← Chapters

ဂိုဏ်းသခင်မ

Vol. 4 Ch. 51

ဂိုဏ်းသခင်မ

Vol. 4 Ch. 51

“ငါ ဘာလို့ ဒီမှာ ရောက်နေလဲ ဟုတ်လား...”

အဘွားစစ်က ဆို့နင့်နေသော ခံစားချက်များဖြင့် ကောက်ရိုးတဲထဲမှ ထွက်လာသည်။ “ငါကတော့ မင်းကို သွေးနဲ့ ချွေးနဲ့ ရင်းပြီး ပြုစုစောင့်ရှောက်ခဲ့ရတာ... မင်းကတော့ အဘွားလုပ်တဲ့သူကို တစ်ခွန်းမှတောင် မပြောဘဲ မြေခွေးမနဲ့ ထွက်ပြေးသွားတယ်... အဲဒါကို ငါ ဘာလို့ ဒီမှာ ရောက်နေလဲ မေးရဲသေးတယ် ဟုတ်လား... အခု မင်းက အရွယ်ရောက်ပြီဆိုတော့ ဘွားအေထက် မြေခွေးမကို ပိုလိုချင်လာပြီပေါ့... မြေခွေးမ၊ နင် ဘယ်လို သေချင်လဲ ပြောစမ်း...”

ချင်မူက ကမန်းကတန်း ပြုံးပြလိုက်၏။ “ဘွားဘွား အထင်လွဲနေပြီ... ကျွန်တော်နဲ့ ဟူလင်းအာက အမှတ်မထင် ဆုံမိတာပါ... အခုက သူပြောပြတဲ့ မာန်ဟုန်မြစ် နဂါးနန်းတော်ဆီ အတူသွားကြည့်ကြတာ... နဂါးနန်းတော်ထဲမှာ နဂါးအစစ်တစ်ကောင်ကို လေ့လာရင်း ပတ်ဝန်းကျင်ကို မေ့သွားလို့ အဲထဲမှာတင် နှစ်ရက်လောက် ထပ်နေမိသွားတာ...”

“နှစ်ရက်မဟုတ်ဘူး၊ လေးရက်... ဟမ်... နေပါဦး.. မင်းပြောတာ တကယ့် နဂါးအစစ်တစ်ကောင်ကို လေ့လာခဲ့တာ ဟုတ်လား...” အဘွားစစ်က သံသယမပြယ်သေးဘဲ မေးလိုက်သည်။ “ဒီမြေခွေးမလေးက မင်းရဲ့ ချီစွမ်းအင်ကို စုပ်ယူပြီး သူ့ကိုယ်သူ အားအင်ဖြည့်ဆည်းတာ မဟုတ်ဘူးလား...”

ဟူလင်းအာက ရှက်ရွံ့စွာ မျက်နှာလွှဲလိုက်ပြီး တဖြည်းဖြည်း ကြောက်ရွံ့လာသောကြောင့် ချင်မူ့နောက်၌ ဝင်ပုန်းလိုက်၏။

ချင်မူက ပြုံး၍ သူ၏ ချီစွမ်းအင်ကို လှည့်ပတ်ပြလိုက်သည်။ “ဒီမှာ ကြည့်လေ ဘွားဘွားရဲ့...”

ခပ်အုပ်အုပ် နဂါးတွန်သံတစ်သံနှင့်အတူ ချင်မူ၏ ချီစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး နဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲ၍ သူ့ခန္ဓာကိုယ်ကို ရစ်ခွေသွား၏။ ထိုနဂါး၏ လက်သည်းများက သူ၏ လက်နှစ်ဖက်နှင့် ပေါင်းစည်းသွားသည်။ ချင်မူ ရှေ့သို့ ခြေတစ်လှမ်းတက်၍ လက်သီးဖြင့် ထိုးချလိုက်သောအခါ မိုးခြိမ်းသံကဲ့သို့ ဂျိုးဂျိုးဂျိမ့်ဂျိမ့်အသံများ အုန်းခနဲ ထွက်ပေါ်လာ၏။

လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာခြင်းနှင့်အတူ မိုးခြိမ်းသံများက ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာသည်။

“နဂါးစိမ်းချီစွမ်းအင်ပါလား...”

အဘွားစစ်မှာ အံ့ဩမဆုံးနိုင် ဖြစ်သွား၏။ အဘိုးကြီးမာက ချင်မူ့ကို တထာဂတ၏ မဟာယာနသုတ္တန် သင်ပေးမထားကြောင်း သူ သိသည်မဟုတ်လား။ သိုင်းကွက်နှင့် လိုက်ဖက်သည့် စွမ်းအင်ကျင့်စဉ် မရှိလျှင် ချင်မူ၏ ချီစွမ်းအင် မည်မျှ သိပ်သည်းသည်ဖြစ်စေ မိုးကြိုးရှစ်ချက် လက်သီးသိုင်းတွင် ပေါက်မြောက်အောင်မြင်မှုများ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဝိညာဉ်သန္ဓေသားအဆင့်တွင် သင့်လျော်သော စွမ်းအင်ကျင့်စဉ် မရှိဘဲ ဤသို့ မိုးခြိမ်းသံ ထုတ်ဖော်နိုင်သည့် အဆင့်ထိ ရောက်လာနိုင်စရာ အကြောင်းမရှိချေ။

ထို့ပြင် အရေးအကြီးဆုံး အချက်မှာ ထိုအရာများ မဟုတ်။ ချင်မူ၏ ချီစွမ်းအင်က နဂါးစိမ်းချီ ဖြစ်နေခြင်းပင် ဖြစ်သည်။

သူ့ခန္ဓာကိုယ်ကို ရစ်ခွေထားသော နဂါးစိမ်းကြီးမှာ ဝိညာဉ်ခန္ဓာလေးခုအနက်မှ နဂါးစိမ်းဝိညာဉ်ခန္ဓာတွင်သာ တွေ့နိုင်သော နဂါးစိမ်းချီ ဖြစ်၏။

ဤသည်က လောကသခင်ခန္ဓာ ချီစွမ်းအင်၏ တတိယမြောက် ဓာတ်စွမ်းအင် ဖြစ်သည်။

မီးနှင့်ရေကို ကသိုဏ်းရှုပြီးနောက် ချင်မူ၏ လောကသခင်ခန္ဓာ ချီစွမ်းအင်တွင် မီးငှက်ချီနှင့် လိပ်နက်ချီကို ကိုယ်စားပြုသော မီးဓာတ်နှင့် ရေဓာတ်များ ရခဲ့၏။ ယခုတော့ နဂါးစိမ်းချီ၏ လျှပ်စီးဓာတ်ကိုပါ ရလာချေပြီ။

“ကြည့်ရတာ မြေခွေးမလေးက မူအာရဲ့ ယန်စွမ်းအင်ကို စုပ်ယူခဲ့တာ မဟုတ်ဘဲ မူအာက မြေခွေးမလေးရဲ့ ယင်စွမ်းအင်ကို ခူးယူစားသုံးပြီး သူ့ကျင့်စဉ်စွမ်းအင်ကို အဆင့်မြှင့်ခဲ့တာများလား... မဖြစ်နိုင်ဘူး... ငါ သူ့ကို ယင်ယန်စွမ်းအင် စုပ်ယူပြီး အားဖြည့်တဲ့ မိစ္ဆာကျင့်စဉ်မျိုး  သင်ပေးဖူးတာမှ မဟုတ်ပဲ... ဘာတွေ ဖြစ်ခဲ့တာလဲ... တကယ်ပဲ နဂါးအစစ်တစ်ကောင်ကို တွေ့ခဲ့တာလား...” အဘွားစစ်မှာ ဝေခွဲမရ ဖြစ်သွား၏။

ချင်မူက သူ၏ ချီစွမ်းအင်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် နဂါးစိမ်းမှာလည်း ပျောက်ကွယ်သွားသည်။ ထိုနဂါးက ခေါင်းအစအမြီးအဆုံး အသက်ဝင် ပီပြင်လှပြီး တကယ့် နတ်နဂါးတစ်ကောင်ဟုပင် ထင်ရ၏။

ချင်မူမှာလည်း သူ့လက်သီးချက်က မိုးခြိမ်းသံ ထွက်လာလိမ့်မည် မထင်မိ၍ အံ့ဩ ဝမ်းသာသွားသည်။

ကိုရင်လေးမင်ရှင်း မိုးကြိုးရှစ်ချက်လက်သီးသိုင်း ထုတ်ဖော်စဉ်က မိုးခြိမ်းသံ ထွက်လာသည်ကို သူ မနာလိုဖြစ်ခဲ့ရ၏။ သူသည်လည်း မိစ္ဆာနတ်ဘုရား၏ ကြီးမြတ်သောအားအင် မုဒြာကို အသုံးပြု၍ မိုးခြိမ်းသံ ပေါ်ထွက်လာအောင် လုပ်နိုင်သော်လည်း ထိုသိုင်းကွက်က စွမ်းအင်များစွာ ကုန်၏။

မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ စွမ်းအင်သုံးစွဲမှုက ပိုမိုနည်းပါးပြီး တိုက်ပွဲအတွင်းတွင် လေ့ကျင့်နိုင်သည့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်နှင့်ဆိုလျှင် သူ့ချီစွမ်းအင်က မကုန်သလောက် နီးပါးပင် ဖြစ်ချေလိမ့်မည်။

မိုးခြိမ်းသံ ပေါ်ထွက်အောင် ထိုးနိုင်သည်ကို ကြည့်လျှင် သူ့စွမ်းအားက ထပ်၍ တိုးမြင့်လာကြောင်း ထင်ရှား၏။

ထို့နောက် ချင်မူက နဂါးနန်းတော်ထဲတွင် ကြုံတွေ့ရသည်များကို ပြန်ပြောပြလိုက်၏။ အဘွားစစ်က စိတ်ဝင်တစား နားထောင်နေရင်းမှ နန်းတွင်းအဝတ်အစား ဝတ်ဆင်ထားသော အရိုးစုများနှင့် ခြောက်ခန်းနေသော အလောင်းကောင်များ တွေ့ခဲ့သည့် နေရာသို့ ရောက်သောအခါ သူ၏ အကြည့်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး ဖြတ်ပြောလိုက်သည်။ “သေပုံသေနည်းမတူတဲ့ အလောင်းကောင်နှစ်မျိုး ဖြစ်နေတာ ထူးဆန်းတယ်... မင်း သတိထားမှ ရမယ်...”

နဂါးပေါက်လေးအကြောင်းနှင့် နဂါးပုတီးကြောင့် ရေခဲတုံးထဲတွင် ပိတ်မိနေသည့် ကူလင်းနွမ်အကြောင်း ပြောသည့်အခါတွင်တော့ အဘွားစစ်က လက်ခုပ်တီး၍ ပြုံးလိုက်၏။ “အဲ့ဒီအဘိုးကြီး ကူလင်းနွမ်က မူမမှန်ဘူး... နန်းတွင်းဝတ်စုံ ဝတ်ထားတဲ့ အရိုးစုတွေက သူ့လက်ချက်နဲ့ သေသွားတာနေမယ်... နန်းတွင်းကလူတွေ အကုန်လုံးက လောဘကြီးပြီး ရက်စက်ကြတယ်... မင်း ဘယ်လိုလုပ်ပြီး သူ့ကို လှည့်စားခဲ့လဲ...”

ဟူလင်းအာမှာ အထင်ကြီးသွားသည်။ ဤအဘွားကြီးက ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မကြုံခဲ့ရသော်လည်း ချင်မူပြောသမျှ နားထောင်၍ ချင်မူ သုံးသပ်သကဲ့သို့ တစ်ထပ်တည်း ကောက်ချက်ချနိုင်၏။ သူသည်လည်း အသိဉာဏ်ရလာသည့် မှော်မိစ္ဆာမြေခွေးတစ်ကောင် ဖြစ်နေသည်လား။

ချင်မူက အမြုတေနှလုံးသား၏ လျှို့ဝှက်ချက်ကျင့်စဉ် သင်ယူခဲ့ပုံကို ပြောပြပြီး အိမ်ရှေ့စံကိုယ်ရံတော်ဓားကို ထုတ်ယူလိုက်၏။

အဘွားစစ်က ထိုဓားကို ယူ၍ စစ်ဆေးကြည့်ရှုပြီး ချီးကျူးစကား ဆိုလိုက်သည်။ “ဒီအိမ်ရှေ့စံကိုယ်ရံတော်ဓားက တကယ့်ကို ရှားပါးရတနာပဲ... ထာဝရငြိမ်းချမ်းရေးအင်ပါယာက အိမ်ရှေ့စံကိုယ်ရံတော်၊ ဧကရာဇ်ကိုယ်ရံတော်၊ အိမ်ရှေ့စံဆရာ၊ ဧကရာဇ်ဆရာ၊ အိမ်ရှေ့စံအတိုင်ပင်ခံ၊ ဧကရာဇ်အတိုင်ပင်ခံ၊ ဝန်ကြီးသုံးပါး၊ မြင်းဖြူစစ်သူကြီး၊ အိမ်ရှေ့စံမင်းသား၊ နယ်စားမင်းသား၊ နယ်စား၊ စစ်သေနာပတိချုပ်၊ စစ်ခုန်၊ သေနင်္ဂဗျူဟာစစ်သူကြီးတွေအတွက် အိမ်ရှေ့စံကိုယ်ရံတော်ဓား၊ ဧကရာဇ်ကိုယ်ရံတော်ဓား၊ အိမ်ရှေ့စံဆရာဓား၊ ဧကရာဇ်ဆရာဓား၊ အိမ်ရှေ့စံအတိုင်ပင်ခံဓား၊ ဧကရာဇ်အတိုင်ပင်ခံဓား၊ ဝန်ကြီးဓားသုံးလက်၊ မြင်းဖြူဓား၊ အိမ်ရှေ့စံဓား၊ နယ်စားမင်းသားဓား၊ နယ်စားဓား၊ စစ်သေနာပတိချုပ်ဓား၊ စစ်ခုန်ဓား၊ သေနင်္ဂဗျူဟာဓားဆိုပြီး ပထမအဆင့်နန်းစဉ်ဓား ဆယ့်ခြောက်ချောင်း  သွန်းလုပ်ထားတာ... အိမ်ရှေ့စံကိုယ်ရံတော်ဓားက အမြင့်စံ ပထမအဆင့်ဓားတွေလောက် မကောင်းပေမဲ့ တခြားဂိုဏ်းတွေရဲ့ ဂိုဏ်းအမွေအနှစ်ရတနာ ဆိုတာတွေထက် ပိုသာတယ်...”

“အဲလောက်တောင် တန်ဖိုးရှိတာလား...”

ချင်မူ အလန့်တကြား ထခုန်မိပြီး မေးလိုက်၏။ “ဒီဓားနဲ့ ခက္ခရာတောင်ဝှေး ယှဉ်ရင်ရော...”

အဘွားစစ်က ပြန်ဖြေလိုက်သည်။ “အတူတူလောက်ပဲ... ခက္ခရာတောင်ဝှေးက တထာဂတကိုယ်တိုင် ဖန်တီးထားတာ... အိမ်ရှေ့စံကိုယ်ရံတော်ဓားကတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေနဲ့ ဖန်တီးထားတဲ့ ပထမအဆင့် နန်းတွင်းအရာရှိဓားပဲ... နှစ်ခုစလုံးက သိပ်ကို စွမ်းအားကြီးတယ်...”

ချင်မူက မေးလိုက်၏။ “သူပြောတာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဓားသိုင်းက တစ်လောကလုံးမှာ နံပါတ်တစ်တဲ့... ဒါပေမဲ့ ကျွန်တော် မသင်ခဲ့ဘူး... အမြုတေနှလုံးသားရဲ့ လျှို့ဝှက်ချက် ဓားပျံထိန်းချုပ်နည်းကိုပဲ သင်ခဲ့တယ်... ကျွန်တော် အဲလိုလုပ်ခဲ့တာ မှန်ရဲ့လား ဘွားဘွား...”

“မှန်တယ်... မင်းမသင်ခဲ့တာ သိပ်မှန်တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံက အတော်ဆုံးတွေထဲက တစ်ယောက် ဖြစ်ချင်ဖြစ်လိမ့်မယ်... ဒါပေမဲ့ ကူလင်းနွမ်ကတော့ ငါတို့လို အောက်လမ်းမိစ္ဆာသိုင်းပညာရှင်ပဲ၊ သူ့ဓားသိုင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်အတိုင်ပင်ခံအဆင့်ကို ဘယ်မီမလဲ... မင်းအနေနဲ့ ဘယ်သူ့ဆီက ဓားသိုင်းသင်ရတာလဲ ဆိုတာ သေချာကြည့်ဖို့ လိုတယ်... သင်ရမဲ့ ဓားသိုင်းက ဘယ်လောက်ကောင်းကောင်း၊ သင်ပေးမဲ့ ဆရာက ညံ့ဖျင်းရင် အမှားတွေချည်းပဲ ဖြစ်နေမှာ... ကိုရင်လေးမင်ရှင်းကိုပဲ ကြည့်... သူလည်း မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို လေ့ကျင့်ထားတာပဲ... သူ့ဆရာက ကောင်းကောင်း မသင်ပေးနိုင်တော့ လည်မျိုမှာ ဟာကွက် ဖြစ်သွားတာပေါ့...”

အဘွားစစ်က အဓိပ္ပာယ်ပါသော အလေးအနက်စကားများကို ပြောလိုက်သည်။ “အဲဒါကြောင့် ဓားသိုင်းသင်မယ်ဆိုရင် အကောင်းဆုံးဆရာကို မင်း ရွေးရမယ်... မတတ်တတတ်ဆရာတွေကို လုံးဝ မရွေးရဘူး ကြားလား...”

ချင်မူမှာ ဝေခွဲမရ ဖြစ်သွား၏။ ကူလင်းနွမ်က အိမ်ရှေ့စံမင်းသား၏ ကိုယ်ရံတော်၊ အနိမ့်စံ ပထမအဆင့် နန်းတွင်းအရာရှိ ဖြစ်သည် မဟုတ်လား။ သူသည်ပင် မတတ်တတတ်ဆိုလျှင် အဘယ်သို့သောသူကို ဆရာတင်ရတော့မည်နည်း။

“မင်းကို ငါ မသတ်တော့ပါဘူး... မြေခွေးလေး...”

အဘွားစစ်က ပြုံးလိုက်သည်။ “အိမ်ပြန်ကြစို့ မူအာ... မင့်ဘိုးဘိုးတွေ သေအောင် စိတ်ပူနေလောက်ပြီ၊ ပထမဆုံး အမဲလိုက်ထွက်တဲ့ အခေါက်မှာတင် ဆန်းကြယ်သားရဲတွေ အစားခံလိုက်ရပြီလို့ မင်းကို ထင်နေကြမှာ... ဘွားဘွားသာ ဉာဏ်ကောင်းလို့ မင်းကို မြေခွေးမလေး သွေးဆောင်သွားတာ သိပြီး ဒီနေရာမှာ စောင့်နေတာ... ဟုတ်သားပဲ မေ့နေတာ၊ မြေခွေးမလေး... ဘွားဘွားက မင့်စာအုပ်တွေ လှန်ကြည့်ပြီး မင်းအတွက် ရှင်းလင်းချက်တွေ ရေးပေးထားခဲ့တယ်... မင်းဟာမင်း ဖတ်ကြည့်... အဲဒါမှ မှားပြီး မကျင့်မိမှာ...”

ဟူလင်းအာက ရှက်ရွံ့သိမ်ငယ်စွာ ခေါင်းငုံ့ချလိုက်၏။ “ကျွန်မ စာမဖတ်တတ်ပါဘူး...”

အဘွားစစ်မှာ အံ့အားသင့်သွားပြီး တဟားဟား ရယ်မောလိုက်သည်။ “ဘယ်လောက်တောင် ရိုးသားလိုက်တဲ့ မိစ္ဆာမြေခွေးလေးလဲ... မင်းက မူအာ့ကို ဘာမှ မလုပ်ခဲ့တဲ့အပြင် သူ့အတွက် ကျင့်စဉ်တိုးတက်ဖို့ အခွင့်ကောင်းနဲ့ ကြုံအောင် ကူညီပေးခဲ့တာဆိုတော့... ကောင်းပါပြီလေ၊ ဘွားဘွားက မင်းကို မလိမ်တော့ပါဘူး... မင်းသာ ငါရေးထားတဲ့ ရှင်းလင်းချက်တွေအတိုင်း လေ့ကျင့်မိရင် သေချာပေါက် ကျင့်စဉ်ဖောက်ပြန်ပြီး မရှုမလှ သေရမှာပဲ... ဒါက ငါ့ကလေးကို လှည့်စားခဲ့ရင် ရမဲ့ ရလဒ်ပဲ ဆိုပါတော့...”

ဟူလင်းအာမှာ တဆတ်ဆတ် တုန်ရီကြောက်လန့်သွားပြီး စိတ်ထဲမှ တွေးလိုက်မိ၏။ “သခင်လေးမူပြောတာ မှန်တယ်... သူ့ရွာက ဘိုးဘွားတွေက လိမ်ညာလှည့်စားတဲ့ နေရာမှာ တကယ့် ထိပ်သီးတွေချည်းပဲ... သူတို့အကုန်လုံး အသိဉာဏ်ရလာတဲ့ မြေခွေးအိုကြီးတွေ ဖြစ်မယ်...”

များစွာမကြာလိုက်ဘဲ ချင်မူနှင့် အဘွားစစ်တို့ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ပြန်ရောက်လာကြသည်။ ချင်မူမှာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဒုက္ခိတဘိုးဘွားကျေးရွာဘေးတွင် မည်သည့်အချိန်က ရွာတစ်ရွာ ရောက်လာမှန်း သူ စဉ်းစားမရချေ။

ထိုရွာက ယခုမှ အသစ်ဆောက်ထားမှန်း သိသာပြီး ဒုက္ခိတဘိုးဘွားကျေးရွာထက် အတော်ကြီးသည်။ ထူးကဲသော အရှိန်အဝါအဟန့်လည်း ရှိပြီး ခမ်းနားထည်ဝါသည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်၏။

ဒုက္ခိတဘိုးဘွားကျေးရွာမှ အိမ်များက ရိုးရိုးရွှံစေးနံရံများဖြင့် တည်ဆောက်ထားပြီး ကောက်ရိုးခေါင်မိုးများကလည်း မိုးရွာလျှင် မိုးရေတစက်စက် ယိုတတ်သည်။ ချင်မူမှာ မကြာခဏဆိုသလို ဇလုံတစ်လုံးဖြင့် အိမ်ထဲ၌ မိုးရေခံရ၏။ ဘေးနားမှ ရုတ်တရက် ပေါ်လာသော ရွာကြီးနှင့် ယှဉ်လျှင် ဒုက္ခိတဘိုးဘွားကျေးရွာက များစွာ ပို၍ စုတ်ပြတ်သတ်နေသလို ထင်ရသည်။

အဘွားစစ်၏မျက်နှာ မည်းမှောင်သွားပြီး အံတင်းတင်းကြိတ်၍ ချင်မူ့ကို ဒုက္ခိတဘိုးဘွားကျေးရွာဆီသို့ ဆွဲခေါ်လာ၏။

ဤရွာသစ်က ဒုက္ခိတဘိုးဘွားကျေးရွာ အဝင်လမ်းပေါ်တွင် တည်ရှိပြီး ထိုခဏ၌ ထူးဆန်းသောလူများ ထွက်ပေါ်လာကာ လမ်းနံဘေးတွင် တန်းစီရပ်လိုက်ကြသည်။ ထိုသူများက လူကြီး၊ လူငယ်၊ ကျား၊ မ စုံလင်လှ၏။

အဘွားစစ် ဖြတ်လျှောက်သွားသည့်အခါ လူတိုင်းက ဦးညွှတ်အရိုအသေပြု၍ တရိုတသေ နှုတ်ဆက်လိုက်ကြသည်။ “သခင်မ...”

ဆံပင်များ ဖြူဖွေးနေသည့် အကြီးအကဲများပင် သူ့ကို တရိုတသေ ဦးညွှတ်၍ အလွန်တရာ ရိုကျိုးနှိမ့်ချသော လေသံ၊ အမူအရာဖြင့် သခင်မဟု ခေါ်ဆို နှုတ်ဆက်ကြ၏။

အဘွားစစ်၏ မျက်နှာမှာ ပို၍ ပို၍ မည်းမှောင်သွားပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ချင်မူ၏ လက်ကိုသာ တင်းတင်းဆွဲ၍ ဒုက္ခိတဘိုးဘွားကျေးရွာသို့ ဝင်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် ချင်မူမှာ တအံ့တဩ ငေးမော၍ ပါလာပြီး “သခင်မ” ဟူသော အသံကို အကြိမ်ပေါင်းရာချီ ကြားခဲ့ရ၏။ အဖြစ်အပျက်များကို သူ လိုက်၍ မမီတော့ချေ။

ရွာအဝင်ဝသို့ ရောက်သောအခါ လ္ဘက်ရည်ကြမ်း သောက်နေသည့် ရွာလူကြီးနှင့် ဆေးဆရာကို မြင်တွေ့ရသည်။ သူတို့ရှေ့တွင်တော့ လူငယ်တစ်ယောက်က လ္ဘက်ရည်ကို အရသာခံ သောက်နေပြီး လူကြီးတစ်ယောက်က ထိုလူငယ်၏ ဘေးတွင် ရပ်နေ၏။

“သခင်မ...” လူကြီးဖြစ်သူက နှုတ်ဆက်လိုက်သည်။

လူငယ်က ခေါင်းမော့ကြည့်၍ အလွန်တရာ အိုမင်းသည့် အသံဖြင့် တည်ငြိမ်စွာ ပြောလိုက်၏။ “ယိုယို... မင်းက ငါ့ကို မြင်တာတောင် မနှုတ်ဆက်တော့ဘူးလား...”

အဘွားစစ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ခြေလှမ်းများရပ်၍ ဦးညွှတ် အရိုအသေပြုလိုက်သည်။ “ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်...”

စည်းကမ်းထိန်းအကြီးအကဲက ချင်မူ့ကို ကြည့်၍ မျက်လုံးများ ပိတ်ကျသွားအောင် ပြုံးလိုက်၏။ “သခင်မ... ဒါ နင့်သားလား...”

အဘွားစစ်က သူ့ကို စူးရဲစွာ စိုက်ကြည့်၍ ဒေါသတကြီး ပြန်ပြောလိုက်သည်။ “ပေါက်ကရတွေ ပြောမနေနဲ့... နင့်ပါးစပ်ကို ငါ ဆွဲဖြဲပစ်လိုက်မိလိမ့်မယ်... မူအာ့ကို မြစ်ဘေးက ကောက်ပြီး မွေးစားထားတာ... ငါ့သား မဟုတ်ဘူး...”

စည်းကမ်းထိန်းအကြီးအကဲက နားလည်ပါသည်ဟူသော အကြည့်ဖြင့် ကြည့်လိုက်၍ အဘွားစစ်မှာ သူ့ကို ပြေးရိုက်ပစ်ချင်စိတ်များ မရိုးမရွ ပေါ်လာတော့၏။

ဆေးဆရာက ပြုံးလိုက်သည်။ “အဘွားကြီး၊ ဒီကောင်းကင်နတ်ဆိုးဂိုဏ်းက မိတ်ဆွေကြီးတွေက ဒီမှာနေနေတာ သုံးလေးရက် ရှိပြီ... နင့်ကို မတွေ့ရမချင်း မပြန်ဘူးတဲ့...”

အဘွားစစ်၏ မျက်နှာမှာ ပို၍ မည်းမှောင်သွား၏။ “မူအာ၊ ရွာထဲ အရင်ဝင်နှင့်...”

“နင်ရော လိုက်သွား၊ အဘွားကြီး...” ရွာလူကြီးက ခပ်အေးအေး ပြောလိုက်သည်။

အဘွားစစ်က မျက်မှောင်ကြုတ်လိုက်မိ၏။ ရွာလူကြီးက ခပ်တိုးတိုး ဆက်ပြောလိုက်သည်။ “နင်က ငါတို့ဒုက္ခိတဘိုးဘွားကျေးရွာကို ရောက်လာမှတော့ ငါတို့လူ ဖြစ်သွားပြီ... နင့်ပြဿနာက ငါတို့ပြဿနာပဲ... ငါတို့ဒုက္ခိတဘိုးဘွားကျေးရွာ တစ်ရွာလုံး အတူတူ ရင်ဆိုင်ကြရုံပေါ့...”

ရွာလူကြီးရှေ့မှ လူငယ်က သူ၏ လ္ဘက်ရည်ကြမ်းခွက်ကို မော့သောက်၍ ခပ်ဖွဖွ ပြုံးလိုက်၏။ “အဆွေတော်က အရင်လို စိတ်ကြီးတုန်းပါပဲလား... ဒီကိစ္စက ကျုပ်တို့ရဲ့ ဂိုဏ်းသခင်၊ ဂိုဏ်းသခင်မ၊ ဂိုဏ်းအမွေအနှစ် အထွတ်အမြတ်သိုင်းကျမ်းနဲ့ သက်ဆိုင်နေတာဆိုတော့... ဒုက္ခိတဘိုးဘွားကျေးရွာက ဝင်ပါချင်တယ်ဆိုရင်တောင် ဝင်ပါနိုင်စွမ်း ရှိပါ့မလား ကျုပ် သံသယဝင်မိတယ်...”

All Chapters