← Chapters

မြေခွေးမိစ္ဆာလေး

Vol. 4 Ch. 50

မြေခွေးမိစ္ဆာလေး

Vol. 4 Ch. 50

ချင်မူမှာ ကျေးဇူးတင်စိတ်များ ပြည့်လာပြီး လက်သီးဆုပ်၍ ဦးညွှတ်အရိုအသေပြုလိုက်၏။ “ကျွန်တော့်ကို သင်ကြားပြသပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်... ဒီကျေးဇူးကို ကျွန်တော့်ရင်ထဲမှာ စွဲနေအောင် မှတ်ထားပါ့မယ်...”

ကူလင်းနွမ်က ပြုံးလိုက်သည်။ “ကျေးဇူးတင်ရင် မြန်မြန်လေ့ကျင့်ပြီး အမေနဂါးရဲ့ ဝိညာဉ်ကို သွားသတ်ချေ... မေးစရာရှိရင်လည်း အားမနာနဲ့... မေးသာမေး...”

ချင်မူက အမြုတေနှလုံးသား၏ လျှို့ဝှက်ချက်ကျင့်စဉ်ကို တစ်မုဟုတ်ချင်း လေ့ကျင့်လိုက်၏။ အမြုတေနှလုံးသား၏ လျှို့ဝှက်ချက်ကျင့်စဉ်က တန်းထျန်ကို ကွင်းပြင်ကြီးတစ်ခုအဖြစ် ရှုမြင်ရန် လိုအပ်သည်။ ထို့နောက် တန်းထျန်ကို ထွန်ယက်၍ မီးလျှံမျိုးစေ့ကို စိုက်ပျိုးရ၏။ တန်းထျန်၏ အထက်ကောင်းကင်၌ နေဆယ်စင်း ထွန်းလင်းလာသောအခါ မီးလျှံမျိုးစေ့များကို အားဖြည့်ပေး၍ တန်းထျန်ကို ကောင်းကင်မီးလျှံများ တရှိန်ရှိန်တောက်လောင်နေသည့် မီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။

အသေးစားအောင်မြင်မှု ရလျှင် အမြုတေနှလုံးသား၏ အခြေခံကို ကျွမ်းကျင်သွားပြီဟူ၍ သတ်မှတ်နိုင်၏။

အမြုတေနှလုံးသားတွင် အသေးစားအောင်မြင်မှု ရလျှင် ဓားပျံထိန်းချုပ်သောအခါ ဓားက အတွေးနောက်လိုက်၍ နှလုံးသားနှင့်ဓား တစ်သားတည်း ဖြစ်သွားပေလိမ့်မည်။

အပြောလွယ်သလောက် အလုပ်ခက်၏။ မီးလျှံမျိုးစေ့ကို ကောင်းကင်မီးလျှံဖြစ်အောင် ပြုစုပျိုးထောင်ရန်မှာ မလွယ်ချေ။ အမြုတေနှလုံးသားကို အောင်မြင်အောင် လေ့ကျင့်ရန်က ပိုခက်၏။ သို့အတွက်ကြောင့် အမြုတေနှလုံးသားကို အသွင်ပြောင်းလဲမှု ကိုးမျိုးအဖြစ် ခွဲခြားထားသည်။ ချင်မူ့အနေဖြင့် ပထမအဆင့် အသွင်ပြောင်းလဲခြင်းကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့လျှင် သူ၏ ချီစွမ်းဖြင့် ဓားပျံထိန်းချုပ်သည့် စွမ်းရည် ယခင်ကထက် ပိုမို တိုးတက်လာပြီး မိခင်နဂါး၏ ဝိညာဉ်ကို အမီလိုက်သတ်နိုင်မည်မှာ မြေကြီးလက်ခတ် မလွဲချေ။

“ဟင်... မင်းရဲ့ အခြေခံက အတော်လေး ခိုင်မာတာပဲ...”

ကူလင်းနွမ်မှာ အံ့အားသင့်သွား၏။ အချိန်တိုအတွင်း၌ ချင်မူက သူ၏ တန်းထျန်ကို ထွန်ယက်၍ မီးလျှံမျိုးစေ့များ စိုက်ပျိုးပြီးသွားချေပြီ။ နေဆယ်စင်းလည်း တစ်ပြိုင်နက်ထွက်၍ မီးလျှံမျိုးစေ့များကို စတင် အားဖြည့်ပေးနေ၏။

ဤသည်ကို ကြည့်လျှင် ချင်မူ၏ ကျင့်စဉ်စွမ်းအင်မှာ အတော်လေး သိပ်သည်းကြောင်း သိနိုင်သည်။ သူ့နေရာတွင် အခြား သာမန်သိုင်းသမားများဆိုလျှင် နေဆယ်စင်း တစ်ပြိုင်နက် ထွန်းလင်းစေရန် မဆိုထားနှင့် မီးလျှံမျိုးစေ့များ စိုက်ပျိုးရန်ပင် အခက်တွေ့ရမည် ဖြစ်၏။ စွမ်းအင်ဆေးလုံးများ၊ အစွမ်းထက်ဆေးဝါးများ အဆက်မပြတ် မှီဝဲပြီးမှသာ မီးလျှံမျိုးစေ့ စိုက်ပျိုးရန် ချီစွမ်းအင်အလုံအလောက် ရရှိနိုင်ပေလိမ့်မည်။

ချင်မူက စွမ်းအင်ဆေးလုံးများ၊ အစွမ်းထက်ဆေးဝါးများ မှီဝဲစရာ မလိုဘဲ တစ်ခါတည်းနှင့် သူ၏ တန်းထျန်တစ်ခုလုံး မီးလျှံမျိုးစေ့များ ပြည့်နေအောင် စိုက်ပျိုးနိုင်စွမ်း ရှိ၏။ ထို့ပြင် တန်းထျန်ပေါ်သို့ နေဆယ်စင်းအဖြစ် ပြောင်းလဲ ထွန်းလင်းနေစေရန်အတွက်လည်း ချီစွမ်းအင်များစွာ ကျန်ရှိနေသေးသည်။ ဝိညာဉ်သန္ဓေသားအဆင့်တွင် ဤသို့သော ကျင့်စဉ်စွမ်းအင်မျိုးရှိသူမှာ လွန်စွာ ရှားပါးလှ၏။

“ဒီလို ကြောက်စရာကောင်းတဲ့ ကျင့်ကြံနှုန်းနဲ့ဆိုရင် ဒီကောင်လေး နှစ်ရက်တောင် ကြာမှာမဟုတ်ဘူး... တစ်ရက်တည်းနဲ့ အမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက်ကျင့်စဉ်ရဲ့ ပထမအဆင့်ကို အောင်မြင်မှာပဲ...  အဲဒါဆို နဂါးဝိညာဉ်ကို မြန်မြန်သတ်ပြီး ငါ့ကို မြန်မြန်လွှတ်ပေးနိုင်လိမ့်မယ်...”

ကူလင်းနွမ်၏ အကြည့်များ လှုပ်ခတ်သွားသည်။ “ဒီလို ထူးချွန်တဲ့ ပါရမီရှင်မျိုးကို ငါ သတ်မပစ်ချင်ဘူး...”

သူ သက်ပြင်းတစ်ချက် ကျိတ်ချလိုက်၏။ “ဒါပေမဲ့ မဟာမြို့ပျက်က နတ်ဘုရားတွေ စွန့်ပစ်ထားတဲ့ မြေပဲ... လူတွေ အသာထား၊ ဒီနေရာက ပိုးကောင်မွှားကောင်တွေတောင် အပြစ်ရှိတယ်... သူတို့အကုန်လုံးက သေသင့်တဲ့ သူတွေ... ပြီးတော့ ငါလည်း ဗိုက်ဆာနေပြီ... ပြီးခဲ့တဲ့ အနှစ်ငါးဆယ်လုံး ဘာမှ မစားခဲ့ရဘူး...”

ချင်မူ ပထမအဆင့် အောင်မြင်သွားသည့် အချိန်က ကူလင်းနွမ် မျှော်မှန်းထားသည်ထက် ပိုမြန်၏။ အချိန်က သန်းခေါင်ယံ ကျော်လွန်သွားပြီ ဖြစ်ကာ အပြင်ဘက်ကောင်းကင်က တဖြည်းဖြည်း ရောင်နီသန်းလာပြီး မာန်ဟုန်မြစ်ရေကို ထွင်းဖောက်၍ ရေအောက်နဂါးနန်းတော်ထဲသို့ နေရောင်ခြည်များ ဖြာဆင်းလာသည်။

ချင်မူ ထရပ်လိုက်၏။ အတွေးတစ်ချက်နှင့်အတူ သူ၏ ချီစွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ရစ်ခွေဆွဲယူလိုက်သည်။ အိမ်ရှေ့စံကိုယ်ရံတော်ဓားက ပိန်းပိတ်အောင် မှောင်ကျနေသော အခိုးအငွေ့များကို ထွင်းဖောက်၍ ဟိုမှသည်သို့ လျှပ်ပြက်သလို လှုပ်ရှားပျံသန်းနေ၏။

ရွှပ်... ရွှပ်... ရွှပ်...။

အိမ်ရှေ့စံကိုယ်ရံတော်ဓား၏ လေဟုန်ခွင်းသံများ တရွှပ်ရွှပ် ထွက်ပေါ်နေပြီး ချင်မူက ချီစွမ်းအင်ဖြင့် ဓားကို ထိန်းချုပ်၍ အချက်ပေါင်းရာချီအောင် ဆက်တိုက်ထိုးချလိုက်ဖြင့် မျက်စိကျိန်းလောက်အောင် ဓားရောင်များ တဖျတ်ဖျတ် လက်သွားသည်။

သူက ဓားကွက်များ မသိသော်လည်း သူ၏ ခပ်ရိုးရိုး ထိုးဓားတစ်ချက်က ဓားဂိုဏ်းဟု နာမည်ကျော်ကြားသော လီမြစ်ဂိုဏ်းမှ ချမ်ချိုးထက် များစွာ ပိုကြောက်ဖို့ကောင်းနေ၏။

အမြုတေနှလုံးသား၏ လျှို့ဝှက်ချက်ကျင့်စဉ်က အမှန်တကယ်ပင် ထူးကဲလှသည်။

ချင်မူက ကူလင်းနွမ်ကို နောက်တစ်ကြိမ် ဦးညွှတ်၍ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြသလိုက်၏။ “သင်ကြားပြသပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်... ကျွန်တော် အသက်ရှင်နေသမျှ ကာလပတ်လုံး အကြီးအကဲကို အမှတ်ရနေပါ့မယ်...”

ကူလင်းနွမ်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။ “မင်းက အမြုတေနှလုံးသားရဲ့ ပထမအဆင့်ကို အချိန်တိုအတွင်း သဘောပေါက်နားလည်ပြီး ကျင့်ကြံအောင်မြင်နိုင်တာ အတော်လေး ပါရမီအရည်အချင်းကောင်းလို့ပဲ... မင့်ဘေးက မြေခွေးလေးကတော့ မင်းလောက် မမြန်ဘူး... မြန်မြန်လုပ်... ဓားပျံကို ထိန်းချုပ်ပြီး အမေနဂါးကို သတ်လိုက်တော့...”

ကူလင်းနွမ်မှာ အတိုင်းထက်အလွန် ပီတိဖြစ်နေမိ၏။ လက်တစ်ကမ်း၌ လွတ်မြောက်မှုကို မြင်နေရသည့်အတွက် သူကဲ့သို့ အဆင့်မြင့်ပညာရှင်တစ်ယောက်ပင် စိတ်တည်ငြိမ်အောင် မထားနိုင် ဖြစ်သွားသည်။

“ဒီကောင်လေးက ဒီလောက် ပါရမီကောင်းတာ... ပြီးတော့ ငါ့ကိုလည်း ကယ်ခဲ့သေးတယ်... သူ့ကို သတ်ရမှာ နှမြောစရာပဲ...”

ထိုအခိုက်၌ ချင်မူက အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ယူ၍ လှည့်ထွက်ပြီး သိပ်သည်းထူထပ်သည့် အခိုးအငွေ့များကြားထဲ တိုးဝင်ပျောက်ကွယ်သွား၏။

ကူလင်းနွမ်မှာ ကြောင်အမ်းအမ်း ငေးစိုက်ကြည့်နေမိပြီး အဖြစ်အပျက်များကို လိုက်မမီနိုင် ဖြစ်သွားသည်။ ချင်မူက အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ယူ၍ ဟူလင်းအာကို ခေါ်ကာ နဂါးနန်းတော်ထဲမှ အတုံ့အဆိုင်းမရှိ ထွက်ခွာသွား၏။

“မင်း... ပြန်လာခဲ့စမ်း...”

ကူလင်းနွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “မင်းက ကတိဖျက်တာပေါ့ ဟုတ်လား... ခွေးကောင်လေး... မင်းကို ငါ့ပညာတွေ သင်ပေးခဲ့တဲ့အပြင် ငါ့ဓားကိုပါ ပေးခဲ့တယ်လေ... မင်းက ဘာလို့ အဲဒီနဂါးကို မသတ်ပေးရတာလဲ...”

နန်းတော်၏ အပြင်ဘက်မှ ချင်မူ၏ အသံက တဖြည်းဖြည်း ဝေး၍ ဝေး၍ သွား၏။ “အကြီးအကဲ... အမေနဂါးက နဂါးပုတီးကို သုံးပြီး ဒီနန်းတော်ထဲ ဝင်လာတဲ့သူတွေကို သတ်တာ အမှန်ပါပဲ... ဒါပေမဲ့ နဂါးပုတီးက သူတို့ကို ခန်းခြောက်သွားတဲ့ အလောင်းကောင်တွေအဖြစ်ပဲ ပြောင်းပစ်တာပါ... ဒီနဂါးနန်းတော်ထဲမှာ နဂါးပုတီးရဲ့ လက်ချက်ကြောင့် မဟုတ်ဘဲ သေဆုံးခဲ့ရတဲ့ အလောင်းတွေ အများကြီးပဲ... သူတို့ကတော့ အရည်ခန်းခြောက်သွားတဲ့ အလောင်းကောင်တွေ ဖြစ်မသွားဘဲ အရိုးခြောက်တွေ ဖြစ်သွားကြတယ်...”

ကူလင်းနွမ်မှာ အံ့ဩတုန်လှုပ်သွားသည်။ “မင်း ဘယ်တုန်းကတည်းက သိတာလဲ...”

“ဒီနဂါးနန်းတော်ထဲ စဝင်လာကတည်းကပါပဲ...”

ကူလင်းနွမ် အံကို တင်းတင်းကြိတ်၍ အေးစက်စက် ပြောလိုက်၏။ “မင်းက တကယ်ပဲ ဆယ့်နှစ်နှစ် ဟုတ်ရဲ့လား... အသက်ဆယ့်နှစ်နှစ်သားလေးက ဒီဟာတွေ အကုန်လုံးကို သတိပြုမိနိုင်တယ်တဲ့လား... ပြီးတော့ မျက်တောင်တစ်ချက် မခတ်ဘဲ ငါ့အကွက်ထဲ လိုက်နင်းပြီး ငါ့ဆီက အမြတ်ထုတ်သွားသေးတယ်...”

“ကျွန်တော်က လာမဲ့ဆောင်းဦးပေါက်မှ ဆယ့်နှစ်နှစ် ပြည့်မှာပါ... အခု ဆယ့်တစ်နှစ်ပဲ ရှိပါသေးတယ်...” ချင်မူ၏ အသံက တိုးသည်ထက် တိုးလျလာပြီး စုပ်စမြုပ်စ ပျောက်ကွယ်သွားသည်။

နဂါးနန်းတော်ထဲမှ အယုတ္တအနတ္တ အော်ဟစ်ဆဲဆိုသံများ ပေါ်ထွက်လာပြီး ချင်မူနှင့် ဟူလင်းအာ၏ နားထဲအထိ ရောက်လာ၏။

ဟူလင်းအာက ချင်မူ၏ ရင်ဘတ်ထဲမှ ခေါင်းပြူထွက်လာပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။ “သခင်လေးမူ... သခင်လေးက သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲ...”

ချင်မူက ရှင်းပြလိုက်၏။ “ငါတို့ စရောက်တုန်းက ဘုန်းကြီးတောင်ဝှေးကို သုံးပြီး အခိုးအငွေ့တွေကို မောင်းထုတ်ပစ်တော့ လေထဲက ပြုတ်ကျလာတဲ့ အလောင်းကောင်တွေအပြင် အရိုးစုတွေ အများကြီး ရှိနေတာကို သတိထားမိခဲ့တယ် မဟုတ်လား...”

ဟူလင်းအာက သူ၏ ခေါင်းကို ညိတ်လိုက်သည်။ အလောင်းကောင်များ လေထဲမှ ပြုတ်ကျလာစဉ်က ကြမ်းပြင်ပေါ်၌ နန်းတွင်းအရာရှိဝတ်စုံ ဝတ်ဆင်ထားသော အရိုးစုများ ရှိနေသည်ကို သူ သတိပြုမိခဲ့၏။

“အဲဒီ အရိုးစုတွေရဲ့ အဝတ်အစားက နန်းတွင်းအရာရှိဝတ်စုံတွေပဲ...”

ချင်မူက ဆက်ပြောလိုက်သည်။ “ကူလင်းနွမ်ပြောပုံအရ သူက လက်အောက်ငယ်သားတွေ အများကြီးနဲ့ မဟာမြို့ပျက်ကို လာရင်း ဒီရေအောက်နဂါးနန်းတော်ကို တွေ့ခဲ့တာတဲ့... သူ့လက်အောက်ငယ်သားတွေက နဂါးပုတီးရဲ့ လက်ချက်နဲ့ သေသွားခဲ့ကြရတယ်လို့လည်း ပြောတယ်... အဲဒီလိုသာဆိုရင် သူ့လက်အောက်ငယ်သားတွေက အရိုးစုမဖြစ်ဘဲ အဆီအနှစ် အသွေးအသား အစုပ်ယူခံရပြီး ခြောက်ခန်းနေတဲ့ အလောင်းကောင်တွေ ဖြစ်သွားမှာပေါ့... နဂါးပုတီးကြောင့် သေရတာ မဟုတ်ရင်... ဘာကြောင့် သေခဲ့ရတာ ဖြစ်မလဲ...”

ဟူလင်းအာ ရုတ်တရက် သဘောပေါက်နားလည်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်၏။ “ကူလင်းနွမ်ရဲ့ လက်ထဲမှာ အတော်ထူးဆန်းတဲ့ အနက်ရောင်အလံတစ်ခု ကိုင်ထားတယ်... သူ ပိတ်မိသွားတဲ့ အချိန်မှာ အဲဒီအနက်ရောင်အလံကို သုံးပြီး သူ့လက်အောက်ငယ်သားတွေကို သတ်ခဲ့တာ ဖြစ်မယ်...”

“သူက နဂါးပုတီးကြောင့် ရေခဲထဲမှာ ပိတ်မိပြီး လွတ်အောင် ရုန်းမထွက်နိုင်တော့တဲ့အခါ ဒီနေရာမှာ အကြာကြီး ပိတ်မိတော့မယ်ဆိုတာကို သိလိမ့်မယ်... နန်းတွင်းဆိုတာက တစ်ချိန်လုံး ပဋိပက္ခတွေ ဖြစ်နေတဲ့နေရာ... သူခေါ်လာတဲ့လူတွေက သူ့လက်အောက်ငယ်သားတွေ ဆိုပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အမှုထမ်းတွေပဲ... သူနဲ့ ဆရာတပည့်ဆက်ဆံရေး ရှိတာမှ မဟုတ်တာ... ဒီလူတွေက သူ့ကို ကယ်ဖို့အတွက် နန်းတွင်းမိသားစုကိုတောင် အကြောင်းကြားချင်မှ အကြောင်းကြားလိမ့်မယ်... ဘာပဲပြောပြော အိမ်ရှေ့မင်းသားရဲ့ ကိုယ်ရံတော်နေရာ လွတ်သွားတာက အားလုံးအတွက် အကျိုးရှိတယ် မဟုတ်လား...”

ချင်မူက ခေါင်းညိတ်လိုက်သည်။ “နန်းတွင်းမိသားစုက သူ့ကို မကယ်နိုင်မှတော့ သူ့အတွက် ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်... ဒီအတိုင်း အသေခံရင်ခံ၊ မဟုတ်ရင် ဒီနေရာမှာ အကြာကြီး ပိတ်မိပြီး ငတ်မသေရအောင် သူ့လက်အောက်ငယ်သားတွေရဲ့ အဆီအနှစ် အသွေးအသားတွေကို စုပ်ယူထားဖို့ပဲ... ဒါပေမဲ့ သူ့နည်းလမ်းက နဂါးပုတီးနဲ့ မတူဘူး... ပိုထူးခြားပြီးတော့ အသားတွေပါ စုပ်ယူလို့ အရိုးစုတွေ ဖြစ်ကုန်တာပဲ... ငါတို့ ဒီနဂါးနန်းတော်ထဲ စဝင်တော့ ငါ့ရဲ့ ဘုန်းကြီးတောင်ဝှေးက ဆက်တိုက်အသံမြည်နေတာ မှတ်မိလား...”

ဟူလင်းအာ မှတ်မိလိုက်၏။ ထိုအချိန်က သူ ချင်မူ၏ ဘောင်းဘီစကို တွယ်ကပ်၍ တဆတ်ဆတ် တုန်နေခဲ့သည်။ ချင်မူက သူ့အမြီးကို ဖယ်ရန်ပင် ပြောခဲ့သေး၏။

“အလောင်းကောင်တွေရဲ့ မကောင်းတဲ့ အကြံအစည်ကြောင့် ခက္ခရာတောင်ဝှေးက မရပ်မနား လှုပ်ခါနေတာလို့ ငါ အစက ထင်မိသေးတယ်... ဒါပေမဲ့ အလောင်းကောင်တွေက အသိစိတ်မှ မရှိတော့တာ... အဲဒါကြောင့် အမေနဂါးရဲ့ ဝိညာဉ်က လာတဲ့ အတွေးတွေလို့ ထင်ခဲ့တယ်... ထူးဆန်းတာက ငါ ကူလင်းနွမ်ဘေးနား ရောက်သွားတော့ ဘုန်းကြီးတောင်ဝှေးက အသံမြည်တာ ရပ်သွားတယ်... အဲတော့မှ မကောင်းတဲ့ အကြံအစည်တွေက အမေနဂါးရဲ့ ဝိညာဉ်ဆီက လာတာ မဟုတ်ဘဲ ကူလင်းနွမ်ဆီက လာတာဆိုတာ သေချာသွားတယ်...”

ချင်မူက ဆက်ပြောလိုက်သည်။ “ဘုန်းကြီးတောင်ဝှေး အသံဆက်မမြည်တော့တာက ကူလင်းနွမ်မှာ မကောင်းတဲ့ အကြံ ထပ်မရှိတော့လို့ပဲ... ငါတို့မှာ ခက္ခရာတောင်ဝှေး ရှိနေတော့ သူ ငါတို့ကို စားလို့ မရမှန်း သိသွားပြီး သူ့ကို လွတ်အောင် လုပ်ခိုင်းဖို့ပဲ ရှိတော့တာပေါ့...”

ဟူလင်းအာမှာ အကြီးအကျယ် အံ့အားသင့်သွား၏။ အတန်ကြာပြီးမှ အထစ်ထစ်အငေါ့ငေါ့နှင့် အသံထွက်လာသည်။ “သ.. သခင်လေး... သ.. ခင်လေးက ဆယ့်နှစ်နှစ်ပဲ ရှိသေးတာ တကယ်လား...”

“ဒီဆောင်းဦးပေါက်မှ ဆယ့်နှစ်နှစ်ပြည့်မှာပါ...” ချင်မူက ဖြူစင်ရိုးသားသည့် အပြုံးတစ်ခုကို ပြုံးပြလိုက်၏။

“သခင်လေးကလည်း မြေခွေးမိစ္ဆာပဲ ဖြစ်ရမယ်... ဟုတ်တယ်မလား...”

ဟူလင်းအာက ဝမ်းသာအားရ ဖြစ်သွားသည်။ “သခင်လေးက အသိဉာဏ်ရလာတဲ့ မြေခွေးထီးတစ်ကောင် မဟုတ်လား... အဲလိုအကောင်မျိုးတွေက သိပ်ကို ဉာဏ်ကောင်းကြတာ...”

ချင်မူက ညည်းတွား ပြောဆိုလိုက်၏။ “ငါ ကလေးဘဝမှာ ဘယ်လိုနေခဲ့ရတယ်ဆိုတာ နင် မသိပါဘူး... ငယ်ငယ်ကတည်းက အဘိုးကြီးအဘွားကြီးတွေ တစ်အုပ်ကြီး ချောက်ချခံခဲ့ရတာ... အခု အမဲလိုက် ထွက်မလာခင်တောင် ဘွားဘွားက ငါ့ကို ချောက်ချပြီး ဝပ်ကျင်းထဲက ကြက်ဥ နှိုက်ခိုင်းခဲ့သေးတယ်... အဲဒီ ဝပ်ကျင်းထဲမှာ ငါ ဘယ်လိုမှ မနိုင်နိုင်တဲ့ ကြက်နဂါးတစ်ကောင် ရှိတာလေ... အဲကြက်နဂါးရဲ့ လိုက်ဆိတ်ခံရပြီး ငါ ပတ်ပြေးနေတော့မှ ဘွားဘွားက ဝပ်ကျင်းထဲ ခိုးဝင်ပြီး ကြက်ဥ နှိုက်ယူတာ...”

တစ်ခဏမျှ ကြာပြီးနောက် သူတို့ ရေကန်ထဲမှ ဘေးရန်ကင်းစွာ ဖြတ်သန်း၍ နဂါးမင်းကျောင်းတော်မှ ထွက်လာခဲ့ကြသည်။

ဟူလင်းအာက မှော်ဂါထာဖြင့် မှော်မိစ္ဆာလေကို ဖန်တီး၍ ချင်မူက လေလှိုင်းပေါ်တွင် ခရီးနှင်ကာ ရေတံခွန်ရှေ့မှ ကောက်ရိုးတဲလေးထံသို့ ပြန်ရောက်လာခဲ့ကြ၏။ ချင်မူက ရွာပြန်ရန် လောနေသဖြင့် ဟူလင်းအာကို နှုတ်ဆက်လိုက်သည်။ ဟူလင်းအာက ပြုံး၍ ပြောလိုက်၏။ “သခင်လေးက ဒီလောက် ညစ်ပတ်နံစော်နေတာ ဘာလို့ ပြန်ဖို့ လောနေတာလဲ... ရေတံခွန်ဘေးမှာ ရေကန်လေး ရှိတယ်... သခင်လေး ရေသွားချိုးလိုက်... ကျွန်မ သခင်လေးအဝတ်တွေ လျှော်ပြီး နေလှန်းထားမယ်... သန့်သန့်ပြန့်ပြန့်ဝတ်တာ ပိုမကောင်းဘူးလား... ပြီးတော့ စွမ်းအင်ကျင့်စဉ်နဲ့ ပတ်သက်ပြီး သခင်လေးကို မေးချင်တာလေးတွေ ရှိသေးတယ်...”

ချင်မူ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး ပြန်ပြောရန် ပြင်လိုက်စဉ် ကောက်ရိုးတဲလေးထဲမှ အဘွားစစ်၏ အေးစက်စက် ရယ်မောသံ ထွက်ပေါ်လာသည်။ “ရေချိုးမယ် ဟုတ်လား... စွမ်းအင်ကျင့်စဉ် ဟုတ်လား... ယင်ကို ခူးပြီး ယန်အားဖြည့်ဖို့၊ ယန်ကို ခူးပြီး ယင်အားဖြည့်ဖို့ မဟုတ်ဘူးလား...”

“ဘွားဘွား...”

ချင်မူ အံ့အားသင့်သွား၏။ “ဘွားဘွားက ဘာလို့ ဒီမှာ ရောက်နေတာလဲ...”

All Chapters