပြမည့်သူ မရှိပါက မည်သို့ ကျင့်ကြံရမည်မှန်း သိလိမ့်မည် မဟုတ်ချေ။

ကူလင်းနွမ်က အမြုတေနှလုံးသား၏ လျှို့ဝှက်ချက် အလင်္ကာကို နောက်တစ်ခေါက် ထပ်ရွတ်ပြပြီး စကားလုံးတစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို ရှင်းပြလိုက်သည်။ ချင်မူမှာ သူရှင်းပြသည်များကို နားထောင်ပြီး ရင်ထဲတွင် မျောက်တစ်ကောင် ခုန်ပေါက်ဆော့ကစားနေသကဲ့သို့ တဒိုင်းဒိုင်း ခုန်လာ၏။

အတန်ကြာပြီးနောက် ကူလင်းနွမ်က အမြုတေနှလုံးသား၏ လျှို့ဝှက်ချက်ကျင့်စဉ်ကို နောက်တစ်ခေါက် ထပ်ရှင်းပြပြီးသွားသည်။ “ဓားပျံမထိန်းချုပ်ခင် အရင်သွားကျင့်ချေ... မင့်ရဲ့ ချီစွမ်းအင်နဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ထိန်းချုပ်ပြီး အမေနဂါးဝိညာဉ်ကို သတ်နိုင်ဖို့ နှေးရင်ဆယ်ရက်၊ မြန်ရင်နှစ်ရက် ကြာလိမ့်မယ်... တစ်လောကလုံးမှာ အကောင်းဆုံး ဓားပျံထိန်းချုပ်နည်းကို သင်ခွင့်ရခဲ့တာ... မင့်ရင်ဘတ်ထဲက မြေခွေးလေးလည်း မင်းကြောင့် အကျိုး ဖြစ်ထွန်းသွားတာပေါ့...”

All Chapters